ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုတွေကို ကယ်တင်ပါ

ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုတွေကို ကယ်တင်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ “ဥတုဘေးအတွက် လှုပ်ရှားမှု၊ အရေးပေါ်လို့ ထိုးရ မယ့် ခေါင်းလောင်း” ခေါင်းစဉ်နဲ့ ယောမင်းကြီးဇရပ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မိုးလေဝသ ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ သစ်တောပညာရှင်၊ မြို့ပြနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ကျွမ်းကျင်သူ၊ ကျန်းမာရေးဆိုင်ရာ တတ်သိနားလည်သူ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ တက်ကြွစွာ ဆောင်ရွက်နေသူတွေ စသဖြင့် ဘာသာရပ် တော်တော်စုံတာ တွေ့ရပါတယ်။ စာရေး သူ ကိုယ်တိုင် အခမ်းအနားကို မသွားရောက်နိုင်ခဲ့ပေမယ့် အွန်လိုင်းကနေ နားထောင် ဖြစ်ခဲ့တယ်။ ပညာရှင် တွေ၊ ကျွမ်းကျင်သူတွေကလည်း ရတဲ့အချိန်လေးမှာ ထိထိမိမိ ဆွေးနွေးသွားတာ တွေ့ရတယ်။

ပြည်သူအများစုက အခု ၂၀၁၉ ခုနှစ်နွေရာသီမှာ အပူချိန်တွေ လွန်လွန်ကဲကဲ မြင့်တက်မှုကြောင့် ရာသီ ဥတုပြောင်းလဲမှုကို သတိထားမိခဲ့တယ်။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာကို ဂရုပြုမိခဲ့တယ်။ ဒီအချိန်မှာပဲ ယောမင်းကြီးဇရပ်ဆွေးနွေးပွဲမှာ ဥတုဘေးအတွက် ဆွေးနွေးခဲ့တဲ့အတွက် ပြည်သူအများစုဟာ ရာသီဥတု ပြောင်းလဲမှုကို ဘယ်လို ရင်ဆိုင်ကာကွယ်မလဲဆိုတာကို အထူး စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် နိုင်ငံတော် အစိုးရရဲ့ စိတ်ဝင်စားမှုကတော့ သာမန်အဆင့်ပဲ တွေ့ရတယ်။ ဒီကြားထဲ ပြည်သူအချို့က ရာသီဥတုအတွက် လုပ်နေကြသူတွေကို “အားအားယားယား၊ အလုပ်မရှိ အကိုင်မရှိလို့ လုပ်နေကြတာ၊ နာမည်ကြီးချင်လို့ လုပ်နေ ကြတာ၊ ပေါ်ပင် လုပ်နေကြတာ၊ ပိုက်ဆံရဖို့ လုပ်နေကြတာ” စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ အပြစ်ပြောကြသေး တယ်။ အချို့သက်ဆိုင်ရာ တာဝန်ရှိသူတွေကျတော့လည်း ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ လုပ်ငန်း တွေကိုတောင် အားပေးနေကြသေးတယ်ဗျာ။

တကယ်တော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကို ရင်ဆိုင်နေရပြီ၊ သတိထားဖို့လိုနေ ပြီ ဆိုတာကို ၁၉၈၀ လောက်ကတည်းက သိပ္ပံပညာရှင်တွေက သတိပေးပြောကြားခဲ့တာပါ။ ကမ္ဘာ့ကုလသမဂ္ဂ ကလည်း ကမ္ဘာ့နိုင်ငံတွေ စုစည်းဖိတ်ခေါ်ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့၊ တားဆီး ကာကွယ်ဖို့ ဆွေး နွေးခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပါင်း ၂၀ ကျော် ကာလကတည်းက အစည်းအဝေးတွေ၊ ညီလာခံတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုကို တိုက်ဖျက်ဖို့ သဘောတူညီချက်တွေ၊ ဝန်ခံကတိ ပြုချက်တွေ ချမှတ်ဆောင်ရွက်ခဲ့ကြတယ်။ ဒီအကြောင်းကို စာရေးသူ ဆောင်းပါးတော်တော်များများမှာ အကြိမ် ကြိမ် ရေးခဲ့ပြီးပါပြီ။ အဲဒီလို ကမ္ဘာ့နိုင်ငံအသီးသီးက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကို တိုက် ဖျက်ဖို့ လုပ်ဆောင်ခဲ့ကြတယ်ဆိုပေမယ့် ဒီကနေ့ ကမ္ဘာကြီးကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ အပူချိန်ပြင်းထန်မှု တွေ အပါအဝင် သဘာဝဘေးအန္တရာယ်တွေကို ပြင်းပြင်းထန်ထန် ခံစားနေကြရပြီ ဖြစ်တယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံ တွေ့နေရတာကို သတင်းတွေထဲမှာ မကြာခဏ မြင်တွေ့ကြပါလိမ့်မယ်။ ဥပမာအနေနဲ့ပြောရရင် ဂျပန်နိုင်ငံမှာ ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားပြီး အပူလှိုင်းဖြတ်သန်းမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ ထိခိုက် ပျက်စီးမှုတွေ အများကြီးရှိခဲ့တယ်။ အဲဒီလို ဖြစ်ပျက်ပြီးလို့ မကြာသေးခင်မှာပဲ တိုက်ဖွန်းမုန်တိုင်း ဒဏ်ကို ခံကြရ ပြန်တယ်။ နောက်တစ်ခု၊ ဂရိနိုင်ငံမှာလည်း တောမီး အကြီးအကျယ်လောင်ပြီး အရှိန်မသေသေးခင်မှာပဲ ရေကြီး ရေလျှံမှုနဲ့ ကြုံတွေ့ခံစားရပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒီလိုဖြစ်စဉ်တွေဟာ ကမ္ဘာ့နိုင်ငံ တော်တော် များများမှာ ဖြစ်ပွားနေခဲ့တာပါ။

အဲဒီသတင်းတွေဖတ်ပြီး “ငါတို့နိုင်ငံတွေမှာ သိပ်မခံစားရဘူး” လို့ မထင်လိုက်ပါနဲ့။ စာရေးသူတို့ နိုင်ငံမှာ လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်တုန်းက လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေဆုံးရမှုနဲ့အတူ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့တာကိုပဲ ကြည့်ပါ။ အဲဒီဒေသတွေဟာ အခုအချိန်ထိ နလန်မထူကြ သေးဘူး။ မသေဘဲ ကျန်ရစ်ခဲ့သူတွေဟာ စိတ်ဒဏ်ရာတွေနဲ့ အရာရာနောက်ကောက်ကျကျန်ခဲ့မှုတွေနဲ့ အသက် ရှင်နေကြရတယ်။ ထူးခြားတာက ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားခဲ့တယ်။ အဲဒီအထဲမှာမှ ၂ဝ၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံးမှာ အသက်သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ တဲ့သဘာဝဘေးတွေရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ဟာ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာတဲ့။

၂ဝ၁၇ ခုနှစ်မှာ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် စီးပွားရေးကဏ္ဍဆုံးရှုံးမှုပမာဏဟာ ၂ဝ၁၆ ခုနှစ်ထက် ၆၃ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့တယ်။ စီးပွားရေးကဏ္ဍ ဆုံးရှုံးမှုနဲ့ကြည့်ရင် ၁၉၉ဝ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်ကာလမှာ ၂ဝ၁၁ ခုနှစ်မှာ ထိခိုက်ဆုံးရှုံးမှု အမြင့်ဆုံးဖြစ်ပြီး ဆုံးရှုံးမှုဟာ အမေရိကန် ဒေါ်လာဘီလျံ ၄၀၀ ရှိခဲ့တယ်။ ဘေးအန္တရာယ်တွေကြောင့် အာဆီယံဒေသရဲ့ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုဟာ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက် တွေအရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိရှိခဲ့ပြီး ဒေသတွင်းနိုင်ငံတွေ ဂျီဒီပီရဲ့ သုညဒသမ ၂ ရာခိုင်နှုန်းထက် ပိုမိုနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း ဘေးအန္တရာယ် ဖြစ်ပွားမှုပေါင်း ၂၅ဝဝ ကျော်ရှိခဲ့ပြီး လူဦးရေ ၅ သိန်းကျော် ဘေးဒုက္ခ ခံစားခဲ့ကြရတယ်။ ဒါတွေဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ သဘာဝဘေး အန္တရာယ်တွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတော် ဘဏ္ဍာငွေတွေ ဆုံးရှုံးရတဲ့အပြင် ပြန်လည်ထူထောင်ရေး တွေကို အလျင်မီအောင် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် သဘာဝဘေးအန္တရာယ်သင့်ဒေသတွေဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နောက်ကောက်ကျခဲ့ရတယ်။ ဒါကြောင့် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို သတိပြုကာကွယ်ဖို့လိုနေပြီလို့ ပညာရှင်တွေက တိုက်တွန်း ပြောကြားနေတာ ဖြစ်ပါ တယ်။

ဒီနေရာမှာ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ပြောခဲ့တာလေးကို မှတ်မှတ်ရရ ဖော်ပြချင်ပါတယ်။ မနှစ်က ပြုလုပ်ခဲ့တဲ့ ယောမင်းကြီးဇရပ်ဆွေးနွေးပွဲမှာ ဗီဒီယိုဖိုင်ပေးပို့ ပြောကြားခဲ့တာပါ။ ဒီနှစ် စကားဝိုင်းမှာ လည်း ပြောခဲ့ပါသေးတယ်။ စာရေးသူ အခုဖော်ပြချင်တာက မနှစ်က ဒေါက်တာသန့်မြင့်ဦး ပြောကြားခဲ့တဲ့ စကားတွေထဲက အနည်းငယ် ဖြစ်ပါတယ်။

“ယနေ့အချိန်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုထဲကို ရောက်နေပါပြီ။ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းလို မကြာခဏ ကြုံရပါလိမ့်မယ်။ မြန်မာနိုင်ငံ အချို့ဒေသတွေမှာ လူနေလို့ မရနိုင်တဲ့အထိ အပူပြင်းတာတွေ ဖြစ်လာပါမယ်။ ဟိမဝန္တာတောင်တန်းမှာ ရေခဲတွေပျော်လို့ အကြီး အကျယ် မခန့်မှန်းနိုင်တဲ့ အတိုင်းအဆနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့် တက်လာမှုကြောင့် ကမ်းရိုးတန်းတွေ ရေဖုံးလွှမ်းတာ၊ နောက်ဆုံး ရန်ကုန်မြို့တော် ရေဖုံးလွှမ်းသွားတာ ဖြစ်နိုင် ပါတယ်။ ကျွန်တော်တို့က ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အကြီးအကျယ်ခံစားနေရတဲ့ ကမ္ဘာကြီးရဲ့ အစိတ် အပိုင်းမှာ နေထိုင်နေကြရပါတယ်။ ဒီလို ရုတ်ခြည်းနဲ့ မမျှော်လင့်ထားတဲ့ပုံစံ ပြောင်းလဲခြင်းတွေကြောင့် စိုက်ပျိုး ရေးနဲ့ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုတွေက အတိုင်းအဆ မသိနိုင်အောင်ပါပဲ။ လူတွေက သူတို့နေထိုင် ရာ ဘဝတွေ၊ နေထိုင်ရာ ဒေသတွေမှာ နေဖို့ မဖြစ်နိုင်တော့လောက်အောင် ဖြစ်နေရတယ်” တဲ့။ ဒါဟာ ရာသီ ဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး အထူးသတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

ဒီလိုပြဿနာတွေကို ကြိုသိနေတဲ့အတွက် သိပ္ပံပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် တွေက အကြိမ်ကြိမ် သတိပေးနေကြတာပါ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးတစ်ခုမှာ ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီဆဲလ်ဆီးရပ်စ်အောက်မှာ ထိန်းထားနိုင်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ သဘောတူခဲ့ကြတယ်။ ဆွေးနွေးပွဲက အရေးတကြီးထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၃၃ မျက်နှာပါ အစီရင်ခံစာမှာတော့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာသုတေသီတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့အတူ ကြုံလာနိုင်တဲ့ ပြဿနာတွေကိုအစီအစဉ်တကျ ဖော်ပြထားခဲ့တယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ အဲဒီအကြံပြုချက်တွေဟာ ဘာမှ ရေရေရာရာ ဖြစ်မြောက်မလာသေးပါဘူး။ အပူချိန်တွေတိုးပြီး ရာသီဥတုတွေ ဆက်လက်ပြောင်းလဲနေခဲ့ပါတယ်။ အခုအတိုင်းဆက်သွားနေရင် ကမ္ဘာ့ရာသီဥတုအပူချိန်ဟာ ပျမ်းမျှ ၃ ဒီဂရီဆဲလ်ဆီးရပ်စ်လောက် မြင့်တက်လာမယ့် ခြိမ်းခြောက်မှုနဲ့ပါ ကြုံတွေ့နေရပါပြီ။ ဒါဟာ တော်တော့် ကို စိုးရိမ်စရာအခြေအနေပဲ ဖြစ်ပါတယ်။

ဒါကြောင့် Green-peace အဖွဲ့ကြီးရဲ့ သုတေသီတစ်ဦးက ‘‘ပြောရရင်တော့ သိပ္ပံပညာရှင်တွေက နိုင်ငံတကာ အစိုးရတွေကို အင်္ဂလိပ်စာလုံးအကြီးကြီးနဲ့ ‘‘တစ်ခုခု ထလုပ်ကြပါဟ၊ အရူးတွေရ’’လို့ ပြောချင်နေ ပါပြီ’’လို့ ပြောခဲ့ဖူးတယ်။ နောက်ပြီး “ပညာရှင်တွေဘက်က လိုအပ်တဲ့ အချက်အလက်တွေနဲ့ တိတိကျကျ သတိပေးထားပေမယ့် အာဏာပိုင်တွေ၊ မူဝါဒဖော်ဆောင်သူတွေဘက်က လိုက်နာနိုင်စွမ်းနည်းလွန်းနေတယ်” လို့လည်း သူက ပြောခဲ့ပါသေးတယ်။ သူပြောတာကို စာရေးသူ လက်ခံပါတယ်။ သိပ္ပံပညာရှင်တွေ။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေဟာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သတိပေး ပြောနေတယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတာကို အကြံပေးနေတယ်။ အကောင်အထည်ဖော်ဖို့ကျတော့ သူတို့မှာ အင်အားမရှိဘူး။ ဒါကြောင့် နိုင်ငံတော်အစိုးရတွေက သိပ္ပံပညာရှင်တွေ သတိပေးတာကို ဂရုစိုက်နားထောင်ပြီး အကြံပြုချက် တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာပါ။ ဒါတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေက လက် တွေ့ကျကျ မလုပ်ဆောင်ခဲ့လို့ စာရေးသူတို့ ကမ္ဘာကြီးမှာ အခုလို ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။

အခုအချိန်မှာ အစိုးရအဖွဲ့တွေဟာ အရင်လိုပဲ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှု တိုက် ဖျက်ရေး၊ လျှော့ချရေး လုပ်ငန်းတွေမှာ ဟန်ပြလုပ်နေရင်တော့ ကမ္ဘာကြီးရဲ့အနာဂတ်၊ လူသားမျိုးနွယ်စုတွေရဲ့ အနာဂတ်ကို ကယ်တင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒီအတွက် မြန်မာနိုင်ငံအစိုးရအပါအဝင် ကမ္ဘာ့နိုင်ငံ အသီး သီးမှာရှိတဲ့ အစိုးရတွေအနေနဲ့ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုတွေအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို လက်တွေ့ကျကျ ထိထိရောက် ရောက် လုပ်ဆောင်ကြဖို့လိုကြောင်း ရေးသားလိုက်ရပါတယ်။ ။

မင်းချစ်နိုင်
1.9.2019

Photo-  အင်တာနက်မှ ကူးယူဖော်ပြပါသည်၊

 

About The Author

greenness_mm

No Comments

Leave a Reply