မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်နှင့် တွေ့ဆုံခြင်း

မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်နှင့် တွေ့ဆုံခြင်း

”ရာသီဥတုပြောင်းလဲမှုကို ပိုမိုမဆိုးရွားစေတဲ့နည်းတွေကို စဉ်းစားကျင့်သုံးရပါလိမ့်မယ်၊ ဒေသမျိုးတွေ ဖော်ထုတ်တာ၊ ဒေသအလေ့အထတွေ ထိန်းသိမ်းတဲ့နည်းတွေနဲ့ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုကို လုပ်ဆောင်ရပါလိမ့်မယ်”

 

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်ကြပါတယ်။ အခုနောက်ပိုင်း ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိလာပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်စားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်နေခဲ့ပါပြီ။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ ဘာတွေ ဖြစ်ပျက်နေလဲ၊ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ဆောင် သင့်လဲဆိုတာတွေနဲ့ပတ်သက်ပြီး မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး။ ။ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခံစားနေရတာ ကြာပါပြီ။ ဆရာ့မအနေနဲ့ရော ရာသီဥတုပြောင်းလဲမှုကို ဘယ်အချိန်ကစပြီး သတိပြုမိခဲ့တာလဲ ခင်ဗျ။

ဖြေ။ ။၂၀၀၄ ခုနှစ်ဒီဇင်ဘာလ လောက်ကဖြစ်တဲ့ ဆူနာမီ စဖြစ်တဲ့အချိန်ကစပြီး သတိထားမိတယ်။ အမှန်အတိုင်းကတော့ သက္ကရာဇ် ၂ဝဝဝပြည့်လွန်နှစ်တွေကစပြီး ဖြစ်နေတာ ကြာပါပြီ။ ၂၀၁၆ ကတော့ အပူဆုံး ဖြစ်ခဲ့ပါတယ်။

မေး။ ။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာမှာရော မြန်မာမှာပါ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ နေရတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ကဏ္ဍပေါင်းစုံမှာ ထိခိုက်ဆုံးရှုံးနေရတယ်။ ဆရာမက စိုက်ပျိုးရေး ပညာရှင်တစ်ယောက်ဆိုတော့ ရာသီဥတုကြောင့် စိုက်ပျိုးရေးမှာ ဘယ်လို တွေ ထိခိုက်ဆုံးရှုံးနေရတာလဲဆိုတာ ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ မိုးလေဝသဆိုတာကတော့ ကမ္ဘာ့လေထုအတွင်း ဖြစ်ပျက်နေတဲ့အခြေအနေကို နာရီပိုင်းအတွင်း ရက်တစ်ရက်အတွင်း ဖော်ပြတာ ဖြစ်ပါတယ်။ ဥပမာ- မိုးရွာတာ၊ နှင်းကျတာ တိမ်ထူတာ၊ ရေကြီးတာ၊ မိုးကြိုးပစ်တာ စသည်ဖြင့် ဖော်ပြတာကို ခေါ်ပါတယ်။ ရာသီဥတုဆိုတာ ကတော့ နှစ်တစ်နှစ်ရဲ့ အပူချိန် ကမ္ဘာ့နဲ့ဆိုင်ပြီး နှစ်ရှည်လများ ဖြစ်ပျက်တဲ့အချက်အလက်တွေ ကိုဖော်ပြတာ ရာသီဥတုဖြစ်ပါတယ်။ စိုက်ပျိုးရေးသမားတွေကို အဓိက စိန်ခေါ်နေတဲ့အချက်က ရာသီဥတုပြောင်းလဲခြင်းပါပဲ။ သစ်ပင်စိုက်ပြီး မိုးကိုရွာစေချင်တယ် မိုးက မရွာဘူး။ ရိတ်သိမ်းချိန်မှာ မရွာစေချင်ဘူး၊ မိုးက ရွာချတယ်။ တော်တော် ဒုက္ခရောက်ကြပါတယ်။ ဒါက တောင်သူတွေ အပိုင်းပေါ့။ မသိသာ၊ မမြင်သာတဲ့အချက်တွေ ရှိသေးတယ်။
ရာသီဥတု ပြောင်းတော့ ဖျက်ပိုးတွေရဲ့ အပြုအမူတွေ ပြောင်းလဲလာတယ်။ ပိုးသတ်ဆေးရဲ့ ဒဏ်ကို ခံနိုင်ရည် ရှိလာတယ်။ သီးနှံအထွက်နှုန်း လျော့ကျလာတယ်။ ရာသီဥတုက ပူတော့ မြေကနေ ရေငွေ့ ပျံတဲ့နှုန်းက ပိုများလာတယ်။ မြေဆီလွှာတွေ ပျက်စီးလာတယ်။ မြေဆီလွှာမှာ မှီတင်းနေထိုင်တဲ့ အဏုဇီဝပိုးတွေပါ ပြောင်းလဲလာတယ်။ အပင်ကကြိုက်တဲ့ အဟာရဓာတ်တွေ လည်း မြေတွင်းမှာ ရွှေ့လျားမှုတွေ ပြောင်းလဲလာတယ်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် များလာပြီး အပူချိန်မြင့်တက်လာတာနဲ့အမျှ သီးနှံတွေ မည်သည့်ကြီးထွားမှု အဆင့်တွင်မဆို ကြီးထွားမှုနှုန်းနှင့် သီးနှံအထွက်နှုန်းကျဆင်းနိုင်ခြင်းတွေကို သုတေသန လုပ်ထားတာ ရှိလာပါတယ်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်က များလာတော့ အပင်က ပိုပြီး ထွားကျိုင်းသန်စွမ်းလာတယ်။အပင်က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မှီတည်ပြီး အစာချက်တာကိုး။ သို့သော် အပင်ရဲ့ ရေလိုအပ်မှု မြင့်တက်လာတယ်။ ကမ္ဘာမှာရှိတဲ့ ရေရှိနိုင်တဲ့နေရာတွေကလည်း အရင်လို ရေမရတော့တာကို ရင်ဆိုင်နေကြရပါတယ်။ မိုးခေါင်တဲ့ဒဏ်ကတော့ အဆိုးဆုံးပါပဲ။ တချို့နေရာတွေမှာတော့ ရေကြီးနစ်မြုပ်တဲ့ ဒဏ်တွေ ခံရပြီး သီးနှံတွေ ပျက်စီးကြပါတယ်။

မေး။ ။ အဲဒီလို စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်ပျက်စီးဆုံးရှုံးနေရတာက ဘယ်ခုနှစ်လောက်က စဖြစ်ခဲ့တာလဲ။ မြန်မာနဲ့ ကမ္ဘာမှာ ဖြစ်ခဲ့တာလေး နှိုင်းယှဉ်ပြောပြပါဦး။

ဖြေ။ ။ ကမ္ဘာမှာကတော့ ကြာပြီပေါ့နော်။ အစမှာဖြေခဲ့သလို ၂၀၀၀ ပြည့်လွန် နှစ်တွေကစပြီး ရေကြီးတာတွေ၊ သီးနှံပျက်စီးတာတွေ ခံစားရတယ်။ မြန်မာမှာ အထင်ရှားဆုံးကတော့ ၂၀၀၈ ခုနှစ် နာဂစ် အပူပိုင်းဆိုင်ကလုံးကြောင့် ဧရာဝတီတိုင်းတစ်ခုလုံးနီးပါး အသက်တွေလည်းဆုံး၊ လယ်မြေတွေလည်း ပျက်စီးခဲ့ကြတယ်..။ ကျွဲနွားတွေ သေကုန်ကြတာ လယ်သမားတွေ ခုချိန်အထိ ကျွဲနွား တွေ ပြန်လည်မထူထောင်နိုင်ကြတော့ ရွာလုံးကျွတ် လက်တွန်းထွန်စက်တွေ သုံးနေကြရတယ်။ ဆားကွင်းတွေက ဆားထုတ်လို့မရတော့ဘူး။ လယ်တွေက ရေငံဝင်လို့ စိုက်မရတာတွေ အများကြီးပါ။ ဒီရေတောတွေလည်း ပျက်စီးကုန်သလို လယ်သမားအများစုဟာ Urbanization မြို့ပြကို ရွှေ့ပြောင်းနေထိုင်ပြီး လက်လုပ်လက်စားဘဝတွေ ဖြစ်ကြရရှာတယ်။ Eco-System တစ်ခု ပျက်စီးသွားတဲ့ ကြေကွဲစရာဖြစ်ရပ်ပါ။

မေး။ ။ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးတာကို ကျွန်တော်တို့ ပြောခဲ့တယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေးနဲ့မွေးမြူရေးကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှတ်လို့ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုက ရှိနေပြန်တယ်။ အဲဒီဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ မဖြစ်ပျက်အောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာကို ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ် အာနိသင်၊ အဲဒီအာနိသင်ဖြစ်စေတဲ့ ဖန်လုံ အိမ်ဓာတ်ငွေ့ကို ကဏ္ဍအလိုက်ကြည့်မယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍက ထုတ်ပေးတာ စုစုပေါင်း ပမာဏရဲ့ ၁၂.၅% သာ ရှိပါတယ်။ မြေကို ခုတ်ထွင်၊ သစ်တောတွေခုတ် မီးရှို့တာကြောင့်ကတော့ ၁၀% လောက်ရှိတာပေါ့။ စိုက်ပျိုးရေးမှာ အဲလို ထုတ်လုပ်မှုလျှော့ချတဲ့ စိုက်ပျိုးနည်းစနစ်တွေ ရှိတယ်။ Ecological Farming System ဂေဟအကျိုးပြု စိုက်ပျိုးနည်းစနစ်တွေကို လိုက်နာကြရင် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်မဲ့ကိစ္စတွေကို တားဆီးဆောင်ရွက်ရတာ ဖြစ်တယ်။ ကိုယ်က လျှော့ချပေမဲ့ ပြောင်းလဲနေတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့လည်း လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် လိုက်နာကြစေဘို့ သက္ကရာဇ် ၂၀၁၀ Hague Conference , FAO မှာ အတိအလင်း ထုတ်ပြန် ထားတာ ရှိတယ်..။ Climate Smart Agriculture (ပြောင်းလဲလာသောရာသီဥတုနှင့်အညီ စိုက်ပျိုးရေး)လို့ ခေါ်ပါတယ်..။
ဘာတွေလည်းဆိုတော့ သြဂဲနစ် စိုက်ပျိုးရေးစနစ်( Organic Farming)၊ သဘာဝဝန်းကျင် မပျက် စိုက်ပျိုးရေး နည်းစနစ်( Conservation Agriculture)၊ သီးနှံ သစ်တောရောနှော စိုက်ပျိုး ခြင်း (Agro- Forestry)၊ ပေါင်းစည်းလယ်ယာ (မွေးမြူရေးပါ တွဲဘက်လုပ်ဆောင်တာ ) ( Inte-grated Farming)၊ အခြေတကျ ဥယျာဉ်စိုက်ပျိုးနည်းစနစ်များ ( Permaculture)၊ သဘာဝကို မဆန့်ကျင်ဘဲ သစ်တောများပြန်လည် ထူထောင်စိုက်ပျိုးခြင်း (Syntropic Agriculture) စသည် ဖြင့်ပေါ့လေ။ အဓိကကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုနည်းအောင် လျှော့ချနိုင်ပြီး ရေငတ်တာ၊ မိုးခေါင်တာတွေကို ခံနိုင်မဲ့နည်းစနစ်တွေပါပဲ..။

မေး။ ။ နောက်တစ်ခု ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုးမွှားမျိုးစိတ်သစ်တွေ ပေါက်ဖွားလာတယ်၊ လက်ရှိ ပိုးမွှားတွေကလည်း ပေါက်ဖွားနှုန်း မြင့်လာတယ်လို့ ဆိုကြတယ်။ ဒီတော့ စိုက်ပျိုးရေး လုပ်ငန်းမှာ ပိုးမွှားအန္တရာယ်ကြုံတွေ့ရပြီး ပိုးသတ်ဆေးတွေ သုံးစွဲလာရတယ်။ ပိုးသတ်ဆေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်လာကြရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လို ကာကွယ်ဆောင်ရွက်သင့်သလဲ။
ဖြေ။ ။ စိုက်ပျိုးရေးမှာ ဓာတုဆေးဝါးများ စတင်သုံးစွဲခဲ့တာ ၁၉၄၀ ကတည်းကပါ။ စိုက်ပျိုးရေးမှာ ခေတ်သစ် ပိုးမွှားနှိမ်နင်းရေးအစီအစဉ် ချခဲ့တုန်းက အရေးအကြီးဆုံး အချက် ၂ ချက်ကို ထည့် သွင်း စဉ်းစားခဲ့ခြင်း မရှိဘူးလို့ ကိမိလဗေဒပညာရှင် ရောဘတ်မက်ကာ့ဖ် Robert Metcalf က ဆိုပါတယ်။ အင်းဆက်ပိုးမွှားတွေ တစ်မျိုးတည်းက လွှမ်းမိုးမသွားအောင် အချင်းချင်း ပြိုင်ဆိုင်တယ်။ နေရာ၊ အစားအစာနဲ့ မျိုးစိတ်တစ်ခုဟာ တခြားသော မျိုးစိတ်တစ်ခုရဲ့ သားရဲကောင်ဖြစ်ကာ ထိန်းချုပ်ထားကြတာ သဘာဝ ဖြစ်ပါတယ်။ ဒီအချက်ဟာ အရေးကြီးလှတဲ့အချက် ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ကို လူက နှိမ်နင်းစရာမလို သူ့သဘာဝက ဦးရေမလွန်လာအောင် ထိန်းထား တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အခုတော့ သူ့အလိုလို သဘာဝမျှခြေအား စီမံဖန်တီးမှုကို လူတို့ စီမံပြုလုပ်တဲ့ ဓာတုပစ္စည်းတွေက ဖျက်ဆီးခဲ့ပါပြီ။ ထိုကဲ့သို့ သဘာဝအားဖြင့် ခုခံထိန်းသိမ်းထားတဲ့ စနစ် အားပျော့သွားတာနဲ့ အင်းဆက်မျိုးစိတ်တွေဟာ ပေါက်ကွဲထွက်သလို အလုံးအရင်းနဲ့ ဦးရေတိုးပွား ပေါက်ပွားလာ နိုင်တယ်ဆိုတဲ့အချက်ဟာ ဒုတိယလစ်လျူရှုခဲ့တဲ့အချက် ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အင်းဆက်မျိုးစိတ်ပေါင်း ၇၀၀၀၀၀ ကျော်ရှိကြောင်း မှတ်တမ်းပြုပြီးခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သတ္တဝါတွေရဲ့ ရဝနဲ့ ၈၀ ရာခိုင်နှုန်းဟာ အင်းဆက်တွေ ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်ပိုးသတ်ဆေး (အင်းဆက်)တို့ အရည်အတွက်ပမာဏ၊ အမျိုးအစားနဲ့ဖျက်ဆီး နိုင်စွမ်းအား တိုးတက်လာတာနဲ့အမျှ သဘာဝအတိုင်း ခုခံစွမ်းရည် သဘာဝမျှခြေ အထွေထွေ ကျဆင်းလာခဲ့ပါတယ်။ တစ်ခါတစ်ခါ ပိုးသတ်ဆေး ဖြန်းခြင်းရဲ့ ရလဒ်က ပြောင်းပြန်ဖြစ်နေတတ် ပါတယ်။ Eg.. blackfly ကို သုတ်သင်ဆေးဖြန်းပြီး နောက်မှာ နဂိုထက် ၁၇ ဆ ပိုတိုးလာတာ တွေ့ရပါတယ်..။ Spidermitesဆိုတဲ့ မွှားပင့်ကူနီဟာ တကယ်တော့ ခြေထောက် ၈ချောင်းရှိတာမို့ အင်းဆက်မျိုးစိတ်ထဲ မပါဘူး။ DDT ပိုးသတ်ဆေးသုံးပြီးကာမှ ဖျက်ပိုး ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
၁၉၅၆ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု သစ်တောဋ္ဌာနမှာ သစ်တောဧကပေါင်း ၈၈၅၀၀၀ ကို DDT ပက်ဖျန်းခဲ့တာကတော့ ထင်းရှုူးပင်ပေါ်က ပိုးကို သတ်ရန်ဖြစ်ပါတယ်။ သို့သော် နွေရာသီ ရောက်တဲ့အခါမှာ ထင်းရှုးပိုးဖျက်တာထက် အကြီးအကျယ် ပျက်စီးနေတာ တွေ့ရပါတယ်။ Spider Mites တွေက ဖျက်ဆီးခဲ့တာပါ..။

ပိုးသတ်ဆေးဖြန်းပါလျက်နဲ့ ဘာကြောင့် ပိုးတွေ အကြီးအကျယ်ပွားလာကြလဲဆိုတော့..
(၁) ဆေးက နှုန်းအရ ဖြန်းပုံအရ ထိရောက်မှုမရှိတော့တာ၊ (၂) အချက်ကတော့ သူတို့ကို တိုက်ခိုက် စားသောက်တဲ့ သားရဲကောင် ( ကျွန်မတို့ စိုက်ပျိုးရေးမှာတော့ အကျိုးပြုအင်းဆက်) တွေ မရှိတော့တဲ့အတွက် တိုးပွားလာပါတယ်။ (၃) ဆေးဖြန်းတဲ့အချိန်မှာ အင်းဆက်တွေဟာ ဘေးကင်းတဲ့နေရာမှာ ခိုအောင်းနေတတ်ပါတယ်။ အစကတော့ စိုက်ခင်းထဲမှာ တစုတဝေးထဲ နေထိုင်သော်လည်း ရှောင်ပုန်းရင်းအရင်ကထက် ကျယ်ပြောပြီး အစားအစာပေးတဲ့နေရာကို တွေ့ သွားပြီး ပွားလာပါတယ်။ သူတို့ရန်သူ သားရဲကောင်တွေကလည်း မရှိတော့၊ သူတို့ရဲ့ စွမ်းအင် တွေကို မျိုးပွားတဲ့နေရာတွေမှာသာ အသုံးပြုပါတော့တယ်။ ဒါကြောင့် ဆေးဖြန်းပြီး အင်းဆက်တွေ ဟာ မူလထက် သုံးဆလောက်ပိုများလာပါတော့တယ်။ ဆေးတွေကိုလည်း ခံနိုင်ရည်ရှိလာပါတော့ တယ်။

ဒါကြောင့် ကျွန်မက သြဂဲနစ်ခြံတွေမှာ Insectariesလို့ခေါ်တဲ့ အင်းဆက်ဆွဲဆောင်အပင်တွေကို စိုက်ခိုင်းပြီး သဘာဝမျှခြေကို ထိန်းဘို့သတိပေးတာ ဖြစ်တယ်။ ပိုးတွေ့တိုင်း ပိုးသတ်ဆေး ဖြန်းစရာ မလိုပါ ဆိုတဲ့ ညွှန်ကြားချက်နဲ့ ဘက်စုံပိုးမွှားကာကွယ်ရေးစနစ် ( IPM – Integrated Pest Management)ကို ပြဋ္ဌာန်းလာတာ ကုလသမဂ္ဂကပါ..။ ပထမက ကာကွယ်တဲ့နည်းတွေ ( သီးလှည့်စိုက်တာ ၊ မြေသြဇာ လျှော့ကျွေးတာ၊ စိုထိုင်းဆ ထိန်းချုပ်တာ ) စသည်ဖြင့်။ ပိုးကျလာခဲ့ ရင်လည်း စီးပွားရေးထိခိုက်တဲ့ ဖျက်ဆီးမှု ရှိမရှိ ကင်းထောက်မှတ်တမ်းယူရပါတယ်။ ရှိမှ နှိမ်နင်း မယ် ဆုံးဖြတ်ရပါမယ်။ နှိမ်နင်းတဲ့အခါ စိုက်နည်းစနစ်နဲ့ နှိမ်နင်းတာ၊ သဘာဝနည်းနဲ့ နှိမ်နင်းတာ၊ ဇီဝနည်းနဲ့ နှိမ်နင်းတာ နောက်ဆုံးမှ ဓာတုဆေးသုံးရမယ်လို့ အတိုချုပ် မှတ်နိုင်ပါတယ်။

မေး။ ။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်ပျက်စီး ဆုံးရှုံးနေရတယ်ဆိုတော့ ကျွန်တော်တို့ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံတွေအတွက် စိုးရိမ်စရာအနေအထားပါ။ ဒီတော့ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုတွေနဲ့ နောက် ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်တွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိအောင်(ဒါမှမဟုတ်) ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာအောင် ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ထားသင့်သလဲ။

ဖြေ။ ။ ရာသီဥတုက ပြောင်းလဲရတဲ့ကြားထဲမှာ ကျင့်သုံးတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေက ရေရှည် တည်တံ့မှုကို အားမပေးတဲ့နည်းစနစ်တွေကို သိလျက်နဲ့သော်လည်းကောင်း၊ မသိတသိသော် လည်းကောင်း၊ လုံးဝမသိလို့ သော်လည်းကောင်း ကျင့်သုံနေကြခြင်းဟာ ပျက်စီးမှုလမ်းကြောင်းကို ဦးတည်နေပါတော့တယ်။ ဒီလိုဆိုးဝါးတဲ့ရိုက်ခတ်မှုဟာ ဆင်းရဲတဲ့တိိုင်းပြည်နဲ့ လုပ်ကွက်ငယ် တောင်သူတွေကို ပိုလို့ ထိရှခံစားစေပါတော့တယ်။ Agro-ecology လို့ ခေါ်တဲ့ ဂေဟအကျိုးပြု စိုက်ပျိုးရေးစနစ်ဟာ သဘာဝက လိုအပ်လို့ တောင်းဆိုလိုက်တဲ့ ပညာရပ်ဆိုတာ စိုက်ပျိုးသူများ သိစေချင်ပါတယ်။ အနာဂတ်မှာ ဒီနည်းစနစ်တွေ မကျင့်သုံးရင်တော့ အားလုံးဒုက္ခ ရောက်ကြ မယ်။ ရေရှည်တည်တံ့တဲ့ အထွက်နှုန်းတွေကို မပေးစွမ်းနိုင်တော့ဘူး။ မြေဆီလွှာတွေ ခြောက်ခမ်း ကုန်တော့မယ်ဆိုတာကို ကျမတို့ မသိချင်ယောင်ဆောင်လို့ မရတော့ပါဘူး။ ဒါကြောင့် ဂေဟ အကျိုးပြု စိုက်ပျိုးနည်းစနစ်တွေ စိုက်ပျိုးသူတွေ နားလည်သဘောပေါက်အောင်၊ သဘာဝပ တ်ဝန်းကျင်ကို မထိခိုက်ပဲ စိုက်ပျိုးထုတ်လုပ်နိုင်ကြရအောင် ကျမတို့ ကြိုးစားဆောင်ရွက်ကြရပါ မယ်။

တကယ်တော့လည်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလို့ ပေါ်ပေါက်လာတဲ့ ပြဿနာတွေဟာ စားရေရိက္ခာ မလုံလောက်ခြင်း၊ ဆင်းရဲမွဲတေခြင်း၊ သဘာဝ ဘေးအန္တရာယ်ကျရောက်ခြင်းဆိုတဲ့ လူမှုစီးပွားပြဿနာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ Monoculture လို့ခေါ်တဲ့ သီးနှံ တစ်မျိုး တည်းကို တစ်ကွင်းတစ်စပ်ထဲ စိုက်ပျိုးတဲ့စနစ်ဟာ ပြင်ပသွင်းအားစုများစွာကို အသုံးပြုရပါတယ်။ ပိုးကျရင်ကျသလို.. ရောဂါကျရင်ကျသလို တောင်သူတွေဟာ ဝင်ငွေအဆုံးရှုံးမခံလိုကြတာနဲ့ဓာတု ဆေးများစွာကို အသုံးပြုကြပါတယ်။ အဲဒီအခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အဓိက အရေးကြီးတဲ့ ဇီဝမျိုးကွဲကြွယ်ဝမှုကို ဆိုးရွားစွာ ထိခိုက်ပါတော့တယ်။ တကယ်လို့ သြဂဲနစ် စိုက်ပျိုး ရေးကို ကျင့်သုံးခဲ့မယ်ဆိုရင်တောင်မှပဲ သီးနှံတစ်မျိုးတည်း တကွင်းတစ်စပ်ထဲ အားပြုစိုက်ပျိုး ရေးမှာ သြဂဲနစ်သွင်းအားစုများစွာ အသုံးပြုရမှာ အမှန်ပါပဲ။

စိုက်ပျိုးရေးနည်းစနစ်များထဲမှာ စက်မှုအကျိုးပြု စိုက်ပျိုးရေးဟာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကို ဖြစ်စေတဲ့ အဓိကတရားခံ ဖြစ်နေပြီး ၁၇ မှ ၃၂ ရာခိုင်နှုန်းထိ ဖန်လုံအိမ်ဓာတ်ငွေ့ကို တိုးတက်စေပါတယ်။ ဇီဝမျိုးကွဲများ ပျောက်ဆုံးမှုများလာပြီး အထွက်နှုန်းကျဆင်းလာရပါတယ်။
၂၀၁၂ ခုနှစ်မှာ အမေရိကန်လယ်သမားတွေအဘို့ အနှစ်၃ဝအတွင်း ကြီးမားသော မိုးခေါင်မှုနဲ့ ကြုံ တွေ့ရပြီး ပြောင်းနဲ့ပဲပုတ် အထွက်နှုန်းဟာ ၃၀% အထိ ဆုံးရှုံးလေလွင့်ခဲ့ပါတယ်။ စက်မှုလုပ်ငန်း ကို အထောက်အကူပြု စိုက်ပျိုးရေးဟာ ရာသီဥတုဒဏ်မခံနိုင်ပဲ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကိုပါ ပိုပိုသာသာ ထုတ်လွှတ်ပါတော့တယ်။

နောင်လာမယ့် ဆယ်စုနှစ်များအတွက် စိုက်ပျိုးရေး စိန်ခေါ်မှုတွေကတော့ စားနပ်ရိက္ခာ ထုတ်လုပ်ဘို့ ရေရှည်တည်တံ့တဲ့ နည်းစနစ်တွေကျင့်သုံးဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။ ရှိပြီးသား မြေတွေမှာပဲ လောင်စာဆီ လျှော့ချသုံးစွဲဖို့ ရေနှင့်နိုက်တြိုဂျင်၊ မြေသြဇာ လျှော့သုံးဖို့ ရာသီဥတု ပြောင်းလဲမှုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးမထုတ်လုပ်မိဖို့ပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ စားနပ် ရိက္ခာထုတ်လုပ်မှုစနစ်ကို တစ်ဖန်ပြန်လည်စဉ်းစားဖို့ အချိန်တန်ပါပြီ။ အနာဂတ်စိုက်ပျိုးရေးမှာ ရေနံ အခြေခံလောင်စာဆီတွေ ပေါပေါများများ ရမနေတော့ဘူးဆိုတာ သိထားပြီး သူ့အပေါ်တည်မှီ မထားတဲ့ နည်းတွေ ရှာကြံရပါတော့မယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက် ပြီး ရာသီဥတုပြောင်းလဲမှုကို ပိုမိုမဆိုးရွားစေတဲ့နည်းတွေကို စဉ်းစားကျင့်သုံးရပါလိမ့်မယ်။ ဒေသ မျိုးတွေ ဖော်ထုတ်တာ၊ ဒေသအလေ့အထတွေ ထိန်းသိမ်းတဲ့နည်းတွေနဲ့ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုကို လုပ်ဆောင်ရပါလိမ့်မယ်။

ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်..ဆရာမ။

မင်းချစ်နိုင် တွေ့ဆုံမေးမြန်းသည်၊

 

About The Author

greenness_mm

No Comments

Leave a Reply