ကမ္ဘာ့ရာသီဥတုအပြောင်းအလဲနှင့် ငါးမွေးမြူရေးကဏ္

ကမ္ဘာ့ရာသီဥတုအပြောင်းအလဲနှင့် ငါးမွေးမြူရေးကဏ္

လူသားတို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးမှာ ရေထုအပူချိန်မြင့်တက်လာမှု၊ ပင်လယ်ရေမျက် နှာပြင်မြင့်တက်လာမှု၊ ပင်လယ်သမုဒ္ဒရာရေရဲ့ ဆားငန်နှုန်းနဲ့ ချဥ်ဖန်နှုန်း pH ပြောင်းလဲလာမှု၊ရေခဲတောင် ကြီးများ အရည်ပျော်လာမှု၊ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုတိုက်ခတ်လာမှု၊အချို့နေရာဒေသတွေမှာ မိုးခေါင်လာမှုနှင့် ငါးအုပ်များရဲ့အစုအဖွဲ့ကြွယ်ဝမှုလျော့ပါးလာတဲ့ အခြေအနေတွေဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။
အဲသည်လို ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အကြောင်းတရားတွေဟာ ရေလုပ်ငန်း
ဆိုင်ရာလုပ်ငန်းရပ်များဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူခြင်းလုပ်ငန်းတွေပါ ခြိမ်းခြောက်လျက် ရှိပါတယ်။ရာသီဥတုပြောင်းလဲမှုဟာ စီးပွားရေးလုပ်ငန်းကိစ္စအဝဝနဲ့ ပတ်ဝန်းကျင်သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့မှုကို ထိခိုက်စေသည်ဆိုသော်လည်း အဆိုးထဲက အကောင်းဆိုတဲ့အချက်အနေနဲ့ ရှုမြင်ရရင် ငါးမွေးမြူရေးလုပ်ငန်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးအခွင့်အလမ်းအသစ် အချို့ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။အဲဒါကတော့ အအေးပိုင်းဒေသများမှာငါးများကြီးထွားဖို့ အချိန်ကာလကြာရှည်အောင် မွေးခဲ့ရသော်လည်း ရာသီဥတုပြောင်းလဲလို့ အအေးပိုင်းဒေသများ ပူနွေးလာခဲ့ရင် မွေးမြူရေးငါးများကြီးထွားနှုန်း ပိုမိုမြန်ဆန်ပြီး ထုတ်လုပ်မှုမြင့်မားလာနိုင်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ရာသီဥတုဖောက်ပြန်မှုနှင့် ငါးလုပ်ငန်းဆိုင်ရာ ပြောင်းလဲမှုများ
ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ပင်လယ်သမုဒ္ဒရာများ အထူးသဖြင့် အလယ်ပိုင်း လတ္တီတွဒ်နဲ့ အပူပိုင်းဇုန်များမှာ ပူနွေးလာပြီး ဆားငန်ဓါတ်ပိုများလာပါတယ်။သို့ပေမယ့် ပစိဖိတ်
သမုဒ္ဒရာရဲ့ အစိတ်အပိုင်းတချို့နဲ့ အတ္တလန္တိတ်ဝန်းကျင်ဒေသအချို့မှာတော့ အဲ့ဒီဒေသကရေတွေ ပိုချိုလာတယ်လို့ ဆိုပါတယ်။သန္တာကျောက်တန်းများဟာလည်း ပင်လယ်ရေအပူချိန်မြင့်တက်လာတာနဲ့
အမျှ အက်စစ်ဖြစ်ပေါ်မှုများပြားလာတာကြောင့် ပျက်စီးပျောက်ကွယ်ဖို့ရာ ခြောက်လှန့်ခံနေရပါတယ်။
ရာသီဥတုပြောင်းလဲမှုဟာ ရေစီးကြောင်းများရဲ့ ရေစီးအားကို မြင့်တက်စေတာကြောင့် ကမ်းဦး ရေတိမ်ပိုင်းများကို ပျက်စီးစေပြီး ကမ္ဘာ့အဓိက ငါးဖမ်းစျေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းကို ပျက်စီးစေပါတယ်။ ကမ္ဘာ့ရေချိုငါးလုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ အာရှနဲ့အာဖရိကတိုက်များမှာ တည်ရှိနေပြီး အဲဒီဒေသများဟာ ကမ္ဘာ့ရဲ့နှစ်စဥ် ပျှမ်းမျှအပူချိန်ထက် ပိုမိုနေတဲ့အတွက် မိုးရွာသွန်းမှုနည်းပါးပြီး သဘာဝရေကန်ကြီးများရဲ့ ရေမျက်နှာပြင်ဟာ တဖြည်းဖြည်း နိမ့်ကျလျက်ရှိတယ်။
အပူပိုင်းဒေသနဲ့ လတ္တီတွဒ်အလယ်ပိုင်းမှာရှိတဲ့ ပင်လယ်များရဲ့ ငါးထုတ်လုပ်မှုဟာ အအေးပိုင်ပင်လယ်များနှင့် နှိုင်းယှဥ်လျှင် ထုတ်လုပ်မှုပမာဏ နည်းပါးလျက်ရှိတယ်။ငါးအများစုဟာ အပူချိန်ရုတ်တရက်မြင့်တက်မှုကို ခံနိုင်ရည်မရှိတဲ့အတွက် ငါးများပြန့်နှံ့မှုပုံစံများဟာလည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ဘဝသက်တမ်းတိုတဲ့ ငါးမျိုးစိတ်များမှာဆိုရင် ဘဝစက်ဝန်းရဲ့အချိန်ဇယားပြောင်းလဲကုန်မှာဖြစ်ပြီး ငါးတွေရဲ့ အစာဖြစ်တဲ့ အချို့မျှောလှေးများဟာ စောပြီး ပေါက်ပွားကြတဲ့အတွက် သူတို့ကိုစား မည့် ငါးငယ်လေးတွေစားနိုင်တဲ့ အရွယ်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အစာမလုံလောက်မှုကြောင့် ငါးတွေ ပေါများကြွယ်ဝမှုကို ထိခိုက်လာမှာဖြစ်ပါတယ်။
သန္တာကျောက်တန်းများဟာဆိုရင်လည်း ပင်လယ်နေသတ္တဝါများရဲ့ ခိုအောင်းရာနေရာများ ဖြစ်ပါတယ်။သန္တာကျောက်တန်းများကို ခြိမ်းခြောက်နေတဲ့ အချက်နှစ်ချက်ကတော့ ပင်လယ်ရေအက်ဆစ်ဓာတ်ကြောင့် ကယ်လ်စီယမ် ခေါ် ထုံးဓါတ်ဖြစ်ပေါ်စေရန် အနှောင့်အယှက် ဖြစ်စေခြင်းနှင့် သန္တာကျောက်တန်းများဟာ သင့်တော်တဲ့နေရာသို့ အလွယ်တကူ မရွှေ့ပြောင်းနိုင်ကြခြင်းတို့ ဖြစ်ပါတယ်။
အာဟာရဓာတ်ပြည့်ဝရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အန္တရာယ်များ
ငါးဖမ်းလုပ်ငန်းနဲ့ ငါးမွေးမြူရေးလုပ်ငန်းဟာ အစားအစာထုတ်လုပ်မှု၊ဖူလုံမှုနှင့် ဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အရေးပါလျက်ရှိပါတယ်။ကမ္ဘာ့လူဦးရေစုစုပေါင်းအနက် လူဦးရေ ၄၂ သန်းဟာ ငါးဖမ်းခြင်းနှင့် ငါးမွေးမြူရေးကို လုပ်ဆောင်နေပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ ငါးပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရှာဖွေပေးလျက်ရှိပါတယ်။
ရာသီဥတုပြောင်းလဲမှုအပြင် ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေကြောင့် ငါးဖမ်းသူများနဲ့
ငါးမွေးမြူသူများကို ထိခိုက်စေမှာကတော့ ထုတ်လုပ်မှုစရိတ်၊ရောင်းဝယ်ကုန်ကျမှုစရိတ်များ တိုးမြင့်
လာပြီး ဝယ်ယူအားနဲ့ ပြည်ပတင်ပို့မှုများ ကျဆင်းလာစေမှာဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ငါး၊ပုစွန်တို့ရဲ့ ရှင်သန်လှုပ်ရှားမှုအတွက် သင့်တော်တဲ့နေရာများ ခေါင်းပါးလာမှာဖြစ်ပါတယ်။အဲဒီလိုဖြစ်လာရင် ငါးတွေရဲ့ ပျံ့နှံ့ပုံပြောင်းလဲလာမှာ ဖြစ်ပါတယ်။အဲသည်
လိုပြောင်းလဲလာတဲ့အခါ အသေးစားငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအနေနဲ့ ငါးဖမ်းကွက်အသစ်များသို့ သွားရောက်ရန် ခက်ခဲနိုင်တဲ့အပြင် ကမ်းရိုးတန်းမှာနေထိုင်သူများအနေဖြင့် ပင်လယ်ရေမြင့်တက်ခြင်း၊ မုန်တိုင်းမကြာခဏ တိုက်ခိုက်ခြင်းဒဏ်တွေကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် အအေးပိုင်းဒေသများမှာ ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း တိုးတက်ပေါ်ပေါက်လာနိုင်သလို တချိန်တည်းမှာဘဲ ရေကြီးရေလျှံခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခြင်းကြောင့် ငါးကန်များပျက်စီးမှုများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အအေးပိုင်းနဲ့ သမပိုင်း ဒေသတွေမှာလုပ်ကိုင်တဲ့ ဆယ်လ်မွန်ငါးမွေးမြူရေးဒေသတွေမှာ ဆိုးကျိုးများဖြစ်တဲ့ မျှောလှေးထူထပ်လာမှု၊ရောဂါများနဲ့ အခြားရောဂါအသစ်အဆန်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ငါးလုပ်ငန်း စီမံခန့်ခွဲသူများ၊ တာဝန်ရှိသူများအနေနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ရင်ဆိုင်တွေ့ကြုံနိုင်တဲ့ အခြေအနေတွေကို ဂရုပြုဆောင်ရွက်ရန်နှင့် ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ကြရန် ရေးသားဖော်ပြအပ်ပါသည်။
နှင်းအိ(ရာမညမြေ)
Ref; ကမ္ဘာ့ရာသီဥတု အပြောင်းအလဲနှင့် ငါးလုပ်ငန်းဆိုင်ရာ ရှုမြင်သုံးသပ်မှုများ(ခင်ကိုလေး(ငါးဦးစီး))

About The Author

greenness_mm

No Comments

Leave a Reply