ငယ်ငယ်က အော်ဂင်းနစ်သီးနှံတွေကိုသာ လွမ်း

ငယ်ငယ်က အော်ဂင်းနစ်သီးနှံတွေကိုသာ လွမ်း

ကျနော်ငယ်ငယ်က ကျနော်တို့ဒေသအခေါ် အင်ဒိုင်းတောထဲမှာ ကျနော့်အဒေါ်ကြီးနဲ့အတူ ခရမ်းချဥ်ခင်းလေး စိုက်ပျိုးခဲ့ဖူးတာကို ခုထိ အမှတ်ရနေတယ်။ ခရမ်းချဥ်ခင်လေးက ပေနှစ်ဆယ်၊ ပေလေးဆယ်လောက်တော့ရှိမှာပါ။ ဒီခင်ရမ်းချဥ်ခင်းလေးစိုက်စဥ်က ကျနော်ဆယ်နှစ်သားပဲရှိသေးတယ်။ အခင်းလေးကို အရိပ်တကြည့်ကြည့်ပေါ့။ ခရမ်းချဥ်ပင်ကနေ သီးကင်းတွေထွက်လာတော့ ပျော်လိုက်တာ။
ဒီအခင်းလေးထဲကို ကျနော်တို့ ဓာတ်မြေသြဇာမပြောနဲ့ ရိုးရိုးနွားချီးတောင် မထည့်ခဲ့ပါဘူး။ ပြောသာပြောရ အဲ့ဒီအချိန်တုန်းက မြေဆီလွှာပျက်စီးမှုဆိုတာ ကြားတောင်မကြားဖူးသေးပါ။ အခင်းကိုပေါင်းထိုးပေးရတာကလွဲရင် ဘာမှလုပ်စရာမလိုပါ။ ခရမ်းချဥ်သီးတွေကြီးလာတော့ နေ့တိုင်းသွားသွားကိုင်ကြည့်ပါတယ်။ စားလို့ရပြီလားပေါ့။ တစ်ရက်တော့ သုပ်စားလို့ရလောက်မယ့် ခရမ်းချဥ်သီးဆယ်လုံးနီးပါး အခင်းထဲကနေရှာလို့ရပါတယ်။ ညနေအိမ်ရောက်ရောက်ချင်းသုပ်ပြီး ညစာစားကြပါတယ်။ ဒီခရမ်းချဥ်သီးသုပ်ရဲ့အရသာကို ကျတော် အခုထိမမေ့နိုင်ပါ။ နှစ်ပေါင်းသုံးဆယ်ကြာတဲ့အထိပါပဲ။ ဒီနှစ်ခရမ်းချဥ်သီးတွေပေါ်တော့ ဒီလိုအရသာမျိုး နည်းနည်းမှရရဆိုပြီး ပေါ်ဦးပေါ်ဖျား စျေးကိုခဏခဏသွားရှာဝယ်သုပ်စားဖြစ်တယ်။ ဘယ်ကလာရပါတော့မလဲ။
ပြီးခဲ့တဲ့အပတ်က ကျတော်ဝမ်းချုပ်တော့ အမေက သင်္ဘောသီးစားလိုက်ဆိုပြီးပြောပါတယ်။ သင်္ဘောသီးက အမေစျေးကဝယ်လာတဲ့ ထိုင်ဝမ်သီးလို့ခေါ်ကြတဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ သင်္ဘောသီးပါ။ အလုံးကြီးကြီးလှလှကြီးပါ။ အရသာပေါ့ရွတ်ရွတ်နဲ့ ဒီအသီးကိုပဲစိတ်ပါလက်မပါစားလိုက်ရပါတယ်။ ဝမ်းထူးပြီးပျော့မလာပါဘူး။ ကျနော်တို့ငယ်ငယ်တုန်းက ရွာကအဖိုးအိမ်၊ ဒေါ်ကြီးအိမ်တို့ရဲ့ အိမ်တွေမှာ ထိပ်ပိုင်းကိုလှီးပြီး ပြာကလေးသုပ်ထားတဲ့ သဘာဝ သင်္ဘောသီးတွေကိုလွမ်းလိုက်တာ။ ကလေးဆိုတော့ သင်္ဘောသီးဟာ ဝမ်းပျော့စေတယ်ဆိုတာဆိုတာလည်းမသိပါဘူး။ စားချင်စိတ်ရှိတဲ့အချိန်ခွဲပြီး မောင်နှမတွေအတူစားခဲ့ကြတာပါပဲ။
ကျတော် မစားချင်ဘဲစားရတဲ့အရာထဲမှာ အစာကြေဆေးဆိုတာလည်းပါပါတယ်။ ကျနော်တို့ငယ်ငယ်က မန်ကျည်းမှည့်
နှင့် ထန်းလျက်ဖျော်ပြီးဟင်းရည်အဖြစ်သောက်ခဲ့ကြရတယ်။ ရံဖန်ရံခါ မန်းကျည်းမှည့်ဖျော်ရည်ထဲကို ပဲပုပ်ဖုတ်ထောင်းထည့်ပြီးဟင်းရည်အဖြစ်သောက်ရင်လည်း သိပ်ကောင်းတာပဲ။ ဝမ်းချုပ်တယ်ဆိုတာ တော်တော်ဖြစ်ခဲတဲ့ကိစ္စ။ ခုချိန်မှာတော့ အဆင်သင့်ဖျော်ရည်တွေကြီးပဲမြင်တွေ့နေရတယ်။ ကျတော်ကတော့ တတ်နိုင်သမျှ ဖျော်ရည်ပုလင်းတွေ၊ ဗူးတွေကိုရှောင်ပါတယ်။ သောက်ရမှာ မသတီလို့ပါ။ ကိုယ့်အိမ်မှာ အိုးကလေးဝယ်။ မှည်ကျည်းသီးမှည့်နဲ့ ထန်းလျက်ဖျော်ပြီး ငယ်ဘဝအရသာ အာသာပြေသောက်ရပါတယ်။
နောက်ပြီးတော့ ငယ်ငယ်ကတောထဲသွားရင်း တောထဲမှာရေဆာရင် သခွားသီးကိုခွဲစားရတယ်။ ဖရဲသီးကိုခွဲစားရတယ်။ အလုံးသေးသေးတွေပေမယ့် ရေငတ်ပြေတယ်။ အရသာလည်းရှိတယ်။ ခုဖရဲသီးအလုံးကြီးတွေကတော့ အသားတွေကလည်းပွယောင်းယောင်းနဲ့ စားပြီးရင်ရေဆာတော့တာပဲ။ သခွားသီးဆိုလည်း အလုံးကသေးသေး အစေ့စေ့ကကြီးကြီးနဲ့။ ဘာအရသာမှမပါပါဘူး။ ကျနော်ငယ်ငယ်ကစ သခွားသီးသိပ်ကြိုက်တယ်။ သခွားသီးနုနု ဆားလေးနဲ့တို့စားရုံတောင် သိပ်အရသာရှိတာ။ ခုတော့ မျိုးရိုးပြုပြင်ပြီး ဓာမြေသြဇာနဲ့စိုက်တဲ့သခွားသီးတွေမို့ သခွားသီးစားချင်တဲ့ အာသီသကို တတ်နိုင်သမျှမျိုသိပ်ထားရပါတယ်။
နောက် ပြောင်းဖူးကိစ္စပြောချင်သေးတယ်။ မိုးရာသီတောကိုသွားပြီဆိုရင် တောထဲကတဲမှာ ပြောင်းဖူးပြုပ်ပြီးစားကြရတယ်။ ပြောင်းဖူးပြုပ်ရည် ချိုချိုလေးကို ရေနွေးအဖြစ် လုပ်သောက်ကြရတာ သိပ်ကောင်းပါတယ်။ ခုခေတ်သကြားပြောင်းဆိုတာတွေကိုပြုပ်သောက်လိုက်လို့ကတော့ ဓာတုမြေသြဇာ ၊ ပိုးသတ်ဆေးတွေကို ပြုပ်သောက်သလိုများဖြစ်နေမလားလို့ တွေးမိတယ်။
ပြောစရာတွေကတော့အများကြီးပါပဲ။ ငှက်ပျော်သီး၊ကော်ဖီထုပ်၊ ပန်းကော်ဖီထုပ် စတဲ့ဟာတွေ။ သေသေချာချာတွေးမိလေကြောက်စရာကောင်းလေပါပဲ။ ကျတော့်ဇာတိရွာကလေးမှာတော့ သခွားသီး၊ ခရမ်းချဥ်သီး၊ ပြောင်းဖူး၊ ချဥ်ပေါင် စတာတွေတော်တော်များများ သဘာဝအတိုင်းပဲစိုက်စားကြတုန်းဆိုလို့ ဝမ်းသာရပါတယ်။ သဘာဝဖရဲသီးကတော့ ပျောက်သွားသလောက်ရှိပြီလို့သိရတယ်။ ကိုယ့်ကိုယ်ခန္ဓာကို ကျန်းကျန်းမာမာဖြစ်အောင် အကျိူးပြုခဲ့တဲ့ သဘာဝအစားအစာတွေကိုလွမ်းလှပါတယ်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply