ကျွန်တော်တို့ငယ်ငယ်က တောသဘာဝလမ်းတွေ

ကျွန်တော်တို့ငယ်ငယ်က တောသဘာဝလမ်းတွေ

ငယ်ဘဝအပျော်ဆုံးအချိန်တွေသည် ကျောင်းဆင်းချိန်နှင့် တောပြန်ချိန်များဖြစ်သည်။ အဖိုးအဖွားတွေက တောင်သူတွေမို့ ဆယ်နှစ်ဝန်းကျင်ကတည်းက တောအလုပ်တွေနိုင်သလောက်ကူရသည်။ အခင်းထဲမှာ ပေါင်းထိုးရသည်။ ပေါင်းပစ်ရသည်။ နွားကျောင်းရသည်။ တောအသွားဆိုရင် နှေးကွေးသလောက် တောကအပြန်ဆိုလျှင် လူတွေရော၊ ကျွဲ နွားတွေရော သွက်လက်နေပါသည်။

တောအသွားရော၊အပြန်ပါ ခြေလျှင်သွားရ၊ပြန်ရသည်။ လမ်းဘေးတလျှောက် ငေးချိန်ရသည်။ တောလမ်းကိုလျှောက်တိုင်း ဖိနပ်မပါတာက များသည်။ မြေပြင်ပေါ်မှာ ခြေပြောင်ပြောင်နဲ့လမ်းလျှောက်ပြီး ကျန်းမာရေးကောင်းမွန်ခဲ့သည်။ ဘာစားစား အစာကျေသည်။ အစားအစာတွေကလည်း ခုခေတ်လို ထွေလီကာလီတွေမရှိ။ တောသဘာဝ အော်ဂင်းနစ်စစ်စစ်တွေစားရသည်။

ခုခေတ်ကတော့ တောသွားတောပြန်တွေလည်းမြန်နေပါပြီ။ ဆိုင်ကယ်နဲ့ အိမ်ကနေတော ဆယ်မိနစ်ဝန်းကျင်ဆိုရောက်ပြီ။ သွားလာရေးယာဥ်တွေပေါလာတော့ ခုခေတ်ကလေးတွေ ကျွန်တော်တို့တုန်းကလို လမ်းမလျှောက်ချင်တော့။ တစ်တိုင်ခရီးလောက်ကိုပင် ဝေးသည်ဟု သူတို့လေးတွေက ထင်နေသည်။ ကျွန်တော်တို့ငယ်ငယ်ကတော့ တောထဲတောင်ထဲ လျှောက်သွားရတာကို သဘောကျသည်။ မှိုရှာ၊ မြစ်ချိုး၊ မှန်လာဖူးချိုးသွားရတာကိုက ပျော်စရာဖြစ်သည်။ တောထဲတောင်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်နေရာမှာရှိသည်ကို သိအောင်အော်ခဲ့ရသော “အူသံ” တွေကို လွမ်းမိပါသည်။

တောသွားတောလာ အဆင်းရဲဆုံးအချိန်တွေက မိုးရာသီဖြစ်သည်။ ရွံ့ဗွက်တွေထဲ ခြေဗလာနဲ့ ဖြတ်သွားလိုက်၊ ရေရှိသည့်နေရာတွင်ခြေကို ပြန်ဆေးလိုက်၊ သဲတောလမ်းကိုရောက်လျှင် ခပ်သွက်သွက် လျှောက်လိုက်နဲ့ တောကိုရောက်ရသည်။ ငယ်စဥ်ကတော့ ဆင်းရဲမှန်းမသိ။ မိုးရွာထဲ ရေကြောင်းတွေစီးနေသည့် လမ်းပေါ်မှာ လျှောက်ရတာကိုက ပျော်စရာဟုထင်ခဲ့သည်။ လမ်းဆင်း၊ လမ်းတက်တွေမှာ ခြေချော်လဲရင် ရယ်မောခဲ့သည်။

တောကနေ အိမ်ကိုအပြန်မှာ ခြေအသွက်ဆုံးကတော့ ဆောင်းရာသီဖြစ်သည်။ ဆောင်းနေက အကုန်မြန်သည်။ ရေချိုးချိန်မှီအောင်ခြေကုန်သုတ်ကြရသည်။ ညနေရေချိုး၊ ထမင်းစားပြီးလျှင် အိမ်ပေါ်မှာ မီးဖိုဘေးဝိုင်းဖွဲ့ ၊ ရေနွေးကြမ်းသောက်ကြရသည်။ မြေပဲဖုတ်စားကြရသည်။ လွမ်းဖွယ်ငယ်ဘဝဆောင်းညများဖြစ်သည်။

နွေရာသီဆိုလျှင်တော့ ညနေပိုင်းတောပြန်ချိန်တွေက ဖြည်းဖြည်လေးလေးရှိလှသည်။ နေ့ခင်းနေပူပူမှာ ပဲနယ်ရသည်မို့ လူကပင်ပန်းနေသည်။ ပဲအိတ်တွေတင်ထားသည့် လှည်းပေါ်မှာ ပဲအိတ်တွေကို ကြောမှီစီးပြီးရွာကိုပြန်ရသည်။ မြစ်ကိုရောက်လျှင် ရေချိုးရတာ သိပ်အရသာရှိသည်။ ရေချိုးပြီးလျှင် ထမင်းတန်းမစားရသေး။ အပူခံအောင်ဆိုကာ ထန်းရည်တစ်ပုလင်းလောက်တော့ အနည်းဆုံးသောက်ရသေးသည်။ ထမင်းစားပြီးနောက် အိမ်ကပြင်မှာ ကြယ်မြင်လမြင် ဝိုင်းဖွဲ့ထိုင်ပြီး သက်ကြီးစကားသက်ငယ်ကြား နားထောင်ကြရသည်။ ဘာဖျော်ဖြေရေးမှမရှိ။

ယခုခေတ်အနေနဲ့ကြည့်လျှင် ကျွန်တော်တို့ငယ်ဘဝတွေသည် တော်တော် ဆင်းရဲပြီး ခေတ်နောက်ကျပါသည်။ သို့သော်တွေးမိတိုင်း ကျေနပ်စိတ်ဖြစ်မိသည်။ အခက်အခဲကို ဖြတ်သန်းလေ့ရှိသည့်အကျင့်၊ တောတောင်သဘာဝကို ချစ်မြတ်နိုးမှု၊ ဆွေမျိုးတွေကို ခင်တွယ်မှု၊ ညီအစ်ကိုမောင်နှမ နွေးထွေးမှုတွေက ယခုအသက်ကြီးတဲ့အထိ ပါလာခဲ့ပါသည်။

တက်နေထွန်း

photo – Htay Win Salay

About The Author

greenness_mm

No Comments

Leave a Reply