ဦးအုန်း (သို့မဟုတ်) အစိမ်းရောင်မုခ်ဦးပိုင်ရှင်

ဦးအုန်း (သို့မဟုတ်) အစိမ်းရောင်မုခ်ဦးပိုင်ရှင်

သမိုင်းတန်ဖိုး
စာရေးသူက ပုဂံ-ညောင်ဦး၊ ပုပ္ပားကို မကြာခဏဆိုသလို ရောက်ဖြစ်သည်။ တစ်ခါတလေ တစ်နှစ် နှစ်ခေါက်သုံးခေါက်။ ထိုသို့ရောက်ဖြစ်ခြင်းမှာ တခြားမဟုတ်၊ စာရေးချင်လို့ ဖြစ်သည်။ သို့သော် လူရှုပ်သည့် အခါကြီးရက်ကြီးမှာ မသွား။ မျက်စိရှုပ် နားရှုပ်တာမကြိုက်။ ပုဂံ- ညောင်ဦး ဘုရားတွေဖူးတိုင်း နောက်ကပါလာသည့် တပည့်တွေ(ဝါသနာပါလောက်သူ)ကို ဘုရားသမိုင်းနောက်ခံတွေ ပြောပြရသည်။ ခရီးသွားခြင်း၏ အနှစ်သာရ စသည်များ။ ပုပ္ပားရောက်လျှင်လည်း ပုပ္ပားတောင်သမိုင်းနှင့် တောင်ကတုံးဖြစ်တော့မည့်ဆဲဆဲ သစ်ပင်တွေ စိုက် ပျိုးသွားသည့် ဆရာအုန်းအကြောင်းပါ ပြောဖြစ်သည်။ သို့မှသာ သူတို့လေးတွေ ဦးအုန်းကျေးဇူးကို သိရှိပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမွေဆက်ခံလိုစိတ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ တာဝန်သိမှ တာဝန်ရှိမည်။ တန်ဖိုးသိမှ တန်းဖိုးရှိမည် မဟုတ်ပါလား။

ဦးအုန်း ဘ၀အစ
စစ်ကိုင်းမြို့နယ် မကျည်းစင် တင်းတိမ်ရွာကလေးတွင် ဦးအုန်းကို မွေးဖွားခဲ့ပါသည်။ ၁၉၂၇ ခုနှစ် ဩဂုတ် ၇ ရက်၊ ဝါခေါင်လဆန်း ၁၀ရက်နေ့ ဖွားသည်။ ငယ်မည်မှာ မောင်အုန်းသီး ဖြစ်သည်။ မိဘများမှာ လယ်ဧက ၅၀၀ ပိုင်ဆိုင်သူများ ဖြစ်သည်။ ကျောင်းနေသောအခါ အတန်းထဲမှာ ပထမ၊ ဒုတိယ အမြဲရသည်။ အင်္ဂလိပ်စာ မတတ်သေး၍ လေးတန်းမှာ သုံးနှစ်နေခဲ့သည်(စာကြေအောင်လို့)။ ရွာသူကြီးဖြစ်သည့်ဖခင်က ဂျပန် ပါးရိုက်မခံရလေအောင် သူ့သား မောင်အုန်းကို ဂျပန်စာ သင်စေသည်။ မောင်အုန်းသည် ဦးစိန်ဘွား(ဖဆပလ သံအမတ်) ဦးဆောင်သော လူငယ်အသင်းသို့ ဝင်ရောက်ခဲ့သည်။ ဇီးချောင်း- ညောင်ကုန်း တစ်ဝိုက်တွင် တိုက်ပွဲများဖြစ်နေစဉ် ဗမာ့တပ်မတော် ( BIA) တပ်သို့ မောင်အုန်းက အရေးကြီးသော သတင်းများ ပေးနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဂျပန်ကင်ပေတိုင်က မောင်အုန်းအား သတင်းပေးအဖြစ် သံသယရှိသွားပြီး အူးရူးရှီးဟာရာစိုးကျော်က သတ်မည်လုပ်ရာ မောင်အုန်းတစ်ယောက် ဂျပန်စကားဖြင့် နားလည်အောင် ရှင်းပြနိုင်သဖြင့် ဂျပန် တပ်ကြပ်က လွှတ်ပေးလိုက်သည်။ စစ်ကြီးပြီးသွားသောအခါ မိဘများက အသီးအနှံများ ရောင်းချပြီး မောင်အုန်းအား ကျောင်းဆက်ထားသည်။ ၇ တန်းတက်ရသည်။ ရှစ်တန်းတွင် တက်ရောက်သင်ယူနေစဉ် ဆရာများ၏ တိုက်တွန်းချက်အရ ဆယ်တန်းကို တိုက်ရိုက် ဖြေဆိုရာ အောင်မြင်ခဲ့ပါသည်။

အင်္ဂလန်နိုင်င်ငံ ဝေးလ်တက္ကသိုလ်
မိဘများ ဆင်းရဲသွားသဖြင့် ပိုက်ကျုံးမှာ အဒေါ်ဖြစ်သူ ဒေါ်မှူးက ကျောင်းဆက်ထားပေးသည်။ ရေနံသုတ်၊ ထုံးသုတ်၊ သစ်ပင်ရေလောင်း၊ အကြွေးတောင်း၊ အိမ်အလုပ် အောက်ခြေသိမ်းလုပ်ရသည်။ ပထမနှစ်ကို အောင်မြင်သည်။ ၁၉၅၁ ခုနှစ် ဘွဲ့ရပြီးနောက် လေယာဉ်ပိုင်းလော့ လုပ်ရန် လျှောက်ရာ မျက်စိအားနည်းသဖြင့် မအောင်မြင်။ ဓာတုဗေဒမှာ ၈၂ မှတ်ရသည်။ တစ်နိုင်ငံလုံး အမှတ်အများဆုံး။ ပါမောက္ခချုပ် ဦးဘိုလေးနှင့် ဒေါက်တာထင်အောင်တို့က Ph-D ဘွဲ့သွားယူရန် တိုက်တွန်းသည်။ ရခိုင်ပြည်နယ်မှ မစိန်သာသည် ၁၉၅၂ ခုနှစ်တွင် (Physical chemistry) ဘာသာရပ်တွင် ၈၄ မှတ်ဖြင့် အောင်မြင်သဖြင့် အင်္ဂလန်သွားရန် ရွေးချယ်ခံလိုက်ရသောအခါ မောင်အုန်း စိတ်ထိခိုက်သွား‌တော့သည်။ သို့သော် သစ်တောပညာရပ် သင်ရန် မောင်အုန်း အင်္ဂလန်နိုင်ငံ ဝေးလ်တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။

ဒုတိယဆု
မောင်အုန်းသည် ကျောင်းသား ၁၇ ယောက်ထဲတွင် အာရှတိုက်သားမှာ သူတစ်ယောက်တည်းပါဝင်သည်။ Nationalist Association ဖြင့် အင်္ဂလိပ် မုန်းတီးကြောင်း မိန့်ခွန်းတက်ပြောသဖြင့် အင်္ဂလန်နိုင်ငံ မြန်မာသံအမတ်ကြီးက နောက်နောင် ပြောလျှင် မြန်မာပြည် ပြန်ပို့မည်ဟု သတိပေးလိုက်သည်။ လေးနှစ်ကြာ ကြိုးစားခဲ့ပြီး ထူးချွန်စွာအောင်မြင်ပေမယ့် မြန်မာလူမျိုးဖြစ်နေ၍ ဒုတိယအဆင့်ဖြင့်သာအောင်မြင်ခဲ့သည်။
တက္ကသိုလ်ဆရာ
မောင်အုန်း မြန်မာပြည်သို့ ပြန်ရောက်သောအခါ သစ်တောဝန်ကြီးဌာနမှ အထက်ချင်းတွင်းဘက်ရှိ သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရန် ပို့လိုက်သည်။ ကွန်မြူနစ်- အလံနီကြား သက်စွန့်စံဖျား ရှိလှပြီး သူပုန်များနှင့် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်သည်။ စစ်တပ်နှင့်လည်း အချင်းချင်းမှားယွင်းအပစ်ခံရသည်။ အသက်ဘေးမှ လက်မတင် လွတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ရန်ကုန်တက္ကသိုလ် သစ်တောဌာနတွင် ဆရာအဖြစ်ပြန်လည် ခေါ်ယူသည်။ ယင်းဌာနမှာ ၉ နှစ်ကြာသည်။

ပုပ္ပားသို့
၁၉၈၁ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် (UNDP)မှ သစ်တောများ ပြုပြင် ထိန်းသိမ်းစေသည်။ (NCNP) မှ အထောက်အပံ့များပေးခဲ့သည်။ ယင်းစီမံကိန်းအတွက် အတွေ့အကြုံများသည့် သစ်တောဌာနမှ ဦးအုန်း၊ ဦးစောဟန်၊ ဦးမောင်မောင်သန်း၊ ဦးစောထွန်းနိုင်၊ ဦးအောင်သန်း၊ ဦးဦးဂါ၊ ဦးခင်မောင်စော တို့ကို တာဝန်ပေးခဲ့သည်။ ယင်းတွင် ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေူအတွက် ဦးအုန်းက သူသွားမည်ဟု တာဝန်ယူလိုက်သည်။ ပုပ္ပားသို့ရောက်လျှင် တောင်ကတုံးနီးပါး ဖြစ်ပျက်နေပုံကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်ခဲ့သည်။
ထို့နောက် ရွာသားများနှင့်တွေ့ဆုံပြီး ထင်းခုတ်မှ ထမင်းစားရသည့် အိမ်ထောင်စုများကို စာရင်းကောက်ယူကာ ထင်းမခုတ်စေဘဲ သစ်တောဌာနတွင် တောခေါင်း၊ တောကြပ် လုပ်စေသည်။ ယူနီဖောင်းဝတ်စေသည်။ ဆန်ပေးသည်။ စသည့်မက်လုံးများပေးပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းသည် ဝန်ထမ်း ၄၈ ယောက်အား
၁။ တောမီးမလောင်စေရန်
၂။ ထင်းမခုတ်ရန်
၃။ တောမီးတစ်ခါလောင်လျှင် ဆန် ၁၂ ပြည်ထဲက ၆ ပြည်၊ နှစ်ခါလောင်လျှင် ၁၂ ပြည် ဖြတ်မည်ဖြစ်ပြီး သုံးခါလောင်လျှင် အလုပ်ပြုတ်မည်ကို သဘောတူကြောင်း လက်မှတ် ထိုးစေသည်။ ကင်းစောင့်များလည်း ချထားသည်။

အောင်မြင်မှုရလာခြင်း
ပုပ္ပားတောင်သည် ရေဝေရေလဲနယ်ဖြစ်၍ ရေမထိန်းနိုင်သော ယူကလစ်ပင်များအား ဖယ်ရှားကာ ကုက္ကိုလ်၊ ရှား၊ ထနောင်း၊ မယ်ဇလီတို့ဖြင့် အစားထိုး စိုက်ပျိုးခဲ့ပါသည်။ ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် စခန်း ၂၅ ခုထားရှိပြီး နေ့စဉ်သွားရောက်စစ်ဆေးပါသည်။ ထို့နောက် သစ်တော ပြုန်းတီးမှု တဖြည်းဖြည်း နည်းပါးလာလျက် ဦးအုန်းရောက်ပြီး သုံးလေးနှစ်အတွင်း ပြန်လည်စိမ်းလန်းစိုပြည်လာသည်။ ရေခန်းသွားသော ချောင်းများ ရေပြန်လည်ထွက်လာသည်။ စိတ်အားထက်ထက်သန်သန် စေတနာပါပါဖြင့် လုပ်ကိုင်သဖြင့် အောင်မြင်လာခဲ့ရာ များစွာပီတိဖြစ်ရပြီး သည်အလုပ်ကိုပဲ ဇောက်ချ လုပ်ကိုင်ခဲ့သည်။ နိုင်ငံတော်မှ ဦးအုန်းအား ၁၉၈၆ ခုနှစ်တွင် စီမံကိန်းညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် လုပ်သက်ပြည့်ပင်စင် ပေးသည်။ သို့သော် သစ်တောဌာနမှာပင် ဦးအုန်းက အကြံပေးအဖြစ် ဆက်လက်လုပ်ကိုင်သည်။

ဒီရေတောများ ကယ်တင်ခြင်း
သစ်တောဌာနတွင် အကြံပေးလုပ်ကိုင်နေစဉ် UNDP မှ ပြုလုပ်သည့် ပရောဂျက်တစ်ခု၌ ဂျပန်လူမျိုးတစ်ယောက်နှင့်တွဲဖက်လုပ်ကိုင်ရသည်။ ယင်းဂျပန်သည် ဒီရေတော ကျွမ်းကျင်သူ ပညာရှင်ဖြစ် ပြီး သူနှင့်တွဲ၍ ဧရာ၀တီတိုင်းရှိ ဒီရေတောများ ထိန်းသိမ်းရေး လုပ်ကိုင်ပြီး လုပ်ငန်း ပိုမို ကျွမ်းကျင်လာသည်။ ၁၉၉၃ ခုနှစ် သစ်တောအကြံပေးမှ အနားယူပြီးနောက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းရန် အများက တိုက်တွန်းသဖြင့် NGO အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုသို့ဖြင့် သစ်တောသယံဇာ၊ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း(FREDA) ထွက်ပေါ်လာခဲ့သည်။
ဦးအုန်းသည် ထိုအဖွဲ့တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ဧရာ၀တီတိုင်းရှိ ပျက်စီးနေသော ဒီရေတောများ ပြန်လည်စိုက်ပျိုးရန်ကြိုးစားခဲ့သည်။ အစပိုင်းတွင် ဒီရေတော အပင်အမျိုးအစား သုံးမျိုး၊ နောက်ပိုင်း ၁၆ မျိုးစိုက်ပျိုးနိုင်ခဲ့သည်။

စာရေးဆရာဦးအုန်း
ဦးအုန်းသည် သဘာ၀တောများတွင် အလိုအပ်ဆုံးဖြစ်သော သစ်ပင်များ၊ ဆေးဖက်ဝင်အပင်များ၊ ရေနေသတ္တဝါများ၊ ငှက်များ အခြေခံတည်ဆောက်ထားသောဂေဟဗေဒစနစ် ပြန်လည်ဖန်တီးပုံဖော်မည် ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ဦးအုန်းပြုစုခဲ့သော -သဘာ၀သစ်တောများနှင့် ရင်ဘောင်တန်းထားသော သစ်တောစိုက်ခင်းများ- စာအုပ်ကို သုတ(သိပ္ပံ) ပထမဆု စာအုပ်အဖြစ် စာပေဗိမာန်က ချီးမြှင့်ခဲ့သည်။ ယင်းသို့ ကြိုးပမ်းမှုများကြောင့် ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ကမ္ဘာမြေကို ချစ်မြတ်နိုးသူ ၁၀၀ ရွေးချယ်ရာတွင် ဦးအုန်းမှာ တစ်ဦးပါဝင်ခဲ့သည်။
(၁) ၂၀၀၅-၂၀၀၉ တွင် Hunderd Earth Lover ဆု(မြန်မာနိုင်ငံအတွက်)
(၂)၂၀၀၇ ခုနှစ် ဂျပန်နိုင် မီနာမာတာ မြို့တော်ဝန်မှ ချီးမြှင့်သော သဘာ၀ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် Minamata Environmental Award ကိုရရှိခဲ့သည်။ ဦးအုန်းသည် International Society For Eco System (ISME)တွင်လည်း ရာသက်ပန်အသင်းသားတစ်ဦး ဖြစ်ခဲ့သည်။ သဘာ၀ပတ်ဝန်းကျင် နှင့်ပတ်သက်ပြီး ဦးအုန်းက ”ပတ်ဝန်းကျင်ဟာ လူ့ဘ၀အတွက် လိုအပ်တဲ့ ဩဇာဖြစ်တယ် ” ဟု ဆိုပါသည်။

ဝါသနာနှင့် စေတနာ
၂၀၀၈ ခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ ပေ ၆၈၅၀ မြင့်သော စိန်လုံးကမ္ဘာတောင်ကို တက်ရောက်ပြီးနောက် တစ်ကိုယ်လုံးမလှုပ်နိုင်တော့မှ – ငါနားဖို့တော်ပြီဟု အသိဝင်လာတော့သည်။
”ကျွန်တော်တို့က ကိုယ့်တစ်သက်မှာ ဘယ်လိုရုန်းကန်ရတယ်ဆိုတာ သားသမီးတွေ သိစေချင်တယ်။ ဘယ်အရာမဆို လွယ်လွယ်ကူကူနဲ့ မရဘူး။ သဘာ၀ပတ်ဝန်းကျင်ရဲ့အဓိပ္ပာယ်ကိုလည်း လေးလေးနက်နက်သိအောင် ကျွန်တော်မရေးခဲ့ရင် ကျွန်တော်ညံ့လို့ပဲ၊ အမွေပေးခဲ့ရမယ်။ တိုင်းပြည်အတွက် ဒါ အကောင်းဆုံးအမွေပဲ။ အခု ကျွန်တော် အသက် ၈၁ နှစ် ရှိပြီ။ ဒါ လုပ် မပြီးမချင်း ကျွန်တော် မသေဘူး ”ဟု ပြောခဲ့သည်။
ဦးအုန်းသည် ဇနီး ဒေါ်ခင်မြနှင့်အတူ ကျိုက်ဝိုင်း မရမ်းကုန်းမှာ နေထိုင်သည်။ သားနှစ်ယောက်၊ သမီးနှစ်ယောက်၊ မြေး ဆယ်ယောက် ရှိသည်။ ဦးအုန်းသည် ၂၀၀၆ ခုနှစ် ဂျာမနီနိုင်ငံသို့ အစည်းအဝေးတက်ရောက်ခဲ့ပြီး ဂျာမန် အဖွဲ့အစည်းတစ်ခုနှင့်ပူးပေါင်းကာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့တွင် သဘာ၀ဘေးအန္တရာယ် ကာကွယ်သည့် စီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိပါသည်။
ဦးအုန်းက –သစ်ပင်တစ်ပင်ကို ထိန်းရတာဟာ စိုက်ရတာထက် တန်ဖိုးရှိတယ်– ဟုဆိုပါသည်။ ထိုသို့ဆိုလျှင် တန်ဖိုးရှိတာကို တန်ဖိုးသိအောင် ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ရေးသား အလေးထားသည့် ဦးအုန်းကို ကျေးဇူးအထူးတင်ရပါသည်။ သာဓုလည်း ခေါ်ရပါသည်။ အစိမ်းရောင်ချစ်သည့် ဦးအုန်း ထာ၀ရ စိမ်းလန်းငြိမ်းချမ်းပါစေဟု ဆုမွန်ကောင်းတောင်းလျက်….။ ။

ဦးစန္ဒိမာ(စလင်း)
××အောင်ပင်လယ်မဂ္ဂဇင်းတွင် ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။

ဓာတ်ပုံ- Min Chit

မှတ်ချက်။ ။ သစ်တောပညာရှင် ဦးအုန်း(ကမ္ဘာမြေချစ်သူ)သည် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်၊ နံနက် ၈ နာရီခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ ဦးအုန်းသည် မြန်မာနိုင်ငံတွင် အတုယူလေးစားရမည့် ပညာရှင်တစ်ယောက်၊ အစားထိုးမရသော ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ယခုဆောင်းပါးကို ဖော်ရခြင်း ဖြစ်ပါသည်။ သစ်တောပညာရှင် ဦးအုန်း(ကမ္ဘာမြေချစ်သူ) အကြောင်း ရေးသားခဲ့သည့် စာရေးဆရာ အသီးသီး၏ စာမူများကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားရန် Greenness အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply