မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဆောင်းပါး # ပျောက်ဆုံးဖို့အန္တရာယ်ကြုံတွေ့လာနိုင်တဲ့ နိုင်ငံတော်ရဲ့သဘာဝအမွေတစ်ခု

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဆောင်းပါး # ပျောက်ဆုံးဖို့အန္တရာယ်ကြုံတွေ့လာနိုင်တဲ့ နိုင်ငံတော်ရဲ့သဘာဝအမွေတစ်ခု

ပြက္ခဒိန်တစ်ခုမှစခဲ့တဲ့ သမိုင်းကြောင်းတစ်ခု
၁၉၈၃ ခုနှစ်တွင် ပန်းရိုးမနှင့်ရွှေမင်းဝံပြက္ခဒိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ တွင်းတောင် အင်းရဲ့ဓာတ်ပုံပါရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ထိုအချိန်က မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကထိက ဒေါက်တာမင်းသိန်း တွေ့မြင်ခဲ့ပါတယ်။ ဓာတ်ပုံမှာ မြင်တွေ့ရတဲ့အနေအထားအရ တွင်းတောင်အင်းတွင် စပီရူလိုင်းနား စိမ်းပြာရေညှိများရရှိနိုင်ကြောင်း သုံးသပ်မိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါက်တာမင်းသိန်း ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ ကျောင်းသူကျောင်းသားတွေဟာ သုတေသနလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ထုတ်လုပ်မှုနဲ့ အသုံးချမှုလုပ်ငန်းတွေကို သုတေသန ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတော့တယ်။
၁၉၈၅ ခုနှစ် ဝန၃်ကြီးဌာနကိုယ်စားလှယ်များပါဝင်ပြီး ထပ်မံ သုတေသနလုပ်ငန်းများ ထပ်မံ ဆောင်ရွက်နိုင်ရန် လေ့လာစီစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြန်ပါတယ်။ ဒီနောက် ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(BPI)မှာပဲ စပီရူလိုင်းနားဌာနခွဲတစ်ခုအဖြစ် စတင် ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တွင်းတောင်မှာပဲ စခန်းချပြီး စပီရူလိုင်းနား(Spirulina) များကို တွင်းတောင်အတွင်းမှ စတင်ဆယ်ယူပြီး ထုတ်လုပ်ရေးကို ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလမှာ စပီရူလိုင်းနား အာဟာရဆေးပြားများကို ပရိုဗီမင်(Provimin) အမှတ်တံဆပ်နဲ့ ပြည်တွင်းစျေးကွက်များမှာ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။၁၉၈၈ ခုနှစ်မှစတင်ပြီး ဂျာမဏီနိုင်ငံ IGV GmbH ကုမ္ပဏီနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ အကျိုးအမြတ်အနေနဲ့တော့ အရည်အသွေးထိန်းသိမ်းမှုတွေနဲ့ အာမခံနည်းစနစ်များ(QC & QA) ၂၀၁၀ ခုနှစ်မှစတင်ကာ နို်င်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဂျာမန်ပညာရှင်များက လည်း ယနေ့အချိန်ထိ အကြံပေးများအဖြစ်ဆောင်ရွက် ပေးနေကြပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ထုတ်လုပ်လာနိုင်ပြီဖြစ်တဲ့ စပီရူလိုင်းနား ရေညှိခြေညှက်နဲ့ ဆေးပြားတွေကို ဂျာမဏီ၊ ကိုးရီးယား၊ ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှားနိုင်ငံများကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။
