သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူနဲ့အလှမ်းမဝေးစေချင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူနဲ့အလှမ်းမဝေးစေချင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး.. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တဲ့။ အခုနောက်ပိုင်းကာလတွေ မှာ ပညာတတ်အသိုင်းအဝိုင်း၊ NGO အသိုင်းအဝိုင်း၊ CSO အသိုင်းအဝိုင်းတွေကြား ပေါ်ပြူလာဖြစ်နေလာတဲ့ စကားစုတစ်ခု။ ဒီစကားစုဟာ အခုမှ ကောက်ခါငင်ခါ ထပေါ်လာတဲ့ စကားစုတော့ မဟုတ်ပါဘူး။ ၁၉၈၀ ပြည့်နှစ် မှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးဟာ ရေရှည်ရပ်တည်ဖို့ စိုးရိမ်စရာ အနေ အထားနဲ့ ရင်ဆိုင်ကြုံတွေ့နေရလို့ သိပ္ပံပညာရှင်တွေက ကြေညာခဲ့တယ်။ အဲဒါတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်လို့လည်း အကြံပြုပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ကမ္ဘာမှာ ခေတ်စားလာခဲ့တာပါ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတော်အစိုးရ အပါ အဝင် ပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဘက်စုံထောင်စုံ လုပ်ဆောင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း NGO အချို့က သစ်ပင်စိုက်တာ၊ အမှိုက်ကောက်တာ၊ ဒီရေတောစိုက်တာတွေ လုပ်ဆောင်ခဲ့ကြပေမယ့် သိပ်ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းလွန်ကာလရောက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေဟာ ပေါ်ပြူလာဖြစ်လာခဲ့တာပါ။ (နာဂစ်မုန်တိုင်းဖြစ်ပေါ်ပြီး သေကြေပျက်စီးမှု မြင့်မားခဲ့ရခြင်းဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးနေတာကြောင့်လို့ ပညာရှင်တွေက သုံးသပ် ပြောကြားခဲ့တာ မဟုတ်လား) ပြည်ပ NGO အဖွဲ့တွေကလည်း မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်တဲ့သူတွေကို ဒေါ်လာအများအပြား ထောက်ပံ့ကြတယ်။ ဒါကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ဒေါ်လာအရလွယ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့တယ်။ ပညာတတ်လူငယ်တော်တော်များများနဲ့ ပညာရှင် အချို့ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်လာသလို ဘာGreen၊ ညာGreen နာမည် အမျိုးစုံနဲ့ အစိမ်းရောင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာခဲ့တယ်။

တစ်ချို့အဖွဲ့တွေက ကိုယ့်ဒေသမှာ ပျက်စီးယိုယွင်းနေတဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်ဆိုတဲ့ စိတ်ရင်းစေတနာသန့်သန့်နဲ့ လုပ်ကြသလို တစ်ချို့ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဗန်းပြီး ဒေါ်လာ တောင်းစားဖို့ လုပ်လာကြတယ်။ (လုပ်စားတဲ့သူတွေကိုပဲ ပြောတာပါ။ မလုပ်စားတဲ့သူတွေကို မပြောပါဘူး) ရွှေလက်ကိုယ်တိုင် ကြုံဖူးလို့ပြောတာပါ။ ရွှေလက်က သတင်းထောက်စလုပ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးရေးခဲ့တာ။ ဒီတော့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ များစွာနဲ့ ဆက်ဆံခဲ့ရပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလောကအကြောင်း တီးမိခေါက်မိရှိနေတာပါ။ ရွှေလက် ကိုယ်တိုင်တောင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ လက်တွဲပြီး သစ်ပင်စိုက်ခဲ့ဖူးတယ်။ အမှိုက်ကောက်ခဲ့ဖူးတယ်။ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ဆင်နွှဲခဲ့ဖူးတယ်။ ဒါပေမယ့်လည်း ရွှေလက်တို့လုပ်ဆောင်မှုတွေက ပြည်သူဆီကို ရောက်သင့်သလောက်မရောက်ခဲ့ဘူး။

ပိုဆိုးတာက အဖွဲ့အစည်းအများစုက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်ရင် ရန်ကုန်လို မြို့ကြီးတွေမှာရှိတဲ့ အဲယားကွန်း အကောင်းစားကြီးတွေ တပ်ဆင်ထားတဲ့ စားသောက်ဆိုင်နဲ့ ဟိုတယ်အကောင်းစားကြီးတွေထဲမှာ အဲဒီအသိုင်းအဝန်းက လူတွေနဲ့ပဲ တံခါးပိတ်လုပ်ခဲ့ကြ တာပဲ။ တစ်ခါတလေ မီဒီယာတွေကိုတောင် မဖိတ်ပဲ သူလူနဲ့သူ တံခါးပိတ်ပြီး ပြည်ပအဖွဲ့အစည်းတွေဆီက ဒေါ်လာရဖို့ကိုပဲ ဦးတည်လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီတော့ ပြည်သူလူထုဆီကို မရောက်နိုင်တော့ပါဘူး။ ပြည်သူ လူထုကလည်း သဘာဝပတ်ဝန်းကျင်နဲ့ အလှမ်းဝေးနေရတော့တယ်။ သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အများစုဟာ စီမံကိန်းအဆိုပြုလွှာတင်တယ်။ ပိုက်ဆံကျလာရင် အဲဒီစီမံကိန်းကို လုပ်တယ်။ လစာ ကောင်းကောင်း ယူတယ်။ အသုံးစရိတ် ကောင်းကောင်းယူတယ်။ စီမံကိန်းလုပ်တဲ့အခါမှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းတာ မထိန်းတာထက် စီမံကိန်းပြီးမြောက်ရေးကိုသာ ဦးစားပေးကြတယ်။ စီမံကိန်းပြီးသွားတဲ့ကာလတွေမှာ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းတွေ အောင်မြင်ရဲ့လား ဘာလား ပြန်မကြည့်နိုင်ကြတော့ဘူး။ နောက် စီမံကိန်းအတွက် စီမံကိန်းအဆိုပြုလွှာတွေ ရေးနေရပြီလေ။

ဒီနေရာမှာ တကယ့်ယုံကြည်ချက်နဲ့စိတ်ရောကိုယ်ပါ ရင်းနှီးပေးဆပ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေါ်လာတောင်းစားနေတဲ့ သဘာဝပတ်ဝန်းကျင် စုန်းပြူးတွေကိုတော့ ခွဲခြား မြင်ပေးစေလိုပါတယ်။ နောက်ပြီး အဲဒီလို ယုံကြည်ချက်နဲ့စိတ်ရောကိုယ်ပါ ရင်းနှီးပေးဆပ်လုပ်ဆောင်နေကြတဲ့ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေကိုတော့ ရွှေလက် အထူးလေးစားကြောင်း ပြောလိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသံတွေဟာ နာဂစ်အလွန်ကာလတွေမှာ ကျယ် လောင်လာခဲ့ပြီး လှုပ်ရှားမှုတွေလည်း ပြင်းထန်လာခဲ့တာကိုတော့ ငြင်းပယ်လို့မရပါဘူး။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသံဟာ လက်တစ်ဆုပ်စာ အသိုင်းအဝန်းလေးမှာသာ ကျယ်လောင်ခဲ့ပြီး ပြည်သူ တွေပါ၀င်မှု အတော်နည်းပါသေးတယ်။
အဲဒီအချိန်မှာ နိုင်ငံတော်အစိုးရကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့လုပ်ဆောင်မှုတွေကလည်း နိုင်ငံတကာ ကတိကဝတ်တွေ၊ စီမံချက်တွေအရ လုပ်တယ်ဆိုရုံလေး လုပ်ခဲ့ကြတာပါ။ ဘာနေ့ ညာနေ့ အထိမ်းအမှတ်ပွဲတွေ၊ မိုးရာသီသစ်ပင်စိုက်ပွဲတွေကို လူမြင်ကောင်းအောင်လုပ်ပြပြီး နိုင်ငံတော်အကြီးအကဲတွေကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်မိန့်ခွန်းတွေကို လူကြားကောင်းအောင် ပြောခဲ့ကြပါတယ်။ နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ ကတိကဝတ်ပြုလက်မှတ် ထိုးစရာရှိရင် ထိုးလိုက်တာပဲ။ အဖွဲ့ဝင် လုပ်ရမယ်ဆို လည်း လုပ်လိုက်တာပဲ။ ပြီးရင်တော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တဲ့အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် စီမံကိန်းတွေကိုတောင် အကောင်အထည်ဖော်လိုက်ကြပါသေးတယ်။ အဆိုးဆုံးကတော့ သူတို့လုပ်သမျှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေဟာ သူတို့အဖွဲ့အစည်းတွင်းမှာပဲ တာဝန်အရ ၀တ်ကြေ တန်းကြေ လုပ်ကြတာဖြစ်ပြီး ပြည်သူ ပူးပေါင်းပါ၀င်မှု လုံးဝမရှိတာပါပဲ။

