“အပင်နှင့် သစ်တော ထိန်းသိမ်းပါ ဂေဟစနစ်တည်မြဲဖို့ရာ “

“အပင်နှင့် သစ်တော ထိန်းသိမ်းပါ ဂေဟစနစ်တည်မြဲဖို့ရာ “

“ပဒေသာပင်‌မြေမှ ပေါက်သကဲ့သို့” ဟု ဆိုရလောက်သော ကမ္ဘာမြေသည် ရှေးယခင်က လူသားတို့ လိုအင်မှန်သမျှကို ပေးစွမ်းဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အပင်မျိုး‌ ပေါင်း ထောင်ကျော် အပါအဝင် ဇီဝမျိုးကွဲများဖြင့် တင့်တယ်ခဲ့သည်။ ခုနှစ်၊ သက္ကရာဇ်တို့ တစ်နှစ်ပြီး တစ်နှစ်ပွားများလာရာ လူဦးရေများကလည်း တစ်နေ့ထက် ‌တစ်နေ့ တိုးပွားလာ ကြသည်။ တီထွင်ကြံဆမှုများနှင့် နည်းစနစ်များ ပြောင်းလဲဖြစ်ပေါ်ပြီးနောက် ၂၁ရာစုတွင် လူသားတို့၏ အတောမသတ်လိုသော လောဘနှင့် တိုးတက်လိုစိတ်တို့က ဂေဟစနစ် ယိုယွင်းမှု အန္တရာယ်ကို လက်ယက် ဖိတ်ခေါ်နေတော့သည်။
ဆီဆည်ရွာသား ဦး‌အောင်ကြီးက “တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်း သာလှ ဖြူလွှ သောင်ပြင်၊ငှက်ပေါင်းယှဉ်လျက်”ဟု သဘာဝပတ်ဝန်းကျင် အလှကို ဖွဲ့ဆိုခဲ့သည်။ မှန်ပါသည်။သဘာဝပတ်ဝန်းကျင် အလှတွင် တော၊တောင် သဘာဝ သာမက အပင်များ ၊ကျေးငှက် သာရကာတို့သည်း ပါဝင်သည်။သို့မှသာ ရောင်စုံပန်းချီကား တစ်ချပ်နှယ် လှပသည် မဟုတ်ပါ လော။
သဘာဝအပင်ဟု ခေါ်သော သစ်ပင်တို့တွင် သစ်ဥ၊သစ်ဖုမှ အစ လူသားတို့ နေထိုင် သော အဆောက်အအုံများ ပြုလုပ်နိုင်သည့် ကျွန်း၊ပျဉ်းကတိုး၊ လူသားတို့စားသုံး နိုင်သော ဝါး၊ကြိမ်၊မြက်၊ ဆေးမြစ် အမျိုးမျိုး၊သစ်သီး၊သစ်ခေါက်၊သစ်မြစ်၊သစ်ဥ၊သစ်ဖု အ စရှိသည့် အမျိုးကွဲပေါင်း များစွာ ပါဝင်သည်။
သစ်ပင်တို့၏ အကျိုးကို ဆိုရသော် သစ်ပင်များသည် သတ္တဝါတို့၏ အစာ ကွင်းဆက်တွင် မူလဇစ်မြစ် အစာထုတ်လုပ်ပေးသူများ ဖြစ်၏။”ထို့ပြင် “သစ်တစ်ပင် ကောင်း ငှက်တစ်သောင်း နားနိုင်” ဆိုသည့်အတိုင်း သစ်ပင်ကြီးများပေါ်တွင် ကျေးငှက် သာရကာ တို့ မှီခိုစားသောက်ရသည်။ သစ်တောများပြုန်းတီးခဲ့သော် ကျေးငှက်သာရကာ လေးများ၊ တောရိုင်းတိရစ္ဆာန်တို့၏ နေရာထိုင်ခင်းတို့လည်း ပျောက်ကွယ်ကာ မျိုးတုံးမှုများ အထိ ဖြစ်လာနိုင်ပေသည်။
”နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည်”ဆိုသည့်အတိုင်း သစ်ပင်မှ ထွက်သော သစ်ဥ ၊သစ်ဖုတို့သည် အနာရောဂါများကို ကုသနိုင်သည်။တစ်ဖန်”သစ်တောနှင့်သစ်ပင် ချစ်ခင်တဲ့ လူမျိုး သစ်ပင်ကို နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး” ဟူသော အဆိုအတိုင်း သစ်တောများသည် နိုင်ငံ ဘဏ္ဍာတိုက်များပင်ဖြစ်သည်။အဖိုးတန်သစ်တောများ ပေါများလှရာ စနစ်တကျ ထုတ်ယူ ရောင်းချခြင်းဖြင့် နိုင်ငံတိုးတက်မှုအတွက် ဝင်ငွေရရှိနိုင်သည်။
တစ်ဖန် သစ်ပင်များက ဖုန့်မှုန့်များကို စုပ်ယူပေးသဖြင့် လေထုကို သန့်ရှင်းလတ် ဆတ်စေသည်။ အရိပ်အာဝါသများ ကောင်းမွန်စေပြီး နွေရာသီတွင် အေးမြမှုများကို ရရှိ နိုင်သည်။ သစ်ပင်များအစာချက်ခြင်းဖြစ်စဉ်၏ ဘေးထွက်ပစ္စည်းအဖြစ် ပေါ်ထွက်လာသော အောက်စီဂျင် သည် လူလေးဦးပါဝင်သော မိသားစုတစ်စု တစ်နှစ်အတွင်း ရှူသွင်းသော အောက်စီဂျင်ပမာဏနှင့် ညီပေသည်။ သစ်ပင်များဖြင့် ကမ္ဘာကြီးပူနွေးလာ မှုကို လျှော့ချနိုင်ခြင်း၊ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းတို့ဖြင့် ‌အကျိုး ကျေးဇူး များလှသည်။ ထို့ကြောင့်ပင် သစ်ပင်တို့ကို ကမ္ဘာ့အဆုတ်ဟု တင်စားခေါ်ဝေါ် ကြသည် မဟုတ်ပေလော။
အပင်များသည် မြေဆီလွှာကို ကုပ်တွယ်ထားသဖြင့် မြေဆီလွှာပျက်စီးမှုကိုလည်း ကာကွယ်ပေးသည်။အပင်ပေါများသော ဒေသများတွင် လေထုသည် သန့်စင်ပြီး အေးမြမှု ရှိနေသဖြင့် တိမ်တိုက်များထဲမှ ရေငွေ့များသည် လုံလောက်သော အအေးဓာတ်ကို ရရှိ သဖြင့် မိုးများလည်း ပုံမှန်ရွာသွန်းလေ့ရှိသည်။ တစ်နည်းအားဖြင့် ရာသီဥတု မျှတ သည်။ထို့ပြင် ပုံမှန်ရွာသွန်းစော မိုးရေများကြောင့် ကုန်းတွင်းပိုင်းရှိ မြစ်ချောင်း၊အင်းအိုင် များကို ရေချို ဖြည့်တင်းပေးသည်။၎င်းရေများကို အပင်နှင့် တိရစ္ဆာန်များက တစ်ဖန်ပြန် လည်အသုံးပြုကြသည်။
တစ်ဖက်တွင်လည်း နိုင်ငံတကာဈေးကွက်တွင် ကျွန်း၊ ပျဉ်းကတိုး၊ ဝက်သစ်ချ၊ တမ
လန်း သစ်အမျိုးများက ဈေးကောင်းသည်။ အပူပိုင်းအမြဲစိမ်းသစ်တောများ ပြုန်းတီးမှုသည် လေ့လာချက်များအရ အာရှတိုက် အထူးသဖြင့် အရှေ့တောင် အာရှတွင်အများဆုံး ဖြစ်သည်။ ၁၉၈၀ပြည့်နှစ်က မြန်မာနိုင်ငံ မြေနေရာအကျယ်အဝန်း၏ ၅၀ ရာခိုင်နှုန်းခန့်ကို သစ်တောများဖုံးအုပ်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်တွင်မူ ၄၇ ရာခိုင်နှုန်းခန့်ကိုသာ ဖုံးအုပ်နေတော့ သည်ဟု လေ့လာခန့်မှန်းချက်များအရ သိရသည်။ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘရာဇီး၊ အင်ဒိုနီးရှားတို့ပြီးလျှင် တတိယမြောက် သစ်တောပြုန်းတီးမှု အဆိုးရွားဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံရကြောင်း မှတ်တမ်းများအရ သိရှိရသည်။
သစ်တောများ ပြုန်းတီးရခြင်း အကြောင်းရင်းကိုကြည့်သော် စိုက်ပျိုးမြေများ ချဲ့ ထွင်ရန် ခုတ်ထွင်ရှင်းလင်းခြင်း၊ လူဦးရေ တိုးပွားလာမှုများအတွက် စိုက်ပျိုးမြေများ ဖော်ဆောင်ခြင်း၊ နေထိုင် သုံးစွဲရန် သစ်များ ထုတ်လုပ်ခြင်း၊ဆောက်လုပ်ရေး ပရိဘောဂနှင့် အလှဆင် သစ်စားများကို တိုး၍ သုံးစဲလာကြောင်း တွေ့ရသည်။
“သစ်ပင်ပန်းမာန်အစရှိတဲ့ ဇီဝမျိုးစိတ်တွေကို အဆောက်အအုံတစ်ခုရဲ့ အုတ်မြစ် တွေလို စဉ်းစားကြည့်လို့ရပါတယ်။အုပ်တစ်ချပ်၊ နှစ်ချပ် ဒါမှ မဟုတ် တစ်ဒါဇင်လောက် မရှိရုံနဲ့တော့ အဆောက်အအုံ ဘာမှ မဖြစ်သေးဘူး။၂၀ရာခိုင်နှုန်းလောက် ပျောက်ပြီဆိုရင် တော့ အဆောက်အအုံ တစ်ခုလုံး မတည်မငြိမ် ဖြစ်လာတော့မယ်။ ဒါဟာ သဘာဝ ပတ်ဝန်းကျင် စနစ်တစ်ခုရဲ့ အလုပ်လုပ်ပုံပါ”ဟူသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦး၏ အဆိုကား မှတ်သားဖွယ်ကောင်းလှသည်။
သဘာဝအပင်များ ခုတ်လှဲ၍ရသော ရေတိုအကျိုးအမြတ်ထက် ရေရှည် ဆုံးရှုံး နစ်နာမှုများဖြစ်သော ဇီဝမျိုးကွဲ ဆုံးရှုံးနစ်နာမှုများကို ထည့်သွင်းစဉ်းစားသင့်သည်။ ယခု အချိန်တွင် ရာသီဥတုပြောင်းလဲခြင်းဟူသည့် ဂေဟစနစ် ယိုယွင်းမှု၏ ပထမစိန်ခေါ်မှုအား ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့ ခံစားနေရသည် မဟုတ်ပါလော။
သဘာဝအပင်များနှင့် ပတ်သက်၍ ပြည်သူလူထုအား ပညာပေးခြင်း၊သဘာဝ ကြိုးဝိုင်းများ၊ ဘေးမဲ့တောများ အခြေခံသော သဘာဝအ‌ခြခံခရီးသွားလုပ်ငန်းများအား အားပေးမြှင့်တင်ခြင်း၊ရေတိုအကျိုးထက် ရေရှည် အကျိုးအပြစ်တို့ကို စဉ်းစားချင့်ချိန်ခြင်း ဖြင့် လှပသော သဘာဝတစ်ခု၊မယိုယွင်းသော ဂေဟစနစ်တစ်ခု ရှိမြဲ ရှိနေစေမည်ဟု ယုံကြည် မိပါတော့သည်။ ။
နွေဝါ

About The Author

greenness_mm

No Comments

Leave a Reply