ရေဘေးအန္တရာယ် လျော့ကျသက်သာရေး လက်တွေ့ဆောင်ရွက်ဖို့ လိုသည်

ရေဘေးအန္တရာယ် လျော့ကျသက်သာရေး လက်တွေ့ဆောင်ရွက်ဖို့ လိုသည်

သည်ရက်အတောတွင်း မိုးများ ရက်ဆက် ရွာနေသည်။ သည်းသည်းထန်ထန် ရွာနေသည်။ တိတ်သွား လိုက်၊ ပြန်ရွာလိုက်နှင့် တစ်နေကုန် မစဲဘဲ ရွာနေသည်။ အထူးသဖြင့် ညနေပိုင်းတွင် ပိုမိုသည်းထန်တတ် သည်။ ထိုသို့ မိုးသည်းသည်းထန်ထန် ရွာသွန်းနေပြီဆိုလျှင် ရေကြီးရေလျှံမှုများ ဖြစ်ပွားတော့မည်ဟူသော အသိက ကျွန်တော် စိတ်ထဲ မတွေးဘဲ ဝင်ရောက်လာသည်။ ပြည်သူအချို့လည်း သိကြပါလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံသည် မိုးသည်းသည်းထန်ထန်ရွာတိုင်း ရေကြီးရေလျှံ ဖြစ်ပွားတတ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။ မိုးလေဝသပညာရှင်များကလည်း မိုးရာသီ အစကတည်းက ဒေသအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားနိုင်ကြောင်း သတိပေး ခဲ့ကြသည်။ ထိုသို့သတိပေးနေစဉ်မှာပင် ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဆဒုံး မြို့တွင် နေရာကွက်မိုးကြီးပြီး တောင်ကျရေတိုက်စားခဲ့ရာ ရပ်ကွက်လေးခုအတွင်း ရွှံ့နွံများဖုံး လွှမ်းခဲ့ပြီး (၁၀) နှစ်အတွင်း အကြီးမားဆုံးရေဘေးနှင့် ကြုံတွေ့ခဲ့ရသည်။
ယခု ဇူလိုင် ၈ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ စာသင်ကျောင်း သုံးကျောင်းနှင့် လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့ သည်။ ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး အိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၅၂ ဦးကို ယာယီကယ်ဆယ်ရေးစခန်းသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။ ပိန်းဇလုပ်မြို့ ဆေးရုံတွင်းသို့လည်း ရေဝင် ရောက်ခဲ့သဖြင့် အရေးပေါ်လူနာများကို ပြောင်းရွှေ့ပေးခဲ့ရသည်။ ထိုမျှမကသေး၊ ဇူလိုင် ၉ ရက်က မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မြစ်ရေကြီးခဲ့ခြင်းကြောင့် ကယ်ဆယ်ရေးစခန်းလေးခု ဖွင့်ထားခဲ့ရသည်။ ဘီးလင်းမြို့နယ် ရေကြီးမှု ကြောင့် လူပေါင်း ၁၀၀ ကျော် ရေးဘေးဒုက္ခ ခံစားခဲ့ရပြီး စာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရ သည်။
ဇွန် ၁၀ ရက် ညနေ ၄ နာရီမှတ်တမ်းများအရ မြစ်ကြီးနားမြို့တွင် မိုးရေချိန်လက်မ သုည ဒသမ ၃၉ လက်မသာရှိသော်လည်း ဧရာဝတီမြစ်ရေမှာ ၁၁၀၇ စင်တီမီတာတွင် ရောက်ရှိနေသဖြင့် ရပ်ကွက်လေးခုသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၅၈ စု၊ လူဦးရေ ၃၀၀ နီးပါး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရသည်။ ဇွန် ၁၂ ရက်နေ့ သတင်းများအရ ရေဘေးနှင့် မြေပြိုမှုဘေး ကြောင့် ကချင်ပြည်နယ်တွင် လူသုံးဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေပြီး ချင်းပြည်နယ်မြို့နယ်အချို့၌ မြေပြိုမှု ဘေးအန္တရာယ်များ ကြုံတွေ့နေရကြောင်း သိရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှအပ ဒေသအများအပြား တွင် ဇူလိုင်လဆန်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ကချင် ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဆဒုံးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနှင့် ကသာမြို့တွင် မြေနိမ့်ပိုင်း နေရာ များ၌ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည်။ ဇူလိုင် ၁၀ ရက် ညနေတွင်ရရှိသောသတင်းများအရ ဘီးလင်းနှင့် ဝိုင်းမော်မြို့မှ ဒေသခံလူဦးရေ ၈၀၀ ထက်မနည်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်ကြားရှိ လေးမြို့မြစ်ရေ မြင့်တက်လာ သောကြောင့် ကျေးရွာအချို့ ရေနစ်မြုပ်မည်ကို စိုးရိမ်နေရကြောင်း၊ လေးမြို့မြစ်ဘေးမှ စင်းဘောကိုင်း စစ်ဘေး ရှောင်စခန်း ရွှေ့ပြောင်းပေးရေးအတွက် အခက်အခဲဖြစ်နေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ရှိ မြစ် ကမ်းနံဘေး အနိမ့်ပိုင်းကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေ စတင်ဝင်ရောက်နေပြီး ကယ်ဆယ်ရေးစခန်းများ အဆင်သင့် ဖွင့်လှစ်ထားရကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အချို့ဒေသများတွင် မြေပြိုခြင်း၊ ကား လမ်းများပေါ် ရေကျော်ခြင်းများ ဖြစ်ပေါ်နေသောကြောင့် ဆက်သွယ်ပြတ်တောက်မှုများ စတင်ကြုံတွေ့နေရ ကြောင်း ဇွန် ၁၂ ရက်နေ့တွင် ရရှိသော သတင်းများအရ သိရသည်။ ထိုအချိန်မှာပင် ဧရာဝတီနှင့် ချင်းတွင်းမြစ် အပါအဝင် မြစ်ငါးစင်းတွင် ရေများ ဆက်လက်တက်လာသောကြောင့် မြစ်ကမ်းဘေးဒေသများ ရေဘေး အန္တရာယ် သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ နေရာအများစုတွင် ရေဘေးအန္တရာယ်များ ပိုမိုကြုံတွေ့ရမည့်အခြေအနေသို့ ရောက်ရှိ တော့မည် ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် နိုင်ငံတော်အစိုးရက ပြည်သူများ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျော့ကျစေရန် မည်ကဲ့သို့ အစီအမံများ ချမှတ်ထားသနည်း။ ပြည်သူများအနေဖြင့်လည်း မည်သို့ ကြိုတင် ပြင်ဆင်ထားကြသနည်း။ သတင်းများထဲတွင်တော့ သက်ဆိုင်ရာဒေသအာဏာပိုင်များက ရေဘေးစခန်းများ ကြိုတင် ဖွင့်လှစ်ထားခြင်းများ၊ ရေကြီးရေလျှံမှုနှင့် ပတ်သက်ပြီး လှည်လည်အသိပေး ကြေညာခြင်း၊ ဘေးအန္တ ရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို ပြုလုပ်နေသည်ကို တွေ့ရသည်။ ရေဘေးဖြစ်စဉ် များ မတိုင်မီကလည်း နိုင်ငံတော်အစိုးရက ရေဘေးကာလအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးကို ဇွန်လ ပထမပတ်က နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ဖတ်ရှုရ သည်။ ယင်းအစည်းအဝေးတွင် ဒုတိယသမ္မတက “အနီးစပ်ဆုံး ရင်ဆိုင်ဖြေရှင်းရမည့် မိုးတွင်းကာလ သဘာဝ ဘေးအန္တရာယ်များတွင် မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုဘေး၊ လျှပ်တစ်ပြက် ရေဘေး၊ မိုးကြိုးပစ်ခြင်းနှင့် မြစ် ကမ်းပါးပြိုမှုများ၊ မြေပြိုမှုများက ခြိမ်းခြောက်နေပြီး လူထုထိခိုက်မှု လျော့နည်းသက်သာစေရန် အစိုးရတွင် ကြို တင်ပြင်မှုများ ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း” ပြောကြားခဲ့သည်။
ထိုသတင်းကို ဖတ်ပြီး ကျွန်တော် ကြည်နူးကျေနပ်ခဲ့သည်။ “ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အစိုးရတွင် တာဝန်ရှိသည်” ကို အစိုးရအဆက်ဆက် မပြောခဲ့သော်လည်း လက်ရှိအစိုးရက ပြောခဲ့သည် မဟုတ်လား။ သို့သော်လည်း ထိုစကားများကို လူကြားကောင်းအောင် ပြေနေ၍မပြီး။ အပြောနှင့်အတူ လက်တွေ့ဆောင်ရွက် နိုင်ဖို့ အလွန်အရေးကြီးသည်။ နိုင်ငံတော်အစိုးရ အကြီးအကဲအများစုသည် အစည်းအဝေးများ၊ အလုပ်ရုံဆွေး နွေးပွဲများ၊ အထိမ်းအမှတ် အခမ်းအနားများတွင် လိုက်လျောညီထွေ စကားများကို ပြည်သူ စိတ်ကျေနပ်အောင် ပြောကြားခဲ့ကြသည်။ သို့သော် ထိုစကားများသည် လက်တွေ့ပိုင်းသို့ ရောက်မလာသည့်အပြင် လက်ရှိ လုပ်ရပ် များနှင့်ပင် လွဲချော်နေတတ်သေးသည်။ ထိုသို့ဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံသည် သဘာဝဘေးကြောင့် ထိခိုက်မှု အများဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းတွင် အဆင့် ၂ ဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ ဆိုးရွား သော ရေဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရပြီး ပြည်သူများ ထိခိုက်ပျက်စီးခဲ့ရသလို နိုင်ငံတော်အစိုးရအတွက် လည်း ဆုံးရှုံးမှု မြင့်မားခဲ့ရသည်။
ထို့နောက် ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှုများကို သင်ခန်းစာယူကာ နောင်နှစ်များတွင် ရေကြီးရေလျှံမှု မဖြစ်ပွားအောင်၊ လျော့နည်းသက်သာအောင် ဆောင်ရွက်မည်ဟူသော အသံများကို အစိုးရထံမှ ကြားခဲ့ရသည်။ သို့သော် ၂၀၁၆ ၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် ရေကြီးနစ်မြုပ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ တစ်နှစ်ထက် တစ်နှစ် ပိုမိုကျယ်ပြန့်ပြင်းထန်လာခဲ့သည်။ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ၊ လူသေဆုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ရေဘေးသင့်ပြည်သူများသည် နေအိမ်များကို စွန့်လွှတ်ပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်ပြီး သူများ ပေးစာ ကမ်းစာ စားခဲ့ရသည်။ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် အရေးများတွင် နောက်ကျကျန်ခဲ့ရသည်။ ပြန်လည်ထူထောင်ရေးအပိုင်းတွင်လည်း အားနည်းချက်များရှိခဲ့သောကြောင့် ရေဘေး သင့်ပြည်သူများ၏ဘဝသည် အချိန်အတော်ကြာသည့်တိုင် မူလအနေအထားသို့ ပြန်လည်မရောက်ရှိတော့ပဲ ဆင်းရဲတာရှည်ခဲ့ရသည်။
လက်ရှိတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး မြန်မာပြည်သူများ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရပြီ ဖြစ်သည်။ ဆက်လက်လည်း ပိုမိုပြင်းထန်လာမည့် အခြေအနေများကိုလည်း မြင်တွေ့နေရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ရေဘေးအန္တရာယ် လျော့ကျသက်သာစေရန် စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်ပါသည်။ ပြည်သူများအနေဖြင့်လည်း မိမိတတ်နိုင်သည့်အပိုင်းမှ ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ထားသင့်သည်။ ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ရလေ့ရှိသည့် ရေကြီး ရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရာတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု များကို လက်တွေ့ကျကျ လုပ်ဆောင်ရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတွင် ဘေးအန္တရာယ် မဖြစ်ပွားမီ လုပ်ရမည့် လုပ်ငန်းစဉ်၊ ဘေးအန္တရာယ် ဖြစ်ပွားနေစဉ် လုပ်ရမည့် လုပ်ငန်းစဉ်နှင့် ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် လုပ်ရမည့် လုပ်ငန်းစဉ်များ ပါဝင်သည်။ ထိုလုပ်ငန်းစဉ်များကို ရေတို၊ ရေရှည်စီမံချက်စွဲပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများ သိသိသာသာလျော့ပါး သက်သာသွားပါလိမ့်မည်ဟု မျှော်လင့်ရပါသည်။
သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ လုပ်ဆောင်ရမည့်လုပ်ငန်းများတွင် ကြိုတင်ကာကွယ်ခြင်း၊ သဘာဝ ဘေးအန္တရာယ် လျော့ပါးအောင် ဆောင်ရွက်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထိုလုပ်ငန်း များသည် သဘာဝဘေးအန္တရာယ် (ရေကြီးရေလျှံမှု) ဖြစ်ပွားမှု လျော့ကျအောင်၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု သက် သာအောင် လုပ်ဆောင်နိုင်သော လုပ်ငန်းများ ဖြစ်သဖြင့် အရေးအကြီးဆုံးဟု ဆိုရမည်ဖြစ်သည်။ ထိုအပိုင်းတွင် ရေတို ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပါဝင်သည်။ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများသည် ရေကြီး ရေလျှံမှု ဖြစ်ပွာစေသည့် အဓိကအကြောင်းအရင်းများကို သေသေချာချာလေ့လာပြီး ယင်းပြဿနာများ မဖြစ် စေရန် ရေရှည်စီမံချက်ချမှတ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါက အနာဂတ် မြန်မာနိုင်ငံသည် ရေဘေးအန္တရာယ်မှ ကင်းဝေးသွားရမည့် အနေအထားကို ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများမှာ လက်တလော ဖြစ်ပွားလာတော့မည့် ရေကြီးရေလျှံမှုအတွက် လိုအပ် လာမည့် အရေးပေါ်အခြေအနေများအတွက် ပြင်ဆင်ခြင်း ဖြစ်သည်။ သည်အပိုင်းကို စနစ်တကျ ပြင်ဆင်နိုင်မှ သာ ရေဘေးအန္တရာယ်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရသည့်အခါ ပြည်သူများထိခိုက်ပျက်စီးမှုသက်သာအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်(ရေကြီးရေလျှံမှု) ဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကတော့ ရှင်း ပါသည်။ ရေဘေးသင့်ပြည်သူများကို အရေးပေါ်ကူညီ ကယ်ဆယ်ရေးကို အလျင်အမြန် ဆောင်ရွက်ခြင်း၊ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ ထိုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းကို သေသေချာချာ လုပ်ဆောင်ထားနိုင်ခဲ့ဖို့ လိုပါသည်။ နောက်ဆုံးလုပ်ငန်းဖြစ်သည့် ရေဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်ပိုင်း လုပ်ရဆောင်ရမည့် လုပ်ငန်းများတွင် ပြန်လည်ထူထောင်ရေး၊ ပြန် လည် တည်ဆောက်ရေးလုပ်ငန်းများပါဝင်သည်။ ထိုလုပ်ငန်းသည် ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကြုံတွေ့ပြီးမှ သာ လုပ်ဆောင်ရမည့်လုပ်ငန်း ဖြစ်သောကြောင့် အရေးမကြီးဟု ထင်ရသော်လည်း ပြည်သူများ၏ အနာဂတ် အတွက် အလွန်အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားနည်းခဲ့သောကြောင့် ဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံပြည်သူများသည် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင် ဖြစ်ခဲ့ရသည့် သာဓကများစွာ ရှိပါသည်။ (ဥပမာ- ၂၀၀၈ တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း)
ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် နှစ်စဉ်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်ကို လျော့ကျ သက်သာအောင် ဆောင်ရွက်ရာတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှသာ အစည်းအဝေးထိုင်၊ ဇာတ်တိုက်လေ့ကျင့်၊ ကယ်ဆယ်ရေးဆောင်ရွက်၊ မစို့မပို့ ထောက်ပံ့မှုများပြုလုပ်သော ဆေးမြီးတိုနည်းများဖြင့် ကုသနေ၍ ရတော့ မည်မဟုတ်ပေ။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို တတ်သိပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးပြီး ရေတို ရေရှည်စီမံချက်များချမှတ်ကာ လက်တွေ့ကျကျဆောင်ရွက်ရန် အလွန်အရေးကြီးနေပြီ ဖြစ်ကြောင်း ရေး သား လိုက်ရပါသည်။ ။
ရွှေလက်

(မြန်မာပြည်ဟာ မိုးတွေ ဆက်တိုက်ရွာသွန်းပြီဆိုရင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီး ထိခိုက်ဆုံးရှုံးနေကျဖြစ်ပါတယ်။ ဒါကို အစိုးရအဆက်ဆက် ထိခိုက်မှုသက်သာအောင် လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပါဘူး။ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အစိုးရလက်ထက်တွေဆိုရင် ပိုးဆိုးတာပေါ့။ ကျွန်တော်တို့ လိုချင်တဲ့ ပြည်သူ့အစိုးရလက်ထက်ရောက်ရင် အဲဒါတွေကို ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ ဆောင်းပါးရှင် ရွှေလက်ရဲ့ ၂၀၁၉ ခုနှစ်မှာ ရေးသားခဲ့တဲ့ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်)
photo-crd

About The Author

greenness_mm

No Comments

Leave a Reply