အီဂျစ်မှာ ရေကြီးလို့ ကင်းမြီးကောက်တွေအုပ်လိုက်ကြီးထွက်လာ ၊ လူ ၅၀၀ကျော်ဆေးရုံပို့လိုက်ရ

အီဂျစ်မှာ ရေကြီးလို့ ကင်းမြီးကောက်တွေအုပ်လိုက်ကြီးထွက်လာ ၊ လူ ၅၀၀ကျော်ဆေးရုံပို့လိုက်ရ

အီဂျစ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ရေကြီး ရေလွှမ်းမိုး မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် အိမ်ကြိုအိမ်ကြားမှာခိုအောင်းနေကြတဲ့ ကင်းမြီးကောက်တွေ အုပ်စုလိုက်တွေ ထွက်လာကြပြီး အိမ်တွေပေါ်ကို တက်လာကာ လူတွေကို တိုက်ခိုက်လို့ လူ၅၀၀ကျော် ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။

ကင်းမြီးကောက်အထိုးခံရလို့ လူပေါင်း ၅၀၃ ဦးဆေးရုံကိုရောက်ရှိခဲ့တယ်လို့ ဒေသခံ ဆေးရုံအုပ်က ဆိုပါတယ်။ ဆေးရုံရောက်လာသူ အများစုက အဆိပ်တက်တဲ့ လက္ခဏါတွေဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်း ၊ အဖျားတက်ခြင်း၊ ချွေးထွက်လွန်ခြင်း ၊ အော့အန်ခြင်း ၊ ဝမ်းသွားခြင်း ၊ အပိန့်တွေပေါ်လာခြင်း နဲ့ ခေါင်းမထူနိုင်အောင်မူးခြင်းဝေဒနာတွေကို ခံစားခဲ့ကြရပါတယ်။ ကံကောင်းတဲ့အချက်တစ်ခုကတော့ အားလုံး အဆိပ်ပြေဆေးရတဲ့အတွက် သေဆုံးခြင်း မရှိဘဲ တစ်ရက်အတွင်းမှာပဲ ဆေးရုံက ဆင်းခွင့်ရခဲ့ကြပါတယ်။ အက်ဝမ်ပြည်နယ်မြေနိမ့်ပိုင်းမှာ ဖြစ်ခဲ့တာပါ။

မိုးလည်းကြီး ၊ ရေတွေလည်းတက်ခဲ့ပါတယ်။ အာဏါပိုင်တွေက ဒေသခံတွေကို အိမ်တွင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဖို့နဲ့ သစ်ပင်ကြီးတွေနဲ့ ချောင်ကြိုချောင်ကြားတွေ ဆီကို မသွားကြဖို့ ညွှန်ကြားထားပါတယ်။ အီဂျစ်နိုင်ငံမှာ ရှိတဲ့ကင်းမြီးကောက်တွေက အမြီးပြား မျိုးတွေ ဖြစ်ပြီး အဆိပ်ပြင်းတဲ့အကောင်တွေဖြစ်ပါတယ်။ ကင်းထိုးခံရပြီး ၁ နာရီအတွင်း မှာ ရောဂါလက္ခဏါတွေကို ပြပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းမှာလို ရေရှားတဲ့ အရပ်ဒေသတွေမှာ နေထိုင်တဲ့ အကောင်တွေလည်း ဖြစ်ပါတယ်။ အက်စဝမ်ပြည်နယ်က နိုင်းဖြစ်ဝှမ်းမှာရှိပြီး ရာသီဥတုအစွန်းရောက်တဲ့ ဒေသဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုထားပါတယ်။ မိုးမရွာရင် လနဲ့ချီပြီး မိုးခေါင်နေတတ်ပြီး ရွာပြီ ဆိုရင် သဲကြီးမဲကြီး ရွာပြီး ရေလွှမ်းမိုးတဲ့အထိရွာတတ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မိုးကြီးခဲ့စဉ်က လျှပ်စစ်မီးပြတ်တောက်မှု ၊ အိမ်ပြိုမှု နဲ့ လယ်ယာတွေအားလုံးနီးပါး ပျက်စီးမှု ဖြစ်ကာ လူ ၃ဦးသေဆုံးခဲ့ပါတယ်လို့ ဒေသခံအာဏါပိုင်တွေ က ဆိုပါတယ်။

 

မောင်ယဿ (နိုဝင်ဘာ ၁၆ )

REF: euronews

Photo ; ahram online

About The Author

greenness_mm

No Comments

Leave a Reply