မိန်းမလှကျွန်း

မိန်းမလှကျွန်း

ဗြုံးမွှေးကျွန်း ဖရီဒါရုံးရှေ့ရှိ ပင်လယ်ရေမျက်နှာပြင်သည် ငြိမ်သက်လျက်ရှိ၏။ အချိန်ကား နံနက် (၅) နာရီခွဲ။ ဇူလိုင်လ မိုးရာသီဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး အုံ့ဆိုင်းနေပြီး အရှေ့အရပ်ဆီမှ နေရောင်ဖျော့ဖျော့လေးကိုသာ လှမ်းမြင်နေရ၏။ ပင်လယ်ဘက်မှတိုက်ခတ်လာသော လေအေးကလေးကလည်း နံနက်ခင်းကို လတ်ဆတ်နေအောင် အားဖြည့်သကဲ့သို့ရှိနေ၏။ ကျွန်ုပ်လည်း ရုံးရှေ့ကွက်ပျစ်ပေါ်တွင် ထွေရာလေးပါးကိုစဉ်းစားရင်း အတွေးနယ်ချဲ့နေစဉ် ရုတ်တရက် ခေါ်သံတစ်ခုကြောင့် အတွေးတို့သည် လွင့်စင်ကွယ်ပျောက်ကုန်၏။

ကိုမျိုးမြင့်။ ။ ‘ကျော်မျိုးလွင်ရေ … မနက်စာ ထမင်းကြော် ရပြီဟေ့။ စားရအောင် လာခဲ့တော့။’
ကျွန်ုပ်။ ။ ‘ဟုတ် အကို … လာပါပြီ။’
ကျွန်ုပ် ထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်မိသည်နှင့် …

ကိုမျိုးမြင့်။ ။ ‘မနက်ခင်းလေးမို့ ရုံးရှေ့ပင်လယ်ရေဟာ ငြိမ်နေတာ။ အခုတောင် ပင်လယ်ဘက်ကနေ ဒီရေ တရိပ်ရိပ်နဲ့ တက်လာနေပြီ။ နောက်နာရီဝက်လောက်ဆိုရင် လှိုင်းလေးတွေ နည်းနည်းထလာတော့မယ်။ ဒီနေ့ အကိုတို့ မိန်းမလှကျွန်းပေါ်က မိကျောင်းခေါင်းပုတ်စခန်းကို အရင်သွားရအောင်။ အဲ့ဒီက တောအုပ်နဲ့လည်း အကို ဖုန်းချိတ်ထားပြီးပြီ။ အိုကေတယ်။ မနက်စာစားပြီးတာနဲ့ အကိုတို့ ဒီရုံးရှေ့ကမြစ်ကို ဖြတ်ကူးမယ်။ ပြီးရင်တော့ မိန်းမလှကျွန်း ချောင်းခွဲထဲကိုမောင်းဝင်ကြတာပေါ့။ ပဲ့ထောင်ကသေးတော့ လှိုင်းကြီးလာရင် ဖြတ်ကူးဖို့မလွယ်လှဘူး။ အဲ့တော့ လှိုင်းမကြီးခင် မြစ်ကိုဖြတ်ကူးနိုင်ဖို့လိုတယ်။ ကျွန်းအတွင်းပိုင်းကတော့ လှိုင်းငြိမ်ပါတယ်။’
ဘိုကလေးဇာတိသားပီပီ ထောင်ကြီးတန်း၊ ကဒုံကနိ၊ ဗြုံးမွှေးကျွန်း၊ မိန်းမလှကျွန်း တစ်ကျောလုံး၏ ရေကြောင်းသဘာဝကို ကျွမ်းကျင်နှံ့စပ်လှသော ကိုမျိုးမြင့်၏ ကျိုးကြောင်းဆက်စပ်ပြောပြပုံများကို ကျွန်ုပ် စောတကတက်ဖွယ်မရှိ၊ ပါးစပ်အဟောင်းသားနှင့်သာ နားထောင်ရတော့သည်။

နံနက်စာ စားသောက်ပြီးသည်နှင့် မိန်းမလှကျွန်းပေါ်သို့သွားရန် လိုအပ်သည်များကို ပြင်ဆင်ရ၏။ ရုံးသို့ နေ့လယ်ပြန်မလာနိုင်သည့်အတွက် ထမင်းချိုင့်ပါ တစ်ပါတည်းယူဆောင်ရပေသည်။ ကျွန်ုပ်တို့လူစု မိန်းမလှကျွန်းပေါ်သို့တက်ရသည့် အဓိကရည်ရွယ်ချက်သည်ကား blue carbon တွက်ချက်ဖို့ရန်အတွက် နှစ်ပေါင်း (၅၀) နှင့်အထက် သဘာဝအတိုင်းရှိနေသော မြေသားနမူနာများကို စုဆောင်းဖို့ဖြစ်သည်။ ပဲ့ထောင်ပေါ်တွင် ကိုမျိုးမြင့်၊ ကျွန်ုပ်၊ မြေသားနမူနာတူးရန် ဝန်ထမ်းနှစ်ယောက်နှင့် ပဲ့ထောင်မောင်း၊ စုစုပေါင်း လူ (၅) ယောက်ဖြစ်၏။ ငှားထားသည့်ပဲ့ထောင်မှာ ကုန်စည်အချို့တင်၍ ခရီးသည်သပ်သပ်ချည်းသာ တင်မောင်းသော ပဲ့ထောင်အသေးဖြစ်ပြီး အခြားပဲ့ထောင်များနှင့်ယှဉ်လျှင် မြန်ဆန်သည်။ သွက်လက်သည်။ သို့ပါသော်လည်း လှိုင်းငြိမ်သော ချောင်းခွဲများတွင်သာ မောင်းရန်အသင့်တော်ဆုံးဖြစ်သည်။ ယခုကဲ့သို့ ရေထရက်လှိုင်းကြီးတတ်သောနေရာမျိုးကို မောင်းရမည့်အချိန်တွင် ဒီရေအတက်အကျကိုကြိုတွက်၍ ပဲ့ထောင်ကို ကျွမ်းကျင်စွာမောင်းတတ်ဖို့ရန်လို၏။

ဖရီဒါရုံးနှင့် မိန်းမလှကျွန်းကို (၀.၅၆) ကီလိုမီတာခန့်ကျယ်သော ရေပြင်တစ်ခု (ဘိုကလေးမြစ်) နှင့်ခြားထားသည်။ အနည်းငယ်ကျယ်ဝန်းသော ရေပြင်ဖြစ်လင့်ကစား ရုံးရှေ့မှလှမ်းကြည့်လိုက်လျှင် မိန်းမလှကျွန်းကို လှမ်းမြင်နိုင်၏။ ထိုရေပြင်သည် ပင်လယ်ဝနှင့် ကီလိုမီတာ (၂၀) ခန့်သာကွာဝေးပြီး ဒီရေအတက်အကျ အလွန်ပင်မြန်ဆန်ပေ၏။ ယခုမူကား နံနက်ခင်းဖြစ်၍ တောင်လေပြေလေးနှင့် ဒီရေအတက် ကြုံကြိုက်နေပြီး လှိုင်းကြပ်ခွပ်ကလေးများသာ ထလျက်ရှိနေ၏။ ရုံးရှေ့ ကွန်ကရစ်ဆိပ်ခံတံတားပေါ်ကနေ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့အားလုံး မဖြစ်မနေလိုက်နာရသည်မှာ အဆင်းအတက်ကိုသတိချပ်၍ ပဲ့ထောင်ပေါ်တွင် ငြိမ်ငြိမ်ထိုင်နေဖို့သာဖြစ်သည်။ ရေပြင်ကို ခြေ၊ လက်ထုတ်ကာ ကစားဖို့ စိတ်မကူးလေနှင့်။ မိန်းမလှကျွန်းနှင့် ဗြုံးမွှေးကျွန်းတစ်ဝိုက်သည် ရေဘုရင်မိကျောင်းများ ကြီးစိုးသောအရပ် ဖြစ်ပေသောကြောင့်တည်း။ ကျွန်ုပ်တို့အားလုံး အသင့်ဖြစ်လျှင် ပဲ့ထောင်မောင်းသည် မြစ်အောက်ဘက်ပိုင်းကို တစ်စောင်းအနေအထားဖြင့်စုန်ဆင်း၍ တစ်ဖက်ကမ်းသို့ ဖြတ်ကူး၏။ လျင်မြန်လှသော ပဲ့ထောင်၏အလျင်ကြောင့်လည်းကောင်း၊ လှိုင်းနှင့်လေ ငြိမ်သည်က တစ်ကြောင်းကြောင့် ခဏအကြာတွင် ကျွန်ုပ်တို့ပဲ့ထောင်ကလေးသည် မိန်းမလှကျွန်းထဲသို့ စတင်ဝင်ရောက်လေ၏။ ထိုစဉ် ကိုမျိုးမြင့်ဆီမှ သတိပေးစကားတချို့ကို ကြားရလေပြီ –

ကိုမျိုးမြင့်။ ။ ‘အခု မိန်းမလှကျွန်းထဲကို စဝင်နေပြီ။ ရေဆော့ဖို့ဆိုပြီး လက်တွေအပြင်မထုတ်ကြနဲ့။ ရေထဲလည်း မဆင်းမိစေနဲ့။ ဒီနေရာဟာ မိကျောင်းအတွေ့ရများတဲ့ ပိုးလောင်းလေးချောင်းဝပဲ။’
ကျွန်ုပ်။ ။ (အံ့ဩလျက်) ‘ဒါဆို အကိုရေ … ပဲ့ထောင်စက်ခဏရပ်ခိုင်းပါအုံးဗျာ။ သဘာဝအတိုင်း သွားလာလှုပ်ရှားနေတဲ့ မိကျောင်းကို ကျွန်တော်တွေ့ဖူးချင်လို့ပါ။ အခုက ဒီရေလည်းတက်နေတာဆိုတော့ ရေတက်လေးနဲ့ပဲ အလိုက်သင့်မျှောဝင်သွားကြတာပေါ့။’
ဤသည်မှာ ‘မိကျောင်းတွေများ ကမ်းမှာမေးတင်အိပ်ပျော်နေမလား၊ တစ်နေရာရာမှာများ ပေါ်နေမလား’ စသဖြင့် စူးစမ်းလိုစိတ်ကိုရှေ့တန်းတင်ပြီး ကိုမျိုးမြင့်အား ကျွန်ုပ်တောင်းဆိုလိုက်ခြင်းဖြစ်၏။
ကိုမျိုးမြင့်။ ။ ‘အေး … အဲ့တာဆို စက်ခဏရပ်တာပေါ့ကွာ။ အချိန်လည်း ရပါတယ်။’

သို့သော် ပဲ့ထောင်စက်ရပ်လိုက်သည်နှင့် ‘မိကျောင်းတွေ ပဲ့ထောင်ကို တိုက်မှောက်ကြလေမလား၊ ပဲ့ထောင်ပေါ်ကလူတွေကိုလည်း အမြီးနဲ့ပုတ်ချပြီး ကိုက်ဆွဲကုန်မလား’ ဟူသော အတွေးတို့သည် ကျွန်ုပ်ကိုယ်ပေါ်တွင် ကြက်သီးမွှေးညှင်းများ ထစေကုန်၏။ ပဲ့ထောင်ပေါ်တွင် လူ (၅) ယောက်ဖြစ်သော်လည်း အညာသားဆို၍ ကျွန်ုပ်တစ်ယောက်သာပါသည်။ ကျန် (၄) ယောက်မှာကား ဧရာဝတီတိုင်းသားများဖြစ်ကြပြီး ရေပြင်တွင် မိကျောင်းကို မကြာခဏတွေ့ဖူးကြ၍ ကြောက်စိတ်လည်း စိုးစဉ်းမျှရှိပုံမပေါ်ချေ။ တစ်ခါတစ်ရံတွင် ကြောက်စိတ်နှင့်လုပ်ရသည်ပင် အရသာတစ်ခုဖြစ်သောကြောင့် အခွင့်ကြုံခိုက်သည်လည်းဖြစ်၍ ကျွန်ုပ် ကြည့်ချင် မြင်ချင်မိပေ၏။

ပိုးလောင်းလေးချောင်းသည် မိန်းအလှကျွန်း၏ အနောက်ဘက်တွင်ရှိပြီး (၁၀) မီတာခန့်သာ ကျယ်ဝန်းသည်။ ဘေးဘက်ဝဲယာ တစ်ဖက်တစ်ချက်စီတွင် ကြီးမားသောလမုပင်များက ထူထပ်ရှုပ်ထွေးစွာပေါက်ရောက်နေပြီး ချောင်းအပေါ်တွင် အုပ်မိုးလျက်ရှိနေ၏။ ကျွန်ုပ်တို့ပဲ့ထောင်ကလေးသည် ဒီရေအတက်နှင့်အတူ ညင်သာစွာမျှောနေပြီး ကျွန်းကြီးတစ်ခုလုံးလည်း တိတ်ဆိတ်လျက်ရှိ၏။ လမုရွက်များတွင် တွဲလဲခိုနေသောရေစက်များ ရေပြင်ပေါ်ရိုက်ခတ်ပြီး ထွက်ပေါ်လာသော ပဲ့တင်သံများကလည်း ကျွန်ုပ်စိတ်ကို ခြောက်ခြားစေကုန်၏။ တစ်ချက်တစ်ချက်တွင် လမုသီးများကြွေကျ၍ အထိတ်တလန့်ပင်ဖြစ်ရ၏။ (၁၅) မိနစ်ခန့်ကြာသည်အထိ မိကျောင်းအရိပ်အယောင်ပင် မတွေ့ရသော်လည်း ကျွန်ုပ်စိတ်ထဲတွင်ကား ဟိုကပေါ်လာနိုး၊ ဒီကပေါ်လာနိုးဖြင့် တွေးပြီး စိတ်လှုပ်ရှားနေမိသည်မှာ ဆိုဖွယ်ရာမရှိတော့ချေ။ ထိုစဉ် လက်ကောက်ဝတ်ပမာဏခန့်ရှိသော တွားသွားသတ္တဝါတစ်ကောင်သည် ကမ်းနားမှ ကုန်းတွင်းပိုင်းသို့ လျင်မြန်စွာ တက်ပြေးလေ၏။

ကျွန်ုပ်။ ။ (အလန့်တကြားဖြင့်) ‘အကို … တွေ့လိုက်လားဗျ။ မိကျောင်းပေါက်လေးထင်တယ်။ ကုန်းပေါ်တက်ပြေးသွားတာ ကျွန်တော် အခုလေးတင် မြင်လိုက်ရတယ်။’
ကိုမျိုးမြင့်။ ။ (ရယ်လျက်) ‘မင်း … မြင်လိုက်တာ ဖွတ်ထင်ပါတယ်ကွာ။ ဒီကျွန်းပေါ်မှာက ဖွတ်တွေလည်းရှိတယ်ကွ။ အခုက မိုးရာသီဆိုတော့ ပလူလေးတွေ ထွက်ရှာစားတာ နေမှာပါ။ အကယ်လို့ မိကျောင်းပေါက်ဆိုရင်တော့ ရေထဲဆင်းပြေးသွားမှာပေါ့။ အခုဟာက ဖွတ်မို့လို့ ကုန်းပေါ်တက်ပြေးသွားတာပေါ့။’

ထို့နောက် ပဲ့ထောင်မောင်းဘက်သို့လှည့်၍ …
ကိုမျိုးမြင့်။ ။ ‘ကဲ … ရှေ့ဆက်ရအောင် ပဲ့ထောင်ပြန်မောင်းတော့ဟေ့။ တော်ကြာ ချိန်းထားတဲ့ ဝန်ထမ်းတွေနဲ့တွေ့ဖို့ နောက်ကျနေပါအုံးမယ်။’

ကျွန်းအတွင်းပိုင်းသည် ဝင်္ကပါကဲ့သို့ ရှုပ်ထွေးလှသည်။ အချို့နေရာများတွင် ကျဉ်းမြောင်းကောက်ကွေ့ပြီး နယ်မြေမကျွမ်းသည့် ပဲ့ထောင်သမားဆိုလျှင် ဘယ်နည်းနှင့်မျှ အဆင်မပြေနိုင်ပေ။ ပဲ့ထောင်မောင်းများအတွက် အရေးကြီးသောအချက်တစ်ချက်မှာ ‘ရေကျော်ပေါက်’ကို သိဖို့ရန်ဖြစ်သည်။ ‘ရေကျော်ပေါက်’ကို ကျွန်းတွင်းအဝင်အထွက်များသည့်လူများ ဖောက်လုပ်ထားကြပြီး ဒီရေတက်သည့်အခါတွင်သာ ပဲ့ထောင်သွားလာနိုင်သော ‘လူဖောက်လမ်း’ဟု ဆိုရပေမည်။ ရေကျသွားလျှင် ထိုလမ်းကို အသုံးပြု၍မရချေ။ တစ်နည်းအားဖြင့်ဆိုလျှင် ‘ရေကျော်’သည် ဖြတ်လမ်းဖြစ်ပြီး ပုံမှန်ရေလမ်းကြောင်းမှသွားသည်ထက် ခရီးပိုတွင်၏။ ရေတက်ကို ပဲ့ထောင်နှင့် မောင်းဝင်သည့်အခါတွင်လည်း လိုက်ပါစီးနင်းသူအားလုံး အမြဲအသိသတိရှိနေဖို့ လိုပေသည်။ ပထမတစ်ချက်သည် ရေကျချိန်ပေါ်နေသည့် လမုပင်အများစုသည် ရေတက်လာသည်နှင့် မြုပ်သွားပြီး အကိုင်းအချို့သည် ပဲ့ထောင်နှင့်မလွတ်ပေ။ တစ်ခါတစ်ရံ ပဲ့ထောင်ပေါ်ရှိလူကို မျက်စိ၊ မျက်နှာ ရိုက်မိတတ်သည်။ ဒုတိယအရေးအကြီးဆုံးအချက်ကား သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက စိုက်ထူထားသော မိကျောင်းအန္တရာယ် သတိပေးဆိုင်းဘုတ်ကို ကြည့်ဖို့ဖြစ်သည်။ မိန်းမလှကျွန်းပေါ်တွင် မိကျောင်းသိုက်နေရာမရွေးရှိနိုင်သည်။ ငှက်ကြီးတောင်ပင်ပေါသော ခြုံနေရာမျိုးကို အထူးသတိပြုပါ။ မိကျောင်းသိုက်ဝန်းကျင်တွင် မိကျောင်းအမ ရှိတတ်ပြီး အလွန်ပင်ရန်မူနေတတ်သည်။ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက သူတို့တွေ့ထားသော မိကျောင်းသိုက်အများစုကို သတိပေးဆိုင်းဘုတ် ထောင်ထားလေ့ရှိပြီး အခြားမတွေ့သေးသော အသိုက်များလည်း ရှိနိုင်သေး၏။

ကျွန်းအဝင်ဝမှသည် အတွင်းပိုင်းတစ်လျှောက်လုံး လမုပင် (Sonneratia caseolaris (L.) Engl.) များသာ ကြီးစိုးလျက်ရှိ၏။ ကြီးမားသောလမုနှင့် အခြားသစ်ငုတ်တိုများကို မြင်ရခြင်းဖြင့် လွန်ခဲသည့် နှစ်များစွာက မိန်းမလှကျွန်း ဒီရေတောအခြေအနေကို ခန့်မှန်းနိုင်၏။ ဇူလိုင်လရောက်ပြီဖြစ်၍ လမုပင်အများစုသည် အသီးများပြွတ်ခဲနေပြီး အချို့အပင်များတွင် အပွင့်များကို မြင်နိုင်သေး၏။ အပွင့်၏ ဝတ်ဆံဖိုတိုင် (filament) အရင်းပိုင်းသည် အနီရင့်ရောင်ရှိပြီး အဖျားပိုင်းသည် အဖြူရောင်ဖျော့ဖျော့ဖြစ်သည်။ ထူးခြားသည်မှာ လမုပွင့်တွင် ပွင့်ချပ် (petal) မပါရှိပါ။ ဝတ်ဆံဖိုအိတ် (anther) သည် အဝါရောင်ဖျော့ဖျော့ပင်ဖြစ်၍ အပွင့်ပွင့်လာသည့်အခါ အတွင်းပိုင်းပန်းနုရောင်ရှိသော ပွင့်ဖတ် (sepal) (၆) ခုသည် စင်္ကြာသဖွယ်ဖြစ်ကာ အလွန်လှပသောအဆင်းရှိ၏။ ထိုဆွဲဆောင်မှုရှိသော အဆင်းကြောင့်ပင် ညအချိန်တွင် လင်းနို့များ ဝတ်မှုန်ကူးပေးသည်ကို မကြာခဏဆိုသလိုပင် ဆရာဦးဝင်းမောင် ပြောပြဖူးသည်။

ပင်ထက်မျိုးပေါက်ခြင်း (viviparous) နှင့် တစ်ပိုင်းပင်ထက်မျိုးပေါက်ခြင်း (semi-viviparous) တို့သည် ဒီရေတောသစ်မျိုးများ၏ ထူးခြားသောဝိသေသများဖြစ်ပြီး လမုအုပ်စု (Sonneratiaceae) သည်ကား တစ်မူထူးစွာပင် အသီးကြွေကျပြီးမှသာ အစေ့မှအပင်ပေါက်သော အုပ်စုဖြစ်၏။ မြစ်ကမ်းတစ်လျှောက် လမုပင်များပတ်ပတ်လည်တွင် အစီအရီပေါ်ထွက်နေသော ကတော့ချွန်ပုံလေရှူမြစ် (Pneumatophores) များကလည်း အမြင်ဆန်းနေစေ၏။ လမုပင်များသည် နုန်းစိုမြေစေး (silty clay) တွင် ပေါက်ရောက်လေ့ရှိပြီး ကျွန်ုပ်တို့မောင်းဝင်နေသော ကျွန်းတစ်ခုလုံးတွင်လည်း ထိုမြေအမျိုးအစားကို နေရာအနှံ့တွင် တွေ့နိုင်၏။ အချို့ရင့်မှည့်နေသော လမုသီးများသည် ရေထဲသို့ကြွေကျနေပြီး ရေပြင်တွင်မျှောပါလျက်ရှိသည်ကို ကျွန်ုပ်တွေ့ရသည့်အခါ –
ကျွန်ုပ်။ ။ ‘အကို … လမုသီးတွေကို ဘယ်လိုစုရလဲဗျ။ အခု ကျွန်တော် ရေထဲမျှောနေတဲ့အသီးတွေ တွေ့နေလို့။ လိုက်ဆယ်ပြီးသာ စုနေရရင်တော့ အလုပ်ပိုရှုပ်တာပေါ့။ နောက် အသီး ရင့်မရင့် ဘယ်လိုသိနိုင်မလဲ အကို။’

ကိုမျိုးမြင့်။ ။ ‘အသီးရင့်မရင့်က ကြည့်တာနဲ့ သိသာပါတယ်ကွာ။ အသီးနဲ့ ပွင့်ဖတ်ကြားမှာ အဖြူရောင်အရစ်လေးပေါ်လာရင် ရင့်ပြီပဲ။ အခု ဇူလိုင်လလယ်ကနေ ဩဂုတ်လကုန်အထိ ဒီကာလတွေဟာ အသီးရင့်မှည့်ချိန်ဖြစ်သလို သစ်စေ့စုကာလလို့လည်း ပြောလို့ရတယ်။ ရင့်လာပြီဆိုတာနဲ့ လမုသီးအလုံးဟာ ပျော့ရွဲလာတယ်။ ပြီးတော့ ချဉ်စုတ်စုတ်အနံ့ထွက်လာတယ်။ နောက်တော့ ရေထဲပြုတ်ကျ၊ ရေထဲမှာပွလာပြီးတော့ သစ်စေ့တွေဟာ ကမ်းနားသင့်တော်ရာမှာ ပြန်ပေါက်ကြတာပါပဲ။ လမုသီးတစ်လုံးမှာ အစေ့တွေကများတော့ လတာပေါ်ကျသွားတဲ့အသီးဆိုရင် အပင်ပေါက်လာတဲ့အခါ အုပ်စုအလိုက်လေးပေါ့။ အသီးက ရင့်ရင်ကြွေတာဆိုတော့ မိခင်ပင်မှာသစ်စေ့စုတာက အကောင်းဆုံးပဲ။ တစ်ခါတစ်လေ အကိုတို့လည်း ရေထဲကဆယ်ယူပြီး စုလိုက်တာပါပဲကွာ။’

ကိုမျိုးမြင့်သည် WIF ဝန်ထမ်းဖြစ်သည့်အလျောက် မြစ်ဝကျွန်းပေါ်တစ်ခွင်တွင် ပေါက်ရောက်လေ့ရှိသော လမုအုပ်စု၊ သမဲ့အုပ်စု၊ ဗြူးဗိုင်းတောင့်၊ ရေခရား နှင့် ဗြူးရွှေဝါ တို့၏ စုဆောင်းရရှိနိုင်မည့်နေရာ၊ အသီးရင့်မှည့်ချိန်၊ အသီးဝယ်ယူရသည့်ဈေးနှုန်း၊ မည်သို့မည်ပုံစုဆောင်းပုံ၊ ပျိုးထောင်ပုံများကို အလွန်နှံ့စပ်သူဖြစ်၏။

ကျွန်းပေါ်ရှိ အလှအပများကိုခံစားလျက် သဘာဝပေါက်ပင်များကို မျက်ခြည်မပြတ်စောင့်ကြည့်လာရာ မကြာမြင့်သောအချိန်တွင် ကျွန်ုပ်တို့ပဲ့ထောင်ကလေးသည် မိကျောင်းခေါင်းပုတ်စခန်းသို့ ဆိုက်ရောက်လေ၏။ တာဝန်ခံတောအုပ်လည်း ကျွန်ုပ်တို့အလာကို အသင့်စောင့်ဆိုင်းလျက်ရှိသည်။ ထို့နောက် ကျွန်ုပ်တို့လူစုသည် နှစ်ပေါင်း (၅၀) နှင့်အထက် သဘာဝအတိုင်းရှိနေမည့်မြေသားကို စုဆောင်းဖို့လာကြောင့် ပြောပြသည့်အခါ စခန်းပတ်ဝန်းကျင်နေရာအများစုကို ဒီရေတောစိုက်ခင်းများ ထူထောင်ပြီးဖြစ်ကြောင်း တာဝန်ခံတောအုပ် ပြောပြချက်များအရ သိရ၏။ ထို့ကြောင့် ကျွန်ုပ်လည်း စိတ်ပျက်လက်ပျက်ဖြင့် –

ကျွန်ုပ်။ ။ ‘အကို … ဒီနေရာ မရှိရင်တော့ အခြားဘယ်နေရာမှာ ရှိနိုင်သေးလဲ။ ပြန်ရုံပဲလား။’
ကိုမျိုးမြင့်။ ။ ‘နောက်တစ်နေရာရှိပါသေးတယ်။ မျောက်တစ်ရာဘုရားဘက်ကို သွားကြမယ်။ ကျွန်းပေါ်ရောက်တုန်း ဘုရားလည်းဖူးရတာပေါ့။’

မိကျောင်းခေါင်းပုတ်စခန်းသည် မိန်းမလှကျွန်း၏ အထက်ပိုင်းတွင်ရှိပြီး မျောက်တစ်ရာသစ်တောစခန်းဆီသို့ သွားလိုလျှင် ကျွန်းအောက်ဖက်ကို စုန်ရမည်ဖြစ်သည်။ မျောက်တစ်ရာစခန်းသည် ကျွန်းအလယ်ပိုင်း အရှေ့ဘက်ခြမ်းတွင်ရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့လည်း တောအုပ်အားနှုတ်ဆက်ကာ မိကျောင်းခေါင်းပုတ်စခန်းမှထွက်ခွာရန် ကမ်းသို့ဆင်းကြ၏။ ထိုစဉ် တောင်လေသည် အအေးဓါတ်ကို ဦးစွာသယ်ဆောင်လာလျက် ရုတ်တရက်ပင် မိုးသည်းထန်စွာရွာသွန်းတော့သည်။ ပဲ့ထောင်တွင်ကား အမိုးအကာပါသည်ဖြစ်၍ မိုးတိတ်သည်အထိ စောင့်မနေတော့ဘဲ မျောက်တစ်ရာဘုရားဆီသို့သာ ဆက်လက်ခုတ်မောင်းကြ၏။ ကျွန်းအတွင်းပိုင်းသည် လှိုင်း၊ လေငြိမ်သောကြောင့် ပဲ့ထောင်မောင်းနေစဉ်မှာပင် နေ့လယ်စာစားရန် အဆင်ပြေသည်။ သို့ဖြစ်၍ ပဲ့ထောင်မောင်းမှလွဲပြီး ကျွန်ုပ်တို့ (၄) ယောက်သားတို့သည် ပဲ့ထောင်အတွင်းတွင် ထမင်းဝင်စားကြ၏။ အားလုံးစားသောက်ပြီးသည်နှင့် အပြင်ထွက်ကြည့်လိုက်သည့်အခါတွင် –

ကိုမျိုးမြင့်။ ။ (အလျင်တဆောဖြင့်) ‘ပဲ့ထောင်ကိုပြန်လှည့်ဟေ့။ ဟိုမှာတွေ့လား မိကျောင်းအန္တရာယ် သတိပေးဆိုင်းဘုတ်ကြီး။ ဒီနားတစ်ဝိုက်ဟာ အန္တရာယ်ရှိတယ်။ ဒီချောင်းကမောင်းရမှာလည်း မဟုတ်ဘူး။ ခဏကဖြတ်မောင်းလာတဲ့ ချောင်းမကြီးဆီကို ပြန်မောင်း။ အဲ့ချောင်းမကြီးကမှ ရောင်စုံရေကျော်ပေါက်ကိုဝင်ပြီး မျောက်တစ်ရာဘုရားဘက်ကို မောင်းရမှာ။’

ရောင်စုံရေကျော်မရောက်ခင်ချောင်းမကြီးသည် အရပ်လေးမျက်နှာမှချောင်းခွဲလေးများ စုဆုံသည့်နေရာဖြစ်ပြီး ကျွန်းအတွင်းသို့ ကြိမ်ဖန်များစွာရောက်ဖူးသူမှသာလျှင် ထိုနေရာမှ လိုရာခရီးကိုဆက်နိုင်၏။ ယခုကဲ့သို့ မျက်စိလည်ပြီး အခြားချောင်းတစ်ခုထဲသို့ မောင်းဝင်မိလျှင် မိကျောင်းအန္တရာယ်နှင့် ကြုံရနိုင်သည်။ ကျွန်းအတွင်း ရေလမ်းကျွမ်းကျင်ပြီး ပတ်ဝန်းကျင်လေ့လာမှုအားကောင်းသော ကိုမျိုးမြင့်ပါ၍သာ ကံကောင်းသွားသည်ဟု ကျွန်ုပ်စိတ်ထဲတွင် ဘုရားတနေမိ၏။

ကျွန်ုပ်တို့လူစု မျောက်တစ်ရာစခန်းသို့ ဆိုက်ရောက်သည့်အခါ မိုးတိတ်သွားလေပြီ။ ဆိပ်ကမ်းသို့ကပ်သည်နှင့် သစ်တောဌာနမှ သေသပ်စွာဆောက်လုပ်ထားသော ရှင်းလင်းဆောင်လေးကို မြင်တွေ့ရပေသည်။ ဘုန်းကြီးကျောင်းသို့ သွားရာလမ်းကို စနစ်တကျဖောက်လုပ်ထားကာ ဘေးဝဲယာတွင် ဗြူးရွှေဝါပင်များကို စိုက်ပျိုးထားသည်။ အတန်ငယ်လမ်းလျှောက်သွားမိသောအခါ ဘုရားဆင်းတုတော်တစ်ဆူကို အရင်ဆုံးဖူးတွေ့ရပြီး ဆင်းတုတော်ပေါ်ရှိ ရေညှိ၊ ရေမှော်များသည် ရှေးဟောင်းအသွင်ကို ဆောင်လျက်ရှိစေ၏။ ကျွန်ုပ်လည်း ရှေ့သို့အနည်းငယ် လှမ်းမျှော်ကြည့်လိုက်ခြင်းဖြင့် ဘုရားဆင်းတုများအား အကွာအဝေးတူညီစွာ ကိုးကွယ်ထားကြောင်း သတိထားမိ၏။

ရှေ့ဆက်လျှောက်လျှင် ဘုန်းကြီးကျောင်းပရဝုဏ်အတွင်းသို့ ရောက်ရှိသွားပြီး ရွှေပြောင်ပြောင် မျောက်တစ်ရာသိဒ္ဓိရှင်အောင်စေတီကို ဦးခိုက်ကြည်ညိုနိုင်သည်။ ဦးရှင်ကြီးနတ်နန်းကိုလည်း ဘုန်းတော်ကြီးကျောင်းနှင့် စေတီကြားတွင် တည်ဆောက်ကိုးကွယ်ထား၏။ ကျောင်းတောင်ဘက်တွင် ကြာဖူးကြာငုံများနှင့် လှပတင့်တယ်နေသော ရေကန်လည်းရှိသည်။ မျောက်ရုပ်သည် မျောက်တစ်ရာဘုရား၏ သင်္ကေတဖြစ်ပြီး စေတီခြေရင်းတွင် မျောက်ရုပ်ကိုတွေ့နိုင်၏။

မျောက်တစ်ရာဘုရားသည် မိန်းမလှကျွန်းပေါ်ရှိ တန်ခိုးကြီးရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ ကျွန်းပေါ်သို့ရောက်ဖြစ်လျှင် မဖြစ်မနေသွားရောက်ဖူးမျှော်ထိုက်သောဘုရားဟု ဆိုရပေမည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ကျွန်းပေါ်လူသူအရောက်အပေါက် နည်းပါးသည့်အချိန်တွင် တောရဆရာတော်တစ်ပါးသည် အလွန်တန်ခိုးကြီးပြီး ဖူးထိုက်သူမှသာလျှင် ဆရာတော်ကိုဖူးရသည်ဟု အဆိုရှိ၏။

တစ်ရံရောအခါ မုဆိုးတစ်ယောက်သည် မျက်စိလည်လမ်းမှားပြီး ဆရာတော်ကျောင်းကို ရောက်ရှိသွား၏။ ထိုကျောင်းတွင် မျောက်အများအပြားကိုတွေ့ရ၍ ရေတွက်လိုက်သည့်အခါ အကောင် (၁၀၀) ဖြစ်ပြီး နောက်ပြန်ရေတွက်ကြည့်လျှင် ထူးဆန်းစွာပင် တစ်ကောင်လျော့ဖြင့် (၉၉) ကောင်သာ ရှိနေသည်ဆို၏။ မုဆိုးလည်း ဆရာတော်လမ်းညွှန်သည့်အတိုင်း ပြန်လာသည့်အခါ ကမ်းနားပြန်ရောက်ပြီး ထိုအကြောင်းကို တစ်ရွာလုံးအား ပြောပြ၏။ ထို့နောက် ရွာသူရွာသားများနှင့် တစ်ကျော့ပြန်လာရာ ဆရာတော်ကျောင်းကို မဖူးတွေ့ရတော့သည့် ဒဏ္ဍရီဆန်ဆန်စိတ်ဝင်စားဖွယ် အဖြစ်အပျက်များလည်းရှိသည်။

ထိုဆရာတော်၏တောရကျောင်းကို အဓိဌာန်ရည်မှန်းပြီး ကျုံတုံးခရိုင်မြို့စားမင်း ဗညားဇေယျသည် မျောက်တစ်ရာဘုရားကို တည်ထားကိုးကွယ်ခဲ့သည်ဟု သမိုင်းအထောက်အထားရှိ၏။ ထို့နောက် ဝန်ကြီးချုပ်ဦးနုသည် ၁၉၅၅-၅၆ ခုနှစ်တွင် ကျွန်းပေါ်တွင်သီတင်းသုံးလျက်ရှိသည့် ဆရာတော်ဦးအာစရ၏ လမ်းညွှန်မှုဖြင့် ယိုယွင်းနေသည့်စေတီတော်ကို အသစ်တစ်ဖန်မွန်းမံတည်ဆောက်ခဲ့၏။ ကျွန်ုပ်ရောက်ရှိချိန်တွင် နှစ်ပေါင်း (၆၀) ဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် စေတီအချို့နေရာများတွင် အက်ကွဲလျက်ရှိကုန်၏။ မုခ် (၄) မုခ်ရှိ လှေကားများမှ စေတီရင်ပြင်တော်ပေါ်တက်၍ ဖူးမျှော်ကြည်ညိုနိုင်ပြီး ရင်ပြင်အောက်ပိုင်း နေ့နံထော့င်တိုင်းတွင် လှိုဏ် (၁၆) ခုရှိ၏။ ထိုလှိုဏ်များတွင်လည်း ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် တရားအားထုတ်ခဲ့ဖူးသည် ဆို၏။

ယခုမူကား လှိုဏ်အချို့တွင် အက်ကွဲကာ ကွန်ကရစ်သံချောင်းများပေါ်နေပြီး လင်းနို့များပင် ချိတ်ဆွဲလျက်ရှိကုန်၏။ မျောက်တစ်ရာဘုရားတည်ရာသည် အေးချမ်းသည်။ လှိုဏ်ထဲတွင် ဝန်ကြီးချုပ်ဦးနု ပုတီးစိပ်ပြီး တရားအားထုတ်နေမည့်ပုံကို စိတ်ကူးဖြင့်မှန်းကြည့်ရသည်မှာလည်း ရသတစ်မျိုးပင်ဖြစ်သည်။ ဘုရားကျောင်းပရဝုဏ်တစ်ဝိုက်သည် သာသနာ့နယ်မြေဖြစ်သည့်အလျောက် လွန်ခဲ့သည့် နှစ်များစွာကတည်းကပင် သဘာဝအတိုင်းတည်ရှိနေသော ကျွန်းမြေဟု ယူဆရပေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့လည်း စေတီနှင့်မနီးမဝေး သဘာဝတောထဲသို့ဝင်၍ မြေသားစုဆောင်းခဲ့၏။

ဘုရားဖူး မြေစုပြီး ကျွန်ုပ်တို့ ကျွန်းအတွင်းပိုင်းမှပြန်ထွက်လာရာတွင် အဝင်ပိုးလောင်းလေးချောင်းသို့ မသွားတော့ဘဲ ကျွန်းအောက်ပိုင်းရှိ သပြေချောင်းဘက်ကို စုန်မောင်းလာ၏။ ပိုးလောင်းလေးချောင်းနှင့် သပြေချောင်းတို့သည် အဖျားဆက်လျက်ရှိပြီး မိကျောင်း မကြာခဏတွေ့ရလေ့ရှိသည့် နေရများဖြစ်ပေသည်။ သပြေချောင်းမှ မထွက်ခင်အထိ ကျွန်းအတွင်းပိုင်းသည် လှိုင်းငြိမ်နေဆဲဖြစ်၏။ သို့သော် သပြေချောင်းအတွင်းမှ ဘိုကလေးမြစ်ကို စထွက်လိုက်သောအခါ ကျွန်ုပ် အထိတ်တလန့်ဖြစ်ရတော့သည်။ အကြောင်းကား နေ့လယ် (၁) နာရီ ရေပြန်ကျနေပြီး ပင်လယ်ဘက်မှတိုက်ခတ်လာသော လေနှင့်ပေါင်းဆုံကာ ရေပြင်သည် လှိုင်းကြမ်းလျက်ရှိ၏။ ပဲ့ထောင်မောင်းလည်း ကမ်းနားသီ၍ မောင်းနှင်ဖို့ကြိုးစားသေး၏။

သို့ပါသော်လည်း လှိုင်းဒဏ်ကြောင့် ပဲ့ထောင်သည် ဆောက်တည်ခြင်းငှာမစွမ်းသာဘဲ မိန်းမလှကျွန်း ချောင်းခွဲထဲပြန်ဝင်၍ ရေပြန်အတက်ကိုသာ စောင့်နေကြရသည်။ ယခုကဲ့သို့ကြုံကြိုက်လိုက်သည့်အတွက် ဆရာဦးဝင်းမောင် ပြောဖူးသည့် ‘တောင်လေရေကျ သွားမစနဲ့’ ဟူသော အဓိပ္ပာယ်ကို ကျွန်ုပ် သဘောပေါက်တော့၏။ ရေပြန်ကျသည့်အခါ ဘိုကလေးမြစ်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် တဟုန်ထိုးစီးဆင်းသည်။ ထိုအရှိန်ကို ပင်လယ်ဘက်မှ ကုန်းတွင်းပိုင်းသို့ ပင့်တိုက်သော တောင်လေနှင့် ထိပ်တိုက်တွေ့သောအခါ ကြီးမားသော လှိုင်းများဖြစ်ပေါ်ပြီး အလွန်အန္တရာယ်ရှိသည်။ ကျွန်ုပ်တို့ပဲ့ထောင်ကဲ့သို့ သေးလျှင် ဖြတ်မောင်းဖို့မဖြစ်နိုင်ပါ။ ပဲ့ထောင်ကြီးဖြစ်လင့်ကစား လှိုင်းကို သတိကြီးစွာထားပြီး ကျွမ်းကျင်စွာ မောင်းတတ်ဖို့လိုသည်။ မဟုတ်လျှင် ‘လှိုင်းကြီးလှေအောက်’ ဟူသော ဆိုရိုးစကားကိုဆန့်ကျင်လျက် လှိုင်းအောက်တွင် ပဲ့ထောင် မြုပ်သွားမည်သာ ဖြစ်သည်။ ချောင်းခွဲထဲတွင် ဒီရေလှိုင်းအငြိမ်ကို စောင့်ဆိုင်းနေကြစဉ် ကျွန်ုပ်ကျွန်းပေါ်လှမ်းကြည့်ရာ ဗြူးဗိုင်းတောင့်ပင်ကို ရှားရှားပါးပါးတွေ့ရသည်။ အသီးများပင် ရင်မှည့်လျက်ရှိ၏။ ဗြူးဗိုင်းတောင့်သစ်မျိုးသည် costal ဒေသတွင် တွေ့ဖို့အလွန်ခဲယဉ်းပြီး delta site တွင်သာ ပေါပေါများများတွေ့နိုင်သည်။

နောက် (၂) နာရီဝန်းကျင် စောင့်ဆိုင်းပြီးသောအခါ လှိုင်းငြိမ်စပြုလာပြီဖြစ်သည်။ အကြောင်းမှာ ပင်လယ်ဘက်မှ ဒီရေစတက်လာပြီဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဘိုကလေးမြစ်ကိုဖြတ်တက်ပြီး ဗြုံးမွှေးကျွန်းပေါ်ရှိ ဖရီဒါရုံးသို့ ချောမောစွာပြန်ရောက်လေ၏။ ကျွန်ုပ်တို့ ရုံးသို့ပြန်ရောက်ချိန်သည် ညနေပိုင်းစောသေးသည်ဖြစ်၍ –
ကိုမျိုးမြင့်။ ။ (ကျွန်ုပ်အား) ‘အခု အချိန်ရှိပါသေးတယ်။ မင်းလည်းရောက်တုန်းမို့ ဗြုံးမွှေးကျွန်း သစ်တောစခန်းကို သွားလည်ရအောင်။ နောက်တစ်ခါလာဖို့ဆိုတာ မလွယ်လှဘူး။ လက်ရှိ အကိုတို့ရုံးနဲ့လည်း နီးပါတယ်။’

အပေါ်စီးမှကြည့်လျှင် ဖရီဒါရုံးနှင့် သစ်တောရုံးသည် ဗြုံးမွှေးကျွန်းပေါ်တွင် ကျောချင်းကပ်လျက်ရှိ၏။ ဖရီဒါရုံးဘက်မှသွားလျှင် ဘိုကလေးမြစ်ကို အနည်းငယ်ဆန်တက်ပြီး ဗြုံးမွှေးကျွန်းထိပ်ကို ပတ်မောင်းရသည်။ ဗြုံးမွှေးကျွန်းသစ်တောရုံးတွင် ခိုင်ခန့်လှသော cyclone shelter ရှိသည်။ ထို့အပြင် သစ်မျိုးစုံလင်သော ဒီရေတောပျိုးဥယျာဉ်သည်လည်း စိမ်းစိုလှပလျက်ရှိ၏။ ပို၍ထူးခြားသည်ကား ရုံးနောက်ကျောဘက် ဒီရေတောထဲသို့ လူလျှောက်တံတားလေးတစ်စင်း ဆောက်လုပ်ထားသောကြောင့် မြစ်ဝကျွန်းပေါ် ဒီရေတောသစ်မျိုးပေါင်းများစွာကို လေ့လာနိုင်မည်ဖြစ်သည်။ ကျွန်ုတို့လည်း ရုံးတစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုပြီးသည်နှင့် ဖရီဒါရုံးသို့ပြန်လာခဲ့ကြ၏။ ရုံးသို့ပြန်ရောက်လျှင် စုဆောင်းလိုသော မြေသားနမူနာများလည်းရပြီဖြစ်သောကြောင့် ပဲ့ထောင်မောင်းနှင့် ဝန်ထမ်းနှစ်ယောက်တို့သည် ထောင်ကြီးတန်းသို့ စုန်မောင်းသွားကြလေ၏။

ဖရီဒါရုံးတွင် ကိုမျိုးမြင့်၊ ကျွန်ုပ်နှင့် ရုံးဝန်ထမ်းတစ်ဦးသာ ကျန်ရစ်သည်။ ရေမိုးချိုးပြီး ထမင်းစားသောက်ပြီးသောအခါ ရှေးဟောင်းနှောင်းဖြစ်များပြောပြီး ည (၉) နာရီတွင် အိပ်ယာဝင်ကြ၏။ ကိုမျိုးမြင့်နှင့် ကျွန်ုပ်သည် မျက်နှာချင်းဆိုင်အနေအထားရှိသော ကုတင်တစ်လုံးစီဖြင့် ဖရီဒါရုံးပေါ်တွင် အိပ်သည်။ ရုံးဝန်ထမ်းကား နောက်ဖေးဘက်တွင် သီးသန့်ဆောက်လုပ်ထားသော အဆောင်တွင်အိပ်သည်။ အရင်ညများတွင်ကား ဖရီဒါရုံးပေါ်တွင် ညနေခင်းကပြန်သွားကြသည့် ယောက်ျားဘသား (၃) ယောက်ပါ စုအိပ်ကြသည်ဖြစ်၍ ကျွန်ုပ်ဘာမှလည်းမတွေးမိ နှစ်ခြိုက်စွာအိပ်ပျော်၏။ ယခုမူကား နှစ်ယောက်တည်းအိပ်ရသည့်အတွက်ကြောင့် ကျွန်ုပ်စိတ်သည် ဆောက်တည်ရာမရဘဲ ကစဉ်ကလျားဖြင့် တွေးမိတွေးရာ တွေးနေမိ၏။ ထိုစဉ် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် နာဂစ်မုန်တိုင်းဖြစ်ခဲ့ရကား ကျွန်းပေါ်အလောင်းများပြန့်ကျဲနေမည့်မြင်ကွင်းအတွေးသည် ကျွန်ုပ်အား အစွမ်းကုန်နှိပ်စက်လျက်ရှိကြကုန်၏။ ကျွန်ုပ် ဇောချွေးများပင် ပြန်လေပြီ။ ခေါင်းရင်းရှိပြတင်းပေါက်မှန်ချပ်ကို ဖြတ်ကျော်ကြည့်လိုက်သောအခါ လေပြေကြောင့် ယိမ်းနွဲ့နေသော လမုပင်နှင့် အိပ်မသွယ်ပင်အရိပ်များကလည်း ကျွန်ုပ်ကြောက်စိတ်ကို ဩဘာပေး၍သာ နေကြကုန်၏။

ကျွန်ုပ်မည်သို့မျှအိပ်မပျော်နိုင်၊ ကုတင်ပေါ်ငုတ်တုတ်ထိုင်ပြီး မတွေးမိအောင်ထိန်းပါသော်လည်း မရှုမလှဖွယ်မြင်ကွင်းတို့သည်သာလျှင် လွှမ်းမိုးလျက်ရှိကုန်၏။ ည (၁၁) နာရီခွဲ ကျော်သည်အထိပင်။ သို့သော် သန်းခေါင်ကျော်ညဥ့်နက်လာသောအခါ နေ့လယ်ကပင်ပန်းထားသည့်အတွက်ကြောင့် ကြောက်စိတ်ကိုအံတုလျက် ငိုက်မြည်းစပြုလာ၏။ ထိုသို့ အိပ်ပျော်တော့မည့်ဆဲဆဲတွင် ကျွန်ုပ်ညာဘက်ခြောက်ထောက်အား အကောင်တစ်ကောင်ကိုက်နေသည်ကို ခံစားမိလေ၏။ ကျွန်ုပ်လည်း ခေါင်းရင်းရှိ ဟန်းဖုန်းအား အမြန်ဆွဲယူ၍ မီးထွန်းကြည့်လိုက်သောအခါ အလျားတစ်ထွာ၊ လုံးပတ်လက်မခန့်ရှိသော ကင်းခြေများတစ်ကောင်ကို ထင်ရှားစွာမြင်လိုက်ရ၏။ ထို့နောက် ကျွန်ုပ် ကုတင်ပေါ်မှ ထိတ်ထိတ်ပျာပျာဆင်းပြေးကာ ဘေးဘက်ကုတင်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကိုမျိုးမြင့်အား နိုးရတော့သည်။

ကျွန်ုပ်။ ။ (လေသံတိုးတိုးဖြင့်) ‘အကို … အကို … အကို … ထပါအုံးဗျာ။’
ကိုမျိုးမြင့်။ ။ (အိပ်ချင်မူးတူးဖြင့်) ‘ဟေ … ဘာဖြစ်တာလဲ။ အချိန်မတော်ကြီးပါလား။’
ကျွန်ုပ်။ ။ ‘ကျွန်တော့်ခြင်ထောင်ထဲ ကင်းခြေများဝင်လာပြီး ညာဘက်ခြေသလုံးကို ကိုက်သွားလို့ဗျ။ ဖုန်းမီးနဲ့ထွန်းလိုက်တာ မြင်လိုက်ရတယ်။ အခု အိပ်ယာထဲမှာပဲရှိသေးတယ် ထင်တယ်။’

ကိုမျိုးမြင့်။ ။ ‘အဲ့တာဆို အိပ်ယာခင်းကို အပြင်ကို မထုတ်ပြီး သွားခါရအောင်။’
နှစ်ယောက်သားပြောပြောဆိုဆိုနှင့် အိပ်ယာခင်းကို အသာအယာမကာ မျက်နှာစာကြမ်းပြင်တွင် ခါထုတ်ကြ၏။ ထိုအချိန်တွင် ကင်းခြေများကို မတွေ့ရတော့ချေ။

ကိုမျိုးမြင့်။ ။ ‘မရှိတော့ပါဘူးကွာ။ ဘယ်ပြေးသွားမှန်းမသိပါဘူး။ ကဲ … သွားအိပ်ကြစို့။ မနက်လည်း ရန်ကုန်ကို ခရီးဆက်ရအုံးမှာ။’
ကျွန်ုပ်လည်း ကြောက်ကြောက်နှင့် ပြန်အိပ်ဖို့ ခြင်ထောင်ကိုမလိုက်စဉ် ကင်းခြေများသည် အိပ်ယာထဲမှ တစ်ဖန်ထွက်ပေါ်လာလေ၏။
ကျွန်ုပ်။ ။ ‘ဟာ … အကိုရေ … ကင်းက ဒီမှာမထွက်သေးဘူးဗျ။’
ငိုအားထက် ရယ်အားသန်ဖြစ်ကာ နှစ်ဦးသား ဝိုင်းရိုက်ကြသော်လည်း မမိလိုက်ဘဲ ကင်းကား အခန်းအမှောင်ထဲတွင် ရုတ်ချည်းပျောက်ကွယ်သွားလေ၏။

ကိုမျိုးမြင့်။ ။ ‘လာကွာ … ဟိုဘက်အခန်းမှာပဲ သွားအိပ်ကြရအောင်။ ခြင်ထောင်တွေဖြုတ်ခဲ့လိုက်။’
နဂိုကတည်းကပင်တွေးကြောက်နေသော ကျွန်ုပ်အဖို့ သံသယတို့သည် တစ်စထက်တစ်စ တိုး၍သာလာကုန်၏။ သို့ပါသော်လည်း ခဏအကြာတွင်ကား အိပ်ပျော်ခြင်းသို့ရောက်လေ၏။
နောက်နေ့နံနက်ရောက်သောအခါ –

ကိုမျိုးမြင့်။ ။ ‘ကျော်မျိုးလွင်ရေ … ထတော့ဟေ့၊ မနက် (၆) နာရီထိုးနေပြီ။ (၇) နာရီခွဲဆိုရင် ငါးပုတ်သင်တန်းဆိပ်ကမ်းကို ရှပ်ပြေးဆိုက်လာတော့မှာ။’

ကျွန်ုပ်။ ။ ‘ဟုတ် … ဟုတ် … အကို။’
ကျွန်ုပ်လည်း စိတ်ထဲတအုံ့နွေးနွေးဖြစ်နေသည်နှင့် မနေ့ညကဖြစ်ပျက်ခဲ့သမျှကို ရုံးဝန်ထမ်းအား ပြောပြလိုက်သောအခါ တသောသောရယ်မောလျက် –

ရုံးဝန်ထမ်း။ ။ ‘တွေးပြီးကြောက်တတ်ရန်ကော ကိုယ့်ဆရာရယ်။ ဘေးပတ်ပတ်လည်က တောနဲ့နီးနေတော့ ရေအတက်ဆိုရင် တောထဲမှာရှိတဲ့ မြွေ၊ ကြွက်၊ ကင်းတို့ဆိုတာ ရုံးပေါ်တက်လာတတ်တယ်။ အဲ့တော့ ညအိပ်တဲ့အခါ ခြင်ထောင်စကို မဟမိစေနဲ့ အိပ်ယာခင်းအောက်ကိုဖိထားမှ ပိုစိတ်ချရတယ်။ ညကခြင်ထောင်စလွှတ်ပြီး ကင်းဝင်လာတာဖြစ်မှာပါ။ ဖြစ်တတ်ပါတယ်။’
ထိုသို့ယုတ်တိတန်သောဖြေရှင်းချက်မျိုးကို ကြားရပြီးမှသာလျှင် ကျွန်ုပ်လည်း သံသယတို့ရှင်းပြီး စိတ်ထဲပေါ့ပါးသွားတော့၏။
ရုံးဝန်ထမ်း။ ။ ‘ဒါနဲ့ ကိုမျိုးရေ … ရှပ်ပြေးမလာခင်လေး ကိုယ်တော်ကြီး (ရေငန်ပိုင်ဦးရှင်ကြီး) ကို ပူဇော်ပသပေးခဲ့ပါအုံး။ စားသောက်ဖွယ်ရာများလည်း အသင့်ဖြစ်နေပါပြီ။’

ကိုမျိုးမြင့်။ ။ ‘ကဲ … ဒါဆို တင်မြှောက်ရအောင် သွားကြစို့။’

ရုံးရှေ့မျက်နှာစာတွင် ယာယီစင်လေးတစ်ခုဆောက်လုပ်၍ အမွှေးတိုင်များလှိုင်နေအောင်ထွန်းကာ ရွတ်ဖတ်ပူဇော်မှုပြု၏။ ခဲဘွယ်များမှာ ကောက်ညှင်း၊ အုန်း၊ ထန်းလျက်၊ ငှက်ပျော၊ လက်ဖက်နှင့် ကွမ်းယာပါမကျန် စုံလင်လှပေသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ တစ်မူထူးခြားသော နတ်ကိုးကွယ်မှုဖြစ်သည်။ ကျွန်ုပ်တို့အညာဒေသတွင် ရွာတော်ရှင်၊ နယ်တော်ရှင်များကို ပူဇော်ပသမှုများနှင့် အတူတူပင်ဖြစ်ပြီး စီးပွားလာဘ်လာဘ ကြည့်ရှုစောင်မပေးဖို့ ဆုတောင်းကြ၏။ နယ်မြေဒေသကျွမ်းကျင်ရုံမျှမက ဘာသာရေးပိုင်းတွင်လည်း ပိုင်နိုင်လှသော ကိုမျိုးမြင့်အား ဤတစ်ကြိမ်တွင်လည်း ကျွန်ုပ်စိတ်ထဲက ချီးကျူးမိပြန်၏။ ရေငန်တစ်ကျောအပိုင်စားသော ဦးရှင်ကြီးအား ပူဇော်ပသပြီးသောအခါ ရုံးပဲ့ထောင်ဖြင့် မြစ်အထက်သို့ အနည်းငယ်ဆန်တက်ပြီး ငါးပုတ်သင်တန်းကျေးရွာကို သွားရောက်ကြ၏။ ထို

ဆိပ်ကမ်းမှ ရှပ်ပြေးကိုစောင့်စီးကြရန်ဖြစ်သည်။ ရှပ်ပြေးဆိုသည်မှာ ထိုဒေသအခေါ်ဖြစ်ပြီး သင်္ဘောပင်ဖြစ်သည်။ ရွာဆိပ်တွင်လည်း ကွန်ကရစ်ဆိပ်ခံတံတားတစ်ခုကို သေသပ်စွာဆောက်လုပ်ထားပြီး ‘မိကျောင်းအန္တရာယ်ရှိသည်။ ရေထဲမဆင်းရ။’ ဆိုသော ဆိုင်းဘုတ်ကို အထင်အရှားတွေ့မြင်ရ၏။ ဆိုင်းဘုတ်ရှိသော်လည်း ရွာသူရွာသားများမှာ သတိမမူဘဲ တံတားလျှောတွင် ရေချိုးနေကြသည်။ မိုးရာသီဖြစ်သောကြောင့် အငန်နှုန်းသည် သိသိသာသာကျလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသ၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ထိုဆိပ်တွင် မိကျောင်းသည် မကြာခဏဆိုသလိုပင် ခွေး၊ ဝက် တို့ကို ကမ်းပေါ်တက်ဆွဲလေ့ရှိသော်လည်း ရွာသူ/သားများမှာ အနည်းငယ်မျှ ကြောက်ပုံမပေါ်ချေ။ တစ်ခါတစ်ရံတွင် လူလည်း အဆွဲခံရသည် ဆို၏။

ငါးပုတ်သင်တန်းရွာဆိပ်အနီးတွင် ဘိုကလေးမြစ်သည် ဗြုံးမွှေးကျွန်းကို ဦးတိုက်ပြီး နှစ်မွှာကွဲသွားသည်။ တောင်အရပ်သို့မျက်နှာမူပြီးပြောပြရလျှင် ညာဘက်ပိုင်းတွင် သစ်တောရုံးရှိပြီး ဘယ်ဘက်ပိုင်းတွင် ကျွန်ုပ်တို့ညအိပ်တည်းခိုခဲ့သော ဖရီးဒါရုံးရှိသည်။ ရှပ်ပြေးသည် ကဒုံကနိမှ နံနက် (၆) နာရီခွဲတွင် အချိန်မှန်ထွက်လာလေ့ရှိပြီး သစ်တောရုံးရှိသည့် ရေကြောဘက်က မောင်းနှင်လာသည်။ ရထား ဘူတာတွင် ခဏရပ်သကဲ့သို့ပင် ရှပ်ပြေးလည်း ငါးပုတ်သင်တန်းဆိပ်ကမ်းသို့ ညင်သာစွာဆိုက်ကပ်လာပြီး ဘိုကလေးသို့သွားရောက်ကြမည့် ခရီးသည်များ တက်ရောက်ပြီးသည်နှင့် ကမ်းမှခွာလေ၏။ ကျွန်ုပ်စိတ်ထဲတွင် ရှပ်ပြေးသည် အနည်းငယ်နှေးသည်ထင်၍ –

ကျွန်ုပ်။ ။ ‘အကို … ရှပ်ပြေးကလည်း နှေးလှချည်လားဗျာ။ မစီးခင်တုန်းကတော့ ရှပ်ပြေးဆိုတဲ့အလိုက် အလွန်မြန်မယ်ထင်ထားတာ။’
ကိုမျိုးမြင့်။ ။ ‘ဒီလောက်အလျင်လည်း မဆိုးပါဘူးကွ၊ မြန်ပါတယ်။ အရင်က ဒီထက်ပိုမြန်တယ်။ မောင်းလို့လည်းရတယ်။ ဒါပေမဲ့ကွာ ကြည့်ပါလား မြစ်ကကျဉ်း၊ ရေယာဉ်ကကြီးတော့ မြန်မြန်မောင်းလိုက်ရင် လှိုင်းတွေတအားထပြီး ကမ်းနားမှာကပ်ချည်းထားတဲ့ ပဲ့ထောင်ကြိုးတွေပြတ်ထွက်ကုန်တာ။ အဲ့တာကို ရွာသားတွေက ဝိုင်းတိုင်ထားလို့ အခုလို အရှိန်လျော့မောင်းနေတာပါ။’

သင်္ဘောသည် တရွေ့ရွေ့ဖြင့် အထက်ပိုင်းဘိုကလေးမြို့ရှိရာသို့ ဆန်တက်နေစဉ်တွင် မိန်းမလှကျွန်း ဒီရေတောအခြေအနေကို ရှုစားနိုင်၏။ မိန်းမလှကျွန်းအထက်တွင် ကျွန်းညိုကြီးကျွန်းရှိသည်။ ရေငန်ပိုင်ဦးရှင်ကြီးသမိုင်းသည် ကျွန်းညိုကြီးကျွန်းတွင် ဖြစ်ပျက်ခဲ့ပြီး သင်္ဘောပေါ်မှတစ်ဆင့် လှမ်းမြင်နိုင်၏။ လွန်လေပြီးခဲ့သောနှစ်များတွင် စောင်းသမားလေးမောင်ရှင်နှင့်အဖွဲ့ ထင်းခုတ်သွားကြပုံများ၊ သားရဲများပြည့်နှက်နေမည့် ထူထပ်နက်နဲသော ဒီရေတောကြီးများ၊ မိကျောင်းများ စသဖြင့် တွေးကြည့်လျှင် လွမ်းမောစရာကောင်းလှပေ၏။ ကျွန်းညိုကြီးကျွန်းအလယ်ပိုင်းရောက်သောအခါ ဆရာဦးဝင်းမောင် ပြောဖူးသည့် ဟာသတစ်ခုကို ကျွန်ုပ်ရုတ်တရက် သတိရမိပြန်သည်။

မှတ်မှတ်ရရ ကျွန်ုပ် WIF တွင် အလုပ်လုပ်ခဲ့စဉ်က တစ်ညနေခင်းတွင် ဆရာပြောပြသည်မှာ –

‘မြန်မာပြည်မှာ ကျွန်းပိုင်တာဆိုလို့ နှစ်ယောက်ပဲရှိတယ်။ အဲ့တာ ဘယ်သူတွေလည်းဆိုရင်တော့ ဦးရှင်ကြီးနဲ့ မင်းတို့ရဲ့ဆရာ ဦးဝင်းစိန်နိုင်ပဲ … ဟား … ။’
ဆရာဦးဝင်းစိန်နိုင်သည် Mangrove Service Network (MSN) အဖွဲ့အစည်း၏ လက်ရှိဥက္ကဌ (Chairman) ဖြစ်ပြီး ပုဂ္ဂလိကတစ်ဦးထံမှ ကျွန်းမြေအသေးစားတစ်ခုကို အဖွဲ့အစည်းပိုင် ဝယ်ယူထားသည်။ ထိုကျွန်းလေးကို MSN ကျွန်းဟုပင် အမည်ပေးထားပြီး Google map တွင်လည်း တိုက်ရိုက်ရှာတွေ့နိုင်၏။ MSN ကျွန်းသည် ကျွန်ုပ်အလွန်သွားရောက်လိုသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြစ်အောက်ဘက်မှကြည့်လျှင် ကျွန်းညိုကြီးကျွန်း၏ ဘယ်ဘက်ထိပ်ပိုင်းတွင် တည်ရှိသည်။ လက်ရှိကျွန်ုပ်စီးနင်းလိုက်ပါနေသော သင်္ဘောသည် MSN ကျွန်းရှိသည့် ရေကြောင်းကမမောင်းဘဲ ဆန့်ကျင်ဘက်ရေလမ်းကြောင်းကမောင်းနေသောကြောင့် ဝမ်းနည်းမိ၏။ ကျွန်ုပ် ဆရာဦးဝင်းစိန်နိုင်နှင့် စကားစမြည်ပြောဖြစ်တိုင်း ဆရာ့၏ MSN ကျွန်း ဒီရေတောသစ်မျိုးစုံလင်ပုံ၊ ငှက်များပေါများပုံအကြောင်းကို စိတ်ဝင်စားဖွယ် နားထောင်ရသည်။

နံနက် (၁၀) နာရီတွင် ဘိုကလေးတံတားကြီးကို အဝေးမှလှမ်းမြင်နေရပေပြီ။ သင်္ဘောကို တံတားကြီးအောက်မှခုတ်မောင်းနေပြီး ခဏအကြာတွင် ဘိုကလေးမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ်လေ၏။ သင်္ဘောပေါ်ရှိလူအားလုံးဆင်းပြီးသည်နှင့် အသင့်တက်ရန်လူများ စောင့်ဆိုင်းနေကြသည်။ ကဒုံကနိ-ဘိုကလေး တစ်ရက်တစ်ခေါက်ပုံမှန် ပြေးဆွဲသည်။ ရာသီမရွေးသွားလာနိုင်သော ရေကြောင်းလမ်း၏ အားသာချက်ဖြစ်သည်။ ယာဉ်စီးခ တစ်ဦးလျှင် ကဒုံကနိမှ ဘိုကလေးမြို့သို့ ၂၀၀၀ ကျပ်သာကျသင့်ပြီး အလွန်ချိုသာသောဈေးနှုန်းဖြစ်သည်။ ကဒုံကနိသို့ ကုန်းလမ်းလည်းရှိသည်။ ကုန်းလမ်းသည် တစ်ပတ်တစ်ကွေ့ဖြစ်နေပြီး မိုးရာသီသွားဖို့အဆင်မပြေပါ။

ကျွန်ုပ်။ ။ ‘အကို … ရန်ကုန်ပြန်ဖို့ ကားအရင်မငှားပါနဲ့အုံးဗျာ။ ရောက်တုန်းလေး သစ်တောရုံး သွားပါအုံးစို့။ အဲ့မှာ မိန်းမလှကျွန်း အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီး သိချင်တာလေးတွေ မေးရတာပေါ့။’
ကိုမျိုးမြင့်။ ။ ‘အေး … ဒါဆိုလည်း သွားကြတာပေါ့ကွာ။ အကိုလည်း မရောက်ဖြစ်တာကြာပြီ။’

သင်္ဘောဆိပ်နှင့် ဘိုကလေးသစ်တောရုံးသည် မဝေးလှပါ။ သစ်တောရုံးသည်ပင်လျှင် ကမ်းနားလမ်းအနီးတွင်ရှိသည်။ နီးသည်ဆိုသော်လည်း အထုပ်အပိုးများပါသည်ဖြစ်၍ ဆိုင်ကယ်ငှားရသေးသည်။ သစ်တောရုံးသို့ရောက်သောအခါ ဘိုကလေးဦီးစီးနှင့် နာရီဝက်ခန့် စကားစမြည်ပြောပြီး မြစ်ကမ်းဘက်ကိုသွားသောလမ်းလေးအတိုင်း ဆက်လျှောက်လိုက်လျှင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်ရေးဌာန၊ မိန်းမလှကျွန်းအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိ၏။ ဆိုက်ဆိုက်မြိုက်မြိုက်ပင် အုပ်ချုပ်ရေးမှူးနှင့်တွေ့ပြီး ကိုမျိုးမြင့်သည် အုပ်ချုပ်ရေးမှူးနှင့်ကျွန်ုပ်အား မိတ်ဆက်ပေး၏။

ကိုမျိုးမြင့်။ ။ (အုပ်ချုပ်ရေးမှူးအား) ‘ဘာမှထွေထွေထူးထူးတော့ မရှိပါဘူး။ မရောက်တာလည်းကြာတာနဲ့ ဝင်လာခဲ့လိုက်တာ။ ဒါနဲ့ ကျော်မျိုးလွင် … မင်း မိန်းမလှကျွန်းနဲ့ ပတ်သက်တဲ့ သိချင်တာရှိရင် ဒီကအုပ်ချုပ်ရေးမှူးကို အကုန်မေးလို့ရတယ်နော်။’
အုပ်ချုပ်ရေးမှူး။ ။ (ကျွန်ုပ်ဘက်သို့လှည့်ပြီး ခပ်ပြုံးပြုံးဖြင့်) ‘ကိုယ့်ညီ သိချင်တာမှန်သမျှမေးပါ။ အားမနာပါနဲ့။ အကို သိသလောက်ဖြေပါ့မယ်။’

ကျွန်ုပ်။ ။ ‘ဟုတ်ကဲ့အကို။ အရင်ဆုံး မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဖြစ်ပေါ်လာပုံသမိုင်းကြောင်းလေး သိချင်ပါတယ်ဗျ။’
အုပ်ချုပ်ရေးမှူး။ ။ ‘မိန်းမလှကျွန်းကို ကြိုးဝိုင်းစဖွဲ့ခဲ့တာကတော့ ၁၉၁၅ ခုနှစ်ကတည်းကပဲ။ အဲ့တုန်းက မိန်းမလှထင်းကြိုးဝိုင်းအဖြစ်နဲ့ပဲ ဖွဲ့ခဲ့တာ။ နောက် ၁၉၈၅ ခုနှစ်ရောက်တော့ မိန်းမလှ(တိုးချဲ့)ကြိုးဝိုင်းဆိုပြီး ထပ်ဖွဲ့တယ်။ ဒီဘက်ခေတ် ၁၉၉၄ ခုနှစ်ရောက်မှပဲ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဆိုပြီး အဆင်ဆင့်ပြောင်းလဲသတ်မှတ်ခဲ့ကြတာပါ။’

ကျွန်ုပ်။ ။ ‘ဟုတ်ကဲ့။ နောက်ပြီး ကျွန်းအကျယ်အဝန်းနဲ့ ramsar site အဖြစ် ဘယ်နှစ်ခုနှစ်က စသတ်မှတ်ခံခဲ့ရတာလဲ အကို။’
အုပ်ချုပ်ရေးမှူး။ ။ ‘ရမ်ဆာရေဝပ်ဒေသ (ramsar site) အဖြစ်က ၂၀၁၇ ခုနှစ်ကတည်းက သတ်မှတ်ခံခဲ့ရတာပါ။ သူ့ထက် အရင်စောတာက ၂၀၀၃ ခုနှစ်မှာ အာဆီယံအမွေအနှစ်ဥယျာဉ်စာရင်းထဲလည်း ဝင်ခဲ့သေးတယ်။ လက်ရှိကျွန်းအကျယ်အဝန်းကတော့ တောင်-မြောက်အလျားလိုက်ဆိုရင် (၁၆) မိုင်၊ အရှေ့-အနောက် အကျယ်ကတော့ (၆) မိုင်ရှိတယ်။ စုစုပေါင်းဧရိယာဟာ ၃၃၇၇၆ ဧကဖြစ်ပြီးတော့ ဟက်တာနဲ့ပြောမယ်ဆိုရင် ၁၃၆၁၉.၃၅ ဟက်တာရှိပါတယ်။ အရင်ကတော့ ၃၃၇၇၉ ဧကရှိခဲ့တာ။ အခုနောက်ပိုင်း ရေတိုက်စားတာတွေရှိသလို နှုန်းပို့ချမှုတွေလည်းရှိနေတော့ ကျွန်းဧရိယာအပြောင်းအလဲရှိတာ မဆန်းပါဘူးကွာ။’

ကျွန်ုပ်။ ။ ‘Wildlife တွေနဲ့ပတ်သက်ပြီးလည်း သိပါရစေ အကို။’

အုပ်ချုပ်ရေးမှူး။ ။ ‘တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်လို့ကတော့ မိန်းမလှကျွန်းမှာ တော်တော်လေးစုံလင်ပါတယ်။ အကိုတို့ လက်ရှိအချိန်အထိ လေ့လာတွေ့ရှိထားသလောက် ပြောရမယ်ဆိုရင်တော့ နို့တိုက်သတ္တဝါ (၁၈) မျိုး၊ ငှက် (၁၉၀) မျိုး၊ ကုန်းနေရေနေ တွားသွားသတ္တဝါ (၃၈) မျိုး၊ ငါး (၁၁၀) မျိုး၊ ဂဏန်း (၆) မျိုး၊ ပုဇွန် (၁၄) မျိုး၊ လိပ်ပြာ (၃၅) မျိုးအပြင် အခြားမျိုးစိပ်အသစ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ မိန်းမလှကျွန်းက အဓိကကတော့ ရေချိုရေငန်စပ်မိကျောင်း (Crocodylus porosus) နဲ့ ထင်ပေါ်ကျော်ကြားတာပေါ့နော်။ ဟိုးအရင်တုန်းက ဒီမိကျောင်းတွေဟာ မြန်မာပြည်အနှံ့မှာ ကျက်စားခဲ့တာပဲ။ အခုအချိန်မှာတော့ ဒီမိန်းမလှကျွန်းပတ်ဝန်းကျင်လောက်မှာပဲ တွေ့ရတော့တယ်။ ဒုတိယအနေနဲ့နာမည်ကြီးတာကတော့ ကမ်းခြေရေပျော်ငှက်တွေနဲ့ ဆောင်းခိုငှက် (migratory birds) တွေကြောင့်ပါ။ လူတော်တော်များများလည်း လာကြည့်ကြပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေပေါ့လေ။’

ကျွန်ုပ်။ ။ ‘အကို မိကျောင်းအကြောင်းစပြောမှပဲ မေးဖို့စိတ်ကူးရတော့တယ်။ ကျွန်တော် ပိုးလောင်းလေးချောင်းဝမှာတုန်းက မိကျောင်းများ ပဲ့ထောင်ကိုတိုက်မှောက်ပြီး ကိုက်ဆွဲခံရလေမလားတွေးပြီး ကြောက်နေခဲ့တာ။’

အုပ်ချုပ်ရေးမှူး။ ။ (ရယ်လျက်) ‘ရုပ်ရှင်တွေထဲမှာတော့ မိကျောင်းတွေဟာ လှေတွေကိုတိုက်မှောက်၊ လှေပေါ်ကလူတွေကိုလည်း အမြီးနဲ့ပုတ်ချ၊ ကိုက်ဆွဲ လုပ်တယ်ပေါ့။ တကယ့်လက်တွေ့မှာတော့ အဲ့လိုမဟုတ်ပါဘူး။ မိကျောင်းတွေဟာ ပဲ့ထောင်ကိုမြင်ကတည်းနဲ့ ခပ်ဝေးဝေးကပဲ ရှောင်သွားကြတာပါ။’

ကျွန်ုပ်။ ။ ‘ဒါဆို ဘယ်အချိန်မျိုးတွေမှာ မိကျောင်းအန္တရယ်ရှိသလဲ အကို။’

အုပ်ချုပ်ရေးမှူး။ ။ ‘ဧပြီ-ဇွန်လတွေဟာ မိကျောင်းတွေမိတ်လိုက်တဲ့ လတွေဖြစ်တယ်။ ဇွန်-ဩဂုတ်လတွေမှာဆိုရင် အသိုက်တွေစလုပ်ပြီ။ နောက် စက်တင်ဘာ-အောက်တိုဘာဆိုရင်တော့ သားပေါက်ရာသီတွေဖြစ်သွားပါပြီ။ မိတ်လိုက်တဲ့လကနေ သားပေါက်တဲ့လအထိ မိန်းမလှကျွန်းတစ်ဝိုက်နဲ့ မြစ်ကြောင်းတစ်လျှောက်ဟာ မိကျောင်းအန္တရယ် အလွန်များတဲ့ကာလတွေလို့ ပြောလို့ရပါတယ်။ အဲ့တော့ အကိုတို့ဘာတွေလုပ်ရလဲဆိုရင် မြစ်ရိုးတစ်လျှောက်ရွာတွေမှာ မိကျောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေး ဟောပြောပွဲတွေလုပ်တယ်။ လက်ကမ်းစာစောင်တွေ ဝေငှတယ်။ မိကျောင်းသိုက်ရှိတဲ့နေရာတွေ၊ အတွေ့ရများတဲ့နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ ထောင်ရပါတယ်။ ကိုယ့်ညီတို့တောင် ကျွန်းထဲမှာ သတိပေးဆိုင်းဘုတ်တွေ မြင်ခဲ့ကြမှာပါ။ ဒါနဲ့ အရင်တစ်ပတ်ကတောင် အကိုတို့ ဆိုင်းဘုတ်သွားထူရင်း မိန်းမလှကျွန်းထဲသွားပြီး မိကျောင်းပေါက်လေးနှစ်ကောင်ဖမ်းခဲ့သေးတယ်။ အခမ်းအနားပြပွဲတစ်ခုမှာ ပြဖို့ပါ။ လာသွားကြည့်ကြရအောင်။’

ရုံးခန်းထောင့်ရှိ ရေခဲပုံးတစ်ခုထဲတွင် မိကျောင်းပေါက်လေးနှစ်ကောင်ကိုတွေ့ရပြီး အလွန်ဒေါသကြီးသောကြောင့် ပါးစပ်(နှုတ်သီး)ကို ကြိုးနှ့င်စည်းနှောင်ထားရ၏။ လက်နှင့်တို့ထိလိုက်လျှင် နှုတ်သီး၊ အမြီးတို့ဖြင့် လှမ်းရိုက်သေးသည်။ ရုံးထဲတွင် မိကျောင်းရုပ်ကြွင်းများ၊ မိကျောင်းကောင်အသေများ၊ ဆေးစိမ်ထားသော ဘဲဥအရွယ်အစားခန့် မိကျောင်းဥများကိုလည်း လေ့လာနိုင်၏။

ကျွန်ုပ်။ ။ ‘အကို … ဒီမိကျောင်းပေါက်လေးတွေကို ဘယ်လိုရှာဖမ်းခဲ့တာလဲဗျ။’
အုပ်ချုပ်ရေးမှူး။ ။ ‘ဪ … မိကျောင်းပေါက်တွေက ကျွန်းပေါ်မှာ ပေါပါတယ်။ အကောင်ကြီးတွေသာ တွေ့ဖို့ခဲယဉ်းတာပါ။ ကျွန်းကို ညဘက်သွားပြီး ချောင်းတစ်လျှောက် လက်နှိပ်ဓါတ်မီးနဲ့ထိုးလိုက်ရင် တွေ့ပါတယ်။ ဖမ်းတဲ့အခါ သတိတော့ထားရတာပေါ့။ အခုဖမ်းထားတဲ့နှစ်ကောင်ကလည်း ပြပွဲအခမ်းအနားပြီးတာနဲ့ ကျွန်းပေါ်သွားလွှတ်မှာပါပဲ။’

ကျွန်ုပ်။ ။ ‘ဒီရေတော သစ်မျိုးတွေရော ကျွန်းပေါ်ဘယ်လောက်ရှိလဲ အကို။’
အုပ်ချုပ်ရေးမှူး။ ။ ‘ဒီရေတောသစ်မျိုးကတော့ (၂၉) မျိုးပေါ့။ အဲ့တာအပြင် သစ်ခွ (၆) မျိုးလည်း ရှိပါသေးတယ်။’
ကျွန်ုပ်။ ။ ‘ဟုတ်ကဲ့ အကို … အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ အခုလိုကြားရတော့ အများကြီးလည်း သိခွင့်ရပါတယ်။’
အုပ်ချုပ်ရေးမှူး။ ။ (ရယ်လျက်) ‘ကျေးဇူးတင်နေဖို့ မလိုပါဘူးကွာ၊ ရပါတယ်။ မင်းတို့လို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် အကိုတို့ကလည်း ကြိုဆိုလျက်ပါ။ နောက်သိချင်တာရှိရင် အချိန်မရွေးမေးလို့ရအောင် အကို့ဖုန်းနံပါတ်နဲ့ email လည်း ယူသွား။ ဒါနဲ့ မိန်းမလှကျွန်း လက်ကမ်းစာစောင်လည်း ယူသွားအုံး။ မြန်မာလိုရော အင်္ဂလိပ်လိုရော နှစ်မျိုးရှိတယ်။ အခု ကိုယ့်ညီကို ဖြေလိုက်တာတွေတော်တော်များများကလည်း ဒီလက်ကမ်းစာစောင်တွေထဲမှာ ပါပါတယ်။’

ကိုမျိုးမြင့်။ ။ ‘ကဲ … သိချင်တာတွေလည်း မေးပြီး ဖြေပြီးပြီဆိုတော့ ရန်ကုန်ပြန်ဖို့ပဲရှိတော့တယ် ကျော်မျိုးလွင်ရေ။ ကားခေါ်ထားတာလည်း ရောက်နေပြီ။’
ကျွန်ုပ်။ ။ (အုပ်ချုပ်ရေးမှူးအား) ‘အကို … ခွင့်ပြုပါအုံးဗျ။ ကျွန်တော်တို့ ရန်ကုန်ကိုခရီးဆက်ရအုံးမှာမို့။’
အုပ်ချုပ်ရေးမှူး။ ။ (လက်ပြနှုတ်ဆက်လျက်) ‘ကောင်းပါပြီဗျာ။ နောက်ရောက်ဖြစ်ရင်လည်း အချိန်မရွေးဝင်လာခဲ့ပါ။’
ထို့နောက် အုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးတို့အား လက်ပြနှုတ်ဆက်ကာ ကျွန်ုပ်တို့ကားကလေးသည် ဘိုကလေးမြို့မှ တိတ်ဆိတ်စွာထွက်ခွာခဲ့လေ၏။

မြန်မာပြည်တွင် ရေချိုရေငန်စပ်မိကျောင်းကို သဘာဝအတိုင်းတွေ့နိုင်မည့်နေရာကိုပြပါဆိုလျှင် မိန်းမလှကျွန်းကို ထိပ်ဆုံးကနေ ညွှန်းရပေလိမ့်မည်။ ယခုအချိန်တွင် မိန်းမလှကျွန်းပေါ်ရှိဒီရေတောသည် အကြောင်းအမျိုးမျိုးကြောင့် ရှေးယခင်များကဲ့သို့ မကောင်းတော့ပေ။ သို့ပါသော်လည်း ဒီရေတောနှင့်ဆက်နွယ်နေသည့်မိကျောင်းများမှာ အကောင်ရေအတော်အတန် ကျန်ရှိနေသေးသည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်းပတ်လည်ရှိရွာသားများ မိကျောင်းကိုက်ဆွဲခံရသည့်သတင်းကို မကြာခဏပင် ဖတ်နေရသောကြောင့်ဖြစ်သည်။ မိန်းမလှကျွန်းကြီးသည် အလွန်တရာကျယ်ပြောပြီး ရှုပ်ထွေးလှသည်။ မိကျောင်းများအပြင် ဆောင်းခိုငှက်များနှင့် အခြားကုန်း/ရေနေသတ္တဝါများ ပေါများနေခြင်းတို့ကြောင့်လည်း ယနေ့တိုင် ကျော်ကြားသော ecotourism site တစ်ခုအဖြစ် နေရာယူထားဆဲဖြစ်သည်။

နောက်တစ်ချက်သည်ကား delta mangrove ကို လေ့လာချင်သူများအတွက် အသင့်တော်ဆုံးနေရာဖြစ်သည်။ အငန်နှုန်း (salinity) နိမ့်သည့်နေရာတွင်သာ ပေါက်ရောက်လေ့ရှိသော လမုအုပ်စု၊ သမဲ့အုပ်စု၊ အိပ်မသွယ်ဖြူ/နီ၊ ဗြူးရွှေဝါ၊ ကနစို၊ သရော၊ မြင်းက၊ ကျန၊ ပန့်သကာ၊ မဒမခြုံ၊ ရေခရား၊ ဗြူးဗိုင်းတောင့် နှင့် အခြားသစ်မျိုးများစွာကို တစ်စုတစ်စည်းတည်းလေ့လာနိုင်သည်။ သင်ဘောင်း၊ ရေသမန်း၊ ငှက်ကြီးတောင်နှင့် ခရာနွယ်တို့ကိုလည်း ကျွန်းနေရာအနှံ့တွင် တွေ့နိုင်သည်။ သဘာဝအတိုင်းပေါက်ရောက်ကျန်ရှိနေသော တောကောင်းသည့်နေရာမျိုးမှာ အလွန်ရှားသည်။ သတိချပ်ရန်မှာ ကျွန်းပေါ်သွားသည့်အခါ ကိုယ်၊ နှုတ်စောင့်စည်းဖို့ရန်လိုသည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ဦးရှင်ကြီးနတ်ကွန်းကို အလွန်ကိုင်းရှိုင်းကြပြီး ကိုယ်၊ နှုတ် စည်းမစောင့်သူမှာ မိကျောင်းအဆွဲခံရတတ်သည်ဟု ပြောစမှတ်များလည်းရှိ၏။ သို့ဖြစ်၍ ပဲ့ထောင်ပေါ် အတက်အဆင်းလုပ်သည်ကို အထူးသတိပြုရမည်။ မတော်တဆ ရေထဲပြုတ်ကျသည်ဖြစ်စေ၊ နှုတ်မစောင့်ဘဲပြောမိသည်ဖြစ်စေ အခန့်မသင့်လျှင် မိကျောင်းကိုက်ဆွဲခံရနိုင်သည်။

မျောက်တစ်ရာဘုရားကိုအစွဲပြုပြီး ကျွန်းပေါ်တွင် မျောက်များစွာနေထိုင်ခဲ့လိမ့်မည်ဟု ကောက်ချက်ချနိုင်၏။ ယခုအချိန်တွင် မျောက်တစ်ကောင်မြင်ရဖို့ပင် မလွယ်ကူလှပေ။ မိန်းမလှကျွန်းသည် ရှေးပဝေသဏီကတည်းကပင် ကုန်းနှင့်ရေနေသတ္တဝါများစွာ ကျင်လည်ကျက်စားခဲ့သည့်နေရာဖြစ်ပေသည်။ သို့ဖြစ်၍ ထိုသတ္တဝါများအားလုံးကို ကျွန်းပေါ်ပြန်လည်တွေ့မြင်ရနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာကား မူလအခြေအနေ ဒီရေတောဂေဟစနစ်ကို ပြန်လည်ဖန်တီးပေးဖို့ပင်ဖြစ်သည်။ ကနဦးဒီရေတောဂေဟစနစ်ကို ရရှိဖို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသည်။ ကန့်ပလာ၊ သမဲ့အုပ်စုကဲ့သို့ အကြီးမြန်ဒီရေတောသစ်မျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊ ပြည်သူတစ်ရပ်လုံးပါဝင်လာစေရန်အတွက် ပျိုးဥယျာဉ်ဝန်ထမ်း၊ ရေကြောင်းလမ်းပြ စသည့်အလုပ်အကိုင်များဖန်တီးပေးခြင်း၊ မိရိုးဖလာ ငါးဖမ်းနည်းများ (traditional fishing methods) ကို အားပေးခြင်းနှင့် ဒီရေတောနှင့် သား ငါး ပုစွန်ဆက်စပ်မှုများ၊ သဘာဝဘေးကို ကာကွယ်နိုင်ပုံများအကြောင်း ဟောပြောပို့ချခြင်းများ လုပ်ဆောင်သင့်ပေသည်။ ထိုသို့အများပြည်သူအားလုံး ပူးပေါင်းပါဝင်ကာ ဝိုင်းဝန်းစောင့်ရှောက်ကြမည်ဆိုလျှင် သားရဲများပြည့်နှက်လျက် လှပသောမိန်းမလှကျွန်းလေးအဖြစ် ပြန်လည်အသက်ဝင်လာတော့မည်မှာ မုချပင်ဖြစ်တော့သည်။

 

ကျော်မျိုးလွင် (ကောလင်း)

About The Author

greenness_mm

No Comments

Leave a Reply