အညာနဲ့ ထန်း အိုးစားမကွဲစေချင်ပါ

အညာနဲ့ ထန်း အိုးစားမကွဲစေချင်ပါ

နွေဦးကာလ မြူထသောခါ
ရင်းထောင်ရင်းဆွဲ
ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့
တက်သည်နှင့်လေး။

ဝန်ကြီးပဒေသရာဇာရေး တဲ့ ‘နွေဦးကာလ မြူထသောခါ’ တျာချင်းကဗျာရဲ့ နိဒါန်းအပိုဒ် လေး ဖြစ်ပါတယ်။ ရွှေလက်ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ကြီးပြင်း ခဲ့ရပေမယ့် အဲဒီကဗျာလေး ကြောင့် အညာဒေသနဲ့ ထန်းတောနဲ့ ထန်းတက်သမားမိသားစုနဲ့ စိတ်ထဲမှာ အလိုလိုရင်းနှီးကျွမ်း ဝင်ခဲ့ရတယ်။ အညာဒေသလို့ဆို လိုက်တာနဲ့ ထန်းပင်ထန်းတောကြီးတွေ၊ ထန်းတက်သမား မိသားစုဘဝတွေကို စိတ်အာရုံမှာ အလိုလိုမြင်ယောင်လာတဲ့ အထိ အဲဒီတျာချင်းကဗျာလေးက အ စွမ်းထက်လှပါတယ်။ အဲဒီကဗျာ ကြောင့်ပဲ နောက်ပိုင်းကာလတွေ မှာ အလုပ်တာဝန်တွေနဲ့ အညာဒေသရောက်တဲ့အခါမှာလည်း ထန်းပင်၊ ထန်းတောကြီးတွေဆီ အရောက်သွားခဲ့ တယ်။ ထန်းပင်ကျရည်ကို သောက်၊ ပဲကြီးလှော် နဲ့ ကြက်ကြော်ကို စားတယ်။ ထန်းတက်သမား မိသားစုတွေနဲ့ စကားစမြည်ပြောတယ်။ ဒီလိုနဲ့ မြစ်ဝကျွန်းပေါ်သား ရွှေလက်က အညာဒေသနဲ့ ထန်းတောကြီး တွေကို စိတ်ဝင်စားမိရာကနေချစ် မြတ်နိုးမိခဲ့ပါတယ်။ အညာဒေသဟာ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက ထန်းအရင်းအမြစ်တွေကို ပိုင်ဆိုင်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက ထန်းအခြေပြု အညာယဉ်ကျေးမှု၊ အညာထွက်ကုုန်တွေဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာလည်း ဂုဏ်သတင်း ကျော်စောခဲ့တယ်။

ထန်းပင်တွေဟာ ဘယ်အချိန်ကတည်းက မြန်မာ့မြေပေါ်မှာ ရှင်သန်ပေါက်ဖွားခဲ့တာလဲဆိုတာ ရွှေလက်မသိပါဘူး။ ဒါပေမဲ့ ပုဂံ ခေတ်ကတည်းက အရေးပါတဲ့ ကောက်ပဲသီးနှံစာရင်းမှာ ထန်း ပင်တွေ ပါဝင်နေခဲ့တယ်။ ခေတ် အဆက်ဆက် ဘုရား၊ စေတီ၊ ကျောင်း၊ ကန်တွေ ဆောက်လုပ် လှူဒါန်းတဲ့အခါ ထန်းပင်တွေကို ပါ ဧကဆယ်နဲ့ချီပြီး စိုက်ပျိုးလှူ ဒါန်းခဲ့ကြတယ်။ ဒါဟာ ပုဂံခေတ် မှာ ယဉ်ကျေးမှုတစ်ခုလို ထွန်း ကားခဲ့ပါတယ်။ အဲဒီလို ယဉ်ကျေး မှုတွေ ခေတ်အဆက်ဆက်ထွန်း ကားခဲ့ခြင်း၊ စားဝတ်နေရေးအ တွက် စိုက်ပျိုးခဲ့ခြင်းတွေကြောင့် အညာဒေသမှာ ထန်းပင်၊ ထန်း တောတွေ ပေါများနေတာလို့ ခန့် မှန်းမိပါတယ်။ အညာဒေသမှာ ခေတ်အဆက်ဆက် ထန်းပင်၊ ထန်းတောတွေပေါများခဲ့တယ်ဆို တာ ပုံပြင်မဟုတ်ပါဘူး။ ဥပမာအ နေနဲ့ ကုန်းဘောင်ခေတ်က မုဆိုး ဖိုရွာသူကြီး ဦးအောင်ဇေယျ(အ လောင်းမင်းတရား)က သူ့ခံတပ် ကို ထန်းလုံးတွေနဲ့ တည်ဆောက် ခဲ့တာကိုပဲ ကြည့်ပါ။ ထန်းပင်တွေ ပေါလို့သာ ခံတပ်ကြီးတစ်ခုလုံး ကို ထန်းပင်အလုံးလိုက်တွေနဲ့ တည်ဆောက်နိုင်ခဲ့တာပေါ့။ အဲဒီထန်းလုံးခံတပ်ကြောင့်ပဲ ဦးအောင်ဇေယျ (အလောင်းမင်းတရား)ဟာ ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့တာ မဟုတ်လား။ ဒါကြောင့် ထန်းပင်တွေဟာ ကုန်းဘောင်ခေတ်တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့အထိ အရေးပါခဲ့တယ်လို့ ဆိုချင်ပါတယ်။

အရှေ့တောင်အာရှ ဒေသတစ်ခုလုံးရှိ ကမ်းရိုးတန်းတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေရဲ့ အ မှတ်သင်္ကေတဟာ အုန်းပင်တွေ ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း (အညာဒေသ)ရဲ့ အမှတ်သင်္ကေ တဟာ ထန်းပင်တွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ထန်းပင်တွေကို အညာဒေသရဲ့ ဘုရား၊ ကျောင်း၊ ကန်တွေ၊ လယ်ယာမြေတွေ၊ လမ်းဘေးတွေ စသဖြင့် နေရာ အနှံ့မှာ တွေ့မြင်နိုင်ပါတယ်။ ထန်းပင် တွေဟာ အညာဒေသရဲ့ ရာသီဥတုနဲ့ ဂေဟစနစ်ကို ကြိုက်နှစ်သက်တဲ့အတွက် အညာဒေသဟာ ထန်းနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ထန်းပင်တွေက အညာ ဒေသရဲ့ ရာသီဥတုနဲ့ ဂေဟစနစ် ကိုလည်း ပြန်ထိန်းသိမ်းပေးပါ တယ်။ ဒါကြောင့် အညာဒေသ တွေဟာ ထန်းပင်တွေသာမရှိခဲ့ ရင် ဒီထက်မက ပူပြင်းခြောက် သွေ့တဲ့ ကန္တာရဆန်သောဒေသ အဖြစ်သို့ ရောက်ရှိသွားနိုင်တယ် လို့ ရွှေလက်ယူဆမိပါတယ်။
ထန်းပင်တွေဟာ အညာဒေသရဲ့ ရာသီဥတုကို ထိန်းညှိပေးသလို ထန်းရည်အပါအဝင် မြန်မာလူမျိုး အားလုံး စားသုံးနိုင်ဖို့ ထန်းလျက်ကိုလည်း ရရှိစေပါတယ်။ ဒါတင်မကသေးပါဘူး။ ထန်းပင် ဟာ အသုံးပြုသူအပေါ် မူတည် ပြီး ထန်းရွက်၊ ထန်းလက်၊ ထန်း သီး၊ ထန်းမြစ်စသဖြင့် တစ်ပင် လုံးအသုံးဝင်ပါတယ်။ ထန်းရွက် ထန်းလက်တွေကို အိမ်မိုးဖို့နဲ့ လက်မှုပစ္စည်းလေးတွေ လုပ်တဲ့ နေရာမှာ သုံးပါတယ်။ ထန်းရွက် မိုးအိမ်တို့၊ ထန်းလက်ပုတီးတို့ ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ထန်းပင်ရဲ့ အသုံးဝင်မှုတစ်မျိုးပါ ပဲ။ ထန်းပင်မှာ အဖိုနဲ့ အမ ပင်ဆို ပြီး နှစ်မျိုးရှိပါတယ်။ ထန်းအမ ပင်က သီးတဲ့ထန်းသီးအနုကနေ ထန်းရည်ခံနိုင်သလို ထန်းသီးအ ရင့်ကနေလည်း ထန်းရည်ခံနိုင်ပါ တယ်။ နောက်ပြီး ထန်းသီးအရင့် တွေကို စဉ်းပြီး နွားစာကျွေးကြတဲ့ အတွက်ထန်းသီးက အညာဒေသ က နွားတွေအတွက် မရှိမဖြစ် ရာ သီစာလို့တောင် ပြောရမလိုပဲ။ ထန်းသီးတွေ မှည့်လာတဲ့အခါမှာ တော့ ထန်းသီးမုန့်ပြုလုပ်ကြပါ တယ်။ ရွှေဝါရောင်အဆင်း၊ ချို မွှေးသောအရသာနဲ့ ထန်းသီးမုန့် တွေဟာ စားဖူးသူတိုင်းကို နှစ် သက်စေပါတယ်။ ဒါတင်မက သေးပါဘူး။ ထန်းသီးနုရည်၊ ထန်း သီးအဆန်၊ ထန်းကြည်ထွေး၊ ထန်းသီးဟင်း၊ ထန်းသီးဘာကင်၊ ထန်းသီးဆီမှုတ်စသဖြင့် ထန်းသီး ကိုပုံစံအမျိုးမျိုးနဲ့ ဖန်တီးစား သောက်လို့လည်း ရပါတယ်။ ထန်းပင်အကြောင်း ပြောမယ်ဆိုရင် ထန်းမြစ်ကို မေ့ထားလို့မရဘူး။ ထန်းမြစ်ဟာပြုတ်စားရင်ပဲဖြစ် ဖြစ်၊ ဖုတ်စားရင်ပဲဖြစ်ဖြစ် ချိုစိမ့် မွှေးတဲ့ အရသာတဲ့ပြည့်စုံတဲ့အ တွက် ကြိုက်နှစ်သက်ကြပါတယ်။

ထန်းပင်ကို အမှတ်တမဲ့ ကြည့်ရင် ထန်းရည်နဲ့ ထန်းလျက် ပဲရတယ်ထင်ရပေမယ့် တကယ် တမ်းကျတော့ အံ့သြစရာကောင်း လောက်အောင် ထန်းရွက်ကနေ ထန်းမြစ်အထိ တစ်ပင်လုံး အသုံး ဝင်နေတာ တွေ့ရပါတယ်။ ထန်း ဟာ ရွှေလက်အထက်မှာရေးပြ ခဲ့တဲ့အတိုင်း လူတွေရဲ့စားရေး၊ သောက်ရေးကို တိုက်ရိုက်အ ထောက်အကူပြုသလို နေရေး၊ ထိုင်ရေးအတွက်လည်း အထောက် အကူပြုနေပြန်ပါတယ်။ ထန်းပင် အလုံးဖြောင့်ဖြောင့်ရင့်ရင့် တစ် လုံးကို အပင်ခြေကနေ လှဲပြီးခွဲ ခြမ်းစိတ်ဖြာတယ်။ ပြီးတော့ အ ညာဒေသနေအိမ်၊ နွားတဲ၊ ဆုံတဲ နဲ့ နွားစာလှောင်တဲ့တဲ စသဖြင့် အဆောက်အအုံတွေ ဆောက် လုပ်တဲ့နေရာမှာ အသုံးပြုကြပါ တယ်။ ထန်းသားဟာ သစ်ပိုးနဲ့ခြ တွေ အလွယ်တကူမစားနိုင်၊ မဖျက်ဆီးနိုင်ပေမယ့် မြေကြီးနဲ့ ကြာကြာထိနေရင် မြန်မြန်ဆွေး မြည့်တတ်ပါတယ်။ ဒါကြောင့် ထန်းသားကို မြေကြီးနဲ့မထိတဲ့ ကြမ်းခင်း၊ ထုပ်၊ လျောက်၊ ဒိုင်း၊ မြား၊ ပန်းဆွဲတွေအတွက် သုံးမယ် ဆိုရင် နှစ်ပေါင်းများစွာ ခိုင်ခံ့ တယ်လို့ ကျွမ်းကျင်သူတွေက ဆို ကြပါတယ်။

