သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝအတွက် ရေးပါသောအစိမ်းရောင်ရွှေ

သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝအတွက် ရေးပါသောအစိမ်းရောင်ရွှေ

စက်တင်ဘာ ၁၈ရက်သည် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ဖြစ်သည်။ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနား ကို မြန်မာနိုင်ငံရန်ကုန်မြို့ရှိရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့သည်။ ထိုနေ့ကဝါးချစ်သူများကွန်ရက်ဥက္ကဋ္ဌက ဖုန်းဆက်ပြီးအသိပေးဖိတ်ကြားခဲ့သည်။ ရွှေလက်ကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများရေးသားနေသူအတွက် သွားသင့်သည်ဟုလည်းသူကပြောသေးသည်။(သူကရွှေလက်ကိုအခမ်းအနားမတိုင်ခင်ကပင် ဖိတ်ကြားထားခဲ့ပြီးထိုနေ့နံနက်စောစောကထပ်မံအသိပေးဖိတ်ကြားခြင်း ဖြစ်သည်။)သို့သော် ကမ္ဘာ့ဝါးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ရွှေလက်မရောက်ဖြစ်ခဲ့ပါ။ ထို့အတွက် ဖိတ်ကြားသူများကိုအားနာမိသလိုစိတ်မကောင်းလည်း ဖြစ်ရသည်။ မြန်မာ့ဝါးနှင့်ပတ်သက်ပြီးပညာရှင်များ၏ ဆွေးနွေးမှုကိုရွှေလက် မကြားနာလိုက်ရ။ ခင်းကျင်းပြသထားသော ၀ါးအသုံးအဆောင်ပစ္စည်းများကို မမြင်လိုက်ရ။ ဖေ့စ်ဘွတ်ခ်တွင် တက်လာသည့် အခမ်းအနားပုံရိပ်များကိုသာ ကြည့်ရင်းဖြေသိမ့်ခဲ့ရသည်။ထို့နောက် ရွှေလက် သိထားသည့် မြန်မာ့ဝါးအကြောင်း အနည်းအကျဉ်းကို ပြန်ပြောချင်စိတ် ဖြစ်လာမိသည်။

၀ါး၏ဘဝအစ

၀ါးသည် နှစ်ရှည်ခံ မြက်ကြီးမျိုးရင်း ဖြစ်သည်။ စွတ်စိုသောမုတ်သုံသစ်တောများတွင် အလွန်သန်စွမ်းသည်။ သမပိုင်းတွင် အသင့်အတင့်ကောင်းပြီးခြောက်သွေ့ပူပြင်းသောဒေသများတွင်တော့ အပင်ပုများအဖြစ် ပေါက်ရောက်တတ်သည်။ ပညာရှင်များ၏ အဆိုအရကမ္ဘာဦးကာလတွင် ၀ါး၏ဘဝသည် မော့(Moss) ရေညှိရေမှော်များမှ စတင်သည်။ ကုန်းပိုင်းကျောက်တုံးကျောက်ခဲများတွင် ပေါက်ရောက်သော (Fern)အပင်ကလေးများသို့ တဖြည်းဖြည်းတိုးတက်ပြောင်းလဲခဲ့သည်။ ထို့နောက် မြက်ပင်ငယ်များဖြစ်လာပြီးထိုမှတစ်ဆင့် ၀ါးပင် ဖြစ်လာသည်ဟုရွှေလက် မှတ်သားခဲ့ဖူးသည်။ ၀ါးသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၃၀၀၀ အထိပေါက်ရောက်နိုင်သည်။ ကမ္ဘာ့နိုင်ငံများအနက် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ၀ါးမျိုးစိတ် အပေါများဆုံးဖြစ်သည်။ တရုတ်နိုင်ငံတွင် မျိုးစိတ် ၅၃၄ စိတ်၊ ဂျပန်နိုင်ငံတွင် မျိုးစိတ် ၂၃၀၊ အိန္ဒိယနိုင်ငံတွင် မျိုးစိတ် ၁၃၀နှင့် မြန်မာနိုင်ငံတွင် မျိုးစိတ် ၁၀၀ကျော်ရှိသည်။ ၀ါးတောဖုံးလွှမ်းမှုကိုကြည့်လျှင် အိန္ဒိယနိုင်ငံတွင် ၂၃ ဒသမ ၆ သန်း၊ တရုတ်နိုင်ငံတွင် ၁၃ ဒသမ ၃ သန်း၊ မြန်မာနိုင်ငံတွင် ၅ ဒသမ ၄ သန်း၊ ဂျပန်နိုင်ငံတွင် ၃ ဒသမ ၅ သန်း၊ ထိုင်းနိုင်ငံတွင် ၁ ဒသမ ၃ သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁ ဒသမ၂ သန်းအသီးသီးဖုံးလွှမ်းတည်ရှိနေကြောင်းတွေ့ရသည်။ ထိုစာရင်းအရ ၀ါးတောဖုံးလွှမ်းမှုတွင် မြန်မာနိုင်ငံသည် အဆင့် ၃ နေရာတွင်ရှိနေသည်။ (သို့သော် ယနေ့မြန်မာနိုင်ငံတွင်ဝါးတောများ ပြုန်းတီးလာမှုကြောင့် ၀ါးတောဖုံးလွှမ်းမှု အဆင့် ၄ နေရာသို့ ရောက်ရှိနေပြီဟုဆိုကြသည်။)

၀ါးနှင့်သဘာဝပတ်ဝန်းကျင်

၀ါးတောများသည် ရေဝေရေလဲဒေသများတွင် သာမန်သစ်တောများထက် ရေကို နှစ်ဆပို၍ ထိန်းနိုင် သည်။ ၀ါးရုံတစ်ရုံသည် ၆ ကုဗမီတာပတ်လည်အတွင်းရေနှင့်မြေသြဇာကိုထိန်းသိမ်းပေးနိုင်သည်။ ဧရိယာတူသစ်တောထက် အောက်ဆီဂျင် ၃၅ ရာခိုင်နှုန်းပိုမိုထုတ်လွှတ်ပေးနိုင်သည်။ သစ်တောတစ်ဟက်တာထက် ၀ါးတစ်ဟက်တာက ကာဗွန်ဒိုင်အောက်ဆိုက် ငါးဆပိုပြီးစုပ်ယူနိုင်သည်။ ၀ါးအမျိုးအစားကိုလိုက်၍ စိုက်ခင်းတစ်ဟက်တာသည် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၂၀၀၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန် ၆၀မှ ၉၀နှင့် ဖုန်မှုန့်တန် ၆၀မှ ၉၀ စုပ်ယူနိုင်သည်။ အချို့ဝါးမျိုးစိတ်များကလေဘေးဒဏ်ကိုကြံ့ကြံ့ခံနိုင်သည်။ မြစ်ကမ်းများမပြိုကျအောင် ကာကွယ်ပေးသည်။ ၀ါးဖြင့် ပြုလုပ်ရသော ၀ါးမီးသွေးက ရေဆိုးရေညစ်များကိုသန့်စင်ပေးနိုင် သည်။

လူတစ်ချို့က ၀ါးသည် ကမ္ဘာ့မြေကိုကယ်တင်နိုင်သည်ဟုတင်စားခဲ့ကြသည်။ သည်အချက်ကိုလက်ခံရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၀ါးပင်သည် ပြန်လည်စိုက်ပျိုးရလွယ်ကူသောသယံဇာတဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ၀ါးပင်တစ်ဖြစ်ပင် ဖြစ်ထွန်းရန်တစ်နှစ်မှ ငါးနှစ်အတွင်းသာအချိန်ပေးရသည်။ ပြုစုစောင့် ရှောက်မှုလည်းထူးထူးကဲကဲ ပြုလုပ်ရန်မလိုပေ။ ထို့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးနေသကဲ့သို့ ၀ါးပင်များကိုလည်း စနစ်တကျ ပြန်လည်စိုက်ပျိုးသင့်ပေသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် ဖုန်မှုန့်များကိုစုပ်ယူနိုင်ခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် လေထုညစ်ညမ်းမှုကိုလျှော့ချပေးနိုင်မည်။မြေဆီလွှာနှင့် ရေကိုထိန်းသိမ်းပေးနိုင်တဲ့အတွက် ရေချိုရှားပါးလာသော၊ မြေဆီလွှာပြုန်းတီးနေသော ပြဿနာများကိုဖြေရှင်းနိုင်မည်။ လေကာတန်းများအဖြစ် ပြုလုပ်နိုင်သောကြောင့် မုန်တိုင်းအန္တရာယ်မှ လျော့ကျသက်သာစေနိုင်မည်။ ရေဆိုးရေညစ်များကိုသန့်စင်နိုင် သဖြင့် အဆိပ်သင့် ညစ်ညမ်းနေသောရေများကိုအသုံးပြုနေရမှုမှလည်းထိုက်သင့်သလောက် လွတ်ကင်းနိုင် မည်။ ထိုအချက်များအရ ၀ါးသည် သဘာဝပတ်ဝန်းကျင်ကို များစွာအထောက်အကူပြုနိုင်သောအပင် ဖြစ် ကြောင်းလက်ခံရမည်ဖြစ်သည်။

၀ါးနှင့် လူမှုဘဝဝန်းကျင်

၀ါးသည် သဘာဝပတ်ဝန်းကျင်ကို များစွာအထောက်အကူပြုသကဲ့သို့ လူမှုဘဝဝန်းကျင်အတွက် များစွာအထောက်အကူပြုပါသည်။ ၀ါးသည် မြန်မာနိုင်ငံရှိကျေးလက်နေပြည်သူများ၏ နေ့စဉ်နေထိုင် စားသောက်မှု အတွက် ဖြည့်ဆည်းပေးနေသောအပင် ဖြစ်သည်။ ကျေးလက်တွင် ၀ါးမျှစ်ထုတ်လုပ်ခြင်း၊ နေအိမ်များဆောက် လုပ်ခြင်း၊ တံတားဆောက်လုပ်ခြင်း၊ လယ်ယာအသုံးအဆောင်ပစ္စည်း၊ လူ့အသုံးဆောင်နှင့် ပရိဘောဂပစ္စည်းများ ပြုလုပ်ရာတွင် အများဆုံးအသုံးပြုကြသည်။ နောက်ပိုင်းတွင် အဆင့်မြင့် နည်းပညာများကိုအသုံးပြုပြီးအမျိုးသမီးအလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ ထုတ်လုပ်လာသကဲ့သို့ ဟိုတယ်များ၊ နေအိမ်များ၏ ကြမ်းခင်း၊ မျက်နှာကြက်များကိုလည်း နှစ်ရှည်ခံအဆင့်မြှင့်ပြုပြင် သုံးစွဲလာကြသည်။ နှစ်ရှည်ခံတံတား၊ ဆေးရုံ၊ စာသင်ကျောင်းစသဖြင့် အဆောက်များတည်ဆောက်ရာတွင် သံချောင်းအစား ၀ါးကို အစားထိုးအသုံးပြုလာကြသည်။ ငလျင်ဒဏ်ခံအဆောက်အအုံများတွင် ပိုမိုအသုံးပြုလာခဲ့ကြသည်။ ၀ါးစက်ဘီး၊ ၀ါးလှေငယ်မှ အစပြုပြီးမော်တော်ကားနှင့် အသေးစားလေယာဉ်အစိတ်အပိုင်းအချို့တွင် ပင်လျှင် ၀ါးကို အသုံးပြုလာခဲ့ကြသည်။ ထို့ကြောင့် ရွှေလက်ကတော့ ၀ါးကို အလွန်အံ့သြဖွယ်ကောင်းလှသောစွမ်းစုံရအပင်ဟုပင် တင်စားလိုက်ချင်သည်။

၀ါးနှင့်အာရှယဉ်ကျေးမှု

အာရှယဉ်ကျေးမှုမည်ရှိဂျပန်မဂ္ဂဇင်းတစ်စောင်တွင် ၀ါးကို အာရှ၏ စွမ်းအားသင်္ကေတဟုဖော်ပြထားသည်။ ထို့အပြင် ၀ါးသည် အမျိုးမျိုးအစားစားသောအာရှယဉ်ကျေးမှုများ၏ သင်္ကေတလည်း ဖြစ်သည်။ တရုတ် ပြည်ရှိသေးငယ်၍ကျစ်လစ်သော ၀ါးယာသည် လူကြီးလူကောင်းတစ်ဦး၏ စရိုက်လက္ခဏာကိုကိုယ်စားပြု သည်ဟုဆိုသည်။ တန်မင်းဆက် စိုးစံသောကာလတွင် တရုတ်လူမျိုးများသည် ၀ါးနှင့်မြွေကိုတန်းတူသဘောထားပြီးကံကောင်းခြင်းအထိမ်းအမှတ်ဟုယူဆကြသည်။ ဂျပန်လူမျိုးတို့ကလည်း ၀ါး၊ ထင်းရူး၊ ဇီးပင်တို့သည် ကံကောင်းခြင်းကိုကိုယ်စားပြုသည်ဟုယုံကြည်ခဲ့ကြသည်။ ၀ါးယဉ်ကျေးမှုသည် ဂျပန်နိုင်ငံတွင် အလွန်ထွန်းကားပြီးဂျပန်တို့၏ နေအိမ်အတွင်းအပြင်တို့တွင် ၀ါးပင်များကို စိုက်ပျိုးထားသည်ကိုတွေ့ရသည်။ နီပေါနိုင်ငံတွင် ခုနစ်ရာစုအစောပိုင်းကတည်းက ၀ါးကို အလှဆင်ထုဆစ်ပြီးနားဆွဲများအဖြစ် ၀တ်ဆင်ခဲ့ကြသည်။ ဘာသာရေးနှင့်ဆိုင်သောပစ္စည်းအများအပြားကို ၀ါးဖြင့် ပြုလုပ်ခဲ့ကြသည်။

၀ါးယဉ်ကျေးမှုသည် အာရှနယ်ပယ်တွင် သိသိသာသာခြေဆန့်ခဲ့ပြီးဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာစသဖြင့် နိုင်ငံများတွင်လည်းထွန်းကားခဲ့သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် ရှိခဲ့သော ၀ါးယဉ်ကျေးမှု အများစုကို မြန်မာလူမျိုးများသိမြင်နေပြီးဖြစ်သဖြင့် ရွှေလက် အထူးမပြောလိုပေ။ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့သည် တူရိယာများကို ၀ါးဖြင့် ပြုလုပ်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံကွီဇုံမြို့တွင် ၀ါးတူရိယာပေါင်း တစ်ရာဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ကျောင်းသားတေးဂီတအဖွဲ့တစ်ဖွဲ့ရှိသည်။ ဖိလစ်ပိုင်တို့သည် လွန်ခဲ့ သော နှစ်ပေါင်း ၁၆၀ ကျော်ကစပိန်ဘုန်းတော်ကြီးတစ်ပါးတီထွင်ပေးခဲ့သည့် ၀ါးဖြင့်ပြုလုပ်သောအော်ဂင်တူရိယာအတွက် များစွာဂုဏ်ယူကြသည်။ မလေးရှားနိုင်ငံတွင် ၀ါးကို ဘူးသီး(သို့) အုန်းသီးခွံဖြင့်ပေါင်းစပ်ပြီးတူရိယာပစ္စည်းပြုလုပ်ကြသည်။ ထို့အပြင် မလေးရှာနိုင်ငံတွင် ၀ါးနှင့်ပတ်သက်ပြီးထင်ရှားသောဆိုရိုးစကားများရှိခဲ့ သည်။ ဥပမာ- “လေကိုရင်ဆိုင်သည့် ၀ါးပင်နှင့် အလားသဏ္ဍာန်တူရမည်” တဲ့။ ဗီယက်နမ်ယဉ်ကျေးမှုနယ်ပယ်၌ ၀ါးသည် အလွန်အဓိကကျသောပစ္စည်းဖြစ်သည်။ နိုင်ငံ၏ အရေးကြီးဆုံးသောအများနှင့်သက်ဆိုင်သည့် ရုပ်ပုံလွှာအဖြစ် တာဝန်ထမ်းနေသည့် ပစ္စည်းဟုဆိုနိုင်သည်။ ထို့အပြင် ၀ါးသည် ဗီယက်နမ်လူမျိုးများအတွက် မွေးဖွားသည်မှ သေဆုံးသည်အထိအစဉ်အလာအရ ပါ၀င်နေသည့်ပစ္စည်းပင် ဖြစ်တော့သည်။ စာရှည်နေမည် စိုးရွံ့ သဖြင့် အသေးစိတ်မရေးလိုပေ။ အာရှနယ်ပယ်တွင် ၀ါးပင်များက အဘယ်မျှအရေးပါနေသည်ကိုသာသိစေလိုသဖြင့် အကျဉ်းချုပ် တင်ပြရခြင်းဖြစ်သည်။

၀ါးပင်များကို ထိန်သိမ်း၊ ပြီးတော့ စိုက်ပျိုးပါ

အချုပ်ဆိုရလျှင် ၀ါးပင်များသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်စွမ်းရှိသည်။ လူမှုဘဝဝန်း ကျင် စိုပြေသာယာစေဖို့လည်းထောက်ပံ့နိုင်စွမ်းရှိသည်။ အာရှနိုင်ငံများ၏ ယဉ်ကျေးမှုများကိုအရောင်စုံဖြင့် လှပထွန်းလင်းစေခဲ့သည်။ ထို့ကြောင့် ၀ါးသည် လူတို့အတွက် တန်ဖိုးမဖြတ်နိုင်သောအစိမ်းရောင်ရွှေ ဖြစ်သည် ဟုဆိုချင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ၀ါးပင်များသည် သိသိသာသာ ပြုန်းတီးလာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သင်္ာရီတိုင်းစသည့် နေရာဒေသများသည် တစ်ချိန်က ၀ါးတောကြီးများ စိုးမိုးခဲ့သောနေရာများဖြစ်သည်။ ယခုတော့ ၀ါးလှည်းတစ်စီးရဖို့ တောင်ပေါ်တွင် သုံးညအိပ်ပြီးခုတ်နေရပြီ။ ၀ါးပေါခဲ့သည့် ပေါက်ခေါင်း၊ သာယာဝတီမှ လူများပင်လျှင် ၀ါးလိုချင်ပါကအခြားဒေသမှ ၀ယ်သုံးနေရပြီဖြစ် သည်။ ထို့ကြောင့် လက်ရှိမြန််မာနိုင်ငံတွင် ကျန်ရှိနေသည့် ၀ါးတောများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်ထပ်မံစိုက်ပျိုးခြင်းတို့ကိုဆောင်ရွက်ဖို့ လိုပါသည်။ ထို့အပြင် ၀ါးနှင့်ပတ်သက်သောစီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံတကာနည်းပညာများဖြင့် လက်ရှိထက်အဆင့်မြှင့်ပြီးဆောင်ရွက်သင့်ပါသည်။ ထိုလုပ်ငန်းများကို နိုင်ငံတော်အစိုးရကဦးဆောင်ပြီးအဖွဲ့အစည်းများ၊ ပြည်သူလူထုများကလည်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply