ကိုလိုနီခေတ် သစ်တောထဲက သစ်ပင်တစ်ပင်ခုတ် ခွင့်

ကိုလိုနီခေတ် သစ်တောထဲက သစ်ပင်တစ်ပင်ခုတ် ခွင့်

သစ်တောထဲက သစ်ပင်တစ်ပင်ကို ခုတ်ခွင့်ဘယ်သူ့ခွင့်ပြုချက်လိုပါသလဲ။ သစ်ပင်တစ်ပင်ခုတ်လို့ရပြီလို့ ဘယ်သူက သတ်မှတ်ပေးပါသလဲ။ ခုခေတ်တော့ ဘယ်လိုလုပ်ကြသလဲမသိပါ။ ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင်တော့ ကိုလိုနီခေတ် သစ်ပင်ခုတ်ယူ
ခွင့်သတ်မှတ်ပုံကို စိတ်ဝင်စားဖွယ်တွေ့ရပါသည်။
ဆရာကြီးသည် ၁၉၁၇ ခုနှစ်ကျော်လောက်က ထီးချိုင့်မြို့နယ်၊ မြတောင်ရွာမှာ သစ်တောအကောက်ဝန်ထောက်လုပ်နေသည့် သူ့သူငယ်ချင်း ကိုဝင့်မော်ထံအလည်အပတ်သွားခဲ့ပါသည်။ ထိုသို့အလည်အပတ်သွားရင်း သူ့သူငယ်ချင်း ကိုဝင့်မော်နှင့်အတူ သစ်တောကြီးထဲ သစ်သင်းလိုက်သွားခဲ့သည်။ သစ်သင်းသည်ဆိုသည်မှာ ကျွန်းပင်ကြီးများကို အပင်လုံးပတ် ပတ်ခြာလှည့် ခွန်နဲ့ခုတ်ပြီး အပင်ကို သင်းသတ်ပေးရခြင်း ဖြစ်သည်။
တောထဲရှိကျွန်းပင်များအနက်မှ ဥပဒေစည်းကမ်းနဲ့ညီသော ကျွန်းပင်များကို ဝန်ထောက်ကိုဝင့်မော်နှင့် တောအုပ်၊တောခေါင်းများက သတ်မှတ် ပေးကြရသည်။ ပထမဦးစွာ ဥပဒေစည်းကမ်းနဲ့ညီသော အပင်များကို တောအုပ်၊တောခေါင်းများက ရွေးချယ်ပြီး အကောက်ဝန်ထောက် ကိုဝင့်မော်ကို ခေါ်ပြရသည်။ ဝန်ထောက်ကိုဝင့်မော်ကဥပဒေစည်းကမ်းနဲ့ညီသည်ဟု သတ်မှတ်ကာ လက်မှတ်ထိုးပြီးမှ ထိုအပင်ကို သင်းသတ်ရသည်။ ကိုဝင့်မော်သည် ရန်ကုန်တက္ကသိုလ်တက်ပြီးသည့်အပြင် အိန္ဒိယသစ်တောတက္ကသိုလ်နှစ်နှစ်ဆက်တက်ခဲ့ရသည်။ ကိုလိုနီခေတ် လွန်ခဲသော နှစ်ပေါင်းတစ်ရာကျော်က ဤကဲ့သို့ သစ်တောတက္ကသိုလ်ဆင်း ဝန်ထောက်တစ်ယောက်လက်မှတ်ပါမှ သစ်ပင်တစ်ပင်ကို ခုတ်ခွင့်ရှိပါကလားဟု သိမှတ်လိုက်ရပါသည်။
ကိုလိုနီခေတ်က သစ်တောကန်ထရိုက်ယူသည့် ကုမ္ပဏီများမှာ ဘီဘီတီစီ၊ စတီးလ်ဘရားသား စသောအင်္ဂလိပ်ကုမ္မဏီများက အများစုဖြစ်သည်ဟုဆိုသည်။ အင်္ဂလိပ်တို့သည် သူတို့လူမျိုး ကုမ္ပဏီတွေပင်ဖြစ်လင့်ကစား စည်းကမ်းဥပဒေ အတိုင်းသာ လုပ်ကိုင်ကြသည်။ စည်းကမ်းဖောက်ဖျက်မှုတွေရှိနိုင်သော်လည်း အရေအတွက်နည်းသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်တွေမှာ အတုယူစရာတွေအများ ကြီးရှိတယ်ဟု ဆိုခဲ့ခြင်းဖြစ်ပေမည်။ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီကလည်း စည်းကမ်းနဲ့ပတ်သက်ရင် အင်္ဂလိပ်တွေကို အတုယူဖို့ကောင်းကြောင်းရေးဖူးပါသည်။
အင်္ဂလိပ်တို့ ကျွန်တော်တို့မြန်မာ့ကျွန်းသစ်တွေကို ထုတ်ယူခဲ့ကြတာမှန်ပါသည်။ သို့သူတို့ထွက်ခွာသွားသောအခါ တောင်ကတုံးတွေ၊ ပြောင်တလင်းခါနေသော သစ်တောတွေ မကျန်ခဲ့ကြောင်း ဆရာကြီးမိုးလေဝသ ဦးထွန်းလွင်က သင်တန်းတစ်ခုမှာပြောဖူးပါသည်။ ” ပဲခူးရိုးမကြီးဟာ ကမ္ဘာမှာ အကောင်းဆုံးကျွန်းသစ်တောကြီး။ အင်္ဂလိပ်တွေနှစ်ပေါင်းများစွာသစ်ခုတ်ခဲ့ကြတာ။ အကောင်းအတိုင်းကျန်ခဲ့တာပဲ” ဟု ဆရာကြီး၏ပြောစကားကို အမှတ်ရနေပါသည်။
ကျွန်တော်တို့နိုင်ငံ သစ်တောပြုန်းတီးမှုတွေ စတင်ဖြစ်ပွားသည်က လွတ်လပ် ရေးရပြီးကာမှဟု ဆိုရမည်ဖြစ်သည်။ နှစ်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးဝါးလာခဲ့ပါသည်။ ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးတွေအုပ်ချုပ်ခါမှ သစ်တောတွေပြုန်းရသည်။ အခြားအရာတွေများစွာရှိသေးသော်လည်း ဒီဆောင်းပါးမှာ ထည့်ပြောနေလို့ ပြီးမည်မဟုတ်ပါ။ လွတ်လပ်ရေးလည်းရ ပြီးရော ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီးများ ပြုခဲ့ကြလေသလား။ လူတစ်ယောက်စည်းကမ်းပျက်လျှင် ဘဝပျက်မည်။ စည်းကမ်းပျက်သည့် သူတွေများလာလျှင် သဘာဝသယံဇာတတွေပျက်မည်။ သဘာဝသယံဇာတတွေပျက်စီးသွားခဲ့လျှင် လူတွေအားလုံး ဒုက္ခဖြစ်ပြီး နိုင်ငံပျက်ကြီးတစ်ခုဖြစ်မှာသေချာသည်ဆိုတာကိုတော့ အားလုံးလေးလေးနက်နက် သဘောပေါက်စေချင်ပါသည်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply