စီးပွားရေးဆောင်းပါးရှင် ဦးအောင်ချိန်ဘွားနှင့် တွေ့ဆုံမေးမြန်းခြင်း

စီးပွားရေးဆောင်းပါးရှင် ဦးအောင်ချိန်ဘွားနှင့် တွေ့ဆုံမေးမြန်းခြင်း

                 ကမ္ဘာကြီးပူနွေးလာတာက ဒီတိုင်း ပစ်ထားရင် စီးပွား ရေးတိုးတက်တာနဲ့ ထိခိုက်တာမှာ ထိခိုက်တာ များလာ မယ်။ တိုင်ပြည်ရဲ့ခေါင်းဆောင်တွေက ပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေးကို ပေါ့ပေါ့လေးလို့ မထင် ပါနဲ့။ 

 

မေး .  ကမ္ဘာကြီး ပူနွေးလာမှုနဲံပတ်သက်ပြီး မိတ်ဆက်သဘော ရှင်းပြပေးပါ ဆရာရှင့်။

ဖြေ . ကမ္ဘာကြီးပူနွေးတယ်ဆိုတာက အခုမှဖြစ်တာမဟုတ်ဘူး။ ဟိုးအရင်ကတည်းက ကြီးကြီးကျယ်ကျယ်        ထင်ထင်ရှားရှား ဖြစ်ဖူးတာနှစ်ကြိမ်ရှိတယ်။ ကမ္ဘာ့သက်တမ်းက သန်းပေါင်း လေးထောင့်ခြောက်ရာလောက် ရှိတယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းသုံးထောင်နဲ့ နှစ်ထောင်ကြားမှာ ကမ္ဘာကြီးက တစ်ကြိမ် ပူနွေးခဲ့တယ်။ ဒီအရင် ကမ္ဘာဆိုတာ စပေါ်လာတော့ ice ball earth လို့ခေါ်တယ်။ ရေခဲဘောလုံးကမ္ဘာကြီး။ နေရဲ့အပူရှိန်က လာထိုးလို့ရှိရင် ရေခဲပြင်ကြီးဖြစ်တဲ့အတွက် အပူကိုမစုပ်ဘူး။ နောက် ကမ္ဘာပေါ်မှာရှိတဲ့ မီးတောင်တွေ တော်တော်များများ ပေါက်တယ်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ တော်တော်များ များ ပျံ့လွင့်ခဲ့တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့သဘာဝက လေထုထဲရောက်ရင် ပြန်မထွက်တော့ဘူး။ နေထဲက လာတဲ့ နေရောင်ခြည်ရဲ့အပူကို ထိန်းထာတယ်။ လေထုကြီးက ပူနွေးလာတယ်။ လေထုကြီးပူနွေးလာတော့ ရေခဲတွေက အရည်ပျော်တယ်။

ခရစ်သက္ကရာဇ် ၁၇၇၅ ကျတော့ ဒိုင်နမိုနဲ့မောင်းတဲ့ အင်ဂျင်စက်တွေပေါ်လာတယ်။ အင်္ဂလန်ကစပြီး စက်ရုံတွေတည်ထောင်ပြီး ပထမစက်မှုတော်လှန်ရေး ပေါ်ပေါက်လာတယ်။ ရေနွေးငွေ့နဲ့စက်တွေ ခုတ်မောင်းနေတော့ ရေနွေးငွေ့ ဘယ်ကရလဲဆို သစ်ပင်တွေခုတ်ပြီး မီးခိုးငွေ့ထွက်စေတယ်။ ဒီမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ထွက်တယ်။ နောက် ဥရောပတိုက်ကနေ စက်ရုံတွေတည်ထောင်ရာကနေ နယ်ချဲ့ပြီး တစ်ကမ္ဘာ လုံး စက်ရုံ၊အလုပ်ရုံတွေ ဖြစ်လာတယ်။ ဒုတိယစက်မှုတော်လှန်ရေး ၁၈၃၀ လောက်မှာ စပေါ်လာတယ်။ လျှပ်စစ်ဓာတ်အားနဲ့ စက်ကိုခုတ်မောင့်တဲ့အဆင့် ရောက်လာတယ်။ ကျောက်မီးသွေးတွေနဲ့ ထုတ်လုပ်လာ တယ်။ အဲ့ဒါတွေအကုန်လုံးက ဟိုက်ဒရိုကာဗွန်တွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အများကြီးထွက်စေတယ်။ ၁၈၀၀ ကုန်ခါနီးကျတော့ ရေနံကိုစသုံးတယ်။ ရေနံတွေ နင်းကန်သုံးတော့ ရုပ်ကြွင်းလောင်စာတွေ ထွက် တယ်။ ဒါပေမဲ့ ထွက်တာကို မသိဘူး။ ကမ္ဘာကြီးပူနွေးလာတာကိုလည်း မသိဘူး။ စက်ရုံတွေအများကြီး ထွန်းကားလာတော့ ကမ္ဘာ့စီးပွားရေး တစ်ဟုန်ထိုး တက်လာတယ်။ အဲဒီတော့ ကမ္ဘာကြီးပူနွေးလာတာနဲ့ ကမ္ဘာ့စီးပွားရေးက ဆက်စပ်မှုရှိလာတယ်။

 

မေး . ကမ္ဘာကြီးပူနွေးလာမှုကြောင့် နိုင်ငံတကာစီးပွားရေး ထိခိုက်စေတဲ့ အကြောင်းရင်းကိုရှင်းပြပေးပါ။

ဖြေ .  စီးပွားရေးတွေက တိုးတက်လာတယ်။ စက်ရုံတွေ အရမ်းတည်ထောင်တယ်။ စက်မှုလုပ်ငန်းတွေ လုပ်လာတယ်။ အမေရိကားက ဖို့ဒ်မော်တော်ကားကုမ္ပဏီကလည်း စက်ရုံအကြီးကြီးတွေတည်တယ်။ ဘာဖြစ်လာလဲဆိုတော့ ကမ္ဘာကြီးရဲ့ စီးပွားရေးတွေက တက်လာတယ်။ တက်လာတာကို အဟုတ်ကြီး ထင်ပြီးတော့ ကမ္ဘာကြီးပူနွေးလာမှန်းလည်း ဂရုမစိုက်ဘူး။ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အများကြီး တိုးလာတာကိုလည်း ဂရုမစိုက်ဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်အပြင် ဂရင်းဆဟာက်စ်ဂက်စ် effect လည်း ဖြစ်နေပြီ။ ဒါဖြစ်နေတာလည်း မသိသေးဘူး။ ၁၉၀၆ လောက်မှတော့ လေထုညစ်ညမ်းတာကို သွားတွေ့ တယ်။ ဖန်လုံအိမ်အာနိသင်ကြောင့် အပူတွေစုပ်ပြီး ကမ္ဘာကြီးပူနွေးနေပြီ။ တဖြည်းဖြည်း အပူတွေတက်နေ တာကို မသိသေးဘူး။ ၁၉၉၀ ဝန်းကျင်လောက်မှာတော့ သိလာပြီ။ အဲ့ဒီတော့ စီးပွားရေးက လုပ်တိုင်း လုပ်တိုင်း စက်ရုံတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်တာပဲ။ ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် တွေက ကမ္ဘာ့ရာသီဥတုကို ပူနွေးစေတယ်။ ပူနွေးတာကနေ ပြောင်းစေတယ်။ Global Warming ကနေ Global Climate Change ဖြစ်စေတယ်။

 

သိပ်ထင်ရှားတာက သစ်တောကို လျော့နည်းစေတာ၊ သစ်တောဧရိယာတွေ လျော့လာတာ၊ မွေးမြူ ရေး၊ မြို့ပြတို့းချဲ့တာ၊ စက်မှုဇုန်တိုးချဲ့တာ၊ လမ်းတံတားဆောက်တာ၊ ဆည်တွေဆောက်တာတွေကြောင့် သစ်တောတွေ လျော့ကုန်တယ်။ သစ်တောတွေ လေ့လာတာနဲ့အမျှ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက် ဆိုဒ်ကို မစုပ်နိုင်တော့ဘဲ တိုးတိုးလာတယ်။ သတိထားမိတဲ့အချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အရင်ထက် ပိုများနေတယ်။ ၂၀၀၈ခုနှစ်က တိုကျိုမှာ ညီလာခံလုပ်တော့ ၂၀၂၀ မှာ လေထုထဲရောက်နေတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် တစ်၀က်လျှော့မယ်။ အခု ၂၀၂၀ ရောက်ပြီ။ တစ်ဝက်လည်းမလျှော့ဘူး။ ပိုတိုးလာတယ်။ အထင်ရှားဆုံးပြောရရင် ကမ္ဘာကြီးပူနွေးလာတယ်။ ရာသီဥထုဖောက်ပြန်လာတယ်။ ဟိုးတောင်တန်းတွေ၊ တောင်ထွက်တွေနဲ့ ၀င်ရိုးစွန်းတွေက ရေခဲတွေ ပျော်ဆင်းလာတယ်။ အရင်က သူတို့ပျော်လာလို့ရှိရင် မြစ်တွေ၊ ချောင်းတွေထဲကနေ စီးပြီးတော့ ပုံမှန် မြစ်ရေ၊ ချောင်းရေတွေရတဲ့ အဆင့်လောက်ပဲ ကောင်းတယ် ပေါ့။

 

အခုတော့ မဟုတ်တော့ဘူး။ ပျော်ဆင်းလာတဲ့အခါကျတော့ လေတွေနဲ့ နှင်းမုန်တိုင်းတွေ ပါဝင်လာ တယ်။ နဂိုကတော့ ရေခဲပြင်ကတိုက်လာရင် အေးရုံပဲ။ အခုတော့ နှင်းတွေက လေထုထဲပါလာပြီး ကမ္ဘာကြီး မှာ နှင်းမုန်တိုင်းတွေ အကြီးအကျယ်တိုက်တာ။ ပြီးခဲ့တဲ့ဆောင်းဆိုရင် တော်တော်များများ နိုင်ငံတွေမှာ လမ်းပန်းတွေ ပိတ်ကုန်တယ်။ လေကြောင်းတွေရပ်။ ဘယ်လောက် စီးပွားရေးတွေ ထိခိုက်လဲ။ စက်ရုံတွေရပ်ရင် ကုန်ထုပ်လုပ်မှု ကျဆင်းတယ်။ ဒီထက်ပျော်ဆင်းလာရင် ပင်လယ်ရေမျက်နှာပြင် တက်တာ တို့၊ ကျွန်းနိုင်ငံတွေ ရေမြုပ်မယ်။ ဆိပ်ကမ်းမြို့တွေ မြုပ်မယ်။ နောက် မိုးကလည်း ရွာချင်တဲ့အချိန် ရွာတာတွေရှိတယ်။ မိုးတွေကြီးတော့ မြစ်ချောင်းတွေ၊ အင်းအိုင်တွေ အကုန်လျှံထွက်တယ်။ လယ်ယာတွေ အကုန်မြုပ်တယ်။ လယ်ယာက စားနပ်ရိက္ခာပဲလေ။ ရာသီဥတုဖောက်ပြန်တော့ ထိခိုက်တယ်။ မြန်မာနိုင်ငံဆို ၂၀၁၅ ကစပြီး ထင်ထင်ရှားရှား မိုးကြီးတိုင်း ရေမြုပ်တယ်။ ထိုင်းဆို ၂၀၁၄ က တစ်ပြည်လုံး ရေကြီးတယ်။ ရေကြီးပြီဆိုရင် စီးပွားရေးက အရမ်းထိခိုက်တယ်။ ကမ္ဘာ့စီးပွားရေးက ကမ္ဘာကြီးပူနွေးမှုကြောင့် မသိလိုက် မသိဘာသာနဲ့ ထုံထိုင်းသွားတယ်။ နှေးကွေးသွားတယ်။ အခု အရင်လို မကောင်းတော့ဘူး။

 

မေး . ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြန်မာ့စီးပွားရေးကရော ဘယ်လောက်ထိခိုက်ပါသလဲ။

ဖြေ . ၂၀၁၅ က တစ်ပြည်လုံး ရေကြီးသွားတယ်။ ရေကြီးရခြင်းအကြောင်းကတော့ သစ်တောပြုန်းတီးတာ သိပ်များလို့။ ဘယ်လောက်များလဲဆို လံန်ခဲ့တဲ့ နှစ် ၂၅ အတွင်း ကမ္ဘာက ထွက်ထားတာရှိတယ်။ ကမ္ဘာမှာ သစ်တောအများဆုံးလျော့သွားတာက ဗီယက်နမ်၊ ဒုတိယက ပါရာဂွေး၊ တတိယက မြန်မာနိုင်ငံ။ နဂို မြန်မာနိုင်ငံကြီး တစ်နိုင်ငံလုံးရဲ့ ဧရိယာ ၅၇ ရာခိုင်နှုန်းကျော် သစ်တောဖုံးလွှမ်းနေတာ။ အခု ၂၈ ရာခိုင်နှုန်းပဲ ရှိတယ်။ မြန်မာနိုင်ငံက သစ်တောတွေအများကြီး ပြုန်းတီးသွားလို့ ရေဝေကုန်းတန်းတွေ၊ ရေဝေးရေလဲတွေ ချောင်းဖျား၊ မြစ်ဖျားတွေမှာရှိတဲ့ တောင်စောင်းတွေ၊ ကုန်းစောင်းတွေက သစ်တောတွေခံမနေတော့ဘူး။ ဒါတွေမရှိတော့ ရေတွေကမိုးရွာတာနဲ့ ဒလဟောစီးဆင်း၊ မြစ်တွေ၊ ချောင်းတွေထဲ ရောက်ကုန်တာပေါ့။

 

ရေကြီးရင် စီးပွားရေးဘယ်လောက်ထိခိုက်လဲ။ ရေကြီးရင် ကယ်ဆယ်ရေးလုပ်ရမယ်၊ ကယ်ဆယ်ရေး တွေ အတွက် သွားရေးလာရေးတွေလုပ်ရတာ။ ကားလမ်းတွေပိတ်၊ သွားရေးလာရေးစရိတ်တွေ သိပ်ကြီးတာ။ ပြီးတော့ ပြန်လည်နေရာချထားရေး၊ ဆေးဝါးတွေ၊ အစားအသောက်တွေ ပေးရမယ်။ ထောက်ပံ့ရမှာတွေ များတယ်။ နိုင်ငံတော်ရဲ့ ကုန်ကျစရိတ်တွေ၊ ပြည်တွင်းပြည်ပ အလှူရှင်တွေဆီက ရတယ်။ ဒီသဘာဝဘေး အန္တရာယ်ကြောင့် စရိတ်တွေ အရမ်းတက်တယ်။ စီးပွားရေးလုပ်ငန်းတွေ အများကြီး ရပ်ကုန်တယ်။ စီးပွား ရေးလုပ်ငန်းတွေ ရပ်တာက ထုတ်လုပ်မှုလုပ်ငန်းတွေ တကယ်ရပ်တာပဲ။ အဲ့ဒါကGDPကို ရာခိုင်နှုန်း တော်တော်များများ ထိခိုက်စေတယ်။ ခြုံငုံပြီးပြောရရင် ကမ္ဘာကြီးပူနွေးလာတာက ဒီတိုင်း ပစ်ထားရင် စီးပွား ရေးတိုးတက်တာနဲ့ ထိခိုက်တာမှာ ထိခိုက်တာများလာမယ်။ တိုင်ပြည်ရဲ့ခေါင်းဆောင်တွေက ပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေးကို ပေါ့ပေါ့လေးလို့ မထင်ပါနဲ့။

 

မေး . ရာသီဥတုပြောင်းလဲမှုနဲ့ သဘာ၀ဘေးအန္တာရယ်ဖြစ်မှုတွေကို သက်သာအောင်၊ လျော့ပါးအောင် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ သိပါရစေ။

ဖြေ . ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ ဂရင်းဟောက်စ်ဂက်စ်၊ အဲ့ဒါတွေထွက်လာလို့ရှိရင် လေထုထဲမှာ အပူကို စုပ်တယ်။ ကမ္ဘာကြီးပူနွေးတယ်။ သိပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်စေတဲ့ လုပ်ငန်းတွေ လုပ်တော့ မယ်ဆိုတိုင်း သူတို့လျော့စေမယ့် တစ်ခြားနည်းလမ်းတွေပါ စဥ်းစားရမယ်။ ဥပမာ ဒီကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်တာက ပင်လယ်ကမ်းခြေတွေကလည်း စုပ်တယ်။ လေထုကြီးက ရေထုထက် ပိုပူတယ်ဆိုရင် လေထုထဲမှ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရေထုက စုပ်ယူတယ်။ အဲ့ဒီတော့ ပင်လယ်ကမ်းခြေတွေကို လွတ်လွတ်လပ် လပ်လေး ပေးထားပါ။ ကမ်းစပ်က ကမ်းခြေတော၊ ဒီရေတော၊ လမုတောတွေက သဘာဝပူနွေးမှုနှင့် မုန်တိုင်းကို ထိန်းသိမ်းပေးတယ်။ ဒါတွေ မပျက်စီးဖို့လိုတယ်။ နောက် လျှပ်စစ်ကို မြန်မာပြည်က တအား လိုအပ်တယ်။

 

ဘယ်လောက်ဆိုးလဲဆို တရုတ်ပြည်ကြီး တိုးတက်သွားတာ လျှပ်စစ်တွေ အရမ်းထုပ်လုပ်ပြီး အရမ်း သုံးစွဲလို့။  ဒီနေ့မှာ တစ်ရက်ကို လျှပ်စစ် ဘယ်လောက်ထုတ်လုပ် သုံးစွဲလဲဆိုရင် တရုတ်က မဂ္ဂါဝပ် တစ်သန်းခွဲ သုံးတယ်။ အမေရိကန်က တစ်ဆယ့်တစ်သိန်း မဂ္ဂါဝပ်သုံးတယ်။ အိန္ဒိယက လေးသိန်း၊ ဂျပန်က ခြောက်သိန်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ငါးသောင်း၊ မြန်မာပြည်က အခုဆို နွေဖက်ရောက်လာတော့အများဆုံး ၂.၈ မဂ္ဂါဝပ်ပဲ သုံးမယ်။ ဘယ်လောက်လိုသလဲဆို စက်မှု ဖွံ့ဖြိုးတိုးတက်အောင် အနည်းဆုံး လေးသောင်းလောက်တော့ ဖြစ်အောင်လုပ်သင့်တယ်။ လေးသောင်းရအောင် လုပ်ရမယ်ဆိုတော့ အခုက လေးထောင်တောင် မပြည့်ဘူး။

 

မေး . မြန်မာနိုင်ငံစီးပွားရေးက ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်နိုင်တယ်ဆိုတော့ စီးပွားရေးမှာ ဘယ်ကဏ္ဍတွေက ပိုထိခိုက်နိုင်ပါသဲ။

ဖြေ . ထုတ်လုပ်ရေးကဏ္ဍကတော့ ပိုထိခိုက်နိုင်တယ်။ ရေတွေကြီးရင် လယ်ယာတွေပျက်စီးမယ်။ လယ်ယာ ထွက်ကုန်ထုတ်လုပ်မှုတွေ ထိခိုက်မယ်။ အဲ့ဒါက လူတွေရဲ့စားနပ်ရိက္ခာ။ နောက် ​မွေးမြူရေးထိခိုက်မယ်။ ရာသီဥတုက ပူနွေးတော့ ရေခဲတွေကပျော်တယ်။ အဲ့ဒီမှာ ရာသီဥတု ဖောက်ပြန်တယ်။ သစ်တောထွက် ပစ္စည်းတွေ၊ ဇီဝမျိုးစိတ်တွေကလည်း အရေးကြီးတယ်။ လူတွေက အကုန်ထုတ်ယူပစ်ကြတာ။ ဘယ်လောက် ထိဆိုးလဲဆို ကြောင်ဝံပိုက်တွေပါ စားတဲ့အတွက် ဆားစ်ရောဂါတွေဖြစ်ခဲ့တယ်။ အခုဆို လင်းနို့တွေ၊ မြွေတွေ စားတော့ ဗိုင်းရပ်စ်အသစ်တွေ ဖြစ်လာတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆိုတာကြီး ပေါ်လာတယ်။ ဒါက ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ဆိုင်ပါတယ်။ အဲ့ဒါမျိုးတွေကို လူတွေက တော်တော်လေး ဆင်ခြေသုံးသပ်ဖို့လို တယ်။ အခု အဲ့ဒီလိုတွေဖြစ်တော့ လေးကြောင်းလိုင်းတွေ ရပ်တာ၊ ခရီးသွားလုပ်ငန်းတွေရပ်တာ ဖြစ်ကုန် တယ်။ ကုန်ထုတ်လုပ်မှုတင် မဟုတ်ဘူး။ ကုန်သွယ်မှုပါထိခိုက်တယ်။ စီးပွားရေး အများကြီးထိခိုက်တယ်။ ကျန်းမာရေးအတွက် စရိတ်တွေလည်း အများကြီးကုန်တယ်။ ဒီစရိတ်တွေက စီးပွားရေးအတွက် အရင်းအနှီး တွေ လျော့သွားစေတယ်။

 

မေး . ရာသီးဥတုပြောင်းလဲမှုက အခုလည်း ပြောင်းနေတယ်၊ နောင်လည်းပြောင်းလဲမှု ရှိနေဦးမှာပဲဆိုတော့ လူတွေက တစ်ဦးချင်းစီအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်ပါသလဲ။

ဖြေ . ရာသီဥတုပြောင်းလဲမှုက ကမ္ဘာ့လူဦးရေတိုးမှုနဲ့လည်း ဆိုင်တယ်။ လူတိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်တယ်။ တိရိစ္ဆာန်တွေကရော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်တယ်။ လူတွေရော၊ တိရိစ္ဆာန်တွေရော ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က တစ်စုံတစ်ခုပေါင်း အတိုင်းအတာထိတော့ သစ်ပင်တွေက ပြန်စုပ်နိုင်ပါ သေးတယ်။ ဖြစ်နိုင်ရင် သစ်ပင်တွေများများစိုက်ကြပါ အသားစားတာတွေလျှော့ပါ။ လူတိုင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိစိတ်ဓာတ်ကို သိပြီးတော့ လိုက်နာပေးရင် ပိုပြီးခံသာလာမယ်လို့ ထင်ပါတယ်။

 

ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ။

 

တွေ့ဆုံမေးမြန်းသူ-ခိုင်ခိုင်စိုး

 

#Greenness

About The Author

greenness_mm

No Comments

Leave a Reply