ကျွန်တော်တို့ဆီကနေ တဖြည်းဖြည်းဆုတ်ခွာနေတဲ့ ဆောင်းရာသီ

ကျွန်တော်တို့ဆီကနေ တဖြည်းဖြည်းဆုတ်ခွာနေတဲ့ ဆောင်းရာသီ

” ၁၉၅၁ ခုနှစ်၌ နွေရာသီ နံနက်စောစောတွင် ပြင်ဦးလွင်သည် မန္တလေးမြို့ ပြသိုလလောက်ပင် အေးချမ်းသည်ဖြစ်၍ လောင်းကုတ်များ ဝတ်ကြရပါသေးသည်။ ၁၉၆၁ ခုနှစ် နွေရာသီ၌ ပြင်ဦးလွင်တွင် ကျွန်ုပ်တစ်ယောက်တည်း လမ်းလျှောက်သည့်အခါ ဟာဝေယံ ရှပ်အင်္ကျီမျှနှင့် ထွက်လာနိုင်သည်ဖြစ်၍ ဆယ်နှစ်မျှသော အချိန်အကွာအခြားတွင် ပြင်ဦးလွင်သည် ဤမျှလောက် အချမ်းပေါ့သွားခြင်းကို တွေ့ရ၍ အံ့ဩမိသည်။”
အထက်ပါစာပုဒ်သည် ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ် အတ္ထုပ္ပတိစာအုပ်ကြီးထဲမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ ထိုစာပုဒ်ထဲတွင် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဆယ်က ဆယ်နှစ်တာအတွင်း ကျွန်တော်တို့နိုင်ငံ၏ ရာသီဥတုအပြောင်းအလဲကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ရာသီဥတု တဖြည်းဖြည်း ပူလာသည့် သက်သေဖြစ်ပါသည်။
” အရင်ကတော့ ဆောင်းရာသီဆိုရင် မနက်ဟာ နှင်းတွေပိတ်လို့။ အေးလည်းအေးတယ်။ နှင်းပေါက်ကျသံဆိုတာ နောက်ပိုင်းဆောင်းတွေမှာ မကြားရသလောက်ပဲ” လို့ ကျွန်တော်တို့ တောင်ခြေမြို့ကလေးက အသက်ခြောက်ဆယ်အရွယ် ကျောင်းဆရာကြီးတစ်ဦးကဆိုပါသည်။
ကျွန်တော်တို့တွေ ရာသီဥတုပူလာတာကို လူတိုင်းသတိထားမိကြပါသည်။ရာသီဥတု တဖြည်းဖြည်း ပူလာသည်နှင့် အမျှ ဆောင်းရာသီတွင်လည်း အအေးဓာတ်တို့ တဖြည်းဖြည်းလျော့ပါးလာပါသည်။ ယခုနိုဝင်ဘာလလယ်သို့ရောက်နေသော်လည်း ကျွန်တော်တို့နိုင်ငံအောက်ပိုင်းတွင် ဆောင်းမဝင်သေးသည်ကိုတွေ့ရသည်။ ကျွန်တော်နေထိုင်ရာတောင်ခြေမြို့ကလေးမှာပင် ဆောင်းဝင်သည်မှာ ရက်ပိုင်းသာရှိသေးသည်။
” အရင်ကဆို ဒီအချိန် ပဲလုံးသီးတွေ၊ ပဲရွက်တွေပေါနေပြီ။ မှိုင်းတွေဆို မြို့ထဲမှာတိုက်နေပြီ။ ခုတော့ ဆောင်းက မှိုင်းတိုက်တာလည်းနည်း။ ပဲသီး၊ပဲရွက်တွေလည်း အရင်ကလို စောစောမပေါ်တော့ဘူး” ဟု ကျွန်တော့်အမျိုးသမီးက ထမင်းဟင်းချက်ရင်း ဆိုပါသည်။
သေချာသည်ကတော့ ဆောင်းသည် ကျွန်တော်တို့ ငယ်ငယ်ကလောက်မအေးတော့တာဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ကျောင်းသွားလျင် မှိုင်းတွေကွဲခါစအချိန်ဖြစ်သည်။ မနက်စောစောဆိုလျှင် ခေါင်းလိမ်းသည့် အုန်းဆီတွေက ပုလင်းထဲမှာ မာတောက်နေအောင်ခဲနေသည်။ ခဲနေသည့် အုန်းဆီကို တုတ်နဲ့ထိုးကော်လိမ်းတော့ လိမ်းခါစသာ အုန်းဆီက အရည်ပျော်သည်။ လိမ်းပြီးမကြာမီ ခေါင်းကဆံပင်တွေပေါ် ဖြူဖတ်ဖတ်အခဲတွေပြန်ဖြစ်သွားသည်။ ဆောင်းသည် ဆောင်းပီသပါသည်။
ကျွန်တော်တို့နွေရာသီမှာ အပူချိန်တွေများပြီး ပူသည့်အချိန်ကာလကလည်း ရှည်လျားလာပါသည်။ တစ်နှစ်တာအတွင်း ပူသည့်ကာလကတာရှည်လွန်းပြီး ဆောင်းရာသီအချိန်ကာလက တိုတောင်းလာပါသည်။ ဆောင်းသည် ကျွန်တော်တို့ဆီကနေ တဖြည်းဖြည်းဆုတ်ခွာနေပါသည်။ ခိုးထုတ်ခံရသောသစ်တောတွေနှင့်အတူ ဆောင်းကိုလည်း အခိုးခံလိုက်ရခြင်းပင်ဖြစ်ပါသည်။
သည်ပုံစံအတိုင်းရှေ့ဆက်သွားလျှင် နောင်နှစ်ပေါင်းတစ်ရာအတွင်း ကျွန်တော်တို့ဆီမှာ ဆောင်းရာသီရှိနိုင်ပါ့မလားစဥ်းစရာဖြစ်ပါသည်။ ဆောင်းရာသီမရှိတော့လျင် နွေရာသီအပူအချိန်ကိုတော့ မတွေးဝံ့အောင်ရှိပါသည်။ ဒါတွေကိုခံစားမိသလို သစ်တောတွေကို ထိန်းသိမ်းဖို့ ၊ ပြုန်းတီးသွားတဲ့ သစ်တောတွေကို ပြန်လည်အစားထိုးဖို့သည် သေရေးရှင်ရေးဖြစ်သည်ဆိုတာကိုလည်း အားလုံးနားလည်သဘောပေါက်ဖို့လိုပါသည်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply