အာဂလူသားရဲ့အံ့မခန်းကြိုးစားအားထုတ်မှု

အာဂလူသားရဲ့အံ့မခန်းကြိုးစားအားထုတ်မှု

ဆယ်နှစ်အတွင်း သစ်ပင်ပေါင်းတစ်သောင်းကျော် စိုက်ပျိုးခဲ့တဲ့ မျက်မမြင်အဘိုးနဲ့ လက်နှစ်ဖက်မရှိတဲ့အဘိုး
သင်ဟာ ပစိဖိတ်အနောက်မြောက်ဘက်ကို ရောက်တဲ့အခါ သစ်ပင်များစွာ စိမ်းစိုနေတာကို တွေ့ရမှာပါ။ သစ်ပင်တွေက စီတန်းနေပြီး တစ်မျှော်တစ်ခေါ် အုပ်ဆိုင်းနေပါတယ်။ အဲဒီနေရာကတော့ တရုတ်နိုင်ငံ၊ ဟူဘေး၊ Jingxing ဒေသ၊ Sunzhaung မြို့နယ်၊ Yeli ရွာရဲ့မြောက်ဘက်က သစ်တောအုပ်လေး ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၂ နှစ်ကတော့ အဲဒီနေရာမှာ ဘာသစ်ပင်မှမရှိဘဲ ကျောက်တုံးတွေ၊ ပေါင်းပင်တွေပဲ ရှိနေခဲ့ပါတယ်။
အဲဒီနေရာကို စိမ်းစိုတဲ့နေရာဖြစ်အောင် လုံးဝပြောင်းလဲလိုက်သူကတော့ Jia Haixia နဲ့ သူ့သူငယ်ချင်း Jia Wenqi တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခြောက်သွေ့နေတဲ့ နေရာလွတ်ကြီးကို သတိထားမိပြီး စိမ်းစိုတဲ့နေရာအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီဒေသမှာ သူတို့ရဲ့ နှလုံးနဲ့ ဝိဉာဉ်ကို ထည့်သွင်းထားခဲ့ကြပြီး ပြုပြင်ပြောင်းလဲ ခဲ့ကြပါတယ်။
သူတို့ရဲ့ရွာဘေး ပတ်ဝန်းကျင် စိမ်းစိုအောင်၊ ဂေဟစနစ်ကို ကာကွယ်နိုင်အောင် သစ်ပင်တွေ ထောင်နဲ့ချီပြီး စိုက်ပျိုးခဲ့ကြပါတယ်။ အံ့ဩစရာကောင်းတဲ့ တစ်ချက်ကတော့ သစ်ပင်ပေါင်းထောင်ချီ စိုက်ပျိုးခဲ့တဲ့ Haixia နဲ့ Wendi ဟာ မသန်စွမ်းတွေပါ။
အသက် ၅၃ နှစ်အရွယ် Haixia ဟာ မွေးရာပါ မျက်စိအတွင်းတိမ်ကြောင့် ဘယ်ဘက်မျက်လုံးက မမြင်ရပါဘူး။ အလုပ်မှာ မတော်တဆမှု ဖြစ်တဲ့အခါ ညာဘက်မျက်လုံးပါ မမြင်ရတော့ပါဘူး။ သူ့ရဲ့သူငယ်ချင်း အသက် ၅၃ နှစ်အရွယ် Wenqi ကလည်း အသက် ၃ နှစ်အရွယ်ကဖြစ်ခဲ့တဲ့ မတော်တဆမှု တစ်ခုကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။
Hiaxia ဟာ မျက်လုံးနှစ်ဖက်လုံး ကွယ်ပြီးနောက်မှာ သူတို့နှစ်ယောက်အတွက် အလုပ်က ရှာဖို့ခက်ခဲလာပါတယ်။ ရွေးချယ်စရာ မရှိတော့တာကြောင့် မြစ်ကမ်းဘေးက ၈ ဧကကျယ်ဝန်းတဲ့ မြေကို ငှားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြေကို ဒေသတွင်း အစိုးရထံကနေ ငှားရမ်းခဲ့ကြပါတယ်။
သူတို့ရဲ့ရည်ရွယ်ချက်က အနာဂတ်မျိုးဆက်တွေ အကူအညီရစေဖို့ အပင်တွေ စိုက်ပျိုးချင်တာပါ။ သူတို့နှစ်ယောက်ရဲ့ အလုပ်ကြိုးစားမှု၊ အပင်တွေ တည်ရှိမှုကြောင့် သူတို့ရွာလေးက ရေကြီးနစ်မြှုပ်မှုဘေးကနေ လွတ်သွားပါတယ်။ အစိုးရကပေးတဲ့ ရံပုံငွေအကူအညီကလည်း သူတို့နှစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။
နောက်ပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က အလုပ်လုပ်ချိန်ကို အချိန်ဇယား ဆွဲထားကြပါတယ်။ မနက် ၇ နာရီမှာ အိပ်ရာထပြီး အလုပ်စတင်ဖို့ မြစ်ဘေးကို ဦးတည်သွားကြပါတယ်။ အစိုးရဆီကနေ ရံပုံငွေရပေမယ့် ပင်ပျိုတွေဝယ်ဖို့ အထိတော့ ငွေမလုံလောက်ပါဘူး။ ပင်ပျိုမရှိတာကြောင့် ရှင်သန်ဆဲအပင်ဆီကနေ ဖြတ်တောက်ပြီး ပင်ပျိုပြန်စိုက်ပါတယ်။
မသန်စွမ်းတွေ ဖြစ်ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း အတူတူ ကြိုးစားခဲ့ကြပါတယ်။ Wengi က သူ့ကျောပေါ်မှာ Haixia ကို တင်ပြီး မြစ်ကို ဖြတ်ကူးပါတယ်။ Haixia က သစ်ပင်ပေါ်တက်ပြီး ကိုင်းမကို ဖြတ်ပါတယ်။ သစ်ပင်ပေါ်ကနေ ဆင်းလာပြီးရင် Haixia က မြေကြီးတူးပြီး ဖြတ်လာတဲ့ ကိုင်းကို စိုက်ပါတယ်။ Wenqi ကတော့ ပင်ပျိုလေးကို ပြုစုပြီး ရေလောင်းပေးပါတယ်။
၁၀ နှစ်ကျော်အတွင်းမှာ သူတို့သူငယ်ချင်း နှစ်ယောက်ဟာ အပင်ပေါင်း အနည်းဆုံး တစ်သောင်းကျော် စိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ရဲ့ အလုပ်ကြိုးစားမှု၊ စိတ်အားထက်သန်မှုကြောင့် လူအများရဲ့ အာရုံစိုက်မှုနဲ့ ထောက်ပံ့မှုတွေ ရခဲ့ပါတယ်။ လူအချို့က သူတို့နှစ်ယောက်ရဲ့ ဘဝအတွက် ငွေတွေလှူပေးကြပါတယ်။
ကံကောင်းတဲ့ Haixia က ကျန်းမာရေးအဖွဲ့တစ်ခုရဲ့ အကူအညီနဲ့ ဘယ်ဘက်မျက်လုံး ပြန်မြင်လာခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကတော့ ကမ္ဘာကြီးကျန်းမာစေဖို့ အလုပ်အတူတူ ကြိုးစားနေကြပါတယ်
အာဂလူသားတွေပါ။
Credit Zombie (Lovemedia)
Photo Credit

About The Author

greenness_mm

No Comments

Leave a Reply