အသိပညာ၊ ဗဟုသုတနဲ့ နည်းပညာတွေ ထွန်းကားလာတာ နဲ့အမျှ ထန်းပင်ရဲ့အသုံးဝင်မှုဟာ ကမ္ဘာဆန်လာတယ်လို့တောင် ဆို ချင်ပါတယ်။ ထန်းသားနဲ့ ပရိ ဘောဂတွေ(စားပွဲ၊ ကုလားထိုင်၊ ရှိုးကေ့စ်၊ ဗီရို စသဖြင့် )ကို တီ ထွင်ပြုလုပ်လာကြသလို အသုံး အဆောင်ပစ္စည်းအမျိုးမျိုး (ဆန် ကော၊ ဆန်ခါ၊ တောင်း၊ ခြင်း တောင်း၊ ဖာတောင်း၊ ဦးထုပ်၊ ခမောက်၊ ပန်းအိုး၊ ထန်းရွက်ပု တီး၊ ဖိနပ်စသဖြင့်) ကိုလည်း စိတ်ကူးဉာဏ်ကွန့်မြူးနိုင်သ လောက် တီထွင်ဖန်တီးလာကြ တာတွေ့ရပါတယ်။ အဲဒီပစ္စည်း တွေကို ပြည်တွင်း၊ ပြည်ပ ခရီး သွားတွေက ကြိုက်နှစ်သက်စွာ ဝယ်ယူအားပေးကြတဲ့အတွက် ဝင်ငွေကောင်းကြတယ်လို့ သိရ ပါတယ်။ အခုနောက်ပိုင်း အမြင် ကျယ်တဲ့စီးပွားရေးသမားတွေက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ထန်း သားပါကေးကို တီထွင်တယ်။ နောက်ပြီး နိုင်ငံတကာစျေးကွက် ဆီ ထိုးဖောက်ဝင်ရောက်နေပြီလို့ သိရချိန်မှာ ရွှေလက်ကိုအံ့သြမှင် တက်စေခဲ့ပါတယ်။ အဲဒီလောက် တောင်ပဲ ထန်းပင်တွေက အသုံး ဝင်သတဲ့ဗျာ။ သေသေချာချာ အ သုံးပြုနိုင်ရင် ထန်းပင်တွေဟာ အ ညာသူ၊ အညာသားတွေရဲ့ စား ဝတ်နေရေးကို အများကြီး အထောက်ကူဖြစ်စေလိမ့်မယ်လို့ ရွှေလက်ကတော့ ယုံကြည်နေမိ တယ်။ အခုတော့ အညာဒေသမှာ ထန်းတက်လုပ်သား ရှားပါးနေ သတဲ့။ ထန်းနဲ့ အသက်မွေးသူတွေ နည်းလာသတဲ့။

ဒီသတင်းတွေကို ရွှေလက်အကြိမ်ကြိမ် ကြားလာရတော့ စိတ်ဝင်စားလာတယ်။ အညာဒေသအတွက် စိတ်ပူလာတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာ လဲလို့ လေ့လာကြည့်မိတယ်။ ရွှေ လက်လေ့လာမိသလောက်တော့ ထန်းလျက်စျေး မကောင်းတာ၊ ထန်းလျက်လုပ်ဖို့ လောင်စာထင်း စျေးကြီးတာက အဓိကဖြစ်နေ တာ တွေ့ရတယ်။ ထန်းလျက်စျေးမကောင်းတော့ ထန်းတောင်သူတွေက ထန်းလျက်လုပ်ငန်း မလုပ်ချင်ကြတော့ဘူး။ တစ်ဖက်မှာ ထန်းကိုအပင်လိုက် စျေးကောင်းပေး ဝယ်လာတာတွေလည်း ရှိလာတယ်။ ဒီတော့ ထန်း ရည်တက်၊ ထန်းလျက်ချက်မှ ငွေ ရမယ့်အချိန်ကို စောင့်မနေတော့ ဘဲ ထန်းပင်တွေကို ခုတ်လှဲပြီး ရောင်းလာကြတယ်။ အုတ်ဖုတ် လုပ်ငန်းတွေကလည်း ထင်းရှား ပါးလာတဲ့အတွက် ထန်းပင်ကိုအ လုံးလိုက် ဝယ်ယူပြီးအသုံးပြုလာ ကြတယ်။ နောက်ပြီး ထန်းနဲ့ လုပ် တဲ့ ပရိဘောဂတွေ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ပြည် ပခရီးသွားဧည့်သည်တွေက ဝယ် ယူအားပေးမှုမြင့်မားလာတဲ့အ တွက် အဲဒီပစ္စည်းတွေလုပ်ဖို့ ထန်း ပင်တွေကို လှဲကြရပြန်တယ်။ ဒီလိုနဲ့ မိရိုးဖလာထန်းတက်လုပ် ငန်း၊ ထန်းလျက်ချက်လုပ်ငန်းတွေဟာ အနည်းငယ် မှေးမှိန်လာ ခဲ့ရတယ်လို့ ရွှေလက်အနေနဲ့ မြင် မိပါတယ်။

ထန်းနဲ့ပတ်သက်ပြီး ပရိ ဘောဂတွေ၊ အသုံးအဆောင် ပစ္စည်းလေးတွေ ပြုလုပ်ရာကနေ ဝင်ငွေတွေ ကောင်းနေတာက တော့ အင်မတန်ဝမ်းသာစရာပါ။ ဒါတွေဖြစ်လာဖို့အတွက် ထန်းပင် တွေကို မဖြစ်မနေ ခုတ်လှဲရမှာပါ။ ဒီအတွက် ကြာလာရင် ထန်းပင် တွေ ပျောက်ကွယ်သွားနိုင်ပါ တယ်။ ဒါကြောင့် ထန်းပင်ကိုခုတ် သလို မျိုးမတုံးအောင် ပြန်စိုက် တာကိုလည်း မဖြစ်မနေ တာဝန် တစ်ရပ်အနေနဲ့ လုပ်ဆောင်ဖို့လို ပါတယ်။ နောက်ပြီး ထန်းအပင် လိုက်အသုံးပြုပြီး အုတ်ဖုတ်နေတဲ့ လုပ်ငန်းတွေကိုလည်း အရေးယူ ဖို့ လိုပါတယ်။ မိရိုးဖလာထန်း လျက်လုပ်ငန်းကိုလည်း အခု ထက် သန့်သန့်ရှင်းရှင်း သပ်သပ် ရပ်ရပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် အောင် နည်းပညာအဆင့်မြှင့် တင် ဆောင်ရွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်နိုင်ငံလုံးမှာ ထန်းလျက်လိုအပ်ချက်တွေ ရှိနေသေးတဲ့အပြင် ပြည်ပခရီးသွား ဧည့်သည်တွေကလည်း ထန်းလျက်အမျိုးမျိုးကို စိတ်ဝင်စားလာကြလို့ပါပဲ။ ထန်းလျက်လုပ်ဖို့ ထင်းလောင်စာအတွက်လည်း ထင်းမသုံးစွဲဘဲ တခြားထင်း အစားထိုးလောင်စာသုံးစွဲမှုတွေကိုလည်း တီထွင်စမ်းသပ်လုပ်ကိုင်ဖို့ လိုပါတယ်။ ဟိုတစ်လောကတော့ ကျောက်ပန်းတောင်းမှာ နေရောင်ခြည်စွမ်းအင်နဲ့ ထန်းလျက်ချက်လို့ရအောင် စမ်းသပ်နေတယ်လို့ မိတ်ဆွေ တစ်ယောက်က ပြောပါတယ်။ ဒါမျိုးတွေကို အစိုးရအနေနဲ့ အားပေးအားမြှောက်ပြုရမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အညာဒေသမှာမွေး၊ အညာဒေသမှာကြီးပြီး အညာရဲ့အလှ၊ အညာရဲ့ သင်္ကေတ၊ အညာရဲ့ သဘာဝ၊ အညာရဲ့ ယဉ်ကျေး မှုဓလေ့ စရိုက်လက္ခဏာတွေကို ဖော်ကျူးပေးနေတဲ့ ထန်းပင်တွေဟာ တဖြည်းဖြည်းနဲ့ ရှားပါး ပျောက်ကွယ်တော့မယ့်ဘက်ကို ယိမ်းနေခဲ့ပါပြီ။ ဒါကြောင့် အစိုးရ အပါအဝင် အညာဒေသခံ ပြည် သူတွေအားလုံးက ထန်းပင်တွေ မျိုးမတုံးအောင် ထိန်းသိမ်းစောင့် ရှောက်ပြီး ပြန်လည်စိုက်ပျိုးမှုများ ပြုလုပ်ဖို့ လိုနေပြီဖြစ်ပါတယ်။ ဒါမှသာ အညာဒေသနဲ့ ထန်းပင် ထန်းတောတွေဟာ အိုးစားမကွဲ ကြမှာဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။ ။

ရွှေလက်

7Day Daily (No.1745 Tuesday, March 13, 2018)

About The Author

greenness_mm

No Comments

Leave a Reply