ဆောင်းအတိတ် လွမ်းရိပ်ဝေ

ဆောင်းအတိတ် လွမ်းရိပ်ဝေ

အညာနွေ၊ အညာမိုးနဲ့ အညာဆောင်းကား တမူထူးခြားတာတော့အမှန်ပဲဖြစ်ပါတယ်။ အညာနွေ၊ ဘယ်လောက်ပူပူ တမာရနံ့သင်းသင်းနဲ့ အညာဒေသရဲ့ ဖုန်လုံးကြီးတွေကိုက စွဲဆောင်မှုတစ်မျိုး ဖြစ်နေတတ်တာမဟုတ်လား ။ အညာမိုးလား၊ မရွာရင်လည်း နေပေဦးရော့။ ရွာပြီဟေ့လို့ ဆိုလိုက်ရင်ဖြင့် သည်းသည်းမည်းမည်း ထစ်ချုန်းမြည်ဟည်းပြီးကို ရွာတတ်ပြန်သေးတာ။ အညာဆောင်း၊ ချမ်းရင်လည်းခိုက်ခိုက်တုန်အောင်ချမ်း သမို့ “ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံဖျက်” လို့တောင် ဆိုစမှတ်တွင်ခဲ့ရတဲ့ အထိ။
ကျွန်မတို့အိမ်ရှေ့က ကွင်းပြင်မှာ ဝါးခြမ်းပြားတွေကို ထန်းလျှော်နဲ့တုပ်ပြီး ကွပ်ထားတဲ့ ကွပ်ပျစ်ချပ်ကြီးတစ်ချပ်ကို ပျဉ်ငုတ်တွေပေါ်မှာ တင်ပြီး ခင်းထားတယ်။ ဒီကွပ်ပျစ်ကြီးပေါ်မှာ ထိုင်ရင်း လက်ဖက်ရည်ကြမ်းတစ်အိုး၊ လက်ဖက်သုပ်လေးတမြုံ့မြုံ့နဲ့ စကားစမြည်တွေပြောခဲ့ကြတာလည်း ရွာဓလေ့တစ်ခုလို့ပဲပြောရပေမယ်။ ခုလိုဆောင်းတွင်းကာလရောက်လာရင်တော့ မနက်လင်းတာနဲ့ အအေးဒဏ်ကိုခံနိုင်ဖို့ အိမ်ရှေ့ကွင်းပြင်လေးမှာ ထန်းလက်ခြောက်လေးတွေနဲ့ ထင်းခြောက်လေးတွေစုပြီး မီးဖို ဖိုလို့ မိသားစုတွေဝိုင်းဖွဲ့မီးလှုံတတ်ကြတယ်။ မီးလှုံရင်း ပြောင်းဖူးလေးကို တုတ်နဲ့ထိုးပြီးမီးဖုတ်၊ ထန်းပင်မြစ်မီးဖုတ် ပြီး ဆီနဲ့ဆားပန်းကန်လေးဘေးချလို့ တို့တို့စားရင်း စကားဝိုင်းဖွဲ့ရတာလည်း အညာဆောင်းရဲ့အနှစ်သာရတစ်ပါးပါပဲ။ ထန်းပင်မြစ်ဖုတ်၊ ပြောင်းဖူးဖုတ်တွေစားရင်း အအေးဓာတ်လျော့သွားတော့မှ ကျောင်းကိုသွားဖို့ပြင်ကြပါတယ်။
………………………………
ကျောင်းပိတ်တဲ့ရက်တွေမှာတော့ ကျွန်မတို့အဖို့ ပျော်စရာနေ့ရက်တွေပဲပေါ့။ ပြာသိုလရဲ့ ကျောင်းပိတ်ရက် တွေကို မနေ့တစ်နေ့ကလို ပြန်လည်မြင်ယောင်လာမိပါတယ်။ ကျောင်းပိတ်ရက်နှစ်ရက်ကို ကျွန်မတို့ချစ်တယ်။ ကျောင်းပိတ်ရက်တွေမှာ ကျွန်မတို့ တပျော်တပါးနဲ့အုပ်စုဖွဲ့ပြီး တောကိုသွားတတ်ကြတယ်။ “တော”ဆိုတာက ကျွန်မတို့ဒေသရဲ့ အခေါ်အဝေါ်လို့ပြောရပါမယ်။ သီးနှံတွေစိုက်ပျိုးတဲ့ ယာခင်းတွေကို ခေါ်တာပါ။ ဒီလိုအချိန်မှာတော့ ကျွန်မတို့ဒေသမှာ ကုလားပဲတွေစိုက်ကြတဲ့အတွက် ပဲခင်းကြီးတွေက စိမ်းစိမ်းစိုစို တမျှော်တခေါ် ရှုမြော်မဆုံးပါပဲ ။ ပဲခင်းသွားဖို့ အမျိုးတွေ(ဆွေမျိုးတွေ) နဲ့ တစ်ဖွဲ့လိုက်ကြီး လူစုကာသွားလေ့ရှိတယ်။ ကျွန်မအဖို့တော့ တောကိုလိုက်တာ ဆော့ရ၊ ကစားရလို့ အလိုက်ချင်ဆုံးပါပဲ။ ယာခင်းကြီးတမျှော်တခေါ်မှာ သူ့အခင်း (အကွက်)၊ ကိုယ့်အခင်း အလိုက် စကားတွေလှမ်းပြောကြရင်း ကုလားပဲရွက်တွေ ခူးကြတယ်။
” ဟဲ့ အေးလှ ညည်းတို့အခင်းက တမြန်နေ့(မနေ့က၏မနေ့က) ကမှ ဆေးဖြန်းထားတာမှုတ်လား(မဟုတ်လား) ။ လာခဲ့ လာခဲ့ ငါတို့အခင်း လာခူး”
“အေးဟုတ်တယ်ဟ တမြန်နေ့က အဖေ တောသွားတယ်လို့ အမေက ပြောတယ် ငါကကျောင်းသွားနေလို့ သေချာမသိတာ။ ပိုးသတ်ဆေးဖြန်းထားတဲ့ ပဲရွက်စားမိလို့ကတော့ ဝမ်းတွေသွားကုန်မှာတော့။ ညည်းတို့အခင်း လာခူးမှ”
ဘယ်သူ့အခင်းမဆို ဝင်ခူးလို့ရကြတဲ့ ရိုးသားတဲ့ အညာသူတွေရဲ့ ဓလေ့လေးက ချစ်စရာ ဘယ်လောက်ကောင်းသလဲ။ ကျွန်မတို့လို ငယ်ရွယ်တဲ့ကလေးတွေကိုတော့ အဒေါ်တွေ၊ အစ်မတွေက ” ပဲရွက်ခူးရင် အပင်နာ မသွားအောင် အညွန့်လေးကို ဒီလိုခူးရတယ်။ အညွန့်ကိုခူးလိုက်မှ အတက်တွေ ထပ်ထွက်ပြီး အဖူးအပွင့်တွေ ပိုများလာမှာ သက်လား(သိလား) ” လို့ သင်ပြပေးတယ်။ ရွာထဲက အခင်းပိုင်မရှိတဲ့သူတွေကလည်း အခင်းရှိတဲ့သူတွေဆီကနေ ခွင့်တောင်းပြီး ပဲရွက်ခူးလေ့ရှိတယ်။ အခင်းရှင်တွေကလည်း လိုလိုချင်ချင်နဲ့ ခူးခွင့်ပေးတယ်လေ။
“ခူး ခူး ခူး အိမ်မှာစားလောက်အောင်သာ(တာ)ခူး” လို့ ပြန်ပြောတတ်ကြတယ်။ ဘယ်သူကမှလည်း သူများအခင်းကို ခူးရကောင်းစေ့ဆိုပြီး အပင်နာအောင်ထိ မခူးကြတာလည်းပါတာပေါ့လေ ။ ပဲရွက်ခူးကြရင်း စကားတွေပြောကြပြီး ပြန်ဖို့လူစုကြတဲ့အခါ တစ်ခင်းနဲ့တစ်ခင်း နည်းနည်းဝေးတဲ့နေရာရောက်နေတဲ့သူတွေကို ပြန်ကြဖို့အချက်ပေးချင်ရင် “ဟူး” ဆိုပြီး အချက်ပေးတတ်တယ်။ ဟိုဘက်အခင်းကလည်း “ဟူး” လို့ ပြန်အော်ပြီး အချက်ပြလေ့ရှိတယ်။ လူစုပြီး “ညည်းတို့ရပြီလား ပြန်ကြတော့မှာမှုတ်လား ” အချင်းချင်းမေးပြီး ပြန်ခဲ့ကြတာပါပဲ။
……………………………………
အိမ်ပြန်ရောက်ရင်တော့ ပဲရွက်ခြင်းလေးတွေကို ပြပြီး အမေ့ကိုကြွားရတာလည်းအမော။ “ကျွန်တော်က ပဲရွက် ချက်စားချင်တာနော်” “ကျွန်တော်က ပဲရွက်ကြော်နော်” နဲ့ ညီမတတွေ အပြိုင်အဆိုင်အမေ့ကို လုပြောပြီး သူခူးတဲ့အရွက်ကများတယ်။ ကိုယ်ခူးတာကများတယ်နဲ့လည်း ပြိုင်ကြတတ်သေးတာ။ ကုလားပဲရွက်ဟင်းချိုလေးရယ်၊ ဆီးဖြူသီးထောင်းလေး နဲ့ ငရုပ်သီးထောင်းလေး ဆိုတာ အညာဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကပေးတဲ့ ချစ်စရာ အစားအသောက်တွေထဲက ဆောင်းရာသီရဲ့ စွဲမက်ဖွယ်ရာလေးတွေပဲပေါ့။ အိမ်ခေါင်းရင်းက စောင်းလျားပင်ကလည်း ဆောင်းရာသီမှာ အသီးတွေဝေနေပြီမို့ စောင်းလျားသီးကိုခူး လက်ဖက်နဲ့နှပ်ပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူပါထည့်လို့ အညာမြေပဲဆီလေးစိမ်ထားတဲ့ လက်ဖက်နှပ်လေးကလည်း ထမင်းစားပြီးအချိုတည်းတဲ့အခါရှိသလို၊ ဧည့်လာသောင်လာရင်လည်း ဧည့်ခံလို့ရတဲ့ ဆောင်းရာသီရဲ့ အနှစ်လေးတွေပင်။
“ကုလားပဲအရွက်ထဲမှာပါတဲ့ သတ္တုဓာတ်ပမာဏက ဂေါ်ဖီထုပ်ရွက်နဲ့ ဟင်းနုနွယ်ရွက်တွေထက် သာတယ်တဲ့သက်လား။ ကုလားပဲရွက်စားပေးရင် သွေးအတွင်းက ကိုလက်စထရောကို ကျစေတယ်လို့ ငါဖတ်ဖူးတယ်။ ပဲရွက်က လူနဲ့တည့်တယ် စား စား” လို့ အစ်မများက ကျွန်မတို့ညီမတွေကို ရှင်းပြတတ်တယ်။ တစ်နေ့မှာတော့ ပဲရွက်အလွန်ကြိုက်တဲ့ ညီမလေးက ပဲရွက်တွေအစားလွန်ပြီး ဆောင်းရာသီကလည်းအေးတော့ အန်ချင်တာအန်မရဘဲ မျက်ဖြူဆိုက်လို့ ဆေးခန်းပြေးခဲ့ရသေးတယ်လေ။ ပဲရွက်ဘယ်လောက်ကြိုက်လဲဆို အန်ဖတ်ဆို့တဲ့အထိပင်ကြိုက်ခဲ့တဲ့ ညီမတွေပါတကား။ ပြန်လည်တွေးမိတော့ ငယ်ဘဝက မနေ့တုန်းကလား၊ တစ်နေ့တုန်းကလားလို့ပင် ထင်မှတ်မိရပြန်ပါတယ်။
ဆေးခန်းသွားရလို့ ပဲရွက်ကိုကြောက်သွားပြီး မစားရဲဘဲနေမလားလို့များ မအောက်မေ့လေနဲ့။ နောက်နေ့ ပဲရွက်ခူးဖို့ တောထွက်တဲ့အခါလည်း အလုအယက် လိုက်ကြတာပါပဲ။ အညာဆောင်းရဲ့ နေအပူက ပဲခင်းထဲမှာ နွေးလှတယ်။ အခင်းတစ်ခင်းနဲ့တစ်ခင်းကို ခြံစည်းရိုးသဖွယ် ထန်းပင်တွေစိုက်ထားတတ်ကြပြန်ပါသေးတယ်။
………………..
ထန်းပင်၊ ထန်းလက်၊ ထန်းရွက်တွေဟာ ကျွန်မတို့ အညာရဲ့ အသက်၊ ကျွန်မတို့အညာရဲ့ သင်္ကေတအမှတ်အသားလို့ပင် ဆိုချင်ပါရဲ့။ ဒါ့အပြင် ထန်းပင်ဟာ ကျွန်မတို့ အညာဒေသအတွက် သဘာဝကပေးအပ်လိုက်တဲ့ လက်ဆောင်မွန်ကောင်းလို့ပင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ထန်းပင်စိုက်တဲ့အခါ မြေသြဇာမလို၊ ရေသွင်းပြုစုယုယဖို့မလို၊ ပိုးသတ်ဆေးမလိုတာကြောင့်ပင်။ အညာသူ၊ အညာသားတွေအတွက် ထန်းပင်ဟာ ဘက်စုံအလုံးစုံကို စွမ်းစွမ်းတမံ သူ့အင်၊ သူ့အားနဲ့ အကျိုးပြုပေးရှာတယ်။
“အဲဒီထန်းပင်တွေတန်းနေအောင် ငါစိုက်ခဲ့ရတာသက်လား။ ထသီးစေ့(ထန်းသီးစေ့) တွေယူပြီး အဖေနဲ့အတူတောထဲ လိုက်ပြီးစိုက်ရတာ အဲဒါ့ကြောင့် အခု ညည်းတို့တွေ အရိပ်အောက်ထိုင်နားလို့ရတာ” လို့ လူကြီးတွေက ပြောပြတာတွေကိုလည်း မှတ်သားခဲ့ရပြန်တယ်။
“ငယ်တော့ထမီဝတ်၊ ကြီးတော့ထမီချွတ် အဲဒါဘာပင်လဲ”
လို့ ပေါက်ပေါက်ရှာရှာ စကားထာဝှက်တာတွေလည်းရှိခဲ့ဖူးလေရဲ့။ ထန်းပင်ငယ်စဉ်က ထန်းလက်တွေနဲ့မို့ သူ့ပင်စည်ဟာ ထန်းလက်ခြောက်တွေနှင့်။ ထန်းပင်ကြီးလာတော့ ထန်းနို့ကို ထန်းရည်လုပ်ဖို့ ပင်စည်တစ်ခုလုံးကို ရှင်းပစ်လိုက်တာကြောင့်မို့ ပင်စည်တိုင်လုံးက ပြောင်ရှင်းသွားတာကို ကြည့်ပြီး စကားထာဝှက်တမ်းကစားခဲ့ကြတာပေပဲ။
“ထန်းပင်နဲ့ပတ်သတ်ရင် အကုန်လုံးအသုံးဝင်တယ်အေ့ ။ ထန်းပင်ကနေ ပစ်လိုက်ရတဲ့အရာလို့ဘာမှမရှိဘူးအေ့။ ညည်းတို့ကို နောက် ငါအေးအေးဆေးဆေး အချိန်ရမှ ပြောပြဦးမယ်အေ။ ခုတော့ ပဲရွက်တွေကောင်းလား ပဲပင်တွေသန်ရဲ့လား ငါလိုက်ကြည့်လိုက်ဦးမယ်သက်လား ” လို့ ဒေါ်လေးက ပြောပြောဆိုဆိုနဲ့ သူ့ပဲပင်တွေကို လိုက်ကြည့်နေတော့ ကျွန်မတို့ကလေးတစ်သိုက်လည်း ပဲခင်းထဲကိုလိုက်ပြီး စပ်စုကြတော့တယ်။
ပဲရွက်တွေစားလို့ဝတဲ့အခါ အရွက်တွေရင့်လာတော့ ပဲပင်က အပွင့်လေးတွေပွင့်လာတာကို ကျွန်မတို့သတိထားမိလာကြပြီ။ ပဲပွင့်တွေကို ကြည့်လိုက်၊ ကိုင်လိုက်၊ ပိုးကောင်လေးတွေတွေ့ရင် ဖမ်းလိုက်နဲ့ ပျော်ပျော်ပါးပါး ကစားရင်း စကားပြောရင်း ပဲခင်းအခြေအနေကို ကြည့်ကြရပြန်တယ်။ ပဲလေးတွေ အသီး သီးစပြုပြီး အသီးနုနုလေးတွေသီးတဲ့အချိန်များဆိုရင် ကျွန်မတို့တတွေအတွက် စားစရာတစ်မျိုးရကြပြန်ပြီပေါ့ ။ ပဲသီးစိမ်းလေးတွေကို တစ်ကိုင်းစ၊ နှစ်ကိုင်းစ ချိုးလို့ မီးလှုံတဲ့အခါမှာ မီးဖိုထဲထည့် ပြာပူအုန်းပြီး ကုလားပဲသီးမီးဖုတ်စားကြပြန်လေတယ်။ ချိုမှချို၊ မွှေးမှမွှေး၊ ဆိမ့်မှဆိမ့်မို့ ဘယ်လောက်စားစားမရိုးနိုင်တဲ့ ဆောင်းရာသီရဲ့ သဘာဝအစားအစာလေးတွေပါပဲ။
……………………..
မီးလှုံရင်း လူကြီးသူမတွေက ရှေးဟောင်းနှောင်းဖြစ်ပြောတာတွေကိုလည်း နားထောင်ရတော့ ဗဟုသုတတွေရရှိခဲ့ရပြန်ပါတယ်။ “ပြာသိုလမှာ မြင်းခင်းသဘင်ပွဲတွေ ကျင်းပကြတယ်မြေးတို့ရဲ့။ ဒါ့အပြင် ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့လို့လည်း သတ်မှတ်ခဲ့ကြသေးတယ်မြေးတို့ရဲ့”
“ရှင်တစ်ထောင်နေ့လို့ ဘာလို့သတ်မှတ်ခဲ့တာလဲ ဘဘ”
“ဘုရားရှင်လက်ထက်တော်က ဥရုဝေလတောမှာ ရသေ့တစ်ထောင်ဟာ ရေငုပ်၊ မီးလှုံစတဲ့ အယူမှားတဲ့အကျင့်တွေ ကျင့်ကြံနေကြတယ်။ ဆီးနှင်းတွေတဖွဲဖွဲကျနေတဲ့ ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ပြာသိုလမှာ နေရဉ္ဇရာမြစ်ထဲဆင်းပြီး သတ်မှတ်ရက်ရှစ်ည ရေငုပ်ရတယ်ကွဲ့။ အဲဒီလိုသူတို့ရဲ့အယူမှားတွေကို ဘုရားရှင်က ချွတ်တော်မူတဲ့အတွက် ရသေ့တစ်ထောင်လုံးအကျွတ်တရားရသွားတဲ့နေ့မို့ ရှင်တစ်ထောင်နေ့လို့ သတ်မှတ်လိုက်တာပေါ့ မြေးတို့ရဲ့” ဘရဲ့စိတ်ရှည်လက်ရှည် ပြောပြမှုတွေကို ကျွန်မတို့ တမေ့တမော နားထောင်ရတာကို အလွန်ကြိုက်ကြတယ်လေ။
စကားလေးတစ်ခွန်းပြောလိုက် ထန်းပင်မြစ်ဖုတ်လေး မြုံ့လိုက်နဲ့ ဘကတော့ မမောနိုင်၊ မပန်းနိုင်ပါပေ။ ညနေစောင်း အချိန်ရောက်တော့ အစ်မတွေနဲ့အတူ ဘုန်းကြီးကျောင်းကို သောက်ရေချိုခပ်ဖို့ သွားကြရတာလည်း ရွာဓလေ့မို့ ပျော်မွေ့ဖွယ်တစ်ခုပဲဖြစ်ပါတယ်။
ရွာဦးဘုန်းကြီးကျောင်းမှာ ဆောင်းနှင်းစိုတို့ပက်ဖျန်းလို့ ပွင့်ဖူးကြတဲ့ ပန်းရနံ့တွေနဲ့ မွှေးထုံလို့နေပြန်ပါတယ်။ အဲဒီပန်းတွေထဲကမှ ကျွန်မ အကြိုက်ဆုံးပန်းကတော့ “ဧကရာဇ်ပန်း” ပါပဲ။ ရွာဦးဘုန်းကြီးကျောင်းက ဧကရာဇ်ပင်ကြီးဟာ ကျွန်မတို့ကလေးတစ်သိုက်ရဲ့ ကစားကွင်းလည်းဖြစ်ခဲ့ရပြန်တယ်။ ကစားကြရင်း ပန်းကောက်ပြီး ပန်းပွင့်လေးတွေကို ကျစ်လို့ပန်းကုံးလေးတွေကုံးရတာကိုက ကျွန်မတို့ကလေးတစ်သိုက်အတွက် သဘာဝတရားကပေးတဲ့ ပျော်ရွှင်မှုလက်ဆောင်တွေပဲမို့ တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပဲ ဖြစ်ခဲ့ရပေတယ်။
………………………………..
ကျွန်မတို့ကြိုက်တဲ့ ဆောင်းအညာအစားအစာတွေထဲမှာ ပဲစိမ်းစားဥလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ် ။ ပဲစိမ်းစားဥဖြူဖွေးဖွေးကို တရွှမ်းရွှမ်း၊ တကျွတ်ကျွတ်နေအောင် စားကြရင်း ကစားကြရတာကလည်း ကလေးသဘာဝတွေထဲကတစ်ခုအပါအဝင်ဖြစ်ခဲ့ရပြန်ပါတယ်။
“ရာသီစာတွေဆိုတာ စားပေးရတယ်။ လူနဲ့တည့်တယ် အထူးသဖြင့် ညည်းတို့လိုကလေးတွေ အတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်တာတွေ သက်သာစေတယ်တဲ့။ ရေဓာတ်၉၀ ရာခိုင်နှုန်းလည်းပါလို့ စားပေးနော် ” လို့ ကိုယ့်ထက်ကြီးတဲ့သူတွေကပြောတော့ ကျွန်မတို့ ပိုပျော်ပြီပေါ့လေ။ ကျွန်မတို့အတွက် မြေကြီးကပေးတဲ့ သဘာဝဆေးကောင်းတွေပဲမဟုတ်ပါလား။
” ကုလားပဲသီးတွေရင့်လာချိန်ရောက်ရင် ကျွန်တော်တို့တောလိုက်ချင်တယ်။ ပဲရိတ်တာတွေကူချင်လို့အမေ”
“အံမယ် ကူဖို့လား။ ဆော့ဖို့လား”
“နှစ်မျိုးလုံးပေါ့ ဟီးဟီး” ဆိုပြီး ပဲရိတ်သိမ်းချိန်လည်း အငြိမ်မနေရ။ ကျွန်မတို့ကလေးတစ်သိုက်က တောထဲလိုက်ပြီး ကစားကြပြန်သေးတာ။ အခုချိန်ထိ ကျွန်မ အာရုံထဲမှာ မှတ်မိတာကတော့ ကုလားပဲလုံး တွေကို ကုလားပဲခြမ်း ဖြစ်အောင်၊ အခွံကျွတ်အောင် ကြိတ်တာလေးကိုပဲ မှတ်မိနေတော့တာပါ။ ပဲတွေရိတ်ပြီး ကုလားပဲလုံးတွေ ရအောင် လူကြီးတွေလုပ်ကြတဲ့ ကဏ္ဍတွေက ရေးရေးမျှသာပေါ်တော့တယ်။ ကုလားပဲလုံးတွေနဲ့ ပဲသီးကထွက်လာတဲ့ အခွံတွေကို သီးသန့်ခွဲဖို့အတွက် ဇကာဝိုင်းကြီးကြီးထဲမှာထည့်ပြီး ဝိုင်းကြသလိုလို။ အာရုံမှာရေးတေးတေးမျှသာ မှတ်မိတော့ပါတယ်။ ပဲမှော်တွေကို သီးသန့်ခွဲပြီး နွားစာကျွေးဖို့ ထားတယ်။ ကုလားပဲလုံးတွေကိုတော့ ကျောက်ကြိတ်ဆုံအဝိုင်းကြီးထဲကိုထည့်ကြိတ်ကြတာလည်း မှတ်မိနေပါသေးတယ်။
ကျောက်ကြိတ်ဆုံအဝိုင်းကြီးမှာ အပေါက်ကလေးတစ်ပေါက်ပါပြီး အပေါက်ထဲကို ကုလားပဲလုံးလေးတွေထည့်လိုက်တယ်။ လက်ကိုင်လှည့်စရာ တုတ်ချောင်းကလေးကိုကိုင်ပြီး လှည့်ရပြန်တယ်။ အပေါက်ထဲက ကုလားပဲလုံးလေးတွေဟာ ကျောက်နှစ်ချပ်ကြားမှာ ကြိတ်မိပြီး အခွံတွေကျွတ် ကုလားပဲခြမ်းလေးတွေဘဝကို ရောက်သွားရပါတော့တယ် ။ ကျွန်မတို့လည်း လက်နဲ့လှည့်ပြီး ကြိတ်ကြည့်ကြသေးတာကို ခုထိမှတ်မိနေတုန်းပါပဲ။
ကျွန်မတို့ငယ်ငယ်က လက်နဲ့လုပ်ခဲ့ရတဲ့ လုပ်ငန်းတွေဆိုလို့ မှတ်မိသလောက်ပြောရရင် ကုလားပဲကြိတ်ဆုံနဲ့ ပဲကြိတ်ခဲ့တာတွေ၊ ဆန်ဖွပ်ဖို့ မောင်းထောင်းဆုံမှာ မောင်းထောင်းရတာတွေ၊ ယက်ကန်းယက်ခဲ့တာတွေ၊ အမွှေးတိုင်လိပ်ခဲ့တာတွေကိုတော့ သတိရမိနေတုန်းပါပဲ။ ဆန်ဖွပ်ဖို့ ဒေါ်လေးက မောင်းထောင်းတဲ့အခါ ကျွန်မတို့ ကလေးတွေက မောင်းစီးကြရင်း စကြ၊ နောက်ကြနဲ့ အလှည့်ကျ မောင်းစီးခဲ့ကြရတဲ့ အရသာဟာ အခုခေတ်အချိန်မှာ ဘယ်ကလေးကများ ခံစားသိရှိနိုင်ပါဦးမလဲ။
မောင်းထောင်းရင်း ပုံပြင်တွေပြောကြ၊ ရယ်စရာတွေပြောကြ၊ ကဗျာတွေရွတ်ကြရတဲ့ အရသာကို ခုခေတ်ကလေးတွေ သိနိုင်ကြတော့မှာမဟုတ်တော့ပါ။ ယက်ကန်းခတ်သံ “ဂျောင်းဂျောင်း ဂျက်ဂျက်” အသံတွေကိုက အိမ်အတွက် ကျက်သရေတစ်ပါးလိုပင် ဖြစ်ခဲ့ရတာမဟုတ်လား။ ဝါပင်တွေစိုက်ကြပြီး ဝါချည်တွေနဲ့ ချည်ကြမ်းယက်ကြတဲ့အခါ ကျွန်မတို့ ကလေးတွေလည်း ကူညီနိုင်သလောက်ကူညီပေးခဲ့ကြသေးတယ်ဆိုတာ ကျွန်မ အာရုံထဲ ရေးရေးမျှမှတ်မိနေဆဲပင်။ ယက်ဖောက်ယောက်တဲ့နေရာမှာ မမှီတမှီနဲ့ ယက်ဖောက်ယောက်ကူတတ်တဲ့ ကျွန်မကို အိမ်မှာယက်ကန်းလာခတ်ကြတဲ့ ယက်ကန်းသမတွေက အလွန်ချစ်ကြတယ်ဆိုပဲ။ “ကလေး ယောက်ပေးတဲ့ ရက်ဖောက်နဲ့ ယက်ကန်းခတ်ရတာ ကောင်းလိုက်တာ”လို့ ချီးကျူးကြတာလည်း ကျွန်မအတွေးထဲ ရေးရေးမျှ မြင်ယောင်မိ၊ ကြားယောင်မိ နေဆဲပင်။
အညာဒေသရဲ့ အမွှေးတိုင်အဖြစ် အမွှေးတိုင်လိပ်တဲ့အခါမှာလည်း ကျွန်မလက်တည့်စမ်းခဲ့ဖူးပါသေးတယ်။ ဘုရားကိုပူဇော်ဖို့ အမွှေးတိုင်လိပ်တဲ့အခါ ကျွန်မတို့ကတော့ အမွှေးတိုင်လိပ်တဲ့ခုံထဲကို သစ်သားတွေကိုကြိတ်ပြီးနှပ်ထားတဲ့ အစာတွေထည့်ပြီး ဝါးချောင်းလေးတွေမှာ ကပ်သွားအောင် စက်ခုံနဲ့လိပ်လိုက်ရုံပါပဲ။ အတိုင်လှဖို့ကိုတော့ ဂရုစိုက်လိပ်ရပါတယ်။ လိပ်လို့ရတဲ့ အမွှေးတိုင်အစိုလေးတွေကို နေပူလှမ်းပြီး ခြောက်တဲ့အခါမှာ “အမွှေးတိုင် ဒိုင်”ဆီကို သွင်းရပါတယ်။ ပြီးမှ ဒိုင်က အမွှေးနံ့သာရောစပ်ပြီး အထုပ်အပိုးပြင်ဆင်လို့ တစ်နိုင်ငံလုံးကိုဖြန့်ချိပါတယ်။
အညာဒေသရဲ့ ပတ်ဝန်းကျင်ကရတဲ့ အဖိုးမဖြတ်နိုင်စရာတွေက များပြားလွန်းလှပါတကား။ လယ်ယာအခင်းတွေက တမျှော်တခေါ် နဲ့ စိမ်းလဲ့လဲ့ရှုမြော်ခင်းတွေက မျက်စိမဆုံးတော့။ သဘာဝပတ်ဝန်းကျင်မှာလည်း ကျေးငှက်သာရကာတို့ရဲ့ ကျီကျီကြာကြာမြည်သံတွေက အေးမြခြင်းသရုပ်ကို ဖော်ဆောင်ပေးနေပြန်ပါတယ်။ သဘာဝကပေးတဲ့ လတ်ဆတ်တဲ့လေ၊ လတ်ဆတ်တဲ့ရေ၊ လတ်လတ်ဆတ်ဆတ်အစားအစာတွေ ဒါတွေအားလုံးဟာ တန်ဖိုးကြီးမားလွန်းပေစွ။ ဒီသဘာဝပတ်ဝန်းကျင်ကနေပဲ နေစရာအခင်းအကျင်း၊ ဝတ်စရာချည်ထည်၊ လူမှုဘဝအတွက်အခြားအသုံးအဆောင်တွေကိုလည်း ပေးစွမ်းထားလေရဲ့။ အဘယ်မျှတန်ဖိုးကြီးမားပါသလဲ။ အဘယ်မှာရှာဖွေတွေ့နိုင်ပါ့မလဲ။
သဘာဝကပေးတဲ့ တန်ဖိုးကြီးအရာတွေကို ကျွန်မတို့ လူသားတွေက ထိန်းသိမ်းစောင့်ရှောက်သွားရပါမယ်။ တန်ဖိုးမသိတတ်ဘဲ လက်လွတ်စပယ်ထားလို့ကားမရပါပြီ။ အညာဒေသအကြောင်းကို တွေးကြည့်မိတိုင်း ကျွန်မရင်ထဲဝယ် လှမျးဆှတျတသဖှယျအတျိပငျ။ အထူးသဖြင့် အလွန်အေးတဲ့ဆောင်းမှာ အညာမြေရဲ့ ချစ်စရာ့အကြောင်းအရာများကို တစ်စစီ၊ တစ်ကန့်စီ အတွေးပုံရိပ်ဝယ် ထင်ဟပ်ရင်း အတိတ်ကအညာဆောင်းကို လွမ်းမိတိုင်း လက်ရှိအညာဆောင်းလည်း လှနေပါစေလို့ ထပ်ကာထပ်ကာ ဆန္ဒပြုလိုက်ရပါတော့တယ်။ ကျွန်မချစ်သော အညာမြေ သဘာဝပတ်ဝန်းကျင် သာယာစိုပြေအေးချမ်းမှုရှိပါစေလေ။
သိမ့်(ပညာရေး)

About The Author

greenness_mm

No Comments

Leave a Reply