လုပ်ငန်းများတွင်ကျယ်လာတာနဲ့အမျှ လုပ်ငန်းများကိုလည်း တိုးချဲ့လာနိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာတော့ စစ်ကိုင်းမြို့နယ်၊ ခိုတောင်ကျေးရွာအနီးမှာ မြန်မာ့စပီရူလိုင်းနားစက်ရုံ အမှတ်(၃) ဆေးဝါး စက်ရုံ(စစ်ကိုင်း)ကို သီးခြားထပ်မံတည်ဆောက်နိုင်ခဲ့ပါတယ်။ ပရိုဗီမင်အပါအဝင် စပီရူလိုင်းနားထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ မြန်မာ့စပီရူလိုင်းနားမျိုး(Strain)ဟာ ကမ္ဘာအရပ်ရပ်ရှိ အခြားစပီရူလိုင်းနားမျိုးများထက် ဗိုင်းရပ်စ်ပိုးဟန့်တားနိုင်စွမ်းတွင် ပိုမိုသာလွန်အားကောင်းေ ကြာင်း ဂျာမဏီနိုင်ငံမှာပြုလုပ်တဲ့ သုတေသနစမ်းသပ်ချက်အရ တွေ့ရှိရမှုစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ကိုင်းဆေးဝါးစက်ရုံ အမှတ်(၃)ကို နိုင်ငံတကာအသိအမှတ်ပြု(GMP) လက်မှတ်ကို အပ်နှင်းခဲ့ပါတယ်။ ယခုအခါမှာတော့ ၂၀၁၂ ခုနှစ်၊ ဧပြီ (၁) ရက်နေ့မှစတင်ကာ စက်မှုဝန်ကြီးဌာန၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်းနှင့် ဇွန်ဆေးဝါးလီမီတက်တို့ အကျိုးတူပူးပေါင်းကာ စစ်ကိုင်း၊ ဇွန် ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးလီမိတက်အမည်နဲ့ ဖက်စပ် ဆောင်ရွက်လျက်ရှိနေပါတယ်။
ပတ်ဝန်းကျင်ထိခိုက်မှုရဲ့ အကျိုးသက်ရောက်မှုတွေ
တွင်းတောင်မှ နှစ်အလိုက် စပီရူလိုင်းနားထုတ်လုပ်မှု(မက်ထရစ်တန်ပေါင်း)ကို စတင်ထုတ်လုပ်သည့် ၁၉၈၇-၈၈ မှ လက်ရှိကာလ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကုန်အထိ လေ့လာခဲ့ရာတွင် စပီရူလိုင်းနားထုတ်လုပ်မှုမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ထုတ်လုပ်မှုများမှာ အံအားသင့်ဖွယ်ကျဆင်းလာ တာကို တွေ့ကြရပါတယ်။ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှုမက်ထရစ်တန် ၁၄၀၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှုမက်ထရစ်တန် ၁၃၈ ခန့်ရှိနေခဲ့ရာမှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှု မက်ထရစ်တန် ၇၈ အထိကျဆင်းခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်များမှာတော့ ပိုမိုဆိုးဝါးလာကာ ထုတ်လုပ်မှု မက်ထရစ်တန် ၂၄ ခန့်သာ ထုတ်လုပ်နိုင်တော့ကြောင်း တွေ့လာခဲ့ရပါတယ်။ (၂) နှစ်ခန့်အတွင်း ထုတ်လုပ်မှု ၈၃% ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့တာကို တုန်လှုပ်ဖွယ်ရာတွေ့ရှိလာရပါတယ်။
ပြဿနာများကို အဖြေရှာကြတဲ့အခါ
အခုလို စပီရူလိုင်းနားတွေ ထုတ်လုပ်မှုကျဆင်းလာခဲ့ရတဲ့အကြောင်းကို သက်ဆိုင်ရာစက်ရုံပညာရှင်များက ပဏာမလေ့လာမှုတွေ လေ့လာခဲ့ကြရာမှာ အကြောင်းရင်းတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ တွင်းတောင်အတွင်းမှာရှိနေတဲ့ ရေမျက်ပြင်အမြင့်တွေနဲ့ တွင်းတောင်မှာရွာသွန်းခဲ့တဲ့မိုးရေချိန်တိို့ုကို လေ့လာ ခဲ့ကြတာပဲဖြစ်ပါတယ်။ တွေ့ရတာကတော့ ၂၀၀၇ လောက်ကစပြီး တွင်းတောင်ရဲ့ ရေမျက်နှာပြင်အမြင့်တွေဟာ ရွာသွန်းတဲ့မိုးရေချိန်တွေထက် ပိုမိုများပြားလာနေတာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၈ ကစပြီး ၂၀၁၃ ကာလတွေဟာ အဆိုးဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ (၂) နှစ်တာကာလဖြစ်တဲ့ ၂၀၁၁-၁၂ နဲ့ ၂၀၁၂-၁၃ နှစ်တွေအဟာ အဆုံးဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာ မိုးရေချိန်ဟာ (၂၀.၈)လက်မခန့်သာ ရှိခဲ့ပေမယ့် တွင်းတောင်ရေမျက်နှာပြင်အမြင့်ကတော့ (၆၅) လက်မ ရှိနေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မိုးရေချိန်ဟာ (၁၁.၂) လက်မခန့်သာရှိခဲ့ပေမယ့် တွင်းတောင်ရေမျက်နှာပြင်အမြင့်ကတော့ (၅၄.၄)မခန့် ရှိနေခဲ့ပါတယ်။
ဒီအနေအထားဟာ တွင်းတောင်အတွင်းရှိ စပီရူလိုင်းနားမွေးမြူမယ့်ရေထဲမှာ စံ၊တန်ဖိုးတွေကို အပြောင်းအလဲ ဖြစ်လာ(ကျဆင်းလာ)စေပါတယ်။ ဒါဟာ စပီရူလိုင်းနားဖြစ်ထွန်းစေနိုင်တဲ့ လိုအပ်တဲ့ pH level ကို ထိန်းမထားနိုင်တော့တဲ့အတွက် စပီရူလိုင်းနားပေါက်ဖွားမှုနှုန်းတွေ ကျဆင်းလာရခြင်းဖြစ်တယ်လို့ စက်ရုံပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။
ဒီရေတွေကဘယ်ကလာသလဲ
မိုးရွာသွန်းမှုတွေ လျော့နည်းလာပါလျက်နဲ့ တွင်းတောင်အတွင်းက ရေမျက်နှာပြင်အမြင့်တွေ မြင့်တက်လာနေ ခြင်းဟာ ရုပ်ဝတ္ထုသဘောတရားအရတော့ ပုစ္ဆာဆန်နေပါတယ်။ ဒီရေတွေ ဘယ်ကရောက်လာသလဲဆိုတဲ့ အမေးကို အဖြေရှာဖို့လိုအပ်လာပါတယ်။ သဲလွန်စတစ်ခုရလာတာကတော့ အဖြစ်နိုင်ဆုံးအကြောင်းတရား တစ်ခုအနေနဲ့ စက်ရုံပညာရှင်များတွေ့ကြရတာက တွင်းတောင်အနီးမှာ တည်ဆောက်လာခဲ့တဲ့ မြစ်ရေစီမံကိန်း ကို သံသယတစ်ခုအဖြစ် တွေ့လာကြရတာဖြစ်ပါတယ်။
ချင်းတွင်းမြစ်ရေတင်စီမံကိန်း
ချင်းတွင်းမြစ်ရေတင်စီမံကိန်းဟာ ချင်းတွင်းမြစ်ရေတွေကို Pump Station 2 ကနေတဆင့် ရေပေးဝေတဲ့စနစ်ဖြစ်ပါတယ်။ ချင်းတွင်း မြစ်ရေမျက်နှာပြင်ရဲ့အမြင့်ဟာ ပင်လယ်ပြင်အထက် အမြင့်ပေ ၂၅၀ ရှိပြီးအဲဒီရေတွေကို ရေစုပ်စက်တွေနဲ့ ပင်လယ်ပြင်အထက် အမြင့်ပေ ၄၄၄ ပေ ရှိတဲ့ Pump Station 2 ကို တင်ယူပါတယ်။ တစ်နေ့ကို ရေဂါလံပေါင်း ၄၃ သန်းခန့်တင်ယူပါတယ်။ အဲဒီကမှတဆင့် လယ်ယာမြေတွေကို တစ်နေ့လျင် 135 Acre foot/day (43 million gallon/day) ပြန်လည်ဖြည့်ဝေပေးနေပါတယ်။ အဲဒီဖြန့်ဝေပေး တဲ့ wataer distribution network area ဟာ တွင်းတောင်ရဲ့အနီပတ်ဝန်းကျင်မှာရှိနေတယ်။ ပိုဆိုးတာက တွင်းတောင်ရဲ့ ရေမျက်နှာပြင်အမြင့်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၅ ပေသာမြင့်တော့ Pump Station 2 အမြင့်အောက် နိမ့်နေတယ်။ ဒီတော့ ပညာရှင်တွေက ရေပေးဝေနေတဲ့ Canal Line နဲ့ တွင်းတောင် ကြားမှာ အက်ကြောင်း crack line တစ်ခု သို့မဟုတ် နှစ်ခုလောက်ပေါ်လာပြီး အဲဒီအက်ကြောင်းများမှတဆင့် Gravity Flow နဲ့ တူးမြောင်းမှရေတွေဟာ တွင်းတောင်ထဲကို စီးဝင်နေတာဖြစ်မယ်လို့ အဖြေထုတ်ကြပါတယ်။
ဒီလိုအက်ကြောင်းမျိုးရော ဖြစ်လာနိုင်သလား
တွင်းတောင်ဟာ မီးတောင်သေဟောင်းတစ်ခုရဲ့ တွင်းဝဖြစ်တယ်။ ဒါကြောင့် မြေအမျိုးအစားတွေဟာ မီးသင့် ကျောက်(igneous rock) တွေ ဖြစ်နေတယ်။ မီးတောင်သေတစ်ခုရဲ့ မီးသင့်ကျောက်တွေနဲ့ ပတ်သက်လို့ အတိတ်က အဖြစ်အပျက်တစ်ခုကို သတိရမိတယ်။ ၁၉၉၈ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ ရာစုနှစ်အတွင်း အပြင်းထန်ဆုံးလို့သတ်မှတ်ရတဲ့ အလွန်ပူပြင်းတဲ့ အယ်လ်နီညိုနှစ် ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၉၉၇ နဲ့ ၁၉၉၈ ခုနှစ်တွေဟာ အပူချိန်စံချိန်တင်အောင် မြင့်တက်ခဲ့ပြီး မိုးရေချိန်လည်း စံချိန်တင်အောင်နည်းခဲ့တယ်။ တစ်ပြည်လုံး အပူဒဏ်ကို အလူးအလဲ ကျောကော့ခံခဲ့ကြရတဲ့ အလွန်ပူပြင်းခြောက်သွေ့တဲ့နှစ် ဖြစ်ခဲ့တယ်။ ဒါနဲ့ ၁၉၉၉ ခုနှစ်ရဲ့ နွေလတွေ(မတ်၊ ဧပြီ နဲ့ မေ)ဟာလည်း အရှိန်မသေသေးဘဲ အလွန်ပူနေခဲ့ပါတယ်။ ဒါနဲ့ ၂၀၀၉ ခုနှစ် မိုးဦးကျလည်းရောက်ရော ပြန်ကျမိုးလေး တစ်ချက်ရွာလိုက်တာ မိုးတိမ်တောင်ဆိုတော့ ရေတော်တော်ပါ သွားခဲ့တယ်။ အဲဒီမှာ ပုပ္ပါးတောင်စောင်းကြီးရဲ့ကျောင်းတွေ၊ စျေးဆိုင်တွေရှိတဲ့အခြမ်းက တောာင်စောင်းကြီး ဟာ အပိုင်းလိုက်ကြီးပဲ့ပြီး မြေသားနိမ့်ဆင်းကျသွားလိုက်တာ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ စျေးဆိုင် နှစ်ဆိုင် သုံးဆိုင်တောင်ပါသွားတယ်။
ဒီအကြောင်း ကျွန်တော် ကြားသိရတော့ အလွန်စိတ်ဝင်စားသွားခဲ့တယ်။ အဲဒီမှာ ပုပ္ပါး Result ကိုဆောက်တော့ မိတ်ဆွေအင်ဂျင်နီယာတစ်ဦးက “ဟာ ဆရာ့နှယ် ပုပ္ပါးမှာ ဆောက်လုပ်ရေးလုပ်တော့ မြေကြီးကိုကျင်းတူးရင် တူရွင်းကိုမတိုးဘူး ဆရာရေ၊ နောက်မှ ဒေသခံတွေက ကျင်းတူးချင်ရင် မြေကို အရင်မီးဖိုပြီး မီးနဲ့အရင်ဖုတ်ရ တယ်။ နောက်မှ ရေလောင်းချပြီး တူးရတယ် ပြောတော့မှ အဲဒီအတိုင်းလုပ်တော့မှ ကျွန်တော်တို့ ကျင်းတူးလို့ ရတော့တယ် ဆရာရဲ့” ပြောပါတယ်။ ဒါ မီးတောင်မြေရဲ့ သဘာဝတစ်ခုပါလားလို့ မှတ်သားမိတယ်။
၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉ နွေတွေဟာ အလွန်ပူခဲ့တယ်။ ဒီအပူဒဏ်ကိ်ု ခံစားခဲ့ရတော့ ပုပ္ပါးတောင်ခြေရဲ့မြေသား ဟာ မီးနဲ့ဖုတ်ခံရသလို ဖြစ်သွားစေပါတယ်။ အဲဒီမှာ မိုးလေးလည်း ရေများများနဲ့ ရွာချလိုက်ရော ပုပ္ပါးမြေဟာ ခံနိုင်ရည်လျော့ကျပြီး ပဲ့ကျ(ကျွံကျ)သွားခဲ့ရတာ ဖြစ်ပါတယ်။
တွင်းတောင်အနီးတစ်ဝိုက် မိုးရွာသွန်းပုံ
နောက်တစ်ချက်က မုံရွာခရိုင်ရဲ့ မိုးရွာသွန်းပုံ။ ကျောက်ဆည်တက္ကသိုလ် ပထဝီဝင်ဌာနမှာ ပါရဂူဘွဲ့အတွက် စာတမ်းလုပ်နေတဲ့ ညီမတစ်ဝမ်းကွဲတစ်ဦးရှိပါတယ်။ သူ့ရဲ့လေ့လာမှုအရ ချင်းတွင်းမြစ်အနောက်ဘက် မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်မြို့တွေနဲ့ ချင်းတွင်းမြစ်အရှေ့ဘက်မှာရှိကြတဲ့ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့တွေရဲ့ မိုးရွာသွန်းပုံတွေကို လေ့လာတဲ့အခါမှာ မိုးအများဆုံးက ချောင်းဦး၊ ဒုတိယအများ ဆုံးက ပုလဲ၊ မိုးအနည်းဆုံးက မုံရွာလို့ တွေ့ရပါတယ်။(၁၉၉၀ မှ ၂၀၁၀ အထိကာလမှတ်တမ်း)။ တွင်းတောင်နဲ့ နီးတဲ့ ကနီမြို့ရဲ့အခြေအနေကို လေ့လာတဲ့အခါမှာ အဲဒီလေ့လာတဲ့မြို့ ၈ မြို့နယ်ထဲမှာ PCI(Precipitation Concentration Index) ၂၆.၉၉ နဲ့ အများဆုံးဆိုတာကို တွေ့ရပါတယ်။PCI/20 ရှိခဲ့ရင် အဲဒီဒေသကို substantial monthly variability မိုးအားပြင်းထန်တယ်။ လအလိုက် ရွာသွန်းပုံပြောင်းအလဲ အရမ်းများတယ် လို့ သတ်မှတ်ပါတယ်။
အဲဒီတော့ တွင်းတောင်ပတ်ဝန်းကျင်ဒေသဟာ ရာသီဥတုအပြောင်းအလဲဒဏ်ကို ထိရှလွယ်တဲ့ မြေသားရှိတယ်။ ရာသီဥတုသဘောအရလည်း လအလိုက် ရာသီဥတု အပြောင်းအလဲအများဆုံး ဒေသဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာတစ်ခု ဖြစ်လာခဲ့ပြီ
အခုလိုဖြစ်လာရခြင်းမှာ ပြဿနာ ၂ ရပ် ရှိလာပါတယ်။ ပထမပြဿနာကတော့ နိုင်ငံတော်အတွက် နိုင်ငံခြားဝင် ငွေ ရှာပေးနေတဲ့ လုပ်ငန်းတစ်ရပ်အတွက် ထိခိုက်မှုရှိလာပြီး ဝင်ငွေတွေကျဆင်းသွားနိုင်မှုပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတ အဖိုးတန်ရတနာတစ်ပါး ဆုံးရှုံးပျောက်ကွယ်သွားနိုင် တဲ့ အန္တရာယ်ဖြစ်ပါတယ်။ကျွန်တော်တို့ တစ်လောကပြုလုပ်ခဲ့ကြတဲ့ အလုပ်ရုံဆွေးနွေးပွဲအတိုင်း ပြောရရင်တော့ ပျောက်ကွယ်တော့မယ့်အမွေ(vanishing trrasure) တစ်ခု ဖြစ်လာနိုင်တာမို့ စိုးရိမ်စရာတစ်ခု ဖြစ်လာရပါပြီ။
လက်ရှိအခြေအနေမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေသေချာချာ အဖြေကိုရှာဦးမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေပညာရှင်တွေအားလုံး ၀ို်င်းဝန်းအဖြေရှာကြရတော့မယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ EIA, SIA တွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသနေတဲ့ သင်ခန်းစာတစ်ရပ်လို့သာ ဆိုလိုက်ချင်ပါတော့တယ်။
မောင်ထွန်းလွင်(မိုးလေဝသ)
ခြူးခြူး စာအုပ်တိုက်မှ ထုတ်ဝေသည့် ဆရာကြီးဦးထွန်းလွင်၏ ရောသမရာသီဆောင်းပါးများ စာအုပ်မှ ပြန်လည် ကူးယူဖော်ပြသည်။

About The Author

greenness_mm

No Comments

Leave a Reply