ကိုဗစ်ကာလအတွင်း မြင့်တက်လာတဲ့ တစ်ခါသုံးစွန့်ပစ်အမှိုက်ပြဿနာ

ကိုဗစ်ကာလအတွင်း မြင့်တက်လာတဲ့ တစ်ခါသုံးစွန့်ပစ်အမှိုက်ပြဿနာ

ကိုဗစ်-၁၉ ပထမလှိုင်းကာလတုန်းက စက်ရုံ၊ အလုပ်ရုံတွေအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေ တဲ့ လုပ်ငန်းတွေ ပိတ်၊ လူတွေလည်း stay at home ကာလကို ဖြတ်သန်းနေရတော့ ယာဉ်အသွားအလာတွေ လည်း နည်းပါး၊ အဲဒီအကြောင်းကြောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေ ပြန်လည် ကောင်းမွန်လာတဲ့သတင်းတွေကို ဆက်တိုက်ဖတ်ခဲ့ရတယ်။ ဥပမာ- လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကတည်းက နောက်ကျိနေခဲ့တဲ့ ချင်းတွင်းမြစ်ရေတွေ ထူးထူးခြားခြား ပြန်လည် ကြည်လင်လာတာ၊ အိန္ဒိယနိုင်ငံမှာ လေထုညစ်ညမ်းမှု လျော့ကျသွားတဲ့အတွက် ဟိမဝန္တာတောင်တန်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရခဲ့တာ၊ နောက်ပြီး ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ ကာဗွန်ဒိုင်အောက် ဆိုက် ထုတ်လွှတ်မှု လျော့ကျခဲ့တာတွေပေါ့။ အခြားသော ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း တိုးတက်မှုတွေ ရှိလာတဲ့ သတင်းတွေကိုလည်း ဖတ်ခဲ့ရပါသေးတယ်။ အဲဒီသတင်းတွေ ဖတ်ပြီး စာရေးသူ ကြည်နူးဝမ်းသာခဲ့ပြီး ဆောင်းပါးတွေတောင် ရေးဖြစ်ခဲ့သေးတယ်။
အဲဒီမှာ စာရေးသူ မေ့လျော့နေတာတစ်ခုကို အခု ကိုဗစ်-၁၉ ဒုတိယလှိုင်း စတင်နေတဲ့အချိန်ကျမှ သတိထားမိလာခဲ့တယ်။ အဲဒါကတော့ အခြားမဟုတ်ပါဘူး။ အမှိုက်ပြဿနာပါပဲ။ ကိုဗစ်-၁၉ ကာလမှာ အမှိုက် ပြဿနာတွေ ပိုလာတာတွေ့ရတယ်။ အထူးသဖြင့် တစ်ခါသုံးအမှိုက်တွေပေါ့။ ကိုဗစ်-၁၉ ကာကွယ်ဖို့သုံးတဲ့ တစ်ခါသုံးနှာခေါင်းစည်းတွေအပါအဝင် ပလတ်စတစ်၊ ဖော့ဘူး အမှိုက်တွေဟာ ဒီကာလမှာ သိသိသာသာ များလာတာတွေ့ရပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း လူအများစုဟာ အပြင်ထွက်မှု နည်းပါးလာခြင်း၊ စား သောက်ဆိုင်တွေ ပိတ်ထားတဲ့အတွက် နေအိမ်ကနေပဲ အစားအသောက်တွေ မှာယူစားသုံးတဲ့ အလေ့အထ ထွန်းကားလာခြင်းတွေကြောင့် စားသောက်ဆိုင်ထွက် အမှိုက်တွေ သိမ်းဆည်းရမှုနည်းပါးပြီး နေအိမ်တွေက မီးဖိုချောင်ထွက် စွန့်ပစ်အမှိုက်တွေကို ပိုမိုသိမ်းဆည်းလာရတယ်လို့လည်း စည်ပင်သာယာရေး လုပ်သားတွေ ဆီက သိရပါတယ်။
စာရေးသူ နေတဲ့ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးထားတဲ့ အမှိုက်သိမ်းကားရှိပါတယ်။ တစ်ပတ်ကို သုံးရက် အမှိုက်သိမ်းပါတယ်။ အဲဒီအမှိုက်ကား မောင်းသူကလည်း အခုကိုဗစ်- ၁၉ ကာလမှာ အမှိုက်သိမ်းရတာ ပိုများလာတယ်လို့ ပြောပါတယ်။ တိကျတဲ့ ကိန်းဂဏန်း အချက်အလက်တွေ မရှိပေမယ့် အမှိုက်ကိုယ်တိုင်သိမ်းနေသူတွေရဲ့ ပြောစကားအရလည်းကောင်း၊ စာရေးသူကိုယ်တိုင် မျက်မြင်အရ လည်း ကောင်း ဒီကာလမှာ တစ်ခါသုံးအမှိုက်တွေ ပိုများလာတယ်ဆိုတာ အသေအချာပါပဲ။ ခါတိုင်းဆိုရင် ရန်ကုန်မြို့ မှာ နေ့စဉ်စွန့်ပစ်နေတဲ့ အမှိုက်တန်ချိန် ၄,၀၀၀ ကျော် ရှိပါတယ်။ အဲဒီအထဲမှာမှ ပလတ်စတစ်အမှိုက် ၁၃ ရာခိုင်နှုန်းပါဝင်နေပြီး မြန်မာနိုင်ငံရဲ့ စွန့်ပစ်အမှိုက်ထွက်ရှိမှုနှုန်းဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း သုံးဆမြင့် တက်လာခဲ့တယ်လို့ သိရပါတယ်။
လူတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်း ရွေးချယ်စရာနည်းပါးတဲ့အခြေအနေမျိုးမှာ အမှိုက်တွေကို နေ့စဉ်စွန့်ပစ်နေရတာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအမှိုက်တွေကို စနစ်တကျ မစွန့်ပစ် တာကတော့ ပြဿနာပါပဲ။ အမှိုက်ကစပြီး ပြသာဒ်ကို မီးလောင်စေတာပါပဲ။ စာရေးသူတို့ မြန်မာလူမျိုး အများစု ဟာ သုံးစွဲပြီး အမှိုက်တွေကို အလွယ်တကူ စည်းကမ်းမဲ့ စွန့်ပစ်တတ်ကြပါတယ်။ လမ်းသွားနေတဲ့သူဟာ အမှိုက်တွေကို လမ်းပေါ်မှာ စွန့်ပစ်ကြတယ်။ လမ်းဘေး ရေမြောင်းထဲ စွန့်ပစ်ကြတယ်။ အိမ်မှာနေတဲ့သူတွေ ကျတော့လည်း နောက်ဖေးလမ်းကြား စွန့်ပစ်ကြတယ်။ မြစ် ချောင်းဘေး နေတဲ့သူတွေက မြစ် ချောင်းထဲ စွန့်ပစ် ကြတယ်။ ပင်လယ်ကမ်းစပ်နေတဲ့သူက ပင်လယ်ထဲ စွန့်ပစ်ကြတယ်။ အဲဒီဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် အစိုးရရဲ့ အမှိုက်သိမ်းစနစ် အားနည်းတာ၊ လူတွေရဲ့ အသိပညာ အားနည်းတာနဲ့ စည်းမဲ့ကမ်းမဲ့စွန့်ပစ်ချင်တဲ့ အကျင့်ပါနေတာတွေကြောင့် ဆိုတာကိုတွေ့ရပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မပြောလိုပေမယ့် ဒီလို မဖြစ် စေဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာအရ တစ်ဦးချင်းသော် လည်းကောင်း၊ အစုလိုက်သော်လည်းကောင်း နေ့စဉ်သုံးစွဲနေတဲ့ ပလတ်စတစ်အိတ်တွေ၊ ဖျော်ရည်ပိုက်တွေ၊ ပလတ်စတစ် ရေဘူးတွေအတွက် တစ်နှစ်ကို ပလတ်စတစ်တန် သန်းပေါင်း ၃၀၀ ခန့် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်နေတဲ့ ပလတ်စတစ် ပစ္စည်းတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ပြန်လည်အသုံးပြုနိုင်ပြီး ကျန်တဲ့ပလတ်စတစ်တွေဟာ မြေကြီး ထဲမှာ၊ သမုဒ္ဒရာထဲမှာ အမှိုက်တွေအဖြစ် ဆက်လက်တည် ရှိနေပါတယ်။ သမုဒ္ဒရာထဲမှာရှိတဲ့ ပလတ်စတစ် အမှိုက်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာလူတွေ စွန့်ပစ်လိုက်တဲ့ ဖျော်ရည်ပိုက်တွေနဲ့ အိတ်ခွံတွေပဲ ဖြစ်ပါတယ်။ ပလတ်စတစ် စွန့်ပစ်မှုနှုန်း ဒီထက်ပိုမိုဆိုးရွားလာရင်တော့ ၂၀၅၀ ခုနှစ်မှာ ပင်လယ်သမုဒ္ဒရာကြီးတွေဟာ ငါးထက် ပလတ်စတစ်တွေနဲ့ ပြည့်လျှံနေမယ့်သဘော ရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း ပလတ်စတစ် စွန့်ပစ်တာဟာ လွန်ခဲ့တဲ့ငါးနှစ်နဲ့နှိုင်းယှဉ်ရင် ပိုမိုများပြားလာတာကို တွေ့ရပြီး နေ့စဉ် မြန်မာ့ရေလမ်းကြောင်းတွေထဲ အမှိုက်တန်ချိန် ၂၀၀ ကျော် စီးဝင်လျက်ရှိပါတယ်။ ဧရာဝတီ မြစ်ကြီးဆိုရင် နေ့စဉ် ပလတ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်နီးပါး စွန့်ပစ်ခံနေရတဲ့ အမှိုက်ပုံးကြီး တစ်ခုလို ဖြစ်နေပါပြီ။ အဲဒီအမှိုက်တွေကြောင့် ဧရာဝတီမြစ်ဟာ ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်တွေထဲမှာ နံပါတ် ၉ အဆင့်ကို တောင် ရောက်နေရရှာပါပြီ။ ဒါ ဧရာဝတီမြစ်တစ်ခုတည်း ရှိသေးတာနော်။ တစ်ခြား မြစ် ချောင်းတွေမှာလည်း အဲဒီလို စွန့်ပစ်အမှိုက်တွေ ဘယ်လောက်များများ ရှိနေမလဲ။ အခုနောက်ပိုင်းမှာ နိုင်ငံတော်အစိုးရအပါအဝင် ပြည်တွင်း ပရဟိတအဖွဲ့အစည်းတွေရဲ့ အသိပညာပေးမှု၊ အမှိုက်သိမ်းဆည်းပြမှုတွေကြောင့် လူအချို့မှာ အမှိုက်နဲ့ပတ်သက်ပြီး အသိပညာအနည်းငယ်ရလာပေမယ့် အများစုကတော့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေဆဲ ပါပဲ။ ဒါဟာ စာရေးသူတို့ နိုင်ငံ၊ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုတွေအတွက် အန္တရာယ်တစ်ခုပါပဲ။ ဖြေရှင်းရင်းနဲ့ ရှုပ်ထွေးနေရတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။
ပလတ်စတစ်တွေဟာ ရေထုညစ်ညမ်းမှုနဲ့ ရေသတ္တဝါတွေကို သေဆုံးစေရုံသာမက မြေဆီလွှာပျက်စီးမှု နဲ့လူအပါအဝင် သတ္တဝါတွေရဲ့အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်လျက်ရှိပါတယ်။ ပလပ်စတစ်မှာ ကင်ဆာ ဖြစ်စေတဲ့ စတိုင်ရင်း(Styrene) ဓာတ်နဲ့ဒိုင်အောက်ဇင်းဓာတ်တွေ ပါဝင်ပါတယ်။ ဒီအတွက် ပူသောအစားအစာ ဆီပါဝင်သောအစားအစာကို ပလတ်စတစ်အိတ်ထဲထည့်ခြင်း၊ အစားအစာကို ပလတ်စတစ်နဲ့ ထည့်ပြီး ရေခဲ သေတ္တာထဲမှာ သိုလှောင်ထားခြင်းတွေ ပြုလုပ်ရင် အစားအသောက်ထဲကို ပလတ်စတစ်မှာပါဝင်တဲ့ ဓာတ်တွေ က ပျော်ဝင်ပြီး ရင်သားကင်ဆာနဲ့ ကင်ဆာအမျိုးမျိုး၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းနဲ့ မျိုးပွားမှုကို ထိခိုက်ခြင်း တို့ကို ဖြစ်စေပါတယ်။ သုတေသီများရဲ့ သုံးသပ်ချက်အရ ကမ္ဘာတစ်ဝန်း ပလတ်စတစ် သုံးစွဲမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ထက် အဆ ၂၀ တိုးမြင့်လာခဲ့ပြီး လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ၂၀၁၄ ခုနှစ်ထက် သုံးဆတိုးမြင့် လာနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Pro-gramme) ကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ပလတ်စတစ်လျှော့သုံးစွဲ ရေး၊ ပင်လယ်သမုဒ္ဒရာတွေထဲ ပလတ်စတစ်စွန့်ပစ်မှုကို တားဆီးရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။
လက်ရှိအချိန်မှာတော့ နိုင်ငံပေါင်း ၂၀၀ မြောက်နိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ ပလတ်စတစ်လျှော့ချသုံးစွဲရေးကို ရည်ရွယ်ပြီး ပလတ်စတစ်အိတ်သုံးစွဲမှုအပေါ် အခွန်ငွေ ငါးပဲနိ စတင်ကောက် ခံနေပါပြီ။ အလားတူပဲ ပလတ်စတစ်ထုတ်လုပ်တဲ့ ကော်စေ့ထုတ်လုပ်မှုကိုလည်း ကန့်သတ်ထားပါတယ်။ ဝန်ကြီးချုပ် ထရီဆာမေကလည်း နိုင်ငံခြားက ဝင်လာမယ့်ထောက်ပံ့ငွေတွေကို ပလတ်စတစ်ကြောင့် ဖြစ်ပေါ် လာတဲ့ ညစ်ညမ်းမှုတွေကို လျော့ပါးရေးစီမံကိန်းတွေမှာ သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး ဗြိတိန်နိုင်ငံ ရဲ့ ပလပ်စတစ်လျှော့ချရေးသဘောတူညီချက်မှာ အဓိကစီးပွားရေးကုမ္ပဏီပေါင်း (၄၂) ခု လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ်မှာ လက်မှတ်ရေးထိုးထားကြတဲ့ နိုင်ငံပေါင်း ၂၀၀ က ပလတ်စတစ်အမှိုက်တွေကို သိမ်းဆည်းနိုင်သမျှ သိမ်းဆည်းဖို့၊ ပြန်သုံး (Recycle) လုပ်ဖို့၊ တစ်ကြိမ်ထက်မက ပြန်သုံးနိုင်မယ့် ပလတ်စတစ်မှအပ ထုပ်ပိုးပစ္စည်းတွေ စမ်းသပ်သုံးစွဲဖို့နဲ့ ပလတ်စတစ်အမှိုက်တွေကို ပင်လယ် သမုဒ္ဒရာထဲ မဝင်ရောက်နိုင်ဖို့ အစီအမံတွေကို စတင်လုပ်ကိုင်နေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း အစိုးရအဖွဲ့ အပါအဝင် NGO အဖွဲ့တွေက ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေကြတာကို တွေ့ရ ပါတယ်။
အဲဒီလိုဆောင်ရွက်နေကြပေမယ့် အမှိုက်ပြဿနာကတော့ အားပျော့သွားခြင်း မရှိသေးပါဘူး။ အခု ကိုဗစ်-၁၉ ကာလမှာ စွန့်ပစ်အမှိုက်တွေ ပိုများလာတယ်တဲ့။ လူတွေရှိနေ၊ သုံးစွဲနေသမျှ အမှိုက်ကတော့ ရှိနေမှာပါပဲ။ ဒါကိုတော့ မသုံးနဲ့လို့ တားလို့မရပါဘူး။ ဒါပေမယ့် စာရေးသူတို့ လုပ်လို့ရတာ ကိုယ်သုံးလိုက်တဲ့ အမှို်က်တွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ တတ်နိုင်သမျှ အမှိုက်စွန့်ပစ်မှုနည်းအောင် ဆောင်ရွက်ဖို့ပါပဲ။ စာရေးသူတို့ လူတစ်ဦးချင်းစီက အဲဒီလို လုပ်တဲ့အချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ အမှိုက်သိမ်းဆည်းမှုနဲ့ ပြန်လည်စွန့်ပစ်မှု တွေမှာ အထူးဂရုတစိုက်နဲ့ စနစ်တကျ လုပ်ဖို့လိုပါတယ်။ အမှိုက်တွေတော့ သိမ်းဆည်းသွားတယ်။ အဲဒီအမှိုက် တွေကို မြစ်ထဲ၊ ချောင်းထဲ စွန့်ပစ်လိုက်မယ်ဆိုရင် အလကားပါပဲ။ ဒီအတွက် အစိုးရမှာ နည်းပညာ၊ လူအင်အား၊ စက်အင်အားနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ လိုပါလိမ့်မယ်။ အဲဒီလိုသာ အစိုးရနဲ့ပြည်သူတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်ဆောင်ကြမယ်ဆိုရင် ဘယ်ကာလမှာပဲဖြစ်ဖြစ် အမှိုက်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ စာရေးသူ ယုံကြည်မိပါ တယ်။ ။

မင်းချစ်နိုင်
2020,September

About The Author

greenness_mm

No Comments

Leave a Reply