ဒါ.. မြန်မာနိုင်ငံတစ်ခုတည်းမှာ ဖြစ်နေတဲ့အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ အချို့သော ကမ္ဘာ့နိုင်ငံကြီးတွေမှာလည်း ဖြစ်ပျက်နေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုး ထားပေမယ့် ကာဗွန်ထုတ်လွှတ်တဲ့ လုပ်ငန်းတွေကို လျှော့မချကြတာတွေ၊ ကိုယ့်နိုင်ငံမှာ ကာဗွန်ထုတ်လုပ်မှုကို လျှော့ချပြီး သူများနိုင်ငံတွေမှာ လိုက်လုပ်တာတွေဟာ ကမ္ဘာ့နိုင်ငံကြီးအချို့မှာ မြင်တွေ့နေရပါတယ်။ နောက်ပြီး ကမ္ဘာရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံကြီးတွေမှာတောင် နိုင်ငံကိုယ်စားပြုတက်ရောက်လာကြတဲ့ ပုဂ္ဂိုလ် တွေထဲမှာတောင် ဆွေးနွေးတာတွေကို စိတ်မဝင်စားသူတွေ၊ အလည်အပတ်လာသလို အပျော်ခရီးထွက်လာ သလိုနဲ့ စျေးဝယ်ထွက်တဲ့သူတွေ၊ သောက်စားပျော်ပါးနေသူတွေ တွေ့နေရပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာ အတွက် ရင်လေးဖွယ်ရာပါပဲ။

အခုဆိုရင် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာ့နိုင်ငံတိုင်းကို ခြိမ်းခြောက်နေပါပြီ။ ကမ္ဘာကြီးဟာ အပူချိန်တွေတိုး၊ ရေတွေရှား၊ မုန်တိုင်းတွေတိုက်၊ မိုးတွေသည်းထန်၊ ရေတွေကြီး၊ ငလျင်တွေလှုပ်၊ ဆူနာမီတွေ ဖြစ်၊ ရေခဲပြင်တွေအရည်ပျော်၊ ခရမ်းလွန်ရောင်ခြည်တွေမြင့်၊ လေထုတွေ ညစ်ညမ်းနဲ့ နာတာရှည် ရောဂါသည်တစ်ဦးလို ဖြစ်နေပါတယ်။ အဲဒီဖြစ်စဉ်တွေကြောင့်ပဲ ကမ္ဘာ့နိုင်ငံတွေဟာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒါတွေအားလုံး လျော့ကျသက်သာစေဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မဖြစ်မနေဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီအတွက်လည်း သိပ္ပံပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေက သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်ဖို့ တိုက်တွန်းနေကြတာပါ။

တကယ်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ လူသားမျိုးနွယ်စုတွေ မပျက်စီးအောင် လူသား အားလုံး ပါ၀င်ဆောင်ရွက်ရမယ့်ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လက်တစ်ဆုပ်စာ အသိုင်းအဝိုင်း အတွင်း မှာပဲ စီမံချက်တွေအရဖြစ်စေ၊ ဒေါ်လာရဖို့အတွက်ဖြစ်စေ၊ နာမည်ကြီးဖို့ုဖြစ်စေ လုပ်နေလို့ မရပါဘူး။ ပြည်သူ တစ်ရပ်လုံး ပါ၀င်လာအောင် ကျေးရွာတွေအထိဆင်းပြီး ထိထိရောက်ရောက် အသိပညာပေး စည်းရုံး ဆောင် ရွက်ရပါမယ်။ မြန်မာနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်အနေအထားတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုယိုယွင်း ပျက်စီး လာနေတဲ့အတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားပြင်းထန်စွာ ခံစားနေရ ပါတယ်။ ဒီအတွက်လည်း မြန်မာပြည်သူတွေဟာ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ နှစ်စဉ်ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပြည်သူတစ်ရပ်လုံးကသိရှိလာပြီး ပူးပေါင်း ပါ၀င် ဆောင်ရွက်လာအောင် နည်းလမ်းအမျိုးစုံနဲ့ ဆောင်ရွက်ကြရပါမယ်။ ဆောင်ရွက်ကြတဲ့နေရာမှာလည်း တံခါးပိတ်ပြီး လုပ်မနေကြဖို့လိုသလို အပြောတွေလျှော့ပြီး မြန်ဆန်ထိရောက်တဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ (၄၅)မှာ နိုင်ငံတော်ဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင်ေ့ရှာက်ထိန်းသိမ်းရမယ်လို့ ဖော်ပြထားသလို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၉ဝ)မှလည်း နိုင်ငံသားတိုင်းဟာ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လူစွမ်းအားအရင်းအမြစ်ဖွ့ံဖြိုး တိုးတက်ရေး မြင့်မားလာစေရန်ကြိုးပမ်းခြင်း၊ အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်တွေမှာ နိုင်ငံတော်ကို ကူညီဖို့ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လက်ရှိအစိုးရအပါအဝင် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအားလုံးပူးပေါင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ တာဝန်ရှိကြောင်း ရေးသားလိုက်ရပါတယ်။ ။

ရွှေလက်

၂၀.၁၁.၂၀၁၇

 

About The Author

greenness_mm

No Comments

Leave a Reply