မြစ်ဝကျွန်းပေါ်ဒေသ ရေအောက်ရောက်ရတော့မှာလား

မြစ်ဝကျွန်းပေါ်ဒေသ ရေအောက်ရောက်ရတော့မှာလား

သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ရွှေလက် ဆွေးနွေးမည့်Power Point ကို ပြင်ဆင် နေသည်။ ထိုစဉ် Asia Calling က Kannikar Petch-kaew ရေးသည့် Vietnam’s sinking rice bowl ကို အမှတ်မထင် ဖတ်လိုက်မိသည်။ ပင်လယ်ထဲနစ်မြုပ်ပျောက်ကွယ်သွားတော့မည့် ဗီယက်နမ်နိုင်ငံ မြစ်ဝကျွန်း ပေါ်ဒေသအကြောင်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန် စပါး အဓိက ထုတ်လုပ်သည့်အတွက် ဆန်အိုး ကြီးဟု တင်စားခေါ်ဝေါ်ကြသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်အိုးကြီး ပင်လယ်အောက် ရောက်တော့မည်ကို စာရေး သူက အသိပေးလိုက်ခြင်းဖြစ်သည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် မြေဆီဩဇာကောင်းပြီး ဗီယက်နမ်နိုင်ငံအတွက် ဆန်အိုးကြီးဖြစ် သည်။ မြစ်ညာတွင် ဆည်များ တည်ဆောက်ခဲ့ကြသည်။ စီမံကိန်းစချိန်တွင် “ဘာမှမဖြစ်နိုင်ဘူး၊ လျှပ်စစ်ဓာတ် အားတွေ ဖောဖောသီသီရပြီး လောကနိဗ္ဗာန်ခံစားရမယ်” ဆိုကာ ကတိပြု၊ မက်လုံးပေးခဲ့သည့်အသံများ စီစီဝေ ခဲ့သည်။ တကယ်တမ်းတွင် စီမံကိန်းကြောင့် ငါးများရှားပါးသွားသည်။ မြစ်၏ရေစီးရေလာလည်း မမှန်တော့။ မြစ်ကမ်းများလည်း ပြိုကုန်သည်။ သစ်တောများပြုန်းတီးကုန်ပြီး ရာသီဥတုပြောင်းလဲလာသည်။ ကမ္ဘာကြီး ပူနွေး လာသည်။ ကမ္ဘာ့ဝင်ရိုးစွန်းက ရေခဲတောင်များ အရည်ပျော်ကုန်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ပြီး ပင်လယ်ကမ်းရိုးတန်းအနိမ့်ပိုင်းများ ပင်လယ်ဆားငန်ရေ ဖုံးလွှမ်းကုန်သည်။ ရေငန်ဝင်သောကြောင့် ပင်လယ် ကမ်းရိုးတန်းက ငါးမွေးကန်၊ ပုစွန်ကန်များ၊ စပါးခင်းများ၊ စားပင်သီးပင်များ သေကြေပျက်စီးခဲ့ရသည်။ ထိုနည်းဖြင့် ဗီယက်နမ်အပါအဝင် ကမ္ဘာ့နိုင်ငံအများစု ထမင်းအိုးများ ပျောက်လာခဲ့ရသည်။ ကန်သိုတက္ကသိုလ်မှ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာသုတေသီ လီအန်တန်းက “ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသဟာ နှစ် ၁၀ဝ -၂၀ဝ နေရင် လုံးဝပျောက်သွားတော့မယ်” ဟု ပြောလိုက်ပြီဖြစ်သည်။ လက်ရှိအချိန်တွင်တော့ ဗီယက်နမ်နိုင်ငံစားနပ် ရိက္ခာအတွက် ကောက်ပဲသီးနှံထွက်ရှိမှု တတိယနေရာတွင်ရှိပြီး သား ငါး ပုစွန် ၆၀ ရာခိုင်နှုန်း ထုတ်လုပ် ပေးသည့် မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသသည် ပင်လယ်ထဲသို့ တအိအိနစ်မြုပ်နေပြီဖြစ်သည်။

ပင်လယ်ထဲသို့ နစ်မြုပ်နေသည့် ဗီယက်နမ်နိုင်ငံ၏ ဆန်အိုးကြီးအကြောင်းကို ဖတ်နေရင်း မြန်မာနိုင်ငံက ဆန်အိုးကြီးအကြောင်းလည်း ရွှေလက် ခေါင်းထဲရောက်လာသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်းပြီး မြေဆီမြေနှစ်ပြည့်ဝသည့် လွင်ပြင်ဒေသ ဖြစ်သည်။ အလျား ၂၉၀ ကီလိုမီတာ၊ အနံ ၂၄၀ ကီလိုမီတာရှိသည်ဟု မှတ်သားဖူးသည်။ မြစ်ဝကျွန်းပေါ် အောက်ပိုင်းသည် ဒီရေတောများနှင့် ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သည့် ဂေဟစနစ်ကို ပိုင်ဆိုင်ထားသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် လူပေါင်း ၃ သန်းကျော်နေထိုင်ကြပြီး မြန်မာနိုင်ငံ ဆန်စပါးအထွက်နှုန်း ၆၀ ရာခိုင်နှုန်း ခန့်ကို ထုတ်လုပ်ပေးသည်။ ထို့ကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသကို မြန်မာ့ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ခဲ့ ကြခြင်းဖြစ်သည်။ ထိုဒေသတွင် နေထိုင်သူများသည် စပါးစိုက်ပျိုးခြင်းကို အဓိကလုပ်ကိုင်ကြပြီး ၀မ်းစာဖူလုံစွာ ကျန်းမာပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ ရွှေလက်တို့ မိသားစုသည်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်ခဲ့ကြ သည်။ ပြည့်စုံချမ်းသာသူများ မဟုတ်သော်လည်း စားဝတ်နေရေးအတွက် စိုးရိမ်ကြောင့်ကြမှုကင်းကင်းဖြင့် နေထိုင်နိုင်ခဲ့သူများဖြစ်သည်။

ယခုအချိန်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ အခြေအနေသည် ယခင်ကနှင့်မတူတော့ပေ။ အရာရာ ပြောင်းလဲခဲ့ပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ စိုက်ပျိုးရေးပိုင်းမူဝါဒအလွဲများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ နိမ့်ပါးလာခဲ့သည်။ စားဝတ်နေရေးအဆင်မပြေမှု များကြောင့် အကြွေးသံသရာမှာ လည်နေခဲ့ရသည်။ ဆင်းရဲခြင်းနှင့် နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေ အနေများဖြစ်နေစဉ်မှာပင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တုန်းက မြစ်ဝကျွန်းပေါ်ကို ရက်စက်လွန်းခဲ့သည်။ လူသေဆုံးမှု များနှင့်အတူ စားဝတ်နေရေးများ ပျက်ပြားခဲ့ရသည်။ လူများ၏ စိတ်ဓာတ်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူ ရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများစသဖြင့် အရာအားလုံး ယနေ့ထိ နလံမထူနိုင်သေးပေ။ ထို့ကြောင့် လူအချို့က မြစ်ဝကျွန်းပေါ်ဒေသကို စွန့်ခွာပြီး ရေကြည်ရာ မြက်နုရာသို့ ထွက်ခွာသွားကြပြီဖြစ်သည်။

ထိုစဉ် တရားဝင်ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်က ရွှေလက်ကို တုန်လှုပ်သွားစေခဲ့သည်။ (ဧရာဝတီမြစ်ဝကျွန်းပေါ်သားတွေ အစီရင်ခံစာကို ဖတ်မိရင်လည်း ရွှေလက်လို တုန်လှုပ်သွားကြမှာပါ) အစီရင် ခံစာတွင် ရေးထားသည်မှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကဲ့သို့ မြေနိမ့်ပိုင်းဧရိယာများ လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ ရေအောက်သို့ နစ်မြုပ်နိုင်ဖွယ်ရှိသည် ဟူ၍။ ထို့အပြင် ရာစုနှစ်တစ်ဝက်ခန့်တွင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင် မြင့်တက် မှုသည် စင်တီမီတာ ၂၀ မှ စင်တီမီတာ ၄၀ အထိ ရှိမည်။ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားမှုအတိုင်းအတာနှင့် ဖြစ်ပွားမှုအကြိမ်အတွက် ခန့်မှန်းထားသည့်ပြောင်းလဲမှုများသည် တိကျသေချာမှုမရှိသေးသော်လည်း မုန်တိုင်း ကျရောက်ချိန်နှင့် ကင်းလွတ်ချိန်ကာလအတွင်း ကမ်းရိုးတန်းရေကြီးရေလျှံမှုတို့သည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို ပိုမိုဆိုးရွားလာစေနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပင်လယ်အောက်သို့နစ်မြုပ်နိုင်ကြောင်းကို ၂၀၁၁ ခုနှစ်က ရွှေလက် တက်ရောက်ခဲ့သည့် ပတ်ဝန်းကျင်ဆိုင်ရာသင်တန်းတစ်ခုတွင်လည်း မှတ်သားခဲ့ရဖူးသည်။ ကမ္ဘာကြီးပူနွေးလာမှု ကြောင့် ပင်လယ်ရေမျက်နှာပြင် ၅ မီတာခန့် မြင့်တက်လာနိုင်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာ ပါက မြစ်ဝကျွန်းပေါ်ဒေသသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ အစိတ်အပိုင်းအများစု၊ နယ်သာလန်၊ မော်ဒိုက်ကျွန်းစု၊ မာရှယ်ကျွန်းစု၊ တူဘာလူကျွန်းစု၊ ကေမန်းကျွန်းစုတို့နှင့်အတူ ရေနစ်မြုပ်မှုကို ကြုံတွေ့ရနိုင်ကြောင်း သင်တန်း ဆရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကတည်းက ရွှေလက် မွေးဖွားကြီးပြင်းခဲ့ရာ မြစ်ဝ ကျွန်းပေါ်ဒေသအတွက် စိုးရိမ်သောက ရောက်ခဲ့ရသည်။ မည်ကဲ့သို့ နည်းလမ်းများဖြင့် ကာကွယ်နိုင်မလဲဟု အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးသည်။ ပညာရှင်အချို့နှင့် စကားပြောခဲ့ဖူးသည်။ ပျက်စီးနေသည့် သဘာဝပတ်ဝန်းကျင် (အထူးသဖြင့် ဒီရေတောများ) ကို ပြန်လည်ကောင်းမွန်အောင် ထိထိရောက်ရောက် လုပ်ဆောင်သင့်သည် ဟူ သော အဖြေတစ်ခု ရခဲ့သည်။ သို့သော် ထိုအဖြေတစ်ခုကိုပင် ရွှေလက်တို့အစိုးရက ထိထိရောက်ရောက် လုပ် ဆောင်နိုင်သည်ကို မတွေ့ရသေးပေ။

ထိုအချိန်ကတည်းက ပင်လယ်ရေမျက်နှာပြင် ၅ မီတာမြင့်တက်လာလျှင် ပင်လယ်အောက်သို့ နစ်မြုပ် နိုင်သော ကျွန်းနိုင်ငံများက ကြိုတင်ကာကွယ် ပြင်ဆင်မှုများလုပ်ခဲ့ကြသည်။ ၄င်းတို့ကျွန်းနိုင်ငံများတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးလုပ်ဆောင်ခဲ့သည်။ ကမ္ဘာနိုင်ငံများနှင့်လက်တွဲ၍လည်း ကမ္ဘာကြီးပူနွေး လာမှုနှင့် ရာသီဥတုပြောင်းလာမှုကို တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံကြီးများ တွင် တင်ပြဆွေးနွေးခဲ့ကြသည်။ ထိုနိုင်ငံများမှ ခေါင်းဆောင်ကြီးများက ရဲဝံ့ပြတ်သားပြီး ၄င်းတို့ကိုယ်တိုင်လည်း တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့ကြသည်။ ပြည်သူများအပါအဝင် အဖွဲ့အစည်းများကလည်း အစိုးရနှင့်တူ ပူးပေါင်းပါ၀င်ခဲ့ကြသည်။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့သူများထဲမှာမှ မော်လ်ဒိုက်ကျွန်းနိုင်ငံ သမ္မတမိုဟာမက်နာရှစ် အကြောင်း အနည်းငယ်ပြောလိုပါသည်။

ရွှေလက် အထက်မှာပြောခဲ့သည့်အတိုင်း သမ္မတမိုဟာမက်နာရှစ်၏ မော်လ်ဒိုက်ကျွန်းနိုင်ငံလေးသည် ပင်လယ်အောက်သို့ နစ်မြုပ်ရမည့်ဘေးနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် သမ္မတနာရှစ်သည် တစ်နေ့တစ်ခြား မြင့်တက်လာသည့် ပင်လယ်ရေမျက်နှာပြင်အောက်ကို နစ်မြုပ်တော့မည့်မော်လ်ဒိုက်နိုင်ငံလေးအတွက် ကြိုတင် ကာကွယ် ပြင်ဆင်မှုအများအပြား လုပ်ဆောင်ခဲ့သည်။ သူသည် မော်လ်ဒိုက်နိုင်ငံ ပင်လယ်ရေအောက်မရောက် အောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့သည်။ အဓိကအားဖြင့် ယခင်က ရှိခဲ့သည့် သန္တာကျောက်တန်းများကို ကာကွယ်ထိန်းသိမ်းခဲ့သည်။ “ အရင်ဆုံး သန္တာကျောက်တန်းတွေကို ကာကွယ်နိုင်ရင် လူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မယ်။ အပင်နဲ့ ကုန်းမြေတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မယ်။ ဒီနည်းလမ်းကို ကမ္ဘာက သိအောင် နမူနာပြနိုင်ရမယ်”ဟု နာရှစ်က ကြွေးကြော်ပြီး လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် နာရှစ်ကို အင်မတန် အတုယူဖွယ်ကောင်းသည့် သမ္မတတစ်ဦးအဖြစ် ရွှေလက် မှတ်မိနေခဲ့သည်။

ကမ္ဘာ့ကျွန်းစုနိုင်ငံများမှ အကြီးအကဲများကိုယ်တိုင်က သူတို့နိုင်ငံလေး ပင်လယ်ရေအောက်သို့ မရောက် ရေး နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်။ ရွှေလက်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် မည် သည့်နိုင်ငံတော်အကြီးအကဲများက မည်ကဲ့သို့သော ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို စိုးရိမ်တကြီးဖြင့် လုပ် ဆောင်နေကြပြီလဲ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပင်လယ်ရေဖုံးလွှမ်းသွားနိုင်ကြောင်း ပြောထားသည့် အစီရင် ခံစာကိုရော သေသေချာချာ ဖတ်ပြီးကြရဲ့လား။ မည်သို့ပင်ဆိုစေကာမူ အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံ တစ်ဝန်းရှိ မိုးလေဝသစခန်း ၁၉ ခုမှ နှစ်ရှည် စုဆောင်းရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ WWF၊ MCCAနှင့် ကိုလံဘီယာတက္ကသိုလ်၏ ရာသီဥတုစနစ်များဆိုင်ရာ သုတေသနစင်တာတို့ ပူးပေါင်းမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် ရေးသားပြုစုခဲ့သည့်အစီရင်ခံစာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဂရုပြုရန်လိုပါသည်။

ရွှေလက်အမြင်ပြောရလျှင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပင်လယ်ရေအောက်သို့မရောက်ရန်အတွက် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ရမည်။ ဒီရေတောများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်ပြီး ပြန်လည်ပြုစုပျိုးထောင်ရမည်။ မော်လ်ဒိုက်ကျွန်း နိုင်ငံ သမ္မတမိုဟာမက်နာရှစ်က သူ့နိုင်ငံလေး ပင်လယ်ရေအောက်မရောက်အောင် သန္တာကျောက်တန်းများကို အဓိက ထိ်န်းသိမ်းသကဲ့သို့ ရွှေလက်တို့မြန်မာနိုင်ငံတွင်လည်း ကမ်းရိုးတန်းတစ်လျောက်ရှိ ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်များကို စနစ်တကျထိန်းသိမ်းရမည်။ ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပင်လယ် ရေအောက်သို့မရောက်ရှိရေး ရေရှည်စီမံချက်ချမှတ်၍ ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရေးသားလိုက်ရပေသည်။

ရွှေလက်

7Day Daily(11.9.2017)

#greenness

About The Author

greenness_mm

No Comments

Leave a Reply