ကမ္ဘာကျော်ရုပ်ရှင်မင်းသားလီယိုနာဒိုဒီကာပရီရို၏ ရာသီဥတုပြောင်းလဲမှုအမြင်နှင့် မြန်မာနိုင်ငံအခြေအနေ

ကမ္ဘာကျော်ရုပ်ရှင်မင်းသားလီယိုနာဒိုဒီကာပရီရို၏ ရာသီဥတုပြောင်းလဲမှုအမြင်နှင့် မြန်မာနိုင်ငံအခြေအနေ

(၁)
သည်နေ့ ရွှေလက် အိပ်ယာနိုးတော့ နေတောင် အတော်မြင့်နေပြီ။ နေ့စဉ်ပြုကျင့်နေကျအတိုင်း သစ်ပင်၊ ပန်းပင်လေးများကို ရေလောင်းသည်။ ငှက်ကလေးများကို အစာကျွေးသည်။ ဆောင်းတွင်းဟုခေါ်ရမည့်ကာလ ဖြစ်သော်လည်း တစ်ခါတလေမိုးကြီးလေကြီးပင် ကျရောက်လာတတ်သည်။ ထို့ကြောင့် ရွှေလက်အနေဖြင့် ယခု ကာလကို နွေလား၊ မိုးလား၊ ဆောင်းလား ခွဲမရအောင် ဖြစ်မိသည်။ ရွှေလက်ကိုယ်တိုင်လည်း ဆောင်းနံနက်ခင်း တွင် ချွေးဒီဒီးကျနေသည်။ နံနက်ခင်းလုပ်စရာ အလုပ်များပြီးတော့ ခေတ္တအနားယူသည်။ သွားတိုက်၊ မျက်နှာ သစ်၊ ခြေလက်သန့်စင်သည်။ ချစ်ဇနီးလေး ပြင်ပေးထားသည့် ပဲပြုတ်နှင့် ထမင်းကြော်ပူပူလေး စားသည်။ ပြီးတော့ ကော်ဖီသောက်၊ လက်ဖက်ရည်ကြမ်း သောက်ရင်း အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်းများကို ဖတ်ရှု နေမိသည်။ ထိုအချိန်မှာ ရွှေလက်အလုပ်လုပ်သည့် သတင်းစာတိုက်တွင် သတင်းထောက် လုပ်ခဲ့ဖူးသူက ဖုန်း ဆက်လာသည်။
“ဆရာရေ…၊ အခုဆောင်းတွင်းကြီးကလည်း မိုးတွင်းကြီးကျနေတာပဲ။ အခုအချိန်ဆို နှင်းတွေကျပြီး ချမ်းနေရမှာကို မိုးတွေပဲ ရွာနေတယ်။ အနွေးထည်အသစ်လေးနဲ့တောင် ရှိုးမထုတ်ရဘူး ဆရာရယ်။ ကျွန်တော့် တစ်သက် ဒီလိုမဖြစ်ဖူးဘူး။ ဒါ ဆရာပြောပြောနေတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် မဟုတ်လား။ အဲဒီ အကြောင်း ဆောင်းပါးတစ်ပုဒ်လောက် ရေးပါလားဆရာ” တဲ့။ ရွှေလက် ဖုန်းထဲမှာတော့ သူ့ကို ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ပြောဖြစ်သည်။ ဆောင်းပါးတစ်ပုဒ်လည်း ရေးပါဦးမည်ဟုပြောလိုက်သည်။ သူနှင့် ဖုန်းပြောပြီးချိန်တွင် ရွှေလက်ခေါင်းထဲ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ၊ ဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်နေမှုများစသဖြင့် အကြောင်းအရာများက ကြီးစိုးလာသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ရွှေလက် ဆောင်းပါးများ ရေးခဲ့ဖူးပါသည်။ သို့သော် ပြည်များက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို သိပ်စိတ်မဝင်စားကြပေ။ ရွှေလက်ကလည်း အကြိမ် ကြိမ်ရေးပြနေမိသည်။

(၂)
“ ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့အရာတွေကို တိုက်ဖျက်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို အထောက် အကူပြုဖို့၊ မျိုးနွယ်စုငယ်တွေရဲ့ ရပိုင်ခွင့်တွေကို ထောက်ခံတောင်းဆိုပေးဖို့၊ ကမ္ဘာကြီးပူနွေးလာမှုကို အများဆုံး ခံစားနေကြရတဲ့ ဆင်းရဲတဲ့လူသား သန်းပေါင်းများစွာကို ကူညီဖို့၊ ယနေ့ကြုံတွေနေရတဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကို မျိုးနွယ်စုအားလုံးရဲ့ အရေးကြီးဆုံး စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရပ်ဆိုင်းသွားဖို့ လိုပါတယ်”ဟု ကမ္ဘာ ကျော် မင်းသားကြီး လီယိုနာဒိုဒီကာပရီရိုက ပြောသည်။ ဒီကာပရီရိုက The Revenant ဇာတ်ကားဖြင့် အော်စကာဆုချီးမြှင့်ခံရသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ The Revenant ဇာတ်ကားကလည်း လူသားများနှင့် ကမ္ဘာမြေကြားတွင်ရှိသော ဆက်နွယ်မှု သဘာဝတရားများကို ဖော်ညွှန်းထားသည့် ဇာတ်ကား ဖြစ်သည်။ လီယိုနာဒိုဒီကာပရီရိုသည် ထိုစကားများကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အခမ်းအနားများ တွင် လိုက်လျောညီထွေပြောသည့် ပုံစံမျိုးဖြင့် ပြောခဲ့ခြင်း မဟုတ်ပေ။ သူကိုယ်တိုင်ကလည်း သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်သည့် မှတ်တမ်းရုပ်ရှင်များကိုလည်း ရိုက်ကူးခဲ့သည်။
ထို့ပြင် လီယိုနာဒိုဒီကာပရီရိုက“ နှစ်သန်းပေါင်းများစွာက မဟုတ်ခဲ့ရင်တောင်မှ နှစ်ထောင်ပေါင်းများစွာ က စတင်ပြောင်းလဲလာတဲ့ ရာသီဥတုကို အကောင်းဘက်ပြန်လည်ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ ဆောင်ရွက် နေတဲ့ကာလမှာ ဒီရုပ်ရှင်ကို ရာသီဥတုဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွေနဲ့ တစ်ပြိုင်နက် ရိုက်ကူးတင်ဆက်ရခြင်းဟာ အမှန်တကယ် ကြောက်ခမန်းလိလိ အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။ ဂရင်းလန်း(Greenland)က ရေခဲပြင် တွေဟာ တစ်ဖြည်းဖြည်း အရည်ပျော်ကျကုန်တာကို အံ့သြဖွယ်တွေ့ရပါတယ်။ အလားတူ အိန္ဒိယနိုင်ငံမှာလည်း မမျှော်လင့်ထားတဲ့ ရေကြီးရေလျှံမှုတွေကြောင့် လယ်သမားတွေဟာ လယ်မြေတွေ ယူကြုံးမရအောင် ဆုံးရှုံး သွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးကိုပူနွေးစေပြီး ရာသီဥတုပြောင်းလဲမှုကို အဓိက ဖန်တီးနေတဲ့ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို စွန့်လွှတ်ပြီး ပြန်ပြည့်မြဲလောင်စာတွေကို သုံးစွဲကြပါလို့ တိုက်တွန်း ချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထိုမျှပင်မကသေး၊ လီယိုနာဒိုဒီကာပရီရိုသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဇောက်ချ လုပ်ကိုင်ရန် ရုပ်ရှင်လောကကို ခွဲခွာနှုတ်ဆက်ရမလားလို့ စဉ်းစားနေကြောင်း အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူး သည်။ သို့သော်လည်း မိတ်ဆွေတစ်ယောက်၏ “ ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်တာ သာမန်လူတစ်ယောက်ထက် ပိုမိုကျယ်ဝန်းတဲ့ အခင်းအကျင်းနဲ့ အသံပိုကျယ်တယ်”ဟူသည့် အကြံပြုချက်ကို သူက သဘောကျခဲ့သည်။ သူသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် ခြိမ်းခြောက်ခံနေရသည့် ဂေဟစနစ်ကိုကာကွယ်ရန် “လီယိုနာဒိုဒီကာပရီရို ဖောင်ဒေးရှင်း”ကို ၁၉၈၈ ခုနှစ် ကတည်းက တည်ထောင်ခဲ့သူဖြစ်သည်။ထိုဖောင်ဒေးရှင်းမှတစ်ဆင့် “ရုပ်ကြွင်းလောင်စာများအပေါ်အမှီအတွယ် ကင်းသော သန့်စင်စွမ်းအင်”ဟူသည့် စာတမ်းတစ်စောင်ကိုလည်း ပါရီတွင် ကျင်းပသည့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ထိပ်သီးညီလာခံသို့ ပေးပို့ခဲ့သည်။
ထို့အပြင် သူသည် ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်မြို့တော်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံ ကာ ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်သွားအောင် မည်ကဲ့သို့သောနည်းလမ်းများဖြင့် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးခဲ့သည်။ လီယိုနာဒိုဒီကာပရီရို၏ ရာသီဥတုပြောင်းလဲမှုအပေါ်အမြင်နှင့် ဆောင်ရွက်ချက်များကို စတင် ဖတ်မိကတည်းက ကြက်သီးများပင် ထမိခဲ့သည်။ ရွှေလက် ချစ်ခင်နှစ်သက်သည့် ကမ္ဘာကျော်မင်းသားတစ်ဦး က ရာသီဥတုပြောင်းလဲမှု တားဆီးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးများကို တွန်းတွန်းတိုက်တိုက် လုပ်နေကြောင်းသိရတော့ အံ့သြဝမ်းသာမိသည်။ ရွှေလက်တို့ မြန်မာနိုင်ငံက နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် များလည်း ထိုကဲ့သို့ လုပ်ဆောင်ကြမည်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟုပင် စိတ်ကူးယဉ်လိုက်မိ သေးသည်။

(၃)
ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းကို ၁၉၈ဝခုနှစ်က စတင်ခံစားခဲ့ပြီး မြန်မာနိုင်ငံတွင်တော့ ၁၉၇၈ ခုနှစ် ကတည်းက စတင်ခံစားခဲ့ရကြောင်း မှတ်သားခဲ့ရသည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၈ ခုနှစ် ကာလများသည် မြန်မာ နိုင်ငံအတွက် ပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုကာလများ ဖြစ်သည်။ သို့သော် ရွှေလက်တို့ မြန်မာပြည်သူ များ ဘာမျှမသိခဲ့ကြပါ။ ထိုကာလတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံများတွင် မုန်တိုင်းတိုက်၊ ရေကြီး၊ ငလျင်လှုပ်၊ မြေပြို၊ အပူချိန်ပြင်းထန်စသဖြင့် သဘာဝဘေးအန္တရာယ်များ လွန်လွန်ကဲကဲ ဖြစ်နေသည်။ လူများ သိန်းသောင်းချီ သေဆုံးခဲ့ကြသည်။ ထိုအချိန်ထိ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်ပြီး ထူးထူးခြားခြားဖြစ်စဉ်များ မဖြစ်ခဲ့ဟု ယူဆရသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ပြောဆိုမှုများ မရှိသလောက် နည်းခဲ့ သည်။
၂၀၀၈ ခုနှစ်တွင်တော့ နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီး ရာသီဥတု ပြောင်းလဲနေပြီ ဖြစ်ကြောင်း သက်သေပြလိုက်သည်။ မြန်မာပြည်သူ တစ်သိန်းလေးသောင်းခန့် သေဆုံးခဲ့ပြီး ဘဝပေါင်းများစွာလည်း အိုးမဲ့၊ အိမ်မဲ့၊ အနာဂတ်မဲ့ ခဲ့ရသည်။ ထိုအခါမှ မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရာသီဥတုပြောင်းလဲနေပြီဟု ပညာရှင်များ၊ အဖွဲ့အစည်းများက ပြောဆိုပြီး ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။ ထိုအချိန်မှစပြီး မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲမှုသည် သိသိသာသာလွန်လွန်ကဲကဲ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် ပြင်းထန်သည့် ရာသီဥတုဒဏ် ကို တိုက်ရိုက်အဆိုးဆုံး ခံစားရသော ကမ္ဘာ့နိုင်ငံများအနက် ဒုတိယနေရာတွင် ရပ်တည်နေခဲ့ရသည်။ သို့သော် လည်း မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်ပြီး လုပ်ဆောင်ချက်များသည် အားရစရာ မရှိခဲ့ပေ။ နိုင်ငံတော်အစိုးရကလည်း ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံများနှင့်အတူ သဘောတူ လက်မှတ်ထိုးသည်။ ဆွေးနွေးဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပသည်။ စီမံချက်များ ရေးဆွဲသည်။ ထိုသို့ လုပ်ဆောင်နေရင်း မြန်မာနိုင်ငံတွင် မိုးများပြီး ရေကြီးရေလျှံဖြစ်သည်။ အပူချိန်လွန်ကဲပြီး သောက်သုံးရေ ပြတ်လပ်မှု ဖြစ်သည်။ ထိုသို့ဖြင့် မြန်မာနိုင်ငံတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများသည် သိသိသာသာ လွန်လွန်ကဲကဲ ဖြစ်ပွားနေတော့သည်။

လက်ရှိအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကတော့ ပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှု ပုံစံကို တုံ့ပြန်နိုင်ရန် မြန်မာ့ရာသီဥတု ပြောင်းလဲမှု အစီအစဉ်ကို အီးယူ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကူအညီဖြင့် ၂၀၁၃ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်တုံ့ပြန်ရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အထောက်အကူပြု ဖော်ဆောင်နိုင် မည့် လမ်းညွှန်၊ မူဘောင်အဖြစ် မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ နှင့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲခဲ့ပြီး အချောသတ်လုပ်ငန်းများ လုပ်ဆောင်နေကြောင်းပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကတည်းက ကောင်းမွန် ထူးခြားသည့်စီမံချက်များ၊ မူဝါများ၊ မဟာဗျူဟာများကို ရေးဆွဲခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံအတွက်တော့ သိပ်ထူးခြားကောင်းမွန်မှု မရှိခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့်လုပ်ငန်းအစီအစဉ်များကို ရေးဆွဲထုတ်ပြန်ပြီးလျှင်လည်း ထိထိရောက်ရောက် လိုက်ပါ ဆောင်ရွက်ရန်လိုပါသည်။ သို့မှသာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ လည်း လျော့ပါးသက်သာလာမည် ဖြစ်သည်။ ။

ရွှေလက်

27.11.2017

About The Author

greenness_mm

No Comments

Leave a Reply