ချောင်းကလေး၊ မြောင်းကလေးတွေရဲ့ ကျေးဇူးကိုသိတတ်ကြပါစေ

ချောင်းကလေး၊ မြောင်းကလေးတွေရဲ့ ကျေးဇူးကိုသိတတ်ကြပါစေ

တောင်ရိုးပေါ်က၊ အခြေစ၍
နိုးထဆင်းလာ၊ ရေစီးသာနှင့်
ရပ်ကျိုးရွာကျိုး၊ ဆောင်သယ်ပိုးသည့်
အဖိုးတန်သော၊ ချောင်းကလေး။
သည်ချောင်းရေပေါက်၊တို့သုံးသောက်၏
သည်ချောင်းရေလျှံ၊ နုန်းတင်ကျန်တွင်
သည်းနှံမျိုးစုံ၊ တို့စိုက်ကုန်၏
သည်ချောင်းငယ်ကား၊ တို့ရွာများ၏
အားထားဖွယ်ရာ ကျေးဇူးရှင်။
ကဗျာဆရာ ဘုတလင်ချစ်လေး၏ ချောင်းကလေးကဗျာမှ ပထမနှစ်ပိုဒ်ဖြစ်ပါသည်။ ထိုကဗျာကို ၂၀ ရာစုအတွင်းရေးခဲ့ခြင်းဖြစ်သည်။ ယခု ၂၁ ရာစုမှာလည်း ချောင်းကလေးများသည် ရွာများ၊မြို့များကို အကျိုးပြုနေဆဲဖြစ်ပါသည်။ ချောင်းကလေးထဲက ငါးတွေကို စားရဆဲ။ ချောင်းကလေးက ပို့ချထားခဲ့သည့်နူန်းမြေမှာ သီးနှံတွေစိုက်ပျိုးကြဆဲဖြစ်ပါသည်။ သို့သော်ချောင်းကလေး၏ရေကိုကား သောက်သုံးဖို့ဝေးစွ။ သုံးရေအဖြစ်ပင် မရတော့ပါ။ ချိုးရေအဖြစ်ပင်မရတော့ပါ။ ချောင်းမြောင်းများသည် လူတွေ၏ ကျေးဇူးကန်းမှုကြောင့် များစွာ ညစ်ပတ်ခဲ့ပြီဖြစ်သည်။
ကျွန်တော်တို့တောင်ခြေမြို့ကလေးသည် ချောင်းမြောင်းပေါသောမြို့ကလေးဟု ဆိုနိုင်ပါသည်။ မြို့ထဲကိုဖြတ်သန်းစီးဆင်းနေသော ချောင်းနှစ်ချောင်းရှိပြီး ရပ်ကွက်ထဲမှာစီးဆင်းနေကြသည့်မြောင်းကလေးတွေလည်းရှိပါသည်။ သည်ချောင်းသည်မြောင်းကလေးတွေ သန့်ရှင်းလျှင် မြို့ကလေးသည် အလွန်ကျက်သရေရှိသည့် မြို့ကလေးဖြစ်ပေမည်။ ချောင်းဘေး၊မြောင်းဘေးတလျောက်သည် လူတို့ အပန်းဖြေရာဖြစ်ပေမည်။ ခုတော့သည်လိုမဟုတ်။ ချောင်းဘေး၊မြောင်းဘေးဆိုလျင် မသွားအပ်သည့်နေရာဖြစ်နေသည်။ ချောင်းထဲ၊မြောင်းထဲဆိုလျှင် ဆင်းပင်မဆင်းဝံ့ကြတော့။
သည်လိုအခြေအနေဖြစ်လာအောင် မြို့သူမြို့သားတို့ကိုယ်တိုင်ဖန်တီးကြခြင်းဖြစ်သည်။ ချောင်းထဲကို အမှိုက်မျိုးစုံပစ်ချတာက ထမင်းစားရေသောက်ကိစ္စဖြစ်နေသည်။ ပြီးခဲ့သောလပိုင်းကတော့ ဝက်တွေရောဂါကျပြီး သေကြရာ ချောင်းထဲကိုဝက်သေကောင်တွေမျောကြသည်။ မြို့သူမြို့သားတွေ တော်တော်ဆူပွက်လိုက်ကြသည်။ ဝက်အသေကောင်၊ ကြက်အသေကောင်တွေကို သင့်တော်ရာမှာ တူးမြုပ်လို့ရပါလျက် မြို့လယ်တွင်စီးဆင်းနေသော ချောင်းထဲ မျောချသည်ကတော့ အလွယ်ကြိုက်သည် ဆိုသောစကားလောက်ကိုသုံး လို့မရ။ ယုတ်မာသည်ဟုပင် အမှန်အတိုင်းဆိုရမည်ဖြစ်သည်။
တညနေ ရပ်ကွက်ထဲက အမူးသမားတစ်ယောက်အော်ဆဲနေသည်။ သည်လူက မူးလာလျှင် အော်ဆဲတတ်မြဲဖြစ်သည်။ ထူးခြားသည်က သူဆဲသည့်အကြောင်းအရာတွေက ကြိုးကြောင်းညီညွတ်မှုရှိတာများသည်။ ရပ်ကွက်ထဲက လူငယ်တွေ ညသန်းခေါင်ထိ သံသေးသံကြောင်တွေနဲ့ ညနက်ထိ သီချင်းဆိုလျှင် နောက်တနေ့ တနေကုန် ထိုလူငယ်တွေကို အော်ဆဲနေတတ်တာမျိုးဖြစ်သည်။ ပြီးခဲ့သည့် တညနေကလည်း အော်ဆဲနေသည်။
” ငါ…မ အိမ်တွေ၊ မြောင်းထဲကိုအမှိုက်ပစ်တဲ့အိမ်တွေ၊ ငါ…..မ အိမ်တွေ မြောင်းထဲကို အမှိုက်ပစ်တဲ့အိမ်တွေ” ။ ဒါကိုပဲတညနေလုံး ပြန်ပြန်ကြော့နေသည်။ သည်တစ်ခါ သူဆဲသည်ကိုတော့ အားပေးပြုံးပြုံးမိပါသည်။
ကျွန်တော်တို့ရပ်ကွက်ထဲမှာ ရေစီးနေသည့်မြောင်းကလေးရှိပါသည်။
သည်မြောင်းကလေးကိုလည်း လူတွေကအလွတ်မပေးပါ။ ပလစ်စတစ်နှင့် မီးဖိုချောင်အမှိုက်တွေကို ပစ်ကြသည်။ သည်အမှိုက်တွေက တနေရာရာမှာတစ်ဆို့နေတတ်သည်။ ပြီးတော့ မြောင်းကလေးထဲကို ရေဆိုးရေညစ်တွေသွန်ကြသည်။ ကလေးတွေမြောင်းထဲဆင်းလျှင်တော့ မိဘတွေက မျက်လုံးပြူးမျက်ဆံပြူးနဲ့ အော်ဟစ်တားမြစ်တတ်ကြသည်။ သည်မြောင်းရေဘယ်လောက်ညစ်ပတ်သလဲ သူတို့သိသည်။ သူတို့ကိုယ်တိုင် လုပ်ထားသည်မို့ သေသေချာချာသိပါသည်။
သည်မြောင်းကလေးထဲမှာ ငါးမျှားသည့်သူတွေရှိသည်။ ရှော့တိုက်ငါးဖမ်းသည့်သူတွေရှိသည်။ ရသည့်ငါးတွေကိုလည်း စားကြရပါသည်။ မြို့လယ်ကချောင်းဆိုလျှင်လည်း သည်လိုပဲငါရှာသူသာမက၊ ခရုကောက်သူတွေပင်ရှိသည်။ သည်ငါး၊သည်ခရုတွေကို မြို့ကလူတွေပင်စားကြခြင်းဖြစ်သည်။ ပြီးတော့ သည်ချောင်း၊ သည်မြောင်းကလေးတွေကို မှီခိုပြီးစိုက် သည့် ဟင်းသီးဟင်းရွက်စိုက်ခင်းလေး တွေရှိပါသည်။ ဒီဟင်းသီးဟင်းရွက်တွေကိုလည်း စားကြရပါသည်။ သည်မျှအကျိုးပြုနေသည့် ချောင်း၊မြောင်းထဲကို အမှိုက်တွေပစ်နေသည်မှာ အသိဉာဏ်မဲ့ရာရောက်သလို ကျေးဇူးကန်းရာလည်းကျပါသည်။
သူတို့အသိတွင်တော့ ငါတို့ပစ်တဲ့အမှိုက်က မီးဖိုချောင်အမှိုက်လေးမို့နည်းနည်းပါဟု ထင်ကောင်းထင်ပေလိမ့်မည်။ အိမ်ခြေများစွာမှ နည်းနည်းစီစုလိုက်တော့ ချောင်း၊မြောင်းပိတ်ဆို့မတတ်များလာပါသည်။ ဆိုးသည်က အထဲမှာပလပ်စတစ်အိတ်တွေပါလာခြင်းဖြစ်သည်။
ကျနော်တို့ရပ်ကွက်ထဲမှာ အမူးသမားအော်ဆဲပြီး နှစ်ရက်သုံးရက်လောက် ရပ်ကွက်ထဲကမြောင်းမှာ အမှိုက်တော်တော်နည်းသွားတာ သတိထားမိသည်။ ယခုကျနော်ရေးနေသောစာသည် ထိုအမူးသမား ဆဲသံလောက် ထိရောက်မှုရှိပါ့မလားဟု သံသယရှိမိပါသည်။
ကျနော်တို့ အောင်ပင်လယ် လူမှုဝန်းကျင် မဂ္ဂဇင်းကနေ သဘာဝပတ်ဝန်းကျင်ကိုအလေးထားကြဖို့ ရေးသားနေကြသည်မှာ ဆယ်စုနှစ်တစ်ခုမကတော့ပါ။ ထိရောက်မှုနည်းသည်ဆိုဦးတော့ ကျွန်တော်တို့ကတော့ ဆက်ရေးသားနိုးဆော်နေရဦးမည်သာဖြစ်ပါသည်။ ကျွန်တော်တို့မှာ ကောင်းမွန်သည့်လူမှုပတ်ဝန်းကျင်ရှိမှ ရှင်သန်ရကျိုးနပ်ပေမည်။ ယခုဆောင်းပါးတွင်လည်း ကိုယ့်အနီးအနားကချောင်းကလေးတွေထဲ ကို အမှိုက်မပစ်ကြဖို့
သင့်ပတ်ဝန်းကျင်အတွက် နိုးဆော်လိုက်ရပါသည်။
ဒိုက်နှင့်သရော၊ရေစုံမျောက
မကောရန်ဆယ်၊ ကမ်းစွယ်ကမ်းပါး
ပြိုမသွားအောင်၊ လုပ်အားကိုသုံး
တို့စုရုံးမည်။
ချောင်းဆုံး ချောင်းစ
မခွဲကြဘဲ၊ ဖို့ကြဆယ်ကြ
တားဆီးကြမည်။
သည်ချောင်းအရေး
အသက်ပေး၍၊ တုံ့နှေးမဆ
ဖြေရှင်းကြမည်၊ နေ့ညချိန်ခါမဟူတည်း။
ချောင်းကလေးအတွက် အသက်ပေးဖို့မလိုပါ။ ချောင်းကလေး၊မြောင်းကလေးထဲက အမှိုက်၊ဒိုက်သရောတွေကို မဆယ်ချင်နေပါဦး။ ချောင်းကလေး၊မြောင်းကလေးတွေရဲ့ ကျေးဇူးကိုသိတတ်ပြီး အမှိုက်မပစ်ကြရန်သာ မဝံ့မရဲထပ်မံနိုးဆော်လိုက်ရပါသည်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply