ကျွန်တော် ငယ်ငယ်တုန်းက ရန်ကုန်ဆောင်း

ကျွန်တော် ငယ်ငယ်တုန်းက ရန်ကုန်ဆောင်း

အဲ့ဒီနေ့ဟာ ကျောင်းပိတ်ရက် စနေနေ့ဖြစ်တဲ့အတွက် နံနက်လေးနာရီ အိပ်ရာကထ သူငယ်ချင်းတွေစုပြီး လေးဒေါင့်ကန်လမ်းမကြီးအတိုင်း ငမိုးရိပ်တံတားဆီကို ပြေးခဲ့ကြတယ်။ ဒီဇင်ဘာလရဲ့ နံနက်ခင်းတစ်ခု ဖြစ်တဲ့အတွက် ခိုက်ခိုက်တုန်အောင်ချမ်းလှပါတယ်။ ဒါကြောင့် ကျွန်တော်တို့ညီအကို သူငယ်ချင်းတစ်စုဟာ ဘောင်းဘီရှည်ကိုယ်စီ၊ အနွေးထည်ကိုယ်စီနဲ့ လေးတောင့်ကန်လမ်းမကြီးအတိုင်း ငမိုးရိပ်ချောင်းကမ်းပါးအထိ အပြေးလေ့ကျင့်ရင်း ပြေးခဲ့ကြတာပါ။

မကြာမီမှာ ကျွန်တော်တို့နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်မှာ လွတ်လပ်ရေး နေ့ပြေးခုန်ပြေးပြိုင်ပွဲတွေ ကျင်းပပါတော့မယ်။ ထိုပြေးခုန်ပြေးပြိုင်ပွဲမှာ အသွားအပြန် ဆယ်မိုင်လောက်ရှိမယ့် တာဝေးအပြေးပြိုင်ပွဲလည်း ပါ၀င်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ထိုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုဝင်ဘာလကစပြီး အပြေးလေ့ကျင့်နေကြတာပါ။ ကျန်တဲ့လူငယ်တွေဆိုရင်လည်း မိမိတို့အားသန်ရာ အားကစားနည်းတွေကို လေ့ကျင့်နေကြပါတယ်။

မီတာတစ်ရာပြေးပွဲ၊ မီတာလေးရာပြေးပွဲ၊ မီတာရှစ်ရာပြေးပွဲတွေနဲ့ အမြင့်ခုန်၊ အဝေးခုန်၊ တန်းကျော်ပြေးပွဲ စတဲ့ပြိုင်ပွဲတွေအတွက်လေ့ကျင့်နေကြတဲ့ လူငယ်မောင်မယ်တွေလည်း အများအပြားရှိခဲ့ကြတယ်။ အသက် ၁၂ နှစ် အရွယ်မှ အသက်၂၀နှစ်အရွယ်အထိ ပါ၀င်တဲ့ ကျွန်တော်တို့တွေဟာ လေးဒေါင့်ကန်လမ်းမကြီးအတိုင်း အပြေးလေ့ကျင့်နေစဉ်မှာပဲ ဆီးနှင်းပေါက်လည်း မိုးလောက်ပြင်းထန်ဆိုတဲ့စာဆိုနဲ့အညီပဲ ဆီးနှင်းတွေဟာ အဆုပ်လိုက် အဆုပ်လိုက် ကျဆင်းလာတယ်။ ထိုအချိန်တုန်းက သင်္ဃန်းကျွန်းလေး ဒေါင့်ကန်လမ်းမကြီးရဲ့ ဝဲယာတစ်ဖက် တစ်ချက်မှာ ယခုလိုငမိုးရိပ်ရပ်ကွက်နဲ့ လေးဒေါင့်ကန်ရပ်ကွက်တွေ မရှိသေးပါဘူး။ လယ်ကွင်းတွေနဲ့ တဲအိမ်စု အချို့ပဲ ရှိပါသေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက
ငမိုးရိပ်ချောင်းတစ်ဘက်လမ်းကို ကူးချင်ရင်ကူးတို့ လှေတွေနဲ့ပဲ ကူးကြရတယ်။ ဒါကြောင့် ထိုအချိန်က လေးဒေါင့်ကန်လမ်းမှာ ကားအသွားအလာသိပ်မရှိတဲ့အတွက် ကျွန်တော်တို့ ကျောင်းသားလူငယ်လေးတွေဟာ လမ်းတစ်လျှောက်မှာ အနှောက်အယှက်ကင်းစွာနဲ့ ပြေးကြရပါတယ်။

အာရုံတက်စပြုပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တစ်ခိုမှာ ပိန်းပိတ်အောင် မှောင်မနေတော့ပါဘူး။ သို့ပေမဲ့ နှင်းတွေပိုကျလာတဲ့အတွက် ကျွန်တော်တို့ရှေ့ကို ဝါးတစ်ရိုက်လောက်သာ မြင်ကြရတယ်။ နှင်းတွေ ပိုမိုကျလာသလို အအေးဓာတ်ကလည်း ပိုလာပါတယ်။ ကျွန်တော်တို့လူစုထဲက ဘောင်းဘီရှည်၊ ဆွယ်တာ လက်ရှည်၊ ဂျာကင်နဲ့ခေါင်းစွပ်ဝတ်ထားသူတွေလောက်သာ အအေးဒဏ်ကို အနည်းကျဉ်းလောက်ခံနိုင်ကြပါတယ်။ ဘောင်းဘီတိုနဲ့ အားကစားဂျာကင် ၀တ်ထားသူတွေကတော့ အအေးဒဏ်ကို မေးခိုက်ခိုက်တုန်အောင် ခံကြရတယ်။

ကျွန်တော်တို့ဟာ အာရုံဦးအလင်းရောင် မှိန်ပျပျအောက်မှာပဲ ကျွန်တော်တို့ရဲ့ရှေ့မှာရှိတဲ့ အားကစား လေ့ကျင့်နေကြတဲ့ လူငယ်တွေ၊ အမျိုးသမီးငယ်တွေကို တွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့ မျက်နှာချင်းဆိုင်ကနေ ဘီအိုစီဘက်ကို လျှောက်လာကြတဲ့လမ်းလျှောက်သူတွေကိုလည်း တွေ့ရတယ်။ ထိုလူစုတွေထဲမှာ အသိအကျွမ်းတွေ တွေ့ရတဲ့အခါမှာလည်း ကျွန်တော်တို့တွေဟာ အပြန်အလှန်နှုတ်ဆက်ကြတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း လေးငါးဆယ်လောက်က ရန်ကုန်ဆောင်းဟာ အတော့ကိုအေးလှပါတယ်။ ထိုအချိန်က ကျွန်တော်တက်ရောက်သင်ကြားခဲ့တဲ့ ကျောင်း(လသာ-၁)မှာ ကျောင်းချိန်ကို မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းခွဲထားပါတယ်။ ရှစ်တန်းကနေ ဆယ်တန်းအထိ စာသင်တန်းတွေမှာ တက်ရောက်သင်ကြားနေကြတဲ့ ကျောင်းသားတွေရဲ့ စာသင်ချိန်ကတော့ မနက်ခုနှစ်ကနေ နေ့လယ်၁၂:၀၀ နာရီအထိပါ။ ထိုအချိန်တုန်းက ရှစ်တန်းရောက်နေပြီဖြစ်တဲ့ ကျွန်တော်ဟာ ကျောင်းချိန်အမှီရောက်ဖို့အတွက် သင်္ဃန်းကျွန်းဘူတာကနေ နံနက်ခြောက်နာရီတိတိမှာထွက်တဲ့ လော်ကယ်ရထားကို စီးရပါတယ်။

ကျွန်တော်နဲ့ သူငယ်ချင်း သုံးလေးယောက်ဟာ ရထားမထွက်ခင် ဆယ်မိနစ်၊ တစ်ဆယ်ငါးမိနစ်အလိုလောက်မှာ သင်္ဃန်းကျွန်းဘူတာကို ရောက်ကြတယ်။ ဆောင်းရာသီရဲ့ နံနက်ခင်းတွေမှာတော့ ရထားစီးခရီးသည် အချို့ဟာ ရန်ကုန်ဘူတာကြီးကနေလာမယ့် ရထားကိုစောင့်ရင်းနဲ့ ဘူတာပလက်ဖောင်း စင်္ကြန်မှာ သစ်ရွက်တွေ သစ်ကိုင်းခြောက်တွေကို မီးရှို့ရင်းမီးလှုံကြပါတယ်။ ကျန်ခရီးသည်တွေကလည်း နီးစပ်ရာ မီးပုံမှာဝင်ပြီး မီးလှုံကြပါတယ်။

ထိုအချိန်တုန်းက မွန်းတည့်ချိန်တစ်ဝိုက်မှာသာ ခဏတဖြုတ် အအေးလျာ့ကျသွားပေမယ့် တစ်နေကုန်နီးပါး အေးခဲ့တယ်။ ဆောင်းရက်တွေမှာ ညတစ်ညလုံးအေးသလို မနက်စောစီးအချိန်တွေမှာလည်း နှင်းတွေ တစ်ဖြိုက်ဖြိုက်ကျဆင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲ အအေးဓာတ်ဟာလည်း မလျှော့တမ်းအေးခဲ့တယ်။

အလုပ်ရုံစက်ရုံတွေက အလုပ်သမားတွေအားလုံးဟာ အနွေးထည် ထူထူထည်ထည် ၀တ်ကြရတယ်။ အနည်းဆုံးတော့ ပင်နီအင်္ကျီ၊ ဒါမှမဟုတ် ဖလန်နက်အင်္ကျီ လောက်ကိုတော့ဝတ်ကြရတယ်။

အအေးဓာတ်ဟာ မွန်းလွဲချိန်လောက်မှာ နည်းနည်းလောက် လျော့ကျသွားပေမယ့်လည်း ညနေလေးနာရီ လောက်မှာတော့ ပြန်ပြီးအေးစပြုလာပါတယ်။ ညအချိန်နီးလေ ပိုပြီးအေးလေပါပဲ။ ညဉ့်နက်လေ အအေးပိုလေ ဖြစ်လာပြီး၊ တစ်ညလုံး အေးသထက်အေးပြီး နောက်နေ့မနက်အထိ ပီပီပြင်ပြင် အေးပါတော့တယ်။ ညအိပ်ချိန် တွေမှာ ဆိုရင် အနွေးထည်တွေ ဝတ်ရုံမကပဲ စောင်နှစ်ထပ် သုံးထပ်ခြုံ အိပ်ကြရတယ်။

ထိုအချိန်တုန်းက ညချမ်းအချိန်နဲ့ မနက်စောစီးအချိန်တွေမှာ လူတော်တော်များများဟာ မိမိတို့ရဲ့အိမ်ရှေ့မှာ အမှိုက်သရိုက်တွေ မီးရှို့ပြီး မီးလှုံကြပါတယ်။ ညအချိန်တွေမှာဆိုရင် ရပ်ကွက်ရဲ့ လမ်းဆုံလမ်းခွတွေမှာ၊ လူငယ်တွေ စုဝေးပြီး ထိုအချိန်တုန်းက ခေတ်စားခဲ့တဲ့ ဆောင်းသီချင်းတွေကို အော်ဟစ်သီဆိုခဲ့ကြတယ်။ မယ်ဒလင်တီးတတ်သူကလည်း မယ်ဒလင်သံနဲ့ အားဖြည့်ကာ တီးခတ်ပေးခဲ့တယ်။
“အလွန်အေးတဲ့ရာသီ ×××× အလွန်ချမ်းတဲ့ရာသီ ×××× မယ်တစ်ရွာမောင်တစ်မြို့ နေလို့လည်း မဖြစ်နိုင်ပါပြီ.. ဆောင်းအမှီရောက်အောင်ပြန်ခဲ့ခင့်ဆီ” ဆိုတဲ့သီချင်းဟာ ကျွန်တော်တို့တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တယ်။
ကျွန်တော်တို့ဟာ ထိုသီချင်းစာသားထဲက “ခင်ဆီဆိုတဲ့နေရာမှာ မောင့်ဆီ” လို့ပြောင်းပြီး ဆိုခဲ့ကြတယ်။ ပြီးတော့ ထိုအချိန်တုန်းက ကျွန်တော်တို့လူငယ်တွေဆိုခဲ့ကြတဲ့ သီချင်းတွေထဲမှာ ကိုသန်းလှိုင်ရဲ့ “တစ်ဆောင်းသစ်ပြန်ပြီ” ဆိုတဲ့ သီချင်းဟာလည်း လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဆောင်းညချမ်းအချိန်တွေမှာ လူငယ်လေးတွေရဲ့သီချင်းသံတွေဟာ ရပ်ကွက်တိုင်းမှာ ပျံလွင့်နေခဲ့တယ်။

ထိုအချိန်တုန်းက ဆောင်းတွင်းရောက်ပြီးဆိုရင် ရန်ကုန်မြို့တစ်လွှားမှာရှိတဲ့ ဘုရားစေတီတွေမှာ ဗုဒ္ဓပူဇနိယပွဲတော်တွေ ကျင်းပကြပါတယ်။ သင်္ဃန်းကျွန်းက ကျိုက္ကဆံ ဆံတော်ရှင်ဘုရားပွဲ၊ ရန်ကင်းကံဘဲ့က မိုးကောင်းဘုရားပွဲ၊ ဗိုလ်တထောင်ဘုရားပွဲ နဲ့သန်လျင်က ကျိုက်ခေါက်ဘုရားပွဲတွေဟာ စည်ကားလှပါတယ်။ ရွှေမန်းမြို့တော် သိန်းအောင်၊ စိန်မဟာသဘင်၊ တိုင်းချစ်သန်းစိန် စတဲ့ဇာတတ်သဘင်အဖွဲကြှီးတွေဟာ ရန်ကုန်မြို့တော်တစ်ဝိုက်က ဘုရားပွဲတွေမှာလှည့်လည်ကပြခဲ့ကြတယ်။ ထိုအချိန်တုန်းကတော့ လူငယ်တွေ အတွက် ဖျော်ဖြေမှုဆိုလို့ ဒီပွဲလေးတွေပဲ ရှိခဲ့တယ်။ ရန်ကုန်တလျှောက်မှာ ကျွန်တော်တို့ လူငယ်တွေဟာ ကျိုက္ကဆံ ဘုရားပွဲကစပြီး မိုးကောင်း၊ ကျိုက်ခေါက်၊ ဗိုလ်တထောင်စတဲ့ ဘုရားပွဲတွေ တစ်ပွဲပြီးတစ်ပွဲသို့ လည်ပတ်ကြည့်ရှုခဲ့ကြတယ်။

ထိုအချိန်တုန်းက ရန်ကုန်ဆောင်းကာလဘုရားပွဲမရှိတဲ့ အချိန်တွေမှာလည်း ဗလာဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေ မပြတ်မလပ်အောင်ရှိခဲ့ပါတယ်။ အငြိမ့်ပွဲ၊ ဇာတ်ပွဲတိုင်းမှာလည်း အနွေးထည်တွေ၊ စောင်တွေကို ကိုယ်မှာ ဝတ်ဆင်ခြုံလွှမ်းထားတဲ့ ပရိသက်တွေဟာ ပွဲခင်းတွေထဲမှာ ခိုက်ခိုက်တုန်အောင်ချမ်းလှတဲ့ ရန်ကုန်ဆောင်းကို အန်တုပြီးပွဲကြည့်ခဲ့ကြတယ်။ ထိုစဉ်က ကျွန်တော်တို့သူငယ်ချင်းတစ်စုဟာ တစ်ခါတစ်ရံမှသာ ပွဲကြည့်ကြပေမဲ့လည်း ပွဲစျေးတန်းကိုတော့ ညတိုင်းသွားလေ့ရှိတယ်။
++++++++++++

ယခုတော့ ထိုခေတ်တွေ၊ ထိုသက္ကရာဇ်တွေဟာ အလွန်ဝေးကွာ လှတဲ့အတိတ်မှာ ကျန်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်လောက်က ရှိခဲ့ကြတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေဟာလည်း ကျွန်တော်ကို တစ်ယောက်ပြီးတစ်ယောက် စွန့်ခွာသွားခဲ့ကြပါပြီ။ ထိုအတူပဲ ရန်ကုန်ဆောင်းကလည်း ကျွန်တော့်ကို စွန့်ခွာသွားခဲ့ပါပြီ။

ရန်ကုန်ဆောင်းဟာ နွေလိုလို မိုးလိုလိုအရောင်ပြောင်းပြီး ဆောင်းမပီသခဲ့တာကြာပါပြီ။ ယနေ့ အချိန်မှာတော့ ရန်ကုန်ဆောင်းဟာ ဆောင်းရာသီလေးလအတွင်းမှာ နှစ်ရက်သုံးရက်ဆက်တိုက် အေးတာနှစ်ကြိမ်သုံးကြိမ် လောက်သာရှိပါတယ်။ ကျန်နေ့ရက်တွေမှာတော့ နွေရာသီလိုပူလောင်တဲ့နေ့ရက်တွေရှိသလို၊ တစ်ခါတစ်ရံမှာ လည်း မိုးရာသီလို မိုးသဲသဲမဲဲမဲရွာတဲ့ နေ့ရက်တွေပင် ရှိလာပါတယ်။ ပူတဲ့ရက်တွေက ပိုများပါတယ်။

ကျွန်တော်တို့ ကလေးဘဝ၊ လူငယ်ဘဝတွေတုန်းက ဆောင်းရာသီလေးလစလုံးမှာ ညနေငါးနာရီကျော်လာရင် အနွေးထည်ဝတ်ကြရပေမယ့် ယနေ့ခေတ်ဆောင်းရက်တွေမှာတော့ ဘာအနွေးထည်မှမလိုတော့ပါဘူး။ အနွေးထည်တွေအားလုံးကို ခေါက်သိမ်းထားရတာကြာပါပြီ။
———–

သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး တစ်စိုက်မတ်မတ် လေ့လာနေတဲ့ မိတ်ဆွေ တစ်ယောက်ကတော့ “ကမ္ဘာတစ်ဝန်းမှာ ရာသီဥတုတွေပြောင်းလဲနေပြီလေ၊ မိုးခေါင်တဲ့နေရာတွေမှာ လေးငါးနှစ် ဆက်တိုက်မိုးခေါင်တယ်။ ရေကြီးတဲ့နေရာတွေမှာရေကြီးတယ်။ မြေပြိုတယ်။ မုန်တိုင်းတွေတိုက်တယ်။ အဲ့တာ တွေဟာ ရာသီဥတုတွေ ဆိုးဆိုးရွားရွား ပြောင်းလဲနေတဲ့ ပြယုဒ်တွေပေါ့ဗျာ”လို့ ပြောပါတယ်။

ရန်ကုန်ဇာတိဖြစ်တဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးတစ်ဦးကလည်း “ဟိုးတုန်းက ရန်ကုန်မြို့လယ်ကောင်မှာ အင်္ဂလိပ်ခေတ်က လက်ကျန်လေးထပ်တိုက်တွေလောက်သာ အမြင့်ဆုံးရှိတာဗျ။ ဒါလည်း ကျောက်တံတား၊ ပန်ဘဲတန်း၊ လသာလမ်းမတော်မြို့နယ်တွေလောက်မှာသာရှိခဲ့တာ။ ခုတော့တစ်ဆယ့်နှစ်ထပ်၊ တစ်ဆယ်ရှစ်ထပ်၊ အထပ်နှစ်ဆယ်ကျော်တိုက်တွေ၊ ကွန်ဒိုတွေကလည်း အရမ်းများလာတယ်။ ပြီးတော့ မော်တော်ကားတွေကလည်း ပေါမှပေါပဲ။ ဒီတော့ CO2တွေ၊ ကာဘွန်ဓာတ်တွေက လေထဲမှာ အရင်ထက်အဆပေါင်းများစွာ ပိုများလာတယ်ဗျာ။ အဲ့ဒီတော့ သဘာဝပတ်ဝန်းကျင်ဟာ ဘယ်မှာ မပျက်ခံနိုင်ပါ့မလဲ” လို့ ဆိုပါတယ်။

ကျွန်တော်ဟာ လက်ဖက်ရည်ဆိုင်က ထွက်ခဲ့ပြီးနောက် အိမ်အပြန်လမ်းတစ်လျှောက်မှာ ကျွန်တော်တို့ရဲ့ ငယ်ဘဝ နေ့ရက်တွေတုန်းကကြုံခဲ့ရတဲ့ ဆောင်းရာသီတစ်လျှောက်လုံးမှာ အေးစိမ့်နေတဲ့ ရန်ကုန်ဆောင်းကို ပြန်လည် သတိရ တမ်းတနေမိပါတယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ သဘာဝ ရာသီဥတုရော၊ စီးပွားရေး ရာသီဥတုရော၊ ပြီးတော့ လုံခြုံအေးချမ်းမှုရှိရာမှာရော လက်ရှိအချိန်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်လောက်က ရန်ကုန်မြို့ဆီကို ပြန်လည်သွားရောက် လည်ပတ်ချင်နေပါတယ်။ ငါးနှစ်၊ ဆယ်နှစ် သို့မဟုတ် လပိုင်းလောက်ပဲဖြစ်ဖြစ်ပေါ့။

ကျွန်တော်ခေါင်းထဲမှာကို စိတ်ကူးပေါ်ပေါက်လာတဲ့ တဒင်္ဂမှာပဲ ကျွန်တော်ရဲ့စိတ်အာရုံဟာ တက်ကြွ လန်းဆန်းလာခဲ့ပါတယ်။ သို့ပေမယ့် အချိန် Time Warp ထဲဝင်ပြီး အချိန်ကာလကို နောက်ပြန်ဆွဲဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ သို့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါလုပ်နိုင်သလောက်တော့ ကြိုးစားရမှာပဲဆိုတဲ့ စိတ်ကူးနဲ့ပဲ အိမ်ကိုရောက်ချိန်မှာတော့ ကျွန်တော့်ရဲ့ စာရေးစာပွဲလေးမှာ ထိုင်ရင်း ရန်ကုန်ဆောင်းအကြောင်းကို စာဖွဲ့ခဲ့တယ်။

တကယ်တော့ ကမ္ဘာ့နိုင်ငံတွေမှာရော ကျွန်တော်တို့နိုင်ငံမှာပါ ရာသီဥတုတွေပြောင်းလဲလာခြင်းနဲ့ တရားခံဟာ လူတွေဖန်တီးတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုတွေ (Man made disaster) ဟာ အဓိကနေရာက ပါ၀င်ပါတယ်။ သစ်တွေအလွန်အကျွံထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့သစ်တောပြုန်းတီးမှုတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ လူ့အသုံးအဆောင်စက်ပစ္စည်းတွေမှ ထွက်ပေါ်လာတဲ့ကာဘွန်ဓာတ်တွေ၊ အမှိုက်ပုံတွေ မီးရှို့မှု၊ တောင်ယာမီးရှို့မှု တွေကြောင့် ထွက်ပေါ်လာတဲ့ မီးသိန်းဓာတ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့လူတွေ မွေးထုတ် လိုက်တဲ့ ဗီလိန်တွေ ဖြစ်လာပါတယ်။

သဘာဝပတ်ဝန်းကျင်ဟာ ကျွန်တော်တို့လူသားတွေအားလုံး မှီခိုအားထားရာ သဘာဝမိခင်ကြီးပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှသာ လူသားတွေရဲ့ကျန်းမာရေး၊ စီးပွားရေးတွေဟာ ဖွံ့ဖြိုးတိုးတက်လာပြီး၊ လူ့အဖွဲ့အစည်းအသီးအသီးဟာ ဖွံဖြိုးတိုးတက်လာမှာပါ။

သဘာဝပတ်ဝန်းကျင်ကောင်းမွန်ဖို့အတွက်ဆိုရင် နွေ မိုး ဆောင်း သုံးရာသီလုံးဟာ သဘာဝအတိုင်း ပုံမှန် ဖြစ်နေဖို့လိုပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ရာသီဥတုတွေဖြစ်ဖို့လိုတယ်။ နွေမှာအပူချိန်လွန်လွန်ကဲကဲ ပြင်းထန်ပြီး မိုးရာသီမှာလည်း မိုးခေါင်တာမျိုးတွေ သို့မဟုတ် ရက်ပေါင်းများစွာ မိုးကြီးတာမျိုးတွေ မဖြစ်ဖို့ လိုပါတယ်။ ပြီးတော့ ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ မဖြစ်ဖို့လိုပါတယ်။ ဆောင်းရာသီဟာလည်း မြောက်ပြန်လေနဲ့ အတူ အေးချမ်းတဲ့ဆောင်းဥတုဖြစ်ဖို့လိုတယ်။

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်ပျက်စီးခြင်း
မဖြစ်အောင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုပါတယ်။

ဝင်းထွဋ်ဇော်

About The Author

greenness_mm

No Comments

Leave a Reply