အားအင်ချည့်နဲ့နေသည့်ကမ်းခြေစောင့်ဒီရေတောခံတပ်များ

အားအင်ချည့်နဲ့နေသည့်ကမ်းခြေစောင့်ဒီရေတောခံတပ်များ

(၁)

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒီရေတောပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သော သတင်းနှစ်ပုဒ်ကို 7Day Daily တွင်ဖတ်လိုက်ရသည်။နော်ဝေအခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Worldview International Foundation မှ ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံ၊ ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တို့တွင် ဒီရေတောပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်မည့်သတင်းနှင့်ဒိန်းမတ်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ဝမ်းပိုက်ကြိုးဝိုင်းနှင့် မြေပုံမြို့နယ်အတွင်း လစ်လပ်နေသည့် ဒီရေတောပျက်များကို ရွေးချယ်ကာ ဒီရေတောဧက ၅၀၀ ကျော် စိုက်ပျိုးမည့်သတင်း ဖြစ်သည်။ ထိုသတင်းနှစ်ပုဒ်ကို ဖတ်မိပြီး ရွှေလက်၏ အတွေးများသည် ဒီရေတောများထံသို့ ရောက်သွားလေတော့သည်။
ရွှေလက်က ဧရာဝတီမြစ်ဝကျွန်းပေါ်သားဖြစ်သည်။ ထို့ကြောင့် ဒီရေတောများနှင့် မစိမ်းခဲ့ပါ။ ဒီရေ တောများနှင့် အမြဲထိတွေ့နေရသောကြောင့် သူတို့၏ အရေးပါပုံကို ကောင်းကောင်းသိသည်။ စာတွေ့မဟုတ် လက်တွေ့ သိခဲ့ခြင်းဖြစ်သည်။ ဒီရေတောများက ကျေးလက်အိမ်များဆောက်လုပ်နိုင်သည့် သစ်များ၊ ထင်းများ၊ မီးသွေးများပေးသည်။ ငါး၊ ပုစွန်၊ဂဏန်းစသည့် ရေသယံဇာတများ ပေးသည်။ လေနှင့် လှိုင်းဒဏ်မှ ကာကွယ် ပေးသည်။ အဲသည်လောက်တော့ ရွှေလက် သိခဲ့သည်။ ဒီရေတောများ ပြုန်းတီးပျောက်ကွယ်နေကြောင်း၊ ပြန်လည်စိုက်ပျိုးရန် လိုကြောင်း မသိခဲ့ပေ။ သဘာဝအတိုင်း ပေါက်ရောက်နေသည့် တောများဖြစ်သောကြောင့် လုံးဝ ပြုန်းတီးပျောက်ကွယ်သွားနိုင်သည်ဟု မထင်ခဲ့။ ယခုတော့…။

(၂)

၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် ရွှေလက်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်သားများ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ကြရသည်။ နာဂစ်ကြောင့် လူပေါင်းများစွာ၊ အိုးအိမ်အဆောက်အအုံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ ရသည်။ ဘဝပေါင်းများစွာ အနာဂတ်ပျောက်ခဲ့ရသည်။ ရွှေလက်လည်း မိဘနှစ်ပါးမရှိတော့သည့်နောက်ပိုင်း အားကိုးတကြီးတွယ်တာခဲ့ရသော အစ်ကိုကြီးကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် နာဂစ်ကို ရွှေလက် စိတ်နာခဲ့ သည်။ နာဂစ် ဘာကြောင့် ဖြစ်တာလဲ၊ လူပေါင်းများစွာ ဘာကြောင့် သေရတာလဲ သိချင်ခဲ့သည်။ ပုံမှန်အတိုင်း မုန်တိုင်းတိုက်လျင် သစ်ကိုင်းများကျိုးကျမည်။ သစ်ပင်များ ပြိုလဲမည်။ လမ်းမီးတိုင်များ လဲမည်။ အိမ်များ အမိုးလှန်မည်။ ကြံ့ခိုင်မှုနည်းသည့်အိမ်များ ပြိုကျမည်။ ကံမကောင်းလွန်းမှသာ လူအသေအပျောက်ရှိမည်။ နာဂစ်မုန်တိုင်းက ထိုသို့မဟုတ်။ လေပြင်းထန်၊ မိုးသည်းထန်နေချိန်မှာ ဒီရေလှိုင်းလုံးကြီးများနှင့် အရာရာကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
နာဂစ်အလွန်ကာလများတွင် ရွှေလက် ရန်ကုန်တွင် ခြေချခဲ့သည်။ နာဂစ်အကြောင်း လေ့လာခဲ့သည်။ ပတ်ဝန်းကျင်သိပ္ပံသင်တန်းအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသင်တန်းများ တက်ခဲ့သည်။ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်လျှင် စာအုပ်စာပေ၊ ရုပ်ရှင် ဗီဒီယို၊ အင်တာနက်၊ ဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ စသဖြင့် နေရာပေါင်းစုံမှ လေ့လာသင်ယူခဲ့သည်။ ထိုကာလများမှာပင် နာဂစ်မုန်တိုင်း ရွှေလက်တို့ မြစ်ဝကျွန်းပေါ် ဒေသကို စိတ်တိုင်းကျ ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ဒီရေတောများ ပြုန်းတီးခြင်းတို့ကြောင့် ဖြစ်သည်ဟူသော အခြေခံအကြောင်းတရားများကို သိခဲ့ရသည်။ အဲသည်မှာ ဒီရေတောများ၏ အရေးပါပုံကို ရွှေလက် ထဲထဲဝင်ဝင် သိခဲ့ရသည်။ ဒီရေတောများကို ထိန်းသိမ်းကာကွယ်ရန်လိုနေကြောင်းကိုလည်း တိတိကျကျ သိခဲ့ရသည်။

(၃)

ဒီရေတောများသည် မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ကမ်းပြိုတိုက်စားမှုမှကာကွယ်ပေးခြင်း၊ ပင်လယ်ရေ သတ္တဝါအများစု၏ သားပေါက်ကြီးထွားရှင်သန်ရာနေရာဖြစ်သည်။ပင်လယ်ကမ်းဝေး အပင်သတ္တဝါအများစုအတွက် မရှိမဖြစ်လိုအပ်သော ဆားနှင့်အာဟာရများကို ထုတ်ပေးသည်။ ပင်လယ်ပြင်မှ ကမ်းခြေသို့ ရောက်ရှိ လာမည့် မုန်တိုင်းဒီရေပြင်းအားကို သိသိသာသာလျော့ကျစေသည်။ အပင်သိပ်သည်းဆကောင်းသည့် ဒီရေတောမီတာ၁ဝဝအကျယ်၊အမြင့်ပေ ၃၀၀ သည် မုန်တိုင်းဒီရေအမြင့်ထက်ဝက်နှင့် ပြင်းအား ၉၀ ရာခိုင်နှုန်းကို လျော့ကျစေသည်။ နာဂစ်မုန်တိုင်းဖြစ်စဉ်က ဒီရေတောမရှိသည့် ကျေးရွာများတွင် လူများ ရွာလုံးကျွတ် သေဆုံးနေရချိန်တွင် ဒီရေတောရှိသော ကျေးရွာများတွင် လူဦးရေ ဆယ်ဂဏန်းပြည့်အောင်ပင် ထိခိုက်မှုမရှိ ကြောင်းသစ်တောပညာရှင် ဦးအုန်းက ပြောပြဖူးသည်။ ထို့အပြင် ၂၀၀၅ခုနှစ် သီရိလင်္ကာနိုင်ငံ ဆူနာမီဖြစ်စဉ် တွင် ဒီရေတောရှိသည့်ရွာများတွင် လူနှစ်ယောက်သာသေဆုံးခဲ့သည်။ဒီရေတောမရှိသည့်ရွာများတွင် လူ ၆၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာသာဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏သုတေသန လေ့လာချက်အရသိရသည်။
ဒီရေတောများသည် သာမန်တောများထက် ကာဗွန်ဒိုင်အောက်ဆိုဒ် နှစ်ဆ စုပ်ယူနိုင်သည်။ ဒီရေတော တစ်ဟက်တာသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၂၅ ဒသမ ၃ မက်ထရစ်တန် စုပ်ယူနိုင်သည်။ထို့ကြောင့် ဒီရေတောများသည် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရာတွင် အလွန်အရေးပါပါသည်။ဒီရေတောများ သည် ကမ်းခြေစောင့်ခံတပ်များကဲ့သို့ ကမ်းခြေကို ကာကွယ်ထားသဖြင့် ရေငန်ဝင်ရောက်မှုကို လျော့ကျစေ သည်။ ရေထုညစ်ညမ်းမှုကိုလည်း သန့်စင်ပေးသည်။ ဒီရေတောဂေဟစနစ်သည်ကမ္ဘာပေါ်တွင် ဇီဝထုတ်လုပ်မှုအမြင့်ဆုံးဖြစ်သည်။ ဒီရေတောမှ သစ်၊ ထင်း၊ မီးသွေးထုတ်နိုင်သည့်အပြင် ပင်စည်အခေါက်မှ သဘာဝ ဆိုးဆေး ထုတ်လုပ်နိုင်သည်။ ပျားမွေးမြူရေး ပြုလုပ်နိုင်သည်။ ထိုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများတွင် အောင်မြင်အောင် ဆောင်ရွက်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဒီရေတောများမှာ မျိုးသုဉ်းပျောက်ကွယ် မသွားအောင် ဦးစားပေးဆောင်ရွက်ရမည့် အနေအထားဖြစ်သည်။

(၄)

သစ်တောပညာရှင်အများစုကတော့ ထင်း၊ မီးသွေး အလွန်အကျွံထုတ်လုပ်သဖြင့် ဒီရေတောများ ပြုန်းတီးကုန်သည်ဟု ဆိုကြသည်။ ထိုသုံးသပ်ချက်မှာ မှန်သော်လည်း အပြည့်အဝတော့ မဟုတ်ပေ။ ထိုစဉ်မှာပဲ ရွှေလက် ပတ်ဝန်းကျင်သိပ္ပံသင်တန်းတက်စဉ်က သစ်တောပညာရှင်တစ်ဦးပြောခဲ့သည့်စကားသံများကို ပြန်လည် ကြားယောင်လာခဲ့သည်။ “နိုင်ငံတော်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဝမ်းစာဖူလုံရမယ်ဆိုတဲ့ မူဝါဒနဲ့ ဧရာဝတီ၊ ရခိုင် ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်မှာရှိတဲ့ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်မြေတွေဖော်ထုတ်ခဲ့တဲ့ စနစ်တစ်ခုရဲ့အမှားကြောင့် မြန်မာပြည်မှာ ဒီရေတောပြုန်းတီးမှု အများအပြား ဖြစ်ပေါ်ခဲ့တယ်။ နိုင်ငံတော်က ဝမ်းစာဖူလုံရေး အတွက် မူဝါဒချက်ချလုပ်ခဲ့တဲ့ စပါး(၁)၊ စပါး(၂)စီမံကိန်းကြောင့် ဒီရေတောတွေ ရှင်းပစ်ခဲ့တယ်။ နယ်မြေအေးချမ်းသာယာလုံခြုံရေး၊ သောင်းကျန်းသူတွေမခိုအောင်းနိုင်ရေး အတွက် စစ်ဆင်ရေးအမျိုးမျိုးနဲ့ ဒီရေတောတွေ ရှင်းပစ်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ငါးကန်၊ ပုစွန်ကန်တွေတူးဖော်ဖို့၊ ထင်း၊ မီးသွေးလုပ်ငန်းတွေလုပ်ဖို့ ဒီရေတောတွေ ရှင်းပစ်ခဲ့တယ်” ဟူ၍။
ထို့အပြင် စိုက်ပျိုးမြေတိုးချဲ့ခြင်း၊လူနေအိမ်များတိုးချဲ့ခြင်း၊ ဆားထုတ်လုပ်ခြင်းများကြောင့်လည်း ဒီရေတောများ ပြုန်းတီးခဲ့ရသည်။ပညာရှင်အချို့က ဧရာဝတီတိုင်းဒေသကြီးတွင် ဒီရေတောဧက ၇ သိန်း ရှိခဲ့ရာမှာယခုအခါ ဧက ၇ သောင်းခန့်သာ ရှိတော့ကြောင်း ပြောခဲ့ဖူးသည်။ သစ်တောပညာရှင် ဦးသန်းထွန်းကလည်း မြန်မာနိုင်ငံတွင် ၁၉၄၂ ခုနှစ်က ဒီရေတော ဧကပေါင်း ခြောက်သိန်းကျော်ရှိပြီး ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ်တွင် ၉၂ ဒသမ ၅ရာခိုင်နှုန်းဖြစ်လာကြောင်း၊ ၇ ဒသမ ၅ ရာခိုင်နှုန်းက လယ်မြေများ၊ ဆားကွင်းများ ကျူးကျော်လာခြင်း ဖြစ်ကြောင်း၊ ၁၉၈၄ ခုနှစ်တွင် ၇၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ ၁၉၉၅ ခုနှစ်အရောက်မှာတော့ ဒီရေတော ၁၂ ရာခိုင်နှုန်းသာရှိတော့ကြောင်း ပြောခဲ့ဖူးပါ သည်။ လက်ရှိအခြေအနေတွင် ဒီရေတောဧကမည်မျှရှိနေသည်ကို ရွှေလက်မသိပေ။ သို့သော် FAO ၏ ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဒီရေတောဧရိယာ ၅၀၂၉ စတုရန်းကီလိုမီတာရှိပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

(၅)

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် ဒီရေတောများ တစ်နှစ်ထက်တစ်နှစ် ပိုမိုပြုန်းတီးနေသည်။ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နေကြရသည်။ ထို့အတွက် နိုင်ငံတော်အစိုးရအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများက နိုင်ငံတကာအကူအညီများရယူကာ ဒီရေတောများကို ပြန်လည်ထူထောင်နေကြသည်။ ဒီရေတောသယံဇာတသည် ကုန်းတွင်းပိုင်းသယံဇာတ ဂေဟဗေဒစနစ်မဟုတ် သဖြင့် ပြန်လည်ထူထောင်သည့်နေရာတွင်ပင်ပန်းခက်ခဲလှသည်။ သို့သော်လည်း ဒီရေတောများသည် ဂေဟဗေဒစနစ်ကြီး ပုံမှန်လည်ပတ်ရန်အတွက် အရေးတကြီးလိုအပ်သည်။ ကမ်းရိုးတန်းဒေသများ၏ လုံခြုံရေးအတွက်လည်း မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် အခက်အခဲများကြားမှပင် ဒီရေတောများကို မဖြစ်မနေ ပြုစုပျိုးထောင် ထိန်းသိမ်းရမည်ဖြစ်သည်။
သည်နေရာတွင် ဒေါ်လာရရုံ ဟန်ပြလုပ်ဆောင်မှုများ၊ အမိန့်အရ တာဝန်ကျေရုံလုပ်ဆောင်မှုများကြောင့် ဒီရေတောများ စိုက်သလောက်အောင်မြင်မှုမရှိခဲ့သည်ကို သိချပ်ရမည်။ အစိုးရအဆက်ဆက် နိုင်ငံတော်စီမံကိန်းအများစုကလည်း ဆိုင်းဘုတ်လောက်သာစိုက်နိုင်ခဲ့သည်ကိုလည်း သတိထားပြင်ဆင်ရမည်။ မည်သည့်အဖွဲ့အစည်းက လုပ်သည့်စီမံကိန်းဖြစ်ဖြစ် စီမံကိန်းကာလပြည့်လျှင် ကိုယ်နှင့်မဆိုင်သလို ပစ်ထားခဲ့ သည်များကိုလည်း ဆင်ခြင်ရမည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်း၊ဂေဟဗေဒစနစ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလုပ်ဆောင်ကြရာတွင်ဒေသနှင့်အဆင်ပြေမည့်နည်းလမ်းများဖြင့်လုပ်ဆောင်ပြီး ဒေသခံများ၏စားဝတ်နေရေးကို တတ်နိုင်သလောက် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ပေးရမည်။ သို့မှသာ အားအင်ချည့်နဲ့နေသည့် ကမ်းခြေစောင့်ဒီရေတောခံတပ်များကို အင်အားပြန်လည်ဖြည့် တင်းနိုင်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များကိုလည်း ကာကွယ်တွန်းလှန်နိုင်မည်ဖြစ်သည်။ ။

ရွှေလက်
7Day Daily (5.9.2017)

Photo crd

 

About The Author

greenness_mm

No Comments

Leave a Reply