ဇီဝမျိုးစုံမျိုးကွဲများနှင့်အင်းလေးကန်ဇီဝအဝန်းနယ်​မြေ

ဇီဝမျိုးစုံမျိုးကွဲများနှင့်အင်းလေးကန်ဇီဝအဝန်းနယ်​မြေ

ကမ္ဘာပေါ်မှာ အလှဆုံးကန်၊ အကြီးဆုံးကန်များရှိကြသည်။ တချို့ဆိုအသည်းပုံရေကန်များ၊ အနီရောင်ရေကန်များ၊ အပြာရောင်ရေငန်များစသည်ဖြင့် ရှိကြသည်။ စာရေးသူတို့နိုင်ငံမှာလည်း ကမ္ဘာ့ ရေကန်များနည်းတူ အသည်းပုံရေကန်လည်း ရှိပါသည်။ ထို့အတူ အကြီးဆုံးရေကန်များနှင့် ရေအိုင်များလည်း ရှိပါသည်။ ချင်းပြည်နယ်ရှိ အသည်းပုံရိဒ်ရေကန်၊ အင်းတော်ကြီးအိုင်၊ မိုးယွင်းကြီး အင်းနှင့် ယခုဖော်ပြမည့် အင်းလေးကန်တို့ဖြစ်သည်။ အင်းလေးကန်ကိုမြန်မာသာမက ကမ္ဘာကပင် သိကြသည်။ ကောင်းကင်ပြာပြာအောက်မှာ လှချင်တိုင်းလှနေသည်။ ရေပြင်ပေါ်တွင်စိမ်းစိုသော ကျွန်းမျှောစိုက်ခင်းများ၊ ရေပေါ်အိမ်များ၊ ခြေဖြင့်လှေလှော်နေသူများသည် အင်းလေးကန်၏
အလှပင် ဖြစ်ပါသည်။ အင်းရေပြင်ပေါ်တွင် စျေးရောင်းနေသောမြင်ကွင်း၊ လှေလှော်နေသောမြင်ကွင်း
၊ အင်းရေပင်ပေါ်တွင်ပျံသန်းနေသော ငှက်များ စသည်တို့သည် ရောင်စုံပန်းချီကားတစ်ချပ်ပမာ ဖြစ်နေသည်။
အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ညောာင်ရွှေမြို့အနီးတွင် တည်ရှိသည်။​ မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံးကန်ကြီး ဖြစ်သည်။ တောင်နှင့် မြောက် သွယ်တန်းလျှက်ရှိပြီး တောင်တန်းကြီးနှစ်ခုအကြား ခွက်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ဆုံးအပိုင်းတွင် တည်ရှိသည်။ တောင်များပတ်ပတ်လည်ဝိုင်းနေသော ကြောင့် တောင်ပင်လယ်ဟုလည်းတင်စားခေါ်ဝေါ်ကြသည်။
အင်းလေးကန်၏ မျက်နှာပြင်ဧရိယာမှာ ၁၁၆ ကီလိုမီတာရှိသည်။ နွေရာသီ၌အနက် ၇ ပေခန့်ရှိပြီး၊ ပျှမ်းမျှဆိုလျှင် အနက်ဆုံးအပိုင်းသည် ၁၂ ပေခန့်ရှိ သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀ အထက်တွင်ရှိပါသည်။ကန်ရေပြင်သည် အလျား ၉ မိုင်၊ အနံ ၄ မိုင်ခန့်ရှိသည်။ စတုရန်းမိုင်အားဖြင့် ၂၄၈ မိုင်ရှိကြောင်းသိရသည်။ အင်းလေးကန်ဒေသတွင် ရွာများ ရှိပါသည်။ အရှေ့ဘက်တွင် ၁၄ ရွာ၊ အနောက်ဘက်တွင် ၁၄ ရွာ ရှိကြောင်းသိရသည်။ ရေပြည့်ချိန်
စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် ရေလှောင်ပမာဏကို ပေဖြင့်ဖော်ပြပါက ပေ ၄၀၀၀၀၀ ခန့် ရှိကြောင်းလည်း မှတ်သားရသည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများက အင်းလေးကန်ဒေသကို အီတလီနိုင်ငံရှိ ရေမြှုပ်နေသော ဗင်းနစ်မြို့နှင့် တင်စားပြောဆိုကြသည်။
အင်းလေးကန်ဒေသသည်စိတ်ဝင်စားစရာများ ရှိပါသည်။ ကျွန်းမျှောများပေါ်တွင် စိုက်ပျိုးခြင်း၊ လှေကို ခြေဖြင့်လှေခြင်း၊ ရေပေါ်တွင် အိမ်ဆောက်နေကြခြင်း စသည့်အချက်များကြောင့် အင်းလေး ဒေသကို ကမ္ဘာက စိတ်ဝင်စားကြခြင်းဖြစ်သည်။ နောက်တစ်ချက်က အင်းလေးဒေသရှိ အင်းသူ၊ အင်းသားများ၏ ရိုးသားဖြူစင်သောစိတ်ပင်ဖြစ်သည်။ ဖော်ရွေကြသည်။ သဘောမနောကောင်းကြ သည်။ ချစ်စရာ့ဓလေ့များလည်းရှိကြသည်။ ထို့ပြင် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် တစ်ခုလည်း ဖြစ်သလို အင်းလေးကန်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲများလည်းရှိနေကြသည်။ ထို့ကြောင့် အင်းလေးကန် ဒေသကို လူအများစိတ်ဝင်စားကြခြင်းဖြစ်သည်။
အင်းလေးကန်သည် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးကုန်းတွင်း ရေချိုကန်တစ်ကန်ဖြစ်သည်။ တောင်တန်းနှစ်ခုအကြားတွင်တည်ရှိသည်။ အင်းလေးကန် ပတ်ဝန်းကျင်တွင် သစ်တောများ၊ တောင်တန်းများ၊ သဘာဝရေထွက်စမ်းများနှင့် သဘာဝရေပူစမ်းများလည်းရှိသည်။ အင်းလေးကန် ဒေသသည် သဘာဝဂေဟစနစ်စုံလင်ပြီး ထိုသဘာဝဂေဟစနစ်တွင် ကုန်းနေ၊ ရေနေသတ္တဝါများက မှီတင်းနေထိုင်ကြသည်။
အင်းလေးကန်သည် သဘာဝရေ‌ေ၀ ‌ရေလဲ ဒေသတစ်ခုဖြစ်သည်။ အင်းလေးကန်ရေဝင်ရေလဲ ဒေသကို ထိန်းသိမ်းရန် ၂၀၂၀ ပြည့်နှစ်မှစ၍ ၁၀ နှစ် စီမံကိန်းဇုန်လေးခုဖြင့် သစ်တောဦးစီးဌာနကချမှတ်
ဆောင်ရွက်ခဲ့သည်။ ဇုန်(၁)မှာ ညောင်ရွှေမြို့နယ်ကိုလည်းကောင်း၊ ဇုန်(၂) အဖြစ် ကလောမြို့၊ပင်လောင်း
မြို့နှင့်ဖယ်ခုံမြို့နို့ကိုလည်းကောင်း၊ ဇုန် (၃)အဖြစ်ရွာငံမြို့၊ ပင်းတယမြို့နှင့် ရပ်စောက်မြို့ကို လည်းကောင်း၊ ဇုန်(၄)အဖြစ် တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့တို့ကို လည်းကောင်း အသီးသီး သတ်မှတ်ပြီး အဆိုပါဒေသများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေဆီလွှာပြုပြင်ထိန်းသိမ်း ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ အင်းလေးကန်ဒေသသစ်တောဦးစီးဌာနအနေဖြင့်လည်း ရေအရင်းအမြစ်ထိန်းသိမ်းခြင်းနှင့်သစ်ပင်များ စိုက်ပျိုးခြင်းသည် အင်းလေးကန်ဒေသနှင့်ဆက်စပ်လျှက်ရှိသော ရေဝပ်ဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများ မျိုးမသုဥ်းစေရေးအပြင် ရေဝပ်ဒေသဂေဟစနစ် ရေရှည်တည်တံ့ရေး စသည့်တို့ကိုပါ ထိန်းသိမ်း ပေးလျှက်ရှိပါသည်။
အင်းလေးကန်ဒေသရှိ ဘေးမဲ့တောများလည်းရှိပါသည်။ အဆိုပါတိရစ္ဆာန်ဘေးမဲ့တောများတွင်
မိုးမခ၊သပြေ၊ညောင်၊လက်ပံ၊မအူနှင့်အခြားသစ်မာမျိုးစိတ် ၁၀၈ မျိုးရှိသည်။နို့တိုက်သတ္တဝါမျိုးစိတ် ၂၆ မျိုး၊သစ်တောငှက်မျိုးစိတ် ၂၆၇ မျိုး၊ရေပျော်ငှက်မျိုးစိတ် ၉၅ မျိုးအနက်မှ ရေတိမ်ငှက်မျိုး ၈၂
မျိုးရှိသည်။ ငါးမျိုးစိတ် ၆၀၊ လိပ်ပြာမျိုးစိတ် ၉၄ မျိုး၊ ခရုမျိုးစိတ် ၁၂ မျိုးရှိသည်။ ထို့ပြင် သဘာဝသစ်ခွမျိုးစိတ်ပေါင်း ၁၈၄ မျိုးနှင့် ဆေးဖက်ဝင်အပင်မျိုးစိတ်ပေါင်း ၅၂၇ မျိုး၊ရေမှော်ပင်မျိုး ၁၂ မျိုးအပြင် ဝါးမျိုးစိတ် ၁၁ မျိုးကိုလည်း မှတ်တမ်းတင်ထားသည်ဟု သိရပါသည်။ ဆောင်းခိုငှက်များ ဝင်ရောက်ရာနေရာလည်းဖြစ်သည်။ မြန်မာနိုင်ငံသို့ အရှေ့အာရှ-သြစတြေးလျ ပျံသန်းရာ လမ်းကြောင်းနှင့် အာရှအလယ်ပိုင်းပျံသန်းရာလမ်းကြောင်းတို့မှ နှစ်စဥ်​ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော်လာရောက်ကျက်စားလေ့ရှိသည်။ကမ္ဘာပေါ်၌ ငှက်မျိုးစိတ်ပေါင်း ၁၈၀၀၀ ခန့်ရှိရာ မြန်မာနိုင်ငံ၌ ငှက်မျိုးစိတ်ပေါင်း ၁၁၃၆ ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ အင်းလေးကန်အတွင်း၌ ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိတ် ခြောက်မျိုး ဝင်ရောက်နေပြီး ဖြစ်ကြောင်းသတင်းစာ၌ ဖော်ပြထားသည်ကိုတွေ့ရသည်။ ကမ္ဘာပေါ်တွင် ရှားပါး၍ မျိုးသုဥ်းလုဖြစ်နေသော ဘဲပို့ချပ်မျိုးစိတ်အနည်းငယ်ကိုလည်း တွေ့ရကြောင်းဖော်ပြထားသည်။ ထို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများကိုထိန်းသိမ်းရန်အတွက် သဘာဝဘေးမဲ့တောများလိုအပ်ပါသည်။ ထိုသဘာဝဘေးမဲ့တောများအနက် အင်းလေးကန်လည်းတစ်ခုအပါအဝင်ဖြစ်သည့်အတွက် အင်းလေးကန် ဇီဝအဝန်းနယ်မြေကိုလည်း ထိန်းသိမ်းကြဖို့လိုပါသည်။
အင်းလေးကန်သည် ဇီဝမျိုးစုံမျိုးကွဲများအားထားမှီခိုရာ ဂေဟစနစ်ကောင်းတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ဘေးမဲ့နောများလည်းရှိပါသည်။ အင်းလေးကန်ဒေသရှိ ဘေးမဲ့တောရိုင်း ဧရိယာ စုစုပေါင်း ၅၃၀၀၀ ဟက်တာအကျယ်အဝန်းရှိသည်။ အဆိုပါအင်းလေးဒေသရှိ သစ်တောများမှာ အပူပိုင်းသစ်တောများ၊ သမပိုင်းအမြဲစိမ်းတောများအပြင် အင်းစပ်တစ်လျှောက်တွင် ရွှံ့နွှံတောနှင့် မြက်ခင်းပြင်များကိုလည်းတွေ့နိုင်သည်။ အဆိုပါရွှံ့နွှံတောများတွင် ကဏန်းကဲ့သို့သော သတ္တဝါများ ရှင်သန်ကျက်စားကြသလို ငါးဖျံတို့၏ဂေဟစနစ်တစ်ခုလည်းဖြစ်ပါသည်။ ထို့ပြင် ရွှံ့နွှံပေါ်၌ ကျက်စား နေထိုင်သောငှက် အစရှိသည့် သတ္တဝါတို့အတွက်နေရာတစ်ခုလည်းဖြစ်သည်။ မြက်ခင်းများသည်လည်း ငှက်မျိုးစိတ်များနှင့်လိပ်ပြာမျိုးစိတ်များမှီခိုရာနေရာတစ်ခုဖြစ်ပါသည်။ထို့ကြောင့်အင်းလေးဒေသသည် ဇီဝမျိုးစုံမျိုးကွဲများ၏မှီခိုရာဂေဟစနစ်တစ်ခုဖြစ်သည့်အတွက် အဆိုပါဟဂဟစန်တည်မြဲနိုင်စေရန်နှင့် မပျက်စီးစေရန်ထိန်းသိမ်းကြဖို့လိုပါသည်။
အင်းလေးကန်သည် အထက်ဖော်ပြပါ ဇီဝမျိုးစုံမျိုးကွဲများစုံလင်သည့်အပြင် သစ်တောများ၊ဆေး
ဖက်ဝင်အပင်များအပြင် ပန်းမျိုးစိတ်များလည်း ရှိနေသဖြင့် ဂေဟစနစ်စုံလင်သောနေရာလည်းဖြစ် သည်။ ထို့ကြောင့်လည်း သဘာဝအမွေအနှစ်တစ်ခုအဖြစ် ရေရှည်ထိန်းသိမ်းရန် သဘာဝဘေးမဲ့ဒေသ အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ပြင်အင်းလေးကန် ဘေးမဲ့တောကို ၂၀၂၀ ခုနှစ်၊ဖေဖော်ဝါရီလ ၂ ရက်က
အရှေ့အာရှ၊ သြစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက် နယ်မြေ EAFF အမှတ် ၁၄၇ အဖြစ်သတ်မှတ်ခဲ့ကြသည်။ အင်းလေးကန်ဒေသသည် ဆောင်းခိုငှက်များ နားခိုရာ၊ဖြတ်သန်းရာနေရာတစ်ခုလည်းဖြစ်ပါသည်။
အင်းလေးကန်ဒေသသည် သစ်ပင်ပန်းမာနှင့်သက်ရှိကုန်းနေ၊ရေနေမျိုးစိတ်များရှင်သန်ကျက်စား
ရာနေရာဖြစ်သည်။ ဘေးမဲ့တောများတည်ရှိရာဒေသလည်းဖြစ်ပါသည်။ထို့ကြောင့် လွန်ခဲ့သော ၂၀၁၃ ခု
နှစ်က အင်းလေးကန်ဒေသကို အာဆီယံအမွေအနှစ်ဥယျာဥ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂပညာရေး-သိပ္ပံနှင့်ယဥ်ကျေးမှုအဖွဲ့(UNESCO)က မြန်မာနိုင်ငံ၏ ပထမဆုံး
ဇီဝအဝန်းနယ်​မြေအဖြစ်သတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့်အင်းလေးကန်ဒေသသည် မြန်မာ့အမွေအနှစ် သာမက ကမ္ဘာ့အမွေအနှစ်အဖြစ်ပါမှတ်တမ်းဝင်ခဲ့သော ဇီဝမျိုးစုံမျိုးကွဲတို့ပျော်စံရာနေရာတစ်ခုