ဧရာ၀တီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး

ဧရာ၀တီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး

မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော
                   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction /Alignment) ကို စိုးမိုး ချယ်လှယ်နေပါသည်။ မြန်မာနိုင်ငံ၏ ရေဆင်းအဆင်ပုံစံ (Drainage Pattern) ကို ထိန်းချုပ်ထားသော အဓိက အချက်များမှာ မြေမျက်နှာသွင်ပြင်၊ ဘူမိကျောက်လွှာ အမျိုးအစား၊ ကျောက်လွှာအနေအထားနှင့် ရာသီဥတု စသည်တို့ ဖြစ်ပါသည်။
အမျိုးသားမြစ်ကြီး
ဧရာ၀တီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော (Life Artery) ဖြစ်သည်ဟု ဦးစွာဆိုပါရစေ။ ဧရာ၀တီမြစ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ယေဘုယျအားဖြင့် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိသော မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ခန့် ရှည်လျားပြီး မြန်မာနိုင်ငံ၏ အရှည်လျားဆုံးနှင့် အကြီးဆုံးမြစ်ကြီး ဖြစ်ပါသည်။ ဤမျှရှည်လျားသော မြစ်ကြီးတစ်စင်းအဖို့ နိုင်ငံများစွာကို ဖြတ်သန်းစီးဆင်းခြင်း မပြုဘဲ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၏ အချုပ်အခြာ အာဏာပိုင်နက်အတွင်း လုံး၀နီးပါး ကျရောက်တည်ရှိပြီး လွတ်လပ်စွာ တသွင်သွင် စီးဆင်းနေနိုင်ခြင်းမှာ လွန်စွာ တွေ့ရခဲ၊ မြင်ရခဲလှသော ဝိသေသလက္ခဏာတစ်ရပ် ဖြစ်ပါသည်။
ထို့ပြင် ဧရာ၀တီမြစ်သည် နိုင်ငံ၏အရေးအကြီးဆုံး ကုန်သွယ်ရေကြောင်းလမ်းကြီးလည်း ဖြစ်ပါသည်။
ဧရာ၀တီမြစ်ဝှမ်း ဒေသတစ်ခုလုံးတွင် မြို့ပေါင်း ၂၁၅ မြို့၊ ရွာပေါင်း ၁၉၄၄၃ ရွာ တည်ရှိပြီး စုစုပေါင်း လူဦးရေ ၃၇ သန်းခန့် မှီတင်းနေထိုင်လျက်ရှိကြပါသည်။ သို့ဖြစ်ရာ ဧရာ၀တီမြစ်ကို မြန်မာနိုင်ငံ၏ အမျိုးသားမြစ်ကြီး (The Large National River of Myanmar) ဟု ကောင်းစွာ ခေါ်ဆိုနိုင်ပါသည်။ ဧရာ၀တီကဲ့သို့သော အမျိုးသားမြစ်မျိုးကား ဤမြေကမ္ဘာဝယ် ရှာမှရှားလှပေသည်။
မြစ်ဝှမ်းအခြေပြုနိုင်ငံ
                ဧရာ၀တီမြစ်ဝှမ်း ဒေသကြီးတစ်ခုလုံး၏ စုစုပေါင်း ရေဆင်းချိုင့်ဝှမ်း ဧရိယာ (Drainage Area) မှာ စတုရန်း ကီလိုမီတာ ၄၁၁၀၀၀ (၁၅၈၆၈၈ စတုရန်းမိုင်) ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၆၇၆၅၈၁ (၂၆၁၂၂၈ စတုရန်းမိုင်) (ဧကပေါင်း ၁၆၇ ဒသမ၂ သန်း) ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ စုစုပေါင်း ဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဧရာ၀တီမြစ်ဝှမ်းဒေသကြီးက နေရာယူထားကြောင်း သိရှိနိုင်ပါသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသည် ဧရာ၀တီ မြစ်ဝှမ်းဒေသကြီးကို အခြေပြု တည်ဆောက်ထားသော မြစ်ဝှမ်းနိုင်ငံ (Riverine State) တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။
               ဤမြစ်ဝှမ်းဒေသကြီးတွင် မြန်မာတို့၏ ရှေးဟောင်း အဆက်အနွယ်များသည် အစဉ်တစိုက် အခြေစိုက် နေထိုင်လာခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်ပေသည်။ ဤမြစ်ဝှမ်းဒေသကြီးတွင် ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ် ယဉ်ကျေးမှုများ၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုများ ထွန်းကားခဲ့သည်။ တိုင်းကားပြည်ရွာများ၊ မင်းနေပြည်တော်များ တည်ဆောက်ကာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် ခံ့ညားဝင့်ထယ်စွာ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ဆိုသည်မှာ ဧရာ၀တီ၊ ဧရာ၀တီဆိုသည်မှာ မြန်မာနိုင်ငံဟုပင် ဆိုနိုင်ပါသည်။ ဧရာ၀တီသာ လူသားတစ်ဦးကဲ့သို့ အသက်ရှိမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက်၊ ယဉ်ကျေးမှုအဆက်ဆက်၊ ရှည်လျားလှသော ဖွံ့ဖြိုးတိုးတက်လာမှု သမိုင်းကြောင်းကို မနားတမ်း ပြောပြနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဧရာ၀တီမြစ်ဆုံ
                   ဧရာ၀တီမြစ်သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း၌ အရှေ့ဘက်မှ မေခမြစ် (Nmai Hka) နှင့် အနောက်ဘက်မှ မလိခမြစ် (Mali Hka) ဟုခေါ်သော မြစ်နှစ်မွှာတို့ ပေါင်းစပ် ဖြစ်ပေါ်စီးဆင်းလာသည့် မြစ်ကြီး ဖြစ်သည်။ မလိခသည် မြစ်ကြီးဟူသော အဓိပ္ပာယ်ဆောင်သော်လည်း ရေလုံးအင်အားမှာမူ မေခမြစ်ထက် များစွာ လျော့နည်းသည်။ မေခမြစ်သည် ဧရာ၀တီမြစ်ဖျားပိုင်းအတွက် ပိုမို၍ ပဓာနကျသော မြစ်ဖြစ်ပြီး ပင်မမြစ်ကြီးအား မလိခမြစ်ထက် ရေထုထည်ပမာဏ ပိုမို ထောက်ပံ့ပေးနိုင်ပါသည်။ မေခသည် မြောက်လတ္တီကျု ၂၈ ဒီဂရီမျဉ်းအနီး၊ တိဗက်ကုန်းပြင်မြင့်၊ ဆီးနှင်းရေခဲ အမြဲဖုံးလွှမ်းထားသော တီလာ ကုန်းစိုင်ဒေသ (Tila Massif?) ရှိ လန်ဂွီလာ ရေခဲမြစ် (Languela Glacier) မှ မြစ်ဖျားခံ၍ တောင်ဘက်သို့ စီးဆင်းလာခဲ့ခြင်း ဖြစ်ပါသည်။ မေခသည် ရေတံခွန်ပေါများပြီး ရေစီးသန်သဖြင့် မြစ်ကြောင်း သွားလာရေး အတွက် အသုံးမပြုနိုင်ချေ။ မလိခသည် ရေမော်များ (Rapids) အနည်းငယ်ရှိသော်လည်း အတန်ငယ် ရေကြောင်းသွားလာနိုင်သည်။ မေခနှင့် မလိခညီနောင် မြစ် နှစ်မွှာတို့သည် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့၏ မြောက်ဘက် ၄၅ ဒသမ ၉ ကီလိုမီတာ (၂၈ မိုင် ၄ ဖာလုံ) အကွာတွင် တည်ရှိသော တန်ဖရယ် (Damphet) ကျေးရွာအနီးတွင် ပေါင်းဆုံပြီး ဧရာ၀တီ ဟူသော အမည်ဖြင့် ဆက်လက် စီးဆင်းသွားပါသည်။ တန်ဖရယ်ဒေသတွင် ကုန်းမြေ၏အမြင့်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၁၄၇ မီတာ (၄၈၂ ပေ) ဖြစ်သည်။
                  ဧရာ၀တီမြစ်ဆုံဒေသ (The Confluence of Ayeyarwady) ၏ တောင်ဘက် အနီးတစ်ဝိုက်တွင် ရေနည်းချိန်၌ မြစ်သည် ၀ ဒသမ ၄ ကီလိုမီတာ (၂ ဖာလုံ) မျှသာ ကျယ်ပြီး ရေအနက်မှာ ပင်မ မြစ်ချိုင့်ကြောင်း အတွင်းတွင် ၉ ဒသမ ၁ မီတာ (ပေ ၃၀) ခန့် ရှိပါသည်။
ပထမမြစ်ကျဉ်း
                   ယင်းနောက် ဧရာ၀တီသည် တောင်ဘက်သို့ ဆက်လက်စီးဆင်းလာရာ ရှေးဦးစွာ တောင်ကုန်း ထူထပ်သော ဒေသကို ဖြတ်သန်းပြီးမှ ပိုမိုကျယ်ပြန့်သောဒေသသို့ ရောက်ရှိလာရာ အချို့ နေရာများတွင် မြစ်ပြင်၏အကျယ်မှာ ၀ ဒသမ ၈ ကီလိုမီတာ (မိုင်ဝက်)ခန့် ရှိပါသည်။ ထို့နောက် ရုတ်ချည်း ဆိုသလိုပင် ဆင်ဘို (Sinbo) ၏တောင်ဘက်၌ ပထမမြစ်ကျဉ်း (The First Defile) အတွင်းသို့ ဝင်ရောက်သည်။
                  ပထမမြစ်ကျဉ်းသည် မြစ်ကြီးနားမြို့မှ ၆၅ ကီလိုမီတာ (မိုင် ၄၀) အကွာတွင် တည်ရှိသည်။ ဤမြစ်ကျဉ်းသည် ၄၅ ဒသမ ၇ မီတာ မှ ၅၄ ဒသမ ၉ မီတာ (ကိုက် ၅၀ မှကိုက် ၆၀) အထိသာ ကျယ်သည်။ မြစ်ကျဉ်းအတွင်း ရေစီး အလွန်သန်လှပြီး ရေဝဲကြီးများလည်း ရှိသောကြောင့် ရေကြောင်း ခရီး သွားလာရေးကို အခက်အခဲဖြစ်စေသည်။ ပထမမြစ်ကျဉ်းသည် ၆၄ ဒသမ ၄ ကီလိုမီတာ (မိုင် ၄၀) ခန့် ရှည်လျားသည်။ မြစ်တစ်ဖက်တစ်ချက်ရှိ ကမ်းပါးစောက်များသည် ၁၈ ဒသမ ၃ မီတာ (ပေ ၆၀) ခန့် မြင့်သည်။ သို့သော် အနီးဝန်းကျင်ရှိ တောင်များမှာမူ ၉၁၄ ဒသမ ၄ မီတာ (ပေ ၃၀၀၀) ခန့်အထိ မြင့်မားပါသည်။
                 ပထမမြစ်ကျဉ်း၏ အရှေ့ဘက်တွင် အတန်ငယ် ကျယ်ပြန့်သော ချိုင့်ဝှမ်းတစ်ခုသည် ပထမမြစ်ကျဉ်းနှင့် အပြိုင် တည်ရှိနေသည်။ ယင်းချိုင့်ဝှမ်းကျယ်သည် ဧရာ၀တီမြစ်၏ မြစ်ကြောင်းဟောင်းနေရာ ဖြစ်နိုင်ပါသည်။ သဖန်းပင်အရပ် (Thaphanbin) တွင် ဧရာ၀တီမြစ်သည် ပထမမြစ်ကျဉ်းမှ ထွက်လာပြီး ရုတ်တရက်ဆိုသလိုပင် ဗန်းမော်လွင်ပြင်(ဝါ) ဗန်းမော်ချိုင့်ဝှမ်း (Bhamo Plain or Bhamo Basin) သို့ ရောက်ရှိကာ ယင်းမြစ်ဝှမ်း မြေနုလွင်ပြင်ပေါ်တွင် ကွေ့ကာဝိုက်ကာနှင့် လွတ်လပ်စွာ စီးဆင်းပါသည်။
ဒုတိယမြစ်ကျဉ်း
                  ဗန်းမော်တွင် ဧရာ၀တီမြစ်သည် ရုတ်ချည်းပင် အနောက်ဘက်သို့ ကွေ့ပြီး စီးဆင်းကာ မကြာမီ ဗန်းမော် မြစ်ဝှမ်းလွင်ပြင်အရပ်မှ ထွက်လာသည်။ ထို့နောက် မြစ်ကြောင်းတစ်လျှောက်တွင် ခံ့ညားထည်ဝါ လှပမှု အရှိဆုံး ရှုခင်းနေရာဟု ကျော်ကြားသော ဒုတိယမြစ်ကျဉ်း (The Second Defile) သို့ ရောက်လာသည်။ မြောက်ဘက်ရှိ နုန်းတင်မြစ်ဝှမ်းလွင်ပြင်ကိုလွန်ပြီး ထုံးကျောက် (Limestone) ဖြင့် တည်ဆောက်ထားသော ကျောက်တောင်ဒေသကို ဖြတ်သန်းစီးဆင်းခြင်းပင် ဖြစ်သည်။ ဒုတိယမြစ်ကျဉ်း၏ အကျဉ်းမြောင်းဆုံး နေရာတွင် မြစ်ပြင်သည် ၉၁ ဒသမ ၄ မီတာ (ကိုက် ၁၀၀)ခန့် ကျယ်သည်။ မြစ်ချိုင့်ကြောင်း၏ တစ်ဖက်တစ်ချက်ရှိ ထောင်လိုက်မြင့်မားသော မြစ်ကမ်းပါးစောက်များသည် အချို့ နေရာတွင် ၆၁ မီတာမှ ၉၁ ဒသမ ၄ မီတာ (ပေ ၂၀၀ မှ ပေ ၃၀၀) အထိ မြင့်မားပါသည်။
တတိယမြစ်ကျဉ်း
               ဒုတိယမြစ်ကျဉ်းမှ လွန်သော် ဧရာ၀တီမြစ်သည် နုန်းတင်မြေနုလွင်ပြင်ကို တစ်ဖန် ဖြတ်သန်းစီးဆင်းပြီး ကသာမြို့ (Katha) သို့ ရောက်ရှိသည်။ ကသာကိုလွန်သော် ဧရာ၀တီမြစ်သည် တောင်ဘက်စူးစူးသို့ ဆက်လက် စီးဆင်းသည်။ ဧရာ၀တီမြစ်သည် ယင်း၏ မြစ်ဖျားဒေသမှ ကသာအထိ ယေဘုယျအားဖြင့် နဂိုမူလ အောက်ခံကျောက်လွှာ အနေအထားများအတိုင်း စီးဆင်းသည်ကို တွေ့ရသည်။ ပညာရပ် ဝေါဟာရ အလိုအရ “အဦးရေဆင်း”(Antecedent Drainage) ဟု ခေါ်သည်။
                 ကသာမှ မန္တလေးအထိ မြစ်ကြောင်းတွင် ဧရာ၀တီမြစ်သည် အစောင်းကန့်လန့်ချိုင့်ဝှမ်း (Strike Valley) တစ်ခုအတိုင်း စီးဆင်းသည်။ (အောက်ခံကျောက်လွှာများ တိမ်းစောင်းလျက်ရှိသော အရပ်နှင့် ထောင့်မှန်ကျသော အရပ်မျက်နှာကို အစောင်းကန့်လန့်ဟု ခေါ်သည်။) ကသာမှ တကောင်း (Tagaung) အထိ မြစ်ချိုင့်ကြောင်း၏ တစ်ဖက်တစ်ချက်ရှိ မြစ်ဝှမ်းလွင်ပြင်မှာ အဓိကအားဖြင့် မြစ်ဆောင်နုန်းမြေများဖြင့် တည်ဆောက်ထားသည်။
                သပိတ်ကျင်းအရပ် (Thabeikkyin) ကို လွန်သော် ဧရာ၀တီမြစ်သည် သဲကျောက်များဖြင့် ပြီးသော ချောက် (Sandstone Gorge) တစ်ခုအတွင်းမှ ဖြတ်သန်းစီးဆင်းသည်။ ဤနေရာမှာ ဧရာ၀တီ၏ တတိယမြစ်ကျဉ်း (Third Defile) ပင်ဖြစ်တော့သည်။ တတိယမြစ်ကျဉ်းသည် မန္တလေးမြို့မှ မြောက်ဘက် ၁၀၀ ကီလိုမီတာ (မိုင် ၆၀)အကွာတွင် တည်ရှိသည်။ ကဘွက်အရပ် (Kabwet) တွင် ရှေးဘူမိခေတ်အခါက မြေအောက်မှ ထွက်ခဲ့သော မီးတောင်ချော်လွှာထုတစ်ခုက ဧရာ၀တီကို အနောက်ဘက်သို့ကွေ့ပြီး စီးဆင်းစေသည်။ ၎င်းမီးတောင်ချော်လွှာထုသည် စဉ့်ငူကုန်းပြင်မြင့် (Singu Plateau) ဖြစ်သည်။ ဧရိယာ ၆၂ စတုရန်း ကီလိုမီတာ (၂၄ စတုရန်းမိုင်) ကျယ်ဝန်းပြီး လေသာတောင် (Letha Taung) ဟုလည်း ခေါ်သည်။ ဤနေရာမှ လွန်သော် ဧရာ၀တီသည် တောင်ဘက်ရှိ ကျယ်ပြန့်သော မန္တလေးနုန်းလွင်ပြင် (Mandalay Alluvial Plain) သို့ ရောက်ရှိလာပါသည်။
မန္တလေးအနီး မြစ်ကြောင်း အနောက်ဘက်ချိုးကွေ့မှု
               ဧရာ၀တီသည် မန္တလေးအနီးတွင် ယင်း၏မြစ်ကြောင်းကို အနောက်ဘက်သို့ သိသိသာသာ ချိုးကွေ့လိုက်သည်။ အကယ်စင်စစ် ဧရာ၀တီအဖို့ မန္တလေးမှ တောင်ဘက်စူးစူး စစ်တောင်းမြစ်ရှိသည့် နေရာသို့ ဆက်လက်စီးဆင်းလျှင် ပိုမိုလွယ်ကူနိုင်မည်ဖြစ်သော်လည်း ယခုကဲ့သို့ သိသာထင်ရှားသော အချိုးအကွေ့ကြီးဖြင့် အနောက်ဘက်သို့ မြစ်ကြောင်းရုတ်ချည်း ပြောင်းလဲ စီးဆင်းရခြင်းသည် ပုပ္ပားတောင် (Mt. Popa) (၁၅၁၈ ဒသမ ၂ မီတာ သို့မဟုတ် ၄၉၈၁ ပေ) မြေလွှာမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သော မီးတောင်လှုပ်ရှားမှု ဖြစ်စဉ် (Volcanism) ကာလနှင့် ဆက်နွှယ်နိုင်သည်ဟု အချို့ပညာရှင်များက ယူဆကြပါသည်။ မတူကွဲပြားသော အခြားအယူအဆများလည်း ရှိပါသေးသည်။
             ဧရာ၀တီ၏ အဓိကလက်တက်ကြီးဖြစ်သော ချင်းတွင်းမြစ် (Chindwin River) သည် မြင်းခြံမြို့ (Myingyan) အနီးတွင် ဧရာ၀တီမြစ်မကြီးအတွင်းသို့ စီးဝင်ပေါင်းဆုံပါသည်။ မိုးနည်းခြောက်သွေ့ဇုန်နှင့် မြစ်ကမ်းဆင့်များ မန္တလေးကိုလွန်သော် ဧရာ၀တီသည် မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်ဒေသဟု ခေါ်ဆိုနိုင်သော မိုးနည်းခြောက်သွေ့ဇုန် (Dry Zone) ကို ဖြတ်သန်းစီးဆင်းပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းခြောက်သွေ့ဇုန်သည် နှစ်စဉ်စုစုပေါင်း မိုးရေချိန် ၅၀၈ မှ ၁၀၁၆ မီလီမီတာ(၂၀ မှ ၄၀ လက်မ)သာ ရရှိသည်။ ဤမိုးနည်းခြောက်သွေ့ရပ်ဝန်းတွင် သဲအနည်များဖြင့်တည်ဆောက်ထားသော မြစ်ကမ်းဆင့် (RiverTerraces) ငါးဆင့်ကိုတွေ့ရသည်။ ယင်းသဲအနည်များထက်ပိုမို၍ ဘူမိသက်တမ်းရင့်သော သဲကျောက်လွှာတွန့်များလည်းရှိသည်။ ၎င်းလွှာတွန့်များ (Folds) သည် စွမ်းအင် လောင်စာဖြစ်သော ရေနံ ကိန်းအောင်းတည်ရှိနေသဖြင့် အထူးအရေးကြီးလှပါသည်။
             ဧရာ၀တီသည် မိုးနည်းခြောက်သွေ့ ရပ်ဝန်းအတွင်းတွင် ပုံမှန်မဟုတ်ဘဲ ပုံစံအမျိုးမျိုးဖြင့် ကွေ့ကာဝိုက်ကာ စီးဆင်းသည်။ မြစ်ချိုင့်ကြောင်း၏ တစ်ဖက်တစ်ချက်တွင် နုန်းတင်မြေအနည်များနှင့် တည်ဆောက်ထားပါက မြစ်ကမ်းပါးများနိမ့်ပြီး ယင်းနုန်းဖြင့်ပြီးသော မြစ်ကမ်းများ၏နောက်ဘက်တွင် သဲကမ်းပါးများက အနားသတ် ပေးထားလေ့ရှိသည်။ သဲမြစ်ကမ်းဆင့်များ (Sand Terraces) အနီးတွင်မူ ဧရာ၀တီမြစ်ဘေး၌ မတ်စောက်သော ကမ်းပါးများကိုတွေ့ရပါသည်။ ပုဂံ (Bagan)၊ လမ်းရွာ (Lanywa) နှင့် ရေနံချောင်း (Yenan chaung) အရပ်တို့ရှိ မြစ်ကမ်းပါးများသည် အကောင်းဆုံး ဥပမာများ ဖြစ်ကြပါသည်။
စတုတ္တမြစ်ကျဉ်း
              သရက်မြို့ (Thayetmyo) ၏ တောင်ဘက်တွင် အရှေ့ဘက်မှ ပဲခူးရိုးမ၏ တောင်စွယ်များနှင့် အနောက် ဘက်မှ ရခိုင်ရိုးမ၏ တောင်စွယ်တို့သည် ဧရာ၀တီမြစ်အနီးသို့ ရောက်သည့်တိုင် ချဉ်းကပ်လာကြသောကြောင့် မြစ်ပြင်မှာ သရက်မြို့နှင့်ပြည်မြို့ (Pyay) အကြားတွင် ကျဉ်းမြောင်းသည်။ ထို့ကြောင့် ဤနေရာကို အချို့က ဧရာ၀တီ၏ စတုတ္ထမြစ်ကျဉ်း (The Fourth Defile) ဟုလည်း ခေါ်ဆိုတတ်ပါသည်။ ပြည်မြို့၏ တောင်ဘက် ၁၄၄ ဒသမ ၈ ကီလိုမီတာ (မိုင် ၉၀) အကွာတွင်ရှိသော ညောင်ဂျိုး (Nyaunggyo) အရပ်မှစ၍ ဧရာ၀တီမြစ်၀ကျွန်းပေါ် (Ayeyarwady Delta) ၏ ပထမဦးဆုံး မြစ်ခွဲ (Distributary) ဖြစ်သော ပုသိမ်မြစ် (Pathein River) (ဝါ) ငဝန်မြစ် (Ngawun River) စတင်ခွဲဖြာသည်။ အကယ် စင်စစ်မူ မြစ်၀ကျွန်းပေါ် အခြေအနေများသည် ပြည်မြို့၏ တောင်ဘက် ၈၅ ဒသမ ၃ ကီလိုမီတာ(၅၃ မိုင်) ခန့် အကွာတွင်ရှိသော မြန်အောင်မြို့ (Myanaung) အနီးကျမှသာ အမှန် တကယ် စတင်ခြင်း ဖြစ်ပါသည်။
ဧရာ၀တီမြစ်၀ကျွန်းပေါ်
               ဧရာ၀တီ မြစ်၀ကျွန်းပေါ် ဒေသသည် မြောက်မှတောင်သို့ ၂၈၉ ဒသမ ၇ ကီလိုမီတာ (မိုင် ၁၈၀) ရှည်လျားပြီး အနောက်မှ အရှေ့သို့ ကမ်းရိုးတန်းတစ်လျှောက် ၂၄၁ ဒသမ ၄ ကီလိုမီတာ (မိုင် ၁၅၀) ကျယ်ပြန့်သည်။ ကြိုးလိမ်နေသကဲ့သို့ ရှုပ်ထွေးစွာ စီးဆင်းနေသည့် မြစ်ခွဲပေါင်း များစွာတို့က ပေါင်းစည်းလိုက်၊ ခွဲခွာလိုက်၊ ပြန်လည်ခွဲခွာလိုက်နှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသတစ်ခုလုံးကို နေရာ အပြည့် ယူထားသည်။ မြစ်၀ကျွန်းပေါ်ဒေသ၏ တောင်ပိုင်းရှိ မြစ်ချောင်းများမှာ ပင်လယ်ဒီရေ အတက် အကျ၊ အဝင်အထွက်ရှိသော ဒီရောက်ချောင်းများ (Tidal Creeks) ဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည့် ကွန်ရက်ပင်ဖြစ်သည်။
             မြစ်ရိုးချောင်းရိုးများတစ်လျှောက်တွင် သဘာ၀နုန်းတာများ (Natural Levees) ဖြစ်ထွန်းလျက်ရှိရာ မြစ်၀ကျွန်းပေါ်ဒေသရှိ ကျွန်းများသည် ဘေးပတ်လည် အနားစွန်းတစ်လျှောက်တွင် မြင့်ပြီး အလယ်ဗဟို ချိုင့်ဝှမ်းအရပ်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသဖြင့် ပန်းကန်ပြားပုံသဏ္ဌာန် ဖြစ်သည်။ ဤမြစ်၀ကျွန်းပေါ် ဒေသတွင် ဧရာ၀တီမြစ်ကြီးသည် မုတ္တမပင်လယ်ကွေ့အတွင်းသို့ အဓိကမြစ်ပေါက် ကိုးပေါက် (Nine Major Mouths) ဖြင့် စီးဆင်းဝင်ရောက်သည်။ ၎င်းမြစ်ပေါက်ကြီးများမှာ အနောက်ဘက်မှ အရှေ့ဘက်သို့ အစီအစဉ်အတိုင်း ကြည့်လျှင် ပုသိမ်မြစ် (ငဝန်မြစ်)၊ သက်ကယ်သောင်မြစ်၊ ရွေးမြစ်၊ ပြန်မလော့မြစ်၊ ပြင်စလူမြစ်၊ ဧရာ၀တီမြစ် (ပင်မမြစ်ပေါက်)၊ ဘိုကလေးမြစ်၊ ဖျာပုံမြစ်၊ သံဒိမြစ်နှင့် တိုးမြစ်တို့ ဖြစ်ကြပါသည်။
#ပါေမာကၡ ဦးမောင်မောင်အေး
(၈ .၁၁ .၂၀၁၆ နှင့် ၉ . ၁၁ . ၂၀၁၆ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။)

About The Author

greenness_mm

No Comments

Leave a Reply