အင်းဝမြို့ဟောင်းအတွင်းကဂူပျက်ကြီး ( သို့ ) ဂူတော်သစ်စေတီ

အင်းဝမြို့ဟောင်းအတွင်းကဂူပျက်ကြီး ( သို့ ) ဂူတော်သစ်စေတီ

အင်းဝမြို့ဟောင်းက ကျွန်တော်မရောက်ဖြစ်သေးတဲ့အထင်ကရနေရာတစ်ခုဆီကို တနေ့ကပဲရောက်ဖြစ်ခဲ့ပါတယ် ။ ဂူတော်သစ်စေတီနဲ့အနီးနားဝန်းကျင်ကိုပါ။ ဂူတော်သစ်ဆီကို ဒီထက်စောပြီးရောက်ဖူးထားသင့်ပေမယ့် အခုမှပဲရောက်ဖြစ်ခဲ့ပါတယ် ။
ပင်းယမြို့တည်နန်းတည်မင်း တစ်စီးရှင်သီဟသူ ( အေဒီ ၁၃၁၂ – ၁၃၂၂ ) ဟာ ပင်းယမြို့မတည်ခင်မှာပဲ နောင် အင်းဝမြို့ဖြစ်လာမယ့်နေရာမှာ ဂူဘုရား ( ဂူတော်သစ်စေတီ ) တစ်ဆူကို ( အေဒီ ၁၃၀၉ ) ခုနှစ်လောက်မှာတည်ခဲ့ပါတယ်တဲ့ ။ အမှန်က အခုလက်ရှိအင်းဝမြို့တည်ရှိနေတဲ့နေရာကို မြို့သစ်တည်ဖို့မျက်စိကျပြီး မြေစမ်းခရမ်းပျိုးအနေနဲ့ မြို့အင်္ဂါရပ် ၇ ပါးထဲက ဂူဘုရားတစ်ဆူကိုအရင်ဆုံးတည်ခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်စီးရှင်သီဟသူဟာ အဲဒီနေရာမှာမြို့မတည်ဖြစ်ခဲ့ပါဘူး ။ တောင်ဘက်သုံးမိုင်လောက်အကွာကနေရာတစ်ခုမှာပဲ ပင်းယမြို့သစ်ကို ခရစ်နှစ် ၁၃၁၂ ခုနှစ်မှာတည်ဖြစ်ခဲ့တာပါ ။ ပင်းယမြို့မတည်ခင်မှာ တစ်စီးရှင်သီဟသူတည်ထားကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဂူတော်သစ်စေတီကိုတော့ အင်းဝမြို့ဟောင်းအတွင်းမှာ အခုထိတွေ့နိုင်ပါတယ် ။
ဂူတော်သစ်ဘုရားဟာ အင်းဝမြို့ရိုးတောင်ဘက်မျက်နှာရဲ့အလယ်နားလောက်မှာရှိတယ် ။ ကျော်ဘုံတံခါးက နေ မြို့ဟောင်းထဲကိုဝင်လိုက်တာနဲ့ ဂူတော်သစ်ဘုရားရှိရာကိုညွှန်ပြထားတဲ့ဆိုင်းဘုတ်ကိုတွေ့ရမှာပါ ။ ဆိုင်းဘုတ်ညွှန်ရာ ဘုရားအဝင်လမ်းအတိုင်း အနောက်ဘက်ကိုဝင်လိုက်ရင်ပဲ ဂူပျက်ကြီးတစ်ခုတည်ရှိနေတာကို ထူးခြားစွာတွေ့ရမှာဖြစ်ပါတယ် ။
အင်းဝမြို့ဟောင်းကိုအကြိမ်ကြိမ်ရောက်ဖြစ်နေတဲ့ကျွန်တော်က ဂူပျက်ကြီးတစ်လုံးကို မြို့ဟောင်းထဲမှာ အခုခေါက်မှာမှတွေ့လိုက်ရတော့ အံ့သြပြီးငေးမောကြည့်နေမိတယ် ။ အတော်ကြီးမားတဲ့ဂူကြီးတစ်လုံးပါပဲ ။ ဝင်ဝင်ချင်း ရှေ့မျက်နှာမှာ အုတ်ကာသွပ်မိုးအာရုံခံလေးကွယ်နေလို့ သိပ်မထင်ရှားလှပေမယ့် တောင်ဘက်မျက်နှာကသွားကြည့်လိုက်တော့မှ ဂူကြီးရဲ့ကြီးမားခန့်ထည်မှုကို အထင်အရှားတွေ့လိုက်ရတာပါ ။
ဂူဘုရားကကြီးလွန်းတော့ ရှုထောင့်တစ်ခုထဲကနေရပ်ကြည့်ပြီးပုံဖော်လို့မရနိုင်ပါဘူး ။ ဒါကြောင့် တည်ဆောက်ပုံအနေထားဘယ်လို ဘယ်ပုံ ရှိတယ်ဆိုတာနဲ့ ပျက်စီးမှုအခြေအနေတွေကိုသိရအောင်လို့ ဂူဘုရားအပြင်ဘက်ကနေ တစ်ပတ်ပြည့်အောင်ကြည့်ဖြစ်ပါတယ် ။ မိုးအကုန်ဆောင်းအကူးအချိန်ခါမို့လားတော့မသိ သစ်ပင်ခြုံနွယ်တွေဂူကြီးအပေါ်မှာရော နဘေးပတ်ဝန်းကျင်တွေမှာပါ ထူထပ်စွာပေါက်ရောက်နေကြပါတယ် ။ သစ်ပင်တွေခြံနွယ်တွေကိုမရှင်းလင်းဘဲ ဒီတိုင်းဆက်ထားရင်တော့ ပြိုလက်စရှိနေတဲ့ဂူကြီးရဲ့ရေရှည်ကြံ့ခိုင်မှုအတွက်ရင်လေးစရာပါ ။ တစ်နှစ်တွင်းမှာ တစ်ကြိမ်တစ်ခါလောက်တော့သစ်ပင်ခြုံနွယ်ရှင်းတာတွေလုပ်ဖြစ်တယ်လို့တော့ထင်ပါတယ် ။ အခုလက်ရှိမှာတော့ သစ်ပင်တွေစိမ်းစိုစွာပေါက်ရောက်နေတဲ့ တောင်ပူစာကြီးတစ်လုံးကိုတွေ့နေရသလိုပါပဲ ။
ဂူတော်သစ်စေတီကြီးဟာ အာရုံခံမုခ်ဦးပါရှိတဲ့လိုဏ်ခေါင်းလေးခုနဲ့ထည့်သွင်းတည်ဆောက်ထားတဲ့ဂူဘုရားကြီးတစ်ဆူဖြစ်ပါတယ် ။ ဂူလေးခုနဲ့ဖွဲ့စည်းတည်ဆောက်ထားပေမယ့်လည်း တစ်ခုနဲ့တစ်ခုဆက်သွယ်ထားတဲ့ လိုဏ်ပတ်လမ်းမပါရှိပါဘူး ။ လိုဏ်တစ်ခုစီမှာ ဆင်းတုတော်ကြီးတစ်ဆူစီထားရှိတာကိုဖူးတွေ့ရပါတယ် ။
ဂူတော်သစ်စေတီကို အခုချိန်မှာ ဂူကြီးတစ်လုံးအဖြစ်တင်စားခေါ်ဝေါ်နေကြတာကတော့ မူလစေတီရဲ့အပေါ်ပိုင်းမရှိတော့ဘဲ လိုဏ်လေးခုပါတဲ့စေတီအောက်ပိုင်းသာကျန်နေခဲ့လို့ဖြစ်ပါတယ် ။ အခုလိုမျိုးစေတီကြီးရဲ့အောက်ပိုင်းသာကျန်နေခဲ့တော့ မူလက လုံးတော်အပြည့် ဘယ်လိုပုံစံရှိခဲ့တယ်ဆိုတာကို တိတိကျကျမပြောနိုင်ကြပါဘူး ။
လက်ရှိအနေထားအရ ဂူကြီးမှာ ပျက်စီးမှုတွေအတော်များပါတယ် ။ အဆိုးဆုံးကတော့ အပေါ်ပိုင်းပြိုကျမှုပါ ။ အပေါ်ပိုင်းပြိုကျခဲ့တာလည်း အတော်ကြနေလောက်ပြီထင်ပါတယ် ။ ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းပြုပြင်ခဲ့ပြီးနောက်ပိုင်း ဒီဂူတော်သစ်စေတီကို
မူလပုံစံတိုင်းပြန်ပြုပြင်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရတော့ပါဘူး ။
ဂူရဲ့အရှေ့မျက်နှာအပေါ်ပိုင်းမှာတော့ နောက်ပိုင်းမှတင်ထားတဲ့စေတီလေးတစ်ဆူကိုတွေ့ရပါတယ် ။ ရှေးဟောင်းဂူပျက်ကြီးတွေ ၊ ကြီးမားတဲ့ဘုရားငုတ်တိုကြီးတွေမှာတွေ့ရလေ့ရှိတဲ့အတိုင်း မူလပုံစံပြန်မပြုပြင်နိုင်လို့ စေတီငယ်တစ်ဆူကိုနောက်ပိုင်းကျမှထပ်ဆင့်တည်ထားခဲ့တာမျိုးပါ ။ တကယ်တော့ အရင်က ဒီစေတီအသေးလေးထက်ပိုကြီးတဲ့စေတီလုံးတစ်ဆူကို ဂူရဲ့အလည်တည့်တည့်မှာထပ်ဆင့်တည်ထားခဲ့သေးတာတဲ့ ။ အဲဒီစေတီအသစ်ကလည်း ၂၀၁၃ ခုနှစ်မြေငလျှင်မှာပြိုကျသွားတယ်လို့သိရပါတယ် ။
ဂူကြီးရဲ့ မုခ်လေးခုထဲက မြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်တို့မှာ ဆိုးဆိုးရွားရွား ပြိုကျထားတာကိုတွေ့ရပါတယ် ။ မြောက်ဘက်မုခ်ပြိုကျထားတဲ့နေရာမှာ သေသေချာချာထိန်းသိမ်းထားတာတွေရပေမယ့် အနောက်ဘက်မုခ်ပြိုကျမှုမှာတော့ ထိန်းသိမ်းမှုတစ်စုံတရာပြုလုပ်ထားတဲ့အရိပ်ယောင်မတွေ့ရပါဘူး ။ အခုချိန်ထိ ပြိုပျက်လက်စအတိုင်းပဲရှိနေပါတယ် ။
မုခ်လေးဘက်အတွင်းရှိနေတဲ့ တချို့ဆင်းတုတော်တွေကလည်း အခြေနေမကောင်းလှပါဘူး ။ အရှေ့မုခ်ထဲမှာရှိနေတဲ့ဆင်းတုတော်ကြီးက ခေတ်အဆက်ဆက်ပြုပြင်မှုတွေများလို့ မူလဟန်ရေးရေးလေးပဲမှန်းလို့ရတာပါ ။ ဒီလိုမူလဟန်ရေးရေးလေးကျန်နေသေးတာကိုပဲ ကျေးဇူးတင်နေရပါတယ် ။ တောင်ဘက်မုခ်ထဲမှာရှိနေတဲ့ဆင်းတုတော်ကြီးကတော့ မူလလက်ရာမဟုတ်တော့ဘဲ ရတနာပုံလခေတ် လက်ရာဆင်းတုတော်ကြီးဖြစ်နေပါပြီ ။ အနောက်ဘက်နဲ့မြောက်ဘက်မုခ်အတွင်းရှိနေကြတဲ့ဆင်းနုတော်တွေကတော့အခြေနေအတော်လေးဆိုးပါတယ် ။ မူလလက်ရာလုံးဝပျောက်သွားတာအပြင် ပြုပြင်ခဲ့တဲ့ခေတ်လက်ရာကိုတောင်မှန်းလို့မရအောင်ဖြစ်နေတာပါ ။ တတ်သိတဲ့ပညာရှင်နဲ့ပြုပြင်ထားတာမဟုတ်ဘူးဆိုတာပေါ်လွင်ပါတယ် ။
ဂူတော်သစ်စေတီမှာ သက်ဆိုင်ရာသမိုင်းမှတ်တမ်းနဲ့ချိန်ထိုးပြီးခေတ်ကိုသက်သေပြနိုင်တဲ့အင်္ဂတေပန်းတော့လက်ရာအနည်းအကျဥ်းတွေ့နေရတုန်းဖြစ်ပါတယ် ။ အဲဒါတွေကို မုခ်ဦးတံကဲ ၊ ထောက်တိုင်အင်္ဂတေအမွှန်းပန်းတွေနဲ့ ဖောင်းရစ်ပန်းဆွဲတွေမှာတွေ့နေရပါတယ် ။ တကယ်တော့ ဂူတော်သစ်စေတီမှာ မုခ်ဦးတံကဲလေးခုရှိရမှာဖြစ်ပေမယ့် ပျက်စီးပြိုကျကုန်ပြီဖြစ်လို့ အခုလက်ရှိမှာ တောင်ဘက်မုခ်ဦးတစ်ကိုပဲလေ့လာလို့ရနိုင်တော့တာပါ ။
အဲဒီမုခ်ဦးမှာ သတိပြုမိတာက နဖူးစည်းဘယ်ညာနှစ်ဖက်မှာတွေ့ရတဲ့ ပင်းယခေတ်ဟန်သရက်ကင်းတွေဖြစ်ပါတယ် ။ နောက်ပိုင်းခေတ်တွေမှာ စိုင်ပေါင်လို့ ခေါ်ဆိုနေတဲ့ မုခ်ဦးတံကဲက အစိတ်ပိုင်းတွေဟာ ပုဂံခေတ်နဲ့ပင်းယခေတ်မုခ်ဦးတံကဲတွေမှာ အခုတွေ့ရတဲ့မုခ်ဦးမှာလိုပဲသရက်ကင်းအဖြစ်နဲ့တွေ့ရတာပါ ။ နောက်ပိုင်းခေတ်တွေမှာတော့ အဲဒီသရက်ကင်းအစိတ်ပိုင်းတွေကနေ စိုင်ပေါင်အဖြစ် အဆက်ဆက် ပြောင်းလဲလာကြောင်းမှတ်သားရဖူးပါတယ် ။
ဂူတော်သစ်စေတီတစ်ခုလုံးကိုခြုံငုံကြည့်တဲ့အခါ ပင်းယက ဂူကြီးသုံးလုံးကိုပါတွဲပြီးအာရုံထဲပေါ်လာပါတယ် ။ အထူးသဖြင့် တောင်ဘက်အစွန်ဆုံးဂူနဲ့ စိတ်ထဲမှာနှိင်းယှဥ်ကြည့်နေမိတာပါ ။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့်
ခေတ်လက်ရာတူ ပင်းယခေတ်အဆောက်အအုံတွေအဖြစ်နဲ့ပဲခံစားလို့ရပါတယ် ။
တချို့မှတ်တမ်းတွေမှာ တစ်စီးရှင်သီဟသူဟာ ဂူတော်သစ်စေတီကိုပြီးစီးအောင်မတည်ခဲ့ကြောင်း ၊ ပန္နက်လောက်သာချခဲ့နိုင်ကြောင်းနဲ့ ပထမအင်းဝမြို့တည် သတိုးမင်းဖျား ( အေဒီ 1364 – 1367 ) လက်ထက်ရောက်မှ စေတီတစ်ဆူလုံးပြီးစီးအောင်ဆက်လက်တည်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ် ။ တကယ်တော့ အဲဒီလိုဟုတ်ဟန်မတူပါဘူး ။ အခုလက်ရှိတွေ့နေရတဲ့စေတီပန္နက်ပုံစံနဲ့ လက်ကျန်အနုလက်ရာတွေအရဆိုရင် သီဟသူမင်းလက်ထက်ပင်းယခေတ်မှာတည်ထားတဲ့စေတီဖြစ်တယ်ဆိုတာထင်ရှားပါတယ် ။
နောက်ပြီး ဂူတော်သစ်စေတီကျောက်စာမှာလည်း တစ်စီးရှင်သီဟသူက ဘုရားအတွက်မြေတွေလှူခဲ့ကြောင်းရေးထိုးပါရှိတယ်လို့ဆိုပါတယ်။ စေတီအလှူရှင်က ဘုရားဝတ္တကမြေလှူတယ်ဆိုတာ စေတီပြီးမှလှူလေ့ရှိတာပါ ။
အချက်တွေကိုထောက်ရရင်တော့ တစ်စီးရှင်သီဟသူဟာ ဂူတော်သစ်စေတီကို အပြီးမသတ်နိုင်ရင်တောင်မှ ရာနုန်းပြည့်နီးပါးပြီးအောင်ထိ တည်ဆောက်နိုင်နိုင်ခဲ့မယ်လို့ယူဆချင်ပါတယ် ။
လက်ရှိဂူတော်သစ်စေတီနဲ့ အနီးအနားဝန်းကျင်ကိုမြင်ရတာ စိတ်ထဲမှာမချင့်မရဲဖြစ်မိပါတယ် ။ သမိုင်းမှတ်တမ်းအထင်အရှားရှိခဲ့ပြီး တစ်စီရှင်သီဟသူမင်းကအစပြုလို့ နောက်ပိုင်းမင်းအဆက်ဆက်တည်ဆောက်ပြုပြင်လာခဲ့တဲ့ အထင်ကရစေတီကြီးတစ်ဆူဟာ အခုလို လူသူအရောက်ပေါက်နည်းတဲ့အနေထားမျိုးမဖြစ်သင့်ပါဘူး ။ ဒီထက်ပိုမိုအလေးအမြတ်ပြုထားတဲ့အနေထားမျိုးနဲ့ရှိနေသင့်တာပါ ။ သမိုင်းကိုစိတ်ဝင်စားသူတွေနဲ့ ရှေးဟောင်းမြတ်နိုးသူတွေကလည်း အင်းဝကိုရောက်ခဲ့ရင် ဒီဂူတော်သစ်စေတီကြီးဆီရောက်နေရမှာဖြစ်ပါတယ် ။
တကယ်တော့ အင်းဝမြို့ဟောင်းမှာ လေ့လာစရာတကယ်ပေါများပါတယ် ။ လူသိများတဲ့ လေးထပ်ကျောင်း ၊ မယ်နုအုတ်ကျောင်း နဲ့ ဗားဂရာကျောင်းတို့အပြင် သမိုင်းထင်ရှားတဲ့ ဂူတော်သစ်စေတီလိုနေရာတွေအများကြီးရှိနေသေးတာပါ ။ ဒီလိုနေရာတွေကိုလည်း အလေးထားပြီးသွားရောက်လေ့လာကြဖို့ အကြံပြုလိုက်ချင်ပါတယ် ။

**ရန်နောင်စိုး- ရေးသည်**
အကိုးအကား ။ ။
ပင်းယ ၊ အင်းဝမြေမှ သမိုင်းဝင်စေတီပုထိုးများ ( ဒေါက်တာ တိုးလှ )
အင်းဝမြို့ဟောင်းအတွင်းမှဂူတော်သစ်ဘုရားကြီး ( စည်သူသန့် – မန်း )

About The Author

greenness_mm

No Comments

Leave a Reply