ရေကို စုဆောင်း သိုလှောင် ချွေတာကြမှသာလျှင်

ရေကို စုဆောင်း သိုလှောင် ချွေတာကြမှသာလျှင်

(၁)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ရေကြည်၊ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာပေါင်း ၉၀ ကျော်၌ ရေရှားပါးမှု ဖြစ်ပေါ်နိုင်ကြောင်း ဧပြီ ၁၀ ရက်က သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။

ယင်းဒေသများသည် ကန်ရေကို အဓိထား သုံးစွဲနေရသည့် ဒေသများ ဖြစ် သည်။ ထိုဒေသများတွင် ယခင်နှစ်မိုးရာသီက မိုးရေချိန်နည်းပါးခဲ့ခြင်းနှင့် ယခုနှစ်တွင် နေပူချိန်မြင့်တက်ခြင်းတို့ ကြောင့် ရေခန်းခြောက်မှု ဖြစ်ပေါ်နိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတို့က အသိပေး ပြောကြားခဲ့ခြင်းဖြစ် သည်။ ဧရာဝတိတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၉၇ ရွာ၌ တွင်းတိမ် တွင်းနက်နှင့် မြေသားရေကန်များ တူးဖော်ခြင်း စိမ့်စမ်းများမှ ရေသွယ်ခြင်းကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် က ကျပ်သန်းပေါင်း ၂၁၉၅ သန်းကို ချထားပေးပြီးဖြစ်သဖြင့် ဘတ်ဂျက်ကာလအတွင်း အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုသတင်းကို ဖတ်ပြီး ကျွန်တော့် ခေါင်းထဲ အတွေးပေါင်းစုံ ရုန်းကြွနေသည်။

ယခင်ကာလများက ရေရှားပါးပြတ်လပ်မှုဟု ဆိုလိုက်သည်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသကိုသာ မြင်ကြသည်။ တကယ်လည်း ထိုဒေသများတွင် ရေရှားပါးပြတ်လပ်မှုက နွေရာသီရောက်တိုင်း ဖြစ် ပေါ်နေကျ မဟုတ်လား။ ထို့အပြင် တောင်ပေါ်ဒေသများ၊ ပင်လယ်ကမ်းခြေ ဒေသများတွင်လည်း ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်တတ်သည်။ ယခုတော့ ထိုသို့မဟုတ်တော့ပေ။ မြစ် ချောင်း အင်းအိုင် ပေါများသော ဧရာဝတီတိုင်းဒေသကြီးမှာပင် ရေရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံ နေရာဒေသ အများစု တွင်လည်း ရင်ဆိုင်နေရသည်။ ထိုပြဿနာများကို ဖြေရှင်းရန်အတွက်လည်း ခေတ်အဆက်ဆက် အစိုးရများက ဖြေရှင်းခဲ့ကြသည်ဟုဆိုသည်။ သို့သော် နည်းလမ်းမကျ၍လား၊ တကယ်ထိရောက်အောင် မလုပ်ဆောင်ခဲ့၍ လားတော့မသိ။ ယနေ့အထိ ရေရှားပါးမှု ပြဿနာကို မဖြေရှင်းနိုင်သည့်အပြင် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွား သော အခြေအနေသို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုအခြေအနေကို မထိန်းချုပ်၊ မဟန့်တားနိုင်ပါက အနာဂတ် ကာလတွင် ရေကြောင့် စစ်ပွဲများ ဖြစ်လာရတော့မည်အနေအထားပင် ဖြစ်သည်။

(၂)

သည်နေ့ ကျွန်တော် အိပ်ယာနိုးတော့ နေတောင် အတော်မြင့်နေပြီ။ သွားတိုက်၊ မျက်နှာသစ်ရန် ရေချိုးခန်းထဲရှိ ဘေစင်ကို ဖွင့်လိုက်သည်။ ရေက ကျမလာ၊ ရေပိုက်တစ်ခုခု ဖြစ်လားလို့ ရေချိုးသည့် ရေပန်းကို ဖွင့်ကြည့် သည်။ ရေက ကျမလာ။ အပေါ်ရေကန်တွင် ရေကုန်နေသည်မှာ သေချာသွားသည်။ ကျွန်တော်တို့ မိသားစု သည် မိတ်ဆွေတစ်ဦးပိုင်သည့် သုံးလွှာတိုက်ခန်း၏ အပေါ်ဆုံးထပ်တွင် ငှားနေခြင်း ဖြစ်သည်။ တိုက်ခန်းများ ပုံစံ ဖြစ်သော်လည်း ရေမော်တာ တစ်လုံးတည်းသာ ရှိသဖြင့် အောက်ဆုံးထပ်က မောင်းပေးမှ ရေရသည်။ ထို့အတွက် တစ်လလျှင် ရေဖိုးအတွက် ငါးထောင်ကျပ် ပေးရသည်။ ရေကလည်း ပုံမှန် မောင်းပေး တာမျိုး မဟုတ်၊ တောင်းမှသာ မောင်းပေးခြင်း ဖြစ်သည်။

ငွေပေးထားသည်ဆိုသော်လည်း ရေတောင်းရသည်ကို ကျွန်တော်တို့ အားနာသည်။ ထို့ကြောင့် ရေကို ချွေတာသုံးသည်။ ရေတိုင်ကီ၊ ရေပုံးများဖြင့် ရေကို စုထားသည်။ ရေကုန်သွားခဲ့လျှင်ပင် ချက်ချင်း ရေမတောင်း ဖြစ်။ ယခုလည်း သွားတိုက်ခါနီး၊ မျက်နှာသစ်ခါနီးမှ ရေကုန်နေပြီ။ မကြာခင်မှာလည်း ရေအိမ်ဝင်ရဦးမည်။ ချက်ချင်း ရေတောင်းလိုက်လို့လည်း အဆင်ပြေမည် မထင်။ ယခု တောင်းထားလျှင် ၉ နာရီ၊ ၁၀ နာရီမှ ရေရမည်။ မည်သည့်အချိန်မှာ နံနက်စာစားပြီး မည်သည့်အချိန်မှာ အလုပ်သို့ သွားရမည်နည်း။ သာမန်အတိုင်း ဆိုလျှင် ကျွန်တော် ရေဒုက္ခတွေ့ပြီပေါ့။ သို့သော် ခက်ခဲသွားသော်လည်း ဒုက္ခအဆင့်သို့ မရောက်ခဲ့ပါ။

သည်လို ဖြစ်တတ်သောကြောင့် ကျွန်တော်တို့ မိသားစု ရေကို စနစ်တကျ သုံးစွဲခဲ့သည်။ ရသည့်အချိန်တွင် ရသလောက် စုဆောင်းထားခဲ့သည်။ ကော်ပုံးတစ်ပုံး၊ ဇလားတစ်ခု၊ ရေတိုင်ကီတစ်လုံးနှင့် ရေအပြည့် ရှိနေသည်။ ထိုရေသည် ကျွန်တော်တို့ မိသားစု နှစ်ရက်သုံးခန့် လုံလုံလောက်လောက် သုံးစွဲနိုင်သည်။ ရေအခက်အခဲ ဖြစ်သော်လည်း ကျွန်တော်တို့ နေ့စဉ် လုပ်ငန်းဆောင်တာများကို အချိန်မီ လုပ်ဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရေပြဿနာကို ဖြေရှင်းရာတွင် ထိုကဲ့သို့နည်းလမ်းများကို အသုံးပြုလျှင် ရတန်ကောင်းသည်ဟုလည်း တွေးလိုက်မိသည်။

(၃)

ရေသည် သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်။ ”No water, no life” ဟုပင် ဆိုခဲ့ကြသည်။ လူအပါအဝင် သက်ရှိ သတ္တဝါတိုင်းသည် မွေးဖွားလာသည်မှ သေဆုံးသည့်တိုင် ရေလိုအပ် သည်။ လူတစ်ဦးအတွက် ရေဓာတ် ၅၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ လိုအပ်သည်။ လူ၏ ခန္ဓာကိုယ်တွင် ရေသည် အလေးချိန်အားဖြင့် ၆၅ ရာခိုင်နှုန်း ပါဝင်သည်။

လူခန္ဓာကိုယ်တွင်းရှိ ရေ၏ သုံးပုံနှစ်ပုံသည် ဆဲလ်များ အတွင်းတွင် ရှိသည်။ ကျန်တစ်ပုံသည် ဆဲလ်များကြားရှိ ကွက်လပ်များနှင့် သွေးထဲတွင် ရှိသည်။ ဦးနှောက်တွင် ရေ ၈၅ ရာခိုင်နှုန်းပါဝင်ပြီး အရိုးများတွင် ရေ ၁၅ ရာခိုင်နှုန်းပါဝင်သည်။ သွေးထဲတွင် ရေ ၈၂ ရာခိုင်နှုန်း၊ အဆုပ် တွင် ရေ ၉၀ ရာခိုင်နှုန်းပါဝင်သည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ရေသည် လူ့ခန္ဓာကိုယ်ရှိ အရေးကြီး သော အစိတ်အပိုင်းများထဲတွင် ရာခိုင်နှုန်းများများ ပါဝင်တည်ရှိနေကြောင်း တွေ့ရသည်။ ထို့ကြောင့် လူတို့တွင် ရေဓာတ်များ ခန်းခြောက်သွားပါက အသက်သေဆုံးသွားရမည်သာ ဖြစ်သည်။ “ ရေအသက် တစ်မနက်၊ ထမင်း အသက် ခုနှစ်ရက်” ဟူသော စကားသည် အားအားယားယား လျှောက်ပြောထားသည့်စကား မဟုတ်ပေ။ ကျွန် တော်ကတော့ လူအသက်ကို ရေနှင့်ဆက်ထားသည်ဟု ဆိုချင်ပါသည်။

ထိုကဲ့သို့ လူအပါအဝင် သက်ရှိများ အသက်ရှင်သန် ရပ်တည်ရေးအတွက် အရေးကြီးသောရေသည် ကမ္ဘာတစ်ဝန်းတွင် ရှားပါးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ သန်း ၁ဝဝဝ ခန့်သည် မသန့်ရှင်းသော သောက်သုံးရေကို သုံးစွဲနေရသည့်အတွက် ၂ဝဝဝ ပြည့်နှစ်တွင် လူဦးရေ ၂၂ သန်းကျော် သေဆုံးခဲ့သည်။ လုံခြုံစိတ်ချရသော ရေသည် နှစ်စဉ် ဖြစ်ပွားနေသည့် ဝမ်းပျက် ဝမ်းလျှောရောဂါမှ ကလေး သူငယ် ၁ ဒသမ ၄ သန်းကို ကယ်တင်နိုင်ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂ဝ၃ဝ ပြည့်နှစ်တွင် ရေပြဿနာကို မဖြေရှင်းနိုင်ပါက ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် သောက်သုံးရေအခက်အခဲကြုံရမည်ပြီး ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသည်။ တစ်ဖက်တွင်လည်း လူအများ အသုံးပြုရန် ရေလိုအပ်ချက်မှာ တစ်နှစ်လျှင် ကုဗမီတာ ၆၄ သန်းအထိ ရှိလာမည်ဟု ပညာရှင်များက ခန့်မှန်းနေသည်။

(၄)

ရေသည် လူ့အသက်တမျှ အဖိုးတန်လှသော်လည်း မကုန်ခန်းနိုင်သော သဘာဝ သယံဇာတမျိုးတော့ မဟုတ်ပေ။ ကမ္ဘာပေါ်တွင် ရေပမာဏသန်းပေါင်း ကုဗမီတာ ၁၄ဝဝ ရှိသည်ဟု သိရသည်။ ထိုအထဲတွင် ရေချို ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ရေငန် ၉၇ ဒသမ ၅ ရာခိုင်နှုန်းပါဝင်သည်။ ရေချို ၂ ဒသမ ၅ ရာခိုင်နှုန်းတွင်လည်း ၁ ဒသမ ၉၇ ရာခိုင်နှုန်းသည် ရေခဲတောင် ရေခဲမြစ်များမှဖြစ်ပြီး သုည ဒသမ ဝ၃ ရာခိုင်နှုန်းက မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်များမှ ဖြစ်သည်။ ထိုသို့ဖြင့် ရေအရင်းအမြစ်များရှိသော်လည်း ရေချိုပမာဏ၏ အနည်းငယ်မျှကို သာ လူသားတို့ သုံးစွဲနေရသည်။ ယင်းအခြေအနေတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် လူသားတို့အတွက် ရေရရှိမှု ပမာဏက တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာသည်။ ၁၉၇၀ ပြည့်နှစ်က လူ တစ်ဦးသည် တစ်နှစ်လျှင် ရေဂါလန် လေးသိန်းခွဲရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ဂါလန် သုံးသိန်း၊ ၂၀၀၀ ပြည့်နှစ် တွင် နှစ်သိန်းခွဲ စသဖြင့် တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ထို့အပြင် ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာနိုင်ငံ ၂၈ နိုင်ငံသည် ရေရှားပါးသောနိုင်ငံများ ဖြစ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ရေရှားပါးသောနိုင်ငံ ၃၁ နိုင်ငံ ဖြစ်လာသည်။ အဆိုပါ ငါးနှစ်အတွင်းမှာပင် ရေရှားပါးမှုကို ရင်ဆိုင် ကြုံတွေ့ရသော လူသားပေါင်း ၁၂၅ သန်း အသားတင်တိုးလာခဲ့သည်ကို တွေ့ရသည်။ ၁၉၉၅ ခုနှစ်မှ ယနေ့ထိ ဆိုလျှင် ရေရှားပါးသောနိုင်ငံမည်မျှ တိုးလာမည်နည်း။ ရေရှားပါးမှုကို လူဦးရေ မည်မျှ ရင်ဆိုင်ကြုံတွေ့ရမည် နည်း။ လူဦးရေ တိုးပွားလာခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် ရေလိုအပ် ချက်များ မြင့်မားနေမည်မှာ အသေအချာပင် ဖြစ်သည်။

လက်တွေ့တွင်လည်း တကယ်ပင် ထိုကဲ့သို့ရင်ဆိုင် ကြုံတွေ့ နေရပြီ ဖြစ်သည်။ ကမ္ဘာလုံးအတိုင်းအတာကို အသာထားဦး မြန်မာနိုင်ငံအတိုင်းအတာကို ကြည့်လျှင် ပင် ထိုအချက်က သိသာလှပေသည်။

မြန်မာနိုင်ငံတွင် နွေရာသီရောက်တိုင်း ရေရှားပါးမှုဖြစ်နေသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်လာ သလို ဖြစ်ပွားသည့် နေရာဒေသလည်း များပြားလာသည်။ နေရာဒေသများလာသည်နှင့်အမျှ ထိခိုက်ခံစားရ သည့် လူဦးရေလည်း တိုးပွားလာခဲ့သည်။ သည်အတိုင်းဆက်သွားနေလျှင် ရေရှားပါး ပြတ်လပ်မှုပြဿနာက ထိန်းချုပ် မရနိုင်အောင်ဖြစ်ပွားပြီး နောက်ဆက်တွဲ ပြဿနာများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။

ထို ပြဿနာများကို ကြိုတင်ကာကွယ်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့်၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့်၊ မြန်မာနိုင်ငံရှိ ရေနှင့်ပတ်သက်သည့် အဖွဲ့အစည်းများအနေဖြင့် ရေနှင့်ပတ်သက်သော အထိမ်းအမှတ်ပွဲများ၊ အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊အစည်းအဝေးများ လုပ်ဆောင်နေရုံဖြင့် ရနိုင်မည်မဟုတ်ပေ။ ထို့အပြင် သာမန် စက်ရေတွင်းတူး၊ ရေကန်တူးနေရုံနှင့်လည်း ရေပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟုလည်း သတိချပ်သင့်ပါသည်။ လက်တွေ့ ကျသော စီမံချက်များ ချမှတ်ပြီး နည်းလမ်းအမျိုးမျိုးအသုံးပြုကာ ထိထိရောက်ရောက် ဆောင်ရွက်ရတော့မည် ဖြစ်သည်။ အထူးသဖြင့် တစ်နှစ်ထက်တစ်နှစ် ရေရှားပါး ပြတ်လပ်မှုကို ပိုမိုရင်ဆိုင်နေရသော ဒေသများတွင် အရေးပေါ်ကြိုတင်ကာကွယ် ရေးစီမံချက်များ ချမှတ်ဆောင်ရွက်သင့်သည်။

(၅)

ကျွန်တော်တို့ မိသားစုသည် ရေအခက်အခဲ ဖြစ်တတ်မှန်းသိသောကြောင့် ရေကို ကြိုတင်စုဆောင်း ထားခဲ့သည်။ ထို့အတွက် ရေအခက်အခဲဖြစ်ချိန်တွင် မည်သည့်ဒုက္ခမျှ မခံစားရဘဲ အခက်အခဲကို ပြေလည် အောင် ဖြေရှင်းနိုင်ခဲ့သည်။ လက်တလော ရင်ဆိုင်နေရသော ရေပြဿနာများကို ဖြေရှင်းရာတွင် ထိုကဲ့သို့ နည်းလမ်းကို အသုံးပြု ဖြေရှင်းနိုင်မည်ထင်ပါသည်။

ယင်းဒေသများတွင် မိုးရေ၊ ချောင်းရေများကို ရသည့်အချိန် တွင် စုဆောင်းပြီး ရေရှားပါးသည့်အချိန်တွင် ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်သင့်သည်။ ထိုကိစ္စသည် လွယ်သည့်ကိစ္စတော့မဟုတ်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပညာရှင်များ၏ စွမ်းဆောင်မှု၊ အဖွဲ့အစည်းများ၏ ပံ့ပိုးမှု၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ငွေကြေးနှင့် နည်းပညာကို လုံလုံလောက်လောက် သုံးစွဲမှ အောင်မြင်နိုင်မည့်ကိစ္စ ဖြစ်သည်။ ထိုနည်းလမ်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း တိုက် တွန်းလိုပါသည်။

ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply