သဘာဝပတ်ဝန်းကျင်ရဲ့ အနုပညာအရသာ

သဘာဝပတ်ဝန်းကျင်ရဲ့ အနုပညာအရသာ

ညနေခင်းဝင်ခါနီးနေရောင်ဟာ အုန်းပင်ထိပ်ဖျားက အုန်းလက်တွေ၊ မန်ကျည်းပင်တွေပေါ်ကို ပက်ဖျန်းနေပါတယ်။ အုန်းလက်ပေါ်မှာရော၊ ကျီးကန်းငှက်မဲမဲတွေကို တွေ့မြင်နေရပါတယ်။ အုန်းလက်တွေကြားကိုဖြတ်ပြီး ဝင်လုဆဲနေရောင်ခြည်တွေကိုကြည့်ရင်း တစ်စုံတစ်ရာကိုလွမ်းသလိုလိုခံစားမိပါတယ်။ ကလေးဘဝက ဇာတိရပ်ရွာရှုခင်းတွေကို သတိရမိစိတ်ဖြစ်မိပါတယ်။

ဒီလိုနဲ့ကျနော်ဟာ ကိုယ့်အိမ်ဝင်းထဲက စံပယ်ပင်တွေကို ဆက်ပြီး ငေးနေမိတယ်။ စံပယ်ပင်လေးတွေက အဖူးတွေဖူးနေပြီ။ မနက်ဖြန်မနက်ပွင့်မယ့် အဖူးတွေကတော့ ဖွေးနေပြီပေါ့။ စံပယ်ကိုင်းတွေကြားမှာ စာငှက်ကလေးတွေကိုလည်း တွေ့မြင်ရတယ်။အိမ်နောက်က ကံကော်ပင်ကိုငေးကြည့်တော့လည်း ကံကော်ပင်က အဖူးတွေဖူးစပြုနေပါပြီ။ အပင်က ခြေသလုံးလောက်သာအရပ်ရှိတဲ့ ကံကော်ပင်ပုလေးနှစ်ပင်ကိုလည်းကြည့်မိတယ်။ သူတို့လေးတွေက စိမ်းစိမ်းစိုစိုပါပဲ။ အပွင့်တော့မပွင့်နိုင်ကြဘူး။ စကားဖြူပင်ကတော့ အရွက်တွေဖားဖားကြီးတွေနဲ့စိမ်းလို့။ ခြံဝင်းဟာလည်း ပေါင်းပင်တွေမရှိဘဲ ပြောင်ရှင်းနေပါတယ်။ ဩ… ဒီလိုဝန်းကျင်လေးမှာ နေရာတာ တော်ပါသေးရဲ့လို့ ကိုယ့်ကိုယ်တွေးနေမိပါတယ်။

တကယ်တော့ ကျနော်တို့တွေဟာ သီချင်း၊ ရုပ်ရှင်၊ စာပေ၊ ပန်းချီ စသဖြင့် ဒါတွေရယ်မှ အနုပညာလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကျနော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာကိုက အနုပညာတွေကြည့်မကုန်နိုင်အောင်ရှိနေတာကလား။ သစ်ပင်တွေကို လေတိုးသံ၊ နှင်းပေါက်၊ မိုးပေါက်ကျသံငှက်ကလေးတွေရဲ့ မြည်သံ၊ နွားတွန်သံစတာတွေဟာ သဘာဂီတတွေပါ။

သဘာဝရုပ်ရှင်၊သဘာဝပန်းချီတွေကတော့ ပြောမကုန်နိုင်အောင်ပါပဲ။ နေထွက်ချိန်၊ နေ့ခင်းချိန်၊ နေဝင်ချိန် အချိန်သုံးပါးမှာ နေရာမျိုးစုံမတူတဲ့ ရှုခင်းတွေရှိနေတာပါ။ သူ့ကိုယ်သူနဂိုရှိပြီးသား ပတ်ဝန်းကျင်ကို ပိုပြီးအနုပညာမြောက်အောင် လူကဖန်တီးပေးထားနိုင်ရင်တော့ ကျနော်တို့ဟာ သဘာဝပတ်ဝန်းကျင်က ပေးတဲ့ အနုပညာအရသာကို အပြည့်အဝခံစားနိုင်ကြမှာဖြစ်ပါတယ်။

အနုပညာအရသာကို ခံစားရတဲ့သူတွေဟာ စိတ်နုလုံးသားနူးညံ့ပြီး စိတ်ချမ်းသာနိုင်ကြပါတယ်။ ဒီတော့ကျနော်တို့ဟာ ကိုယ်အမြဲမြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ အနုပညာအရသာကို ရယူနိုင်ဖို့ ကြိုးစားဖန်တီးသင့်ပါတယ်။ ကျနော်တို့လူမျိုးတွေဟာ အိမ်ကြီးကြီးဆောက်ပြီး အိမ်ထဲမှာ အလှဆင်ရကောင်းမှန်းသိပေမယ့် ပတ်ဝန်းကျင်ကို အလှဆင်ဖို့တော့ အသိနည်းနေသေးတယ်ဆိုရမှာပါ။

တရုတ်ရုပ်ရှင်၊ ဂျပန်ရုပ်ရှင်တွေထဲမှာ သူတို့ရဲ့ဝန်းကျင်အလှကိုမြင်ဖူးကြမှာပါ။ လယ်ကွင်းတွေကို အကွက်ဖွဲ့ပြီးစိုက်ထားတာဟာ တကယ့်ပန်းချီကားအတိုင်းပါပဲ။ လမ်းဘေးတလျောက် တောပန်းလေးတွေ စီစီရီရီပွင့်နေကြတာလည်း သူတို့တမင်စနစ်တကျစိုက်ထားတာဖြစ်ပါလိမ့်မယ်။ ဒီလိုနေရာတွေမှာ သိပ်အတုယူဖို့ကောင်းပါတယ်။

ဆရာကြီးဦးဉာဏကရေးဖူးပါတယ်။ တရုတ်ကလယ်သမားတွေကတော့ လယ်တောရှုခင်းရဲ့ပနုပညာအရသာတွေခံစားကြရတော့ စိတ်ချမ်းမြေ့ကြမယ်။ ဒေါသနည်းကြမယ်။ မြန်မာတွေကြတော့ လယ်ကွက်တွေဆိုလည်းစနစ်မကျ။ လယ်တောကနေ အိမ်ကိုပြန်လာတော့ ရွံ့ဗွက်တော။ နေအိမ်နားဝန်းကျင်ကလည်း ဝက်စားခွက်ကပက်လက်နဲ့။ ဘယ်လိုအနုပညာအရသာကိုရမှာလဲ။ ညနေလင်မယားတွေ အော်ဟစ်ကြတာမဆန်းဘူးဆိုတဲ့သဘောထောက်ပြခဲ့ဖူးပါတယ်။

ခုလက်ရှိကျနော်တို့ နိုင်ငံဟာလည်း စိတ်မချမ်းမြေ့ဖွယ်ကာလကြီးကို ဖြတ်သန်းနေကြရပါတယ်။ ဒီလိုအချိန်မှာ အနုပညာအရသာကို လူတွေဟာ မခံစားအား၊ မခံစားနိုင်ကြတာစိတ်မကောင်းစရာဖြစ်ပါတယ်။ ရုပ်ရှင်လည်းမကြည့်ချင်၊ သီချင်းနားမထောင်ချင်တဲ့အခါကများ ဆိုသလိုဖြစ်နေကြရပါတယ်။ ကျနော်တို့မှာ မသိမသာနဲ့ စိမ့်ဝင်ရရှိိနိုင်တာက သဘာဝပတ်ဝန်းကျင်ကပေးတဲ့ အနုပညာအရသာသာလျင်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်ရဲ့ အနုပညာအရသာကို ခံစားကြပါ။ ကိုယ့်ဝန်းကျင်ကိုလည်း အနုပညာမြောက်အောင် ထိန်းသိမ်းပြုပြင်ကြပါလို့ အကြံပေးပါရစေ…..။

ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply