ချစ်စရာဓလေ့များရဲ့ နေ၀င်ချိန်

ချစ်စရာဓလေ့များရဲ့ နေ၀င်ချိန်

မြောက်အရပ်ဆီက ဝင်လာတဲ့ခြေသံတို့သည် တိုးတိုးဖွဖွလေး။ မျက်ရည်စက်လက်နဲ့သစ်ရွက်တွေက ညလုံးပေါက်။ စိုထိုင်းနေတဲ့ အိမ်ရှေ့မြေပြင်၏ ထောင့်စွန်းနားတွင် ဆိတ်ဖလူးပန်းတို့ ပြန့်ကျဲလျက်ရှိသည်။ မသိမသာလေးထိခတ်နေပေမယ့် သိနေခဲ့သည့်အငွေ့အသက်များ။

ရွာအဝင် မြေနီလမ်းလေးအတိုင်း ညနေခင်းဆိုလမ်းလျှောက်ထွက်ဖြစ်သည်။ လမ်းဘေးဝဲယာ တလျှောက် လေတိုက်တိုင်းယိမ်းနွဲ့ ကနေသည့် ရွှေဝါရောင်ကွင်းပြင်ကြီး၏ အလှနှင့် ညနေဆည်းဆာသည်ကား လိုက်ဖက်တင့်တယ်လွန်းလှပေသည်။ လတ်ဆတ်နေသည့်လေညှင်းတို့၏ အရသာသည် စွဲမက်စရာကောင်းနေပြန်၏။ရွေ့လျားနေသည့်တိမ်တွေနှင့်အပြိုင် ခဏတာရွက်လွင့်ရင်း တနေ့တာပင်ပန်းမှုတွေကို ဖြေလျော့ပစ်လိုက်သည်။ဓာတ်တိုင်မီးကြိုးပေါ်တွင်ကျေးငှက်တချို့ နားခိုလျက်။မကြာမကြာဝင်ရောက်လာသည့် စပါးနံ့လေးတွေကို ရှူရှိုက်ရင်း ငယ်ငယ်က ဆောင်းရက်စွဲတွေကို ပြန်ပြီးသတိရစေခဲ့၏။

အရင်တုန်းက သီးနှံရိတ်သိမ်းချိန်နှင့် ယခုကား ကွာခြားလွန်းနေ၏။ကျွန်တော်တို့ငယ်ငယ်က ကောက်ရိတ်ကာနီးရင် စပါးပင်တွေကိုလှဲပေးရသည်။ကျွန်တော်တို့ညီကိုတွေလည်း နံနက်စောစောထကာ ဝါးလုံးကိုယ်စီနှင့် စပါးလှဲခဲ့ဖူးသည်။ ကောက်ရိတ်သမားတွေ အငှားချရသည်။ကောက်လှိုင်းစည်းရသည်။နေလှန်းရသည်။ကောက်လှိုင်းတိုက်ဖို့ လှည်းတွေဆင်ရသည်။ခြံထဲတွင် နွားချေးနှင့် တလင်းကြံရသည်။ထို့နောက် ညနေကောက်လှိုင်းတိုက်ဖို့ အတွက် မနက်ဆို နွားကျောင်းရင်း ကောက်လှိုင်းပုံရပြန်သည်။

အဲသည်အချိန်က တစ်အိမ်နှင့်တစ်အိမ် လက်စားတိုက်ကြသည်။သူငယ်ချင်းတွေ၊အမျိုးတွေအိမ်တွေ။ကောက်လှိုင်းတိုက်ပြီဆို လှည်းတွေကများလှ၏။အိမ်မှာကောက်လှိုင်းပုံသူတွေကလည်းများ၏။ဟိုဘက်အိမ်၊သည်ဘက်အိမ်ဆုံနေရင် ပုံနေသူတွေလည်း ဟိုပြေးလိုက် သည်ပြေးလိုက်။လှည်းမောင်းသမားတွေကလည်း သူ့နွား ငါ့နွား ပိုကောင်းကြောင်းအပြိုင်မောင်းကြ။အော်ဟစ်သီချင်းဆိုကြနှင့် ပျော်စရာကောင်းလှသည်။ပြီးရင် ကောက်လှိုင်းတိုက်သည့်အိမ်မှာပဲ စုကာ စားသောက်ရသည်။ ပျော်စရာဓလေ့တွေ အခုတော့ ဆိတ်သုဥ်းပျောက်ကွယ်လုနီးပါးဖြစ်ကုန်ပြီ။

ကောက်လှိုင်းတွေအကုန်တိုက်ပြီးသည့်အခါ တလင်းနယ်ဖို့ ပြင်ဆင်ရပြန်သည်။ တလင်းနယ်သမားတွေငှားရသည်။စပါးကျီထဲစပါးရောက်ဖို့အခုလိုမလွယ်ကူခဲ့။တလင်းပြန့်ထဲကောက်လှိုင်းကိုထောင်ပြီးစီရသည်။နွားနှင့်ညှက်အောင်နယ်ရပြန်သည်။ နယ်ပြီးသား ကောက်လှိုင်းတွေကို ကောက်ဆွနှင့်တခါ ပြန်ဖော်လိုက်၊ ပြန်ပြီးနယ်လိုက်လုပ်ရသည်၊၊ စပါးစေ့မကျန်တော့သည့် ကောက်ရိုးတွေကို နွားစားဖို့အတွက် ကောက်ရိုးပုံရှိရာဆီ သယ်ပြီး ပို့ရပြန်သည်။နောက်ဆုံး ကောက်ရိုးအမှော်တွေကို ထွန်ချက်နှင့်ခြစ်ကာ ဇကာနှင့်ချရပြန်သည်။ ဒီလိုနှင့် ရှိသမျှကောက်လှိုင်းတွေကို လနှင့်ချီ၍ နယ်ရတတ်သည်။ သည်မှာတင်မပြီးသေး။ စပါးများသည် ကောက်ရိုးအမှုန်များ စပါးအဖျင်းများပါနေသဖြင့် လှေ့ရပြန်သည်။ထို့နောက်မှသာ စပါးများသည် စပါးကျီထဲသို့ ရောက်ရသည်။

အဆင့်ဆင့် ဒုက္ခမျိုးစုံကိုကျော်ဖြတ်ကာ စိုက်ပျိုးခဲ့၊ ရိတ်သိမ်းခဲ့ရသည်။ သည်လိုအခက်ခဲများနှင့် တောင်သူလယ်သမားတို့၏ဘဝတွေအပေါ် မညှာမတာလုပ်ရက်ခဲ့ကြသည့် နှစ်ကာလအချို့ကို မြင်တွေ့ခဲ့ဖူးသည်။ ဤအရာသည်ကား `တာဝန်ကျေ´ချရခြင်းဖြစ်၏။ကျွန်တော် မူလတန်းအရွယ် လောက်က ဖြစ်မည်။ စပါးဒိုင်ကို စပါးချသွားရင် လှည်းလိုက်စီးရတာကိုပျော်နေသည်။ ဟိုရောက်ရင် အကြော်တွေစားရတတ်သည်။ ကလေးဘဝ ဘာမှမသိ၊ကိုယ်လုပ်ချင်တာလုပ်ရရင် ပျော်နေသည့် ကလေးတို့ သဘာဝအတိုင်း ကျေနပ်ပျော်ရွှင်လို့။ တာဝန်ကျေမချနိုင်သည့် တောင်သူတွေကို ခေါ်ပြီးသတိပေး၏။ စည်းဝေးပွဲတွေခေါ်သည်။တာဝန်ကျေမချနိုင်သည့်တောင်သူတွေကို တခါတလေ စပါးဒိုင်မှာ တစ်ညဖြစ်ဖြစ်၊နှစ်ညဖြစ်ဖြစ်ခေါ်သွားကြသည်။အဖေနှင့် ရွာထဲက တောင်သူအချို့ ပါသွားခဲ့ဖူးသည်။
`တာဝန်ကျေ ခေတ်´တဲ့ လူကြီးတွေ အမြဲပြောသံ ကြားဖူး၏။အခုမရှိတော့သည့်အခါ တောင်သူတွေအားလုံး ဝမ်းသာပျော်ရွှင်နေမိကြတာ အမှန်ဖြစ်သည်။

နွေအခါ ဆည်ရေတွေလွှတ်ပေးသည့်အချိန်ကစပြီး နွေစပါးကိုစိုက်ပျိုးရပြန်သည်။ သည်အခါမှာတော့ ချွေလှေ့စက်တွေ ခေတ်စားလာသည်။ ရိတ်သိမ်းသည့်အခါကောက်ရိတ်သမားတွေ ငှားနေရဆဲ။ တလင်းပြင်မှာ နယ်ရတဲ့ ဒုက္ခလျော့သွားပေမယ့်လည်း နောက်ထပ်စိတ်ညစ်စရာက ရှိလာခဲ့၏။ စပါးတွေစိုတဲ့အခါ ကုန်သည်တွေက မဝယ်ခြင်းဖြစ်သည်။ စပါးတွေကို နေလှန်းပေးရသည်။ မိုးကလေးညို့လာရင် စပါးကို စုရပြန်သည်။သြော်… တောင်သူတွေဘဝ သနားစရာ။ နွေစပါးနှင့်မိုးစပါး လုံးလည်ချာလည်လိုက်နေရ၏။

အခုနောက်ပိုင်း စပါးရိတ်ခြွေစက်တွေ ဝင်လာတဲ့အခါ အချိန်တွေ၊ ပင်ပန်းမှုတွေသက်သာလာခဲ့သည်။ နေ့ချင်းပင် စပါးပေါ်လာရသည်။ ထွန်ယက်စိုက်ပျိုးချိန်မှာလည်း အချို့နေရာတွေ နွားကိုအသုံးမပြုကြ တော့သလို၊ ကောက်စိုက်သမားတွေလည်း မလိုတော့ပေ။ အခြောက်ခင်းထွန်ယက်ပြီး စပါးမျိုးစေ့ကျဲချလိုက်သည်။ တောင်သူတွေတော်တော်များများ နွားတွေကို ဖြုတ်ပစ်ကြသည်။ လယ်ယာသုံးစက်ပစ္စည်းတွေအစားထိုးခဲ့ကြသည်။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာဆီသာ တိုးတက်ပြောင်းလဲသွားသည်။

အမြင်အရတော့ တိုးတက်သွားသည်ဟုထင်စရာပင်၊၊ သို့သော် တိုးတက်မှု၏နောက်တွင် ကျေးလက်‌တောရွာများ၏ ချစ်စရာကောင်းတဲ့ ဓလေ့များ စတေးလိုက်ရသည်။ လက်လုပ်လက်စား ရွာသားများ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ အလုပ်မရှိတော့ အလုပ်ရမဲ့ မြို့ရွာတွေဆီသွားရောက်ပြီး အလုပ်လုပ်ကြရသည်။ လူငယ် လူရွယ်တွေကလည်း နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကြသည်များရှိလာသည်။ ဖွံ့ဖြိုးတိုးတက်မှုရဲ့နောက်မှာ ဆုံးရှုံးတွေက မနည်းလှပေ။
တောင်သူတွေဘဝကလည်း ထူးမခြားနားပဲဖြစ်၏။`လယ်´ ဆိုသည့်အတိုင်း လယ်ထဲမှာပင် `လည်´နေခဲ့ပါသည်။ တွေးမိလျှင် ၀မ်းနည်းဖို့ကောင်းသလို ရင်နာဖို့လည်းကောင်းလှပါသည်။

ကျွန်တော်သည် မြေနီလမ်းလေးအဆုံးထိ လမ်းလျှောက်လာရင်း လေဝှေ့တိုင်းလာလာထိနေတဲ့ စပါးနံ့လေးတွေနှင့်အတူ အနောက်ယွန်းယွန်းဆီ တိမ်မြှုပ်ပျောက်ကွယ်တော့မည့်နေကို နှုတ်ဆက်ကာ လွန်လေပြီးတဲ့ အတိတ်တချို့ကိုထမ်းပိုးရင်း ရွာလေးဆီ တရွေ့ရွေ့ ပြန်လှမ်းလာခဲ့မိသည်။ ။

သုထက်စျာန်

About The Author

greenness_mm

No Comments

Leave a Reply