သဘာဝအရင်းအမြစ်ဖွံ့ရေးဆိုင်ရာစီမံခန့်ခွဲမှုကျင့်ဝတ်စည်းကမ်းများ

သဘာဝအရင်းအမြစ်ဖွံ့ရေးဆိုင်ရာစီမံခန့်ခွဲမှုကျင့်ဝတ်စည်းကမ်းများ

ပြီးခဲ့သည့်ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းမှ ရေဆိုးများစွန့်ထုတ်မှုကြောင့် ဆည်တည်းရွာဟောင်းနှင့် ကျောက်ဖြူတိုင်ကျေးရွာရှိ ချောင်းအတွင်း ငါးကောင်ရေများစွာ သေဆုံးခဲ့ကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုရက်ပိုင်းက မိုးများလွန်းခဲ့ပြီး လက်ပံတောင်းကြေးနီစီမံကိန်းမှ ဒုတ္ထာနှင့် အက်စစ်ကန်ထဲမှရေများကို ပြွန်ပေါက်မှတစ်ဆင့် ဆည်တည်းရွာဟောင်းနှင့် ကျောက်ဖြူတိုင်ရွာတွင် စီးဆင်း နေသည့်ချောင်းထဲကို စွန့်ထုတ်ခဲ့သည်ဟု ယူဆကြောင်း၊ ထိုရေများကြောင့် ငါးများသေဆုံးခဲ့ရသည့်အပြင် ရေကိုသောက်သုံးမည့် အခြားသောသတ္တဝါများကိုပါ ထိခိုက်သေဆုံးစေနိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့ သည်။ ထိုပြဿနာသည် လက်ပံတောင်းတွင် ယခုမှဖြစ်ပေါ်ခြင်း မဟုတ်ပေ။ ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လ အတွင်းကလည်း ယင်းကြေးနီစီမံကိန်းအတွင်းမှ အက်စစ်ဓာတ်များ ပါဝင်သည့် ရေဆိုးများ စွန့်ထုတ်လုပ်သည့် အတွက် စီမံကိန်း၏အရှေ့ဘက် ရွှေတံတားအနီးတွင် ငါးကြီးငါးသေးပါမကျန် သေဆုံးမှုမကြာခဏ ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရကြောင်းသတင်းများတွင် ဖော်ပြထားသည်။ ထိုပြဿနာ နှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ပြဿနာများသည် မြန်မာနိုင်ငံရှိ စီမံကိန်းအများစုတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိခိုက် နစ်နာမှုသတင်းများလည်း မကြာခဏကြားနေရသည်။ ယင်းဖြစ်စဉ်များသည် နိုင်ငံတကာတွင်လည်း ဖြစ် ပေါ်ခဲ့ပါသည်။ သတ္တုတူးဖော်ရေးစီမံကိန်းများ၊ ဓာတုပစ္စည်းစက်ရုံများ၊ ဓာတုစွန့်ပစ်ရေဆိုးထွက်သည့် စက်ရုံများ စသဖြင့် ဓာတုနှင့်ဆက်နွယ်သည့် လုပ်ငန်းများတွင် အများဆုံးဖြစ်ပေါ်ခဲ့သည်။ တကယ်တမ်းတွင် လုပ်ငန်းတစ်ခုသည် မည်သည့် ဓာတုပစ္စည်းကိုမဆို ပမာဏနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေထုတ်လုပ်ခြင်း၊ သိုလှောင်းခြင်းနှင့် သယ်ဆောင်ခြင်းစသည်တို့ကိုလုပ်ဆောင်ပါက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စည်းကမ်းဥပဒေများအတိုင်း လုပ်ဆောင်ရန်လိုပါသည်။ နိုင်ငံတော်အစိုးရပိုင်းကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ကျင့်ဝတ်စည်းကမ်းဥပဒေများ မလိုက်နာသည့် လုပ်ငန်းများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် ရန် တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် ရေဆိုးစွန့်ပစ်မှုများ၊ ဓာတုအညစ်အကြေးစွန့်ပစ်မှုများကြောင့် ထိခိုက် နစ်နာမှုများရှိနေခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူမှုပြုလုပ်ခဲ့ခြင်း မရှိခဲ့ပေ။

ပြန်ပြည့်မြဲအရင်းအမြစ် မဟုတ်သော သဘာဝသယံဇာတများ ပိုင်ဆိုင်သည့် နိုင်ငံများသည် အထူး အခွင့်အလမ်းနှင့် အထူးစိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။ သဘာဝသယံဇာတဆိုသည်မှာ စနစ်တကျ အသုံးပြုပါက လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်များအတွက် ကြီးမားသော စည်ပင်ဝပြောမှုကို ဖန်တီး ပေးနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သယံဇာတများကို ညံ့ဖျင်းစွာ အသုံးပြုပါက စီးပွားရေးမတည်ငြိမ်မှု၊ လူမှုရေးပဋိပက္ခတို့ကို ဖြစ်ပွားစေပြီး သဘာဝပတ်ဝန်းကျင်ကို ရေရှည်ပျက်စီးစေမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝသယံဇာတများကို ထုတ်ယူအသုံးချခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ကျယ်ပြန့်သောလူမှုရေးနှင့် စီးပွားရေး ရည်မှန်းချက်များ ပြည့်မီလာစေရေးအတွက် ဆောင်ရွက်ခြင်းသာ ဖြစ်သင့်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်တော့ မည်ဆိုလျှင် သဘာဝ အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာစီမံခန့်ခွဲမှု ကျင့်ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရ တော့မည် ဖြစ်သည်။ သဘာဝအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာစီမံခန့်ခွဲမှုကျင့်ဝတ်စည်းကမ်း ၁၂ ချက်ရှိသည်။ ၄င်းတို့မှာ- (၁) နိုင်ငံတစ်နိုင်ငံရှိ သဘာဝအရင်းအမြစ်များ၏ ဖွံ့ဖြိုးမှုကိုစီမံခန့်ခွဲရာ၌ ယင်းနိုင်ငံရှိ ပြည်သူများ အနေဖြင့် အကြီးမားဆုံးသောလူမှုရေးနှင့် စီးပွားရေးအကျိုးကျေးဇူးများကို ခံစားနိုင်စေရန် ရည်ရွယ် ဆောင်ရွက်ရပါမည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဆုံးဖြတ်ချက်ဖြစ်စဉ်၏ အဆင့်တိုင်းကို နားလည်သဘောပေါက် ကာ ကိုင်တွယ်ဖြေရှင်းသည့် ပြီးပြည့်စုံသော ချဉ်းကပ်မှုတစ်ရပ် လိုအပ်ပါသည်။

(၂) အောင်မြင်သော သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု တစ်ရပ်ဖြစ်လာစေရန် ယင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူများအား ကောင်းစွာအသိပေး အကြောင်းကြားရန်အတွက် အစိုးရပိုင်းမှ တာဝန်ခံမှုရှိရန် လိုအပ်သည်။ (၃) ဘဏ္ဍာရေးပေါ်လစီနှင့် စာချုပ်စာတမ်းဆိုင်ရာ စကားရပ်များသည် ယင်း နိုင်ငံအနေဖြင့် အရင်းအမြစ်များမှ အကျိုးခံစားခွင့်များ အပြည့်အဝရရှိနိုင်စေရန် အာမခံမှု ပေးနိုင်ရမည်။ ထို့ အပြင် အဆိုပါ ဘဏ္ဍာရေးပေါ်လစီနှင့် စာချုပ်စာတမ်းဆိုင်ရာ စကားရပ်များသည် အထက်ပါအကျိုးခံစားခွင့်များ တကယ်ရှိလာစေရန်အတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့်အချက်များ ဖြစ်ရပါမည်။ သဘာဝသယံဇာတထုတ်ယူမှု၏ ရေရှည်သဘောသဘာဝအရ ပြောင်းလဲလျက်ရှိနေပြီး မသေချာမရေရာ ဖြစ်နေသည့် အခြေအနေများအား ကြံ့ကြံ့ခံနိုင်သည့် မူဝါဒများနှင့် ကန်ထရိုက် သဘောတူစာချုပ်များ လိုအပ် ပါသည်။ (၄) ကန်ထရိုက်သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန်နှင့် ဖွံ့ဖြိုးရေးလုပ်ပိုင်ခွင့်များရရှိရေးတို့အတွက် ဆောင်ရွက်ရာတွင် ယှဉ်ပြိုင်မှုသည် တန်ဖိုးနှင့် သမာသမတ်ရှိမှုတို့ကို ထိန်းသိမ်းကာကွယ်ရေးအတွက် ထိရောက်သော ယန္တရားတစ်ရပ်ဖြစ်သည်။

(၅) အရင်းအမြစ်စီမံကိန်းများတွင် စီမံကိန်း၏ အဆင့်အားလုံး၌ ဒေသတွင်း လူမှုစီးပွားရေးနှင့် ပတ်ဝန်း ကျင်ဆိုင်ရာအပေါ် သိသာထင်ရှားစွာ သက်ရောက်လာနိုင်သည့် ကောင်းကျိုး(သို့မဟုတ်) ဆိုးကျိုးများနှင့် ပတ်သက်ပြီး ရှာဖွေဖော်ထုတ်နိုင်ရန်၊ စူးစမ်းလေ့လာမှုပြုရန်၊ တာဝန်ယူဖြေရှင်းရန်၊ လျော့ပါးသက်သာအောင် ဆောင်ရွက်ရန်(သို့မဟုတ်) ထိုက်သင့်သည့်လျော်ကြေး အရင်းအမြစ်များ ထုတ်ယူရန်အတွက် သေချာစွာ စဉ်းစားသုံးသပ်သင့်သည်။ (၆) နိုင်ငံပိုင်အရင်းအမြစ်ကုမ္ပဏီများသည် အများနှင့် ယှဉ်ပြိုင်ရသော ပတ်ဝန်းကျင် တစ်ခုတွင် စီးပွားရေးအရရှင်သန်နိုင်စေရန် ဦးတာ်လျက် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လုပ်ငန်းဆောင်ရွက်သင့် ပါသည်။ (၇) အရင်းအမြစ်များမှ ရရှိသောဝင်ငွေများကို နိုင်ငံအတွင်း၌ အဆင့်မြင့်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှုများအား ထိန်းသိမ်းခြင်းဖြင့် ရေရှည်တည်တံ့ပြီး ဘက်စုံစီးပွားရေးဖွံ့ဖြိုးမှုအား မြှင့်တင်ရာ၌ အဓိကသုံးစွဲသင့်သည်။ (၈) အရင်းအမြစ်များမှရရှိသော ဝင်ငွေများကို ထိရောက်စွာအသုံးပြုရာတွင် ပြည်တွင်းအသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖြည်းဖြည်းချင်းတည်ဆောက်ယူကာ ဘဏ္ဍာရေးမတည်ငြိမ်မှု များကို သိမ်မွေ့စွာကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

(၉) အစိုးရများအနေဖြင့် သဘာဝအရင်းအမြစ်ကြွယ်ဝမှုကို ထိရောက်ပြီးသာတူညီမျှရှိသည့် လူမှုအသုံး စရိတ်များကို မြှင့်တင်ရန်နှင့် စီးပွားရေးအဆောက်အအုံပြောင်းလဲမှုကို ပုဂ္ဂလိကကဏ္ဍမှ တုံ့ပြန်လာနိုင်အောင် ကူညီပံ့ပိုးရာ၌ အခွင့်အလမ်းတစ်ခုအဖြစ် အသုံးပြုသင့်သည််။ (၁၀) အစိုးရတစ်ရပ်သည် စီးပွားရေး လုပ်ငန်း အမျိုးမျိုး ဖြန့်ကျက်ဆောင်ရွက်ရေးနှင့် ပြည်တွင်းထုတ်ကုန်တန်ဖိုးများ တိုးမြင့်လာရန်အတွက် အခွင့်အလမ်းများ ရရှိလာစေရန် အမျိုးသားရေး အတိုင်းအတာနှင့် ဒေသအဆင့်အတိုင်းအတာတို့တွင် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံ မှုများအားလွယ်ကူချောမွေ့လာအောင် ဆောင်ရွက်ပေးရမည်။ (၁၁) တွင်းထွက်သယံဇာတ ထုတ်ယူသော ကုမ္ပဏီများ၏ မိခင်နိုင်ငံအစိုးရများနှင့် နို်င်ငံတကာငွေကြေးအရင်းအနှီးဗဟိုဌာနများအနေဖြင့် ကောင်းမွန်သည့် အလေ့အထများကို ပြဌာန်းထားရှိသင့်သည်။ (၁၂) တွင်းထွက်သယံဇာတထုတ်ယူသော ကုမ္ပဏီအားလုံးတို့ သည် ကန်ထရိုက်သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ငွေပေးချေမှုလုပ်ငန်းများ ကို လုပ်ဆောင်ရာတွင် အကောင်းဆုံးသော လက်တွေ့ကျင့်သုံးမှုစံများကို ဆောင်ရွက်သင့်ပါသည်ဟူ၍ ဖြစ် သည်။

အဆိုပါအချက်များသည် သဘာဝ သယံဇာတအရင်းအမြစ်များကို မလွှဲမသွေထုတ်ယူတော့မည်ဆိုလျှင် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ် စည်းကမ်းများဖြစ်သည်။ ထိုကျင့်ဝတ်စည်းကမ်းများကို မြန်မာနိုင်ငံရှိ မည်သည့်စီမံကိန်းများတွင် လိုက်နာဆောင်ရွက်နေသည်ကို ရွှေလက် မသိပါ။ လက်တလောတွင်တော့ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ် နေသည်ကိုတော့ သတင်းများမှတဆင့် မြင်နေကြားနေရသည်။ ထိုကြောင့် ယေဘုယျအားဖြင့် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းသည် လိုက်နာဆောင်ရက်ရမည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာမှုအားနည်း နေသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးပြီး အရေးယူမှုများ လုပ်ဆောင်သင့် ပါသည်။

အချုပ်အာဖြင့်ဆိုရလျှင် ရွှေလက်တို့ မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ အထိုက်အလျောက် ပေါကြွယ်သည့် နိုင်ငံဖြစ်သည်။ ထိုသယံဇာတများကို အစိုးရအဆက်ဆက်က စီမံခန့်ခွဲမှုညံ့ဖျင်းစွာထုတ်ယူခဲ့ သဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ပြောပလောက်အောင် မရှိခဲ့ပေ။ သို့သော်လည်း သဘာဝပတ်ဝန်း ကျင် ထိခိုက်မှု၊ လူမှုဘဝထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး စီးပွားရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခများအထင်အရှား ဖြစ်ပွား ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲတော့မည်ဆိုလျှင် လက်ရှိမျိုးဆက်အတွက်ရော နောင်မျိုးဆက်အတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည်။လက်တလော အကျိုးရှိသယောင်နှင့် ရေရှည်တွင် ပျက်စီးဆုံးရှုံးရမည့်ကိစ္စမျိုးကို ရှောင်ရှားရမည်။ အထူးသဖြင့် သဘာဝ အရင်းအမြစ်ဖွ့ံရေးဆိုင်ရာ စီမံခန့်ခွဲမှုကျင့်ဝတ် စည်းကမ်းများကို လိုက်နာဆောင်ရွက်သင့်ပါသည်။

ရွှေလက်
7Day Daily(12.10.2017)

About The Author

greenness_mm

No Comments

Leave a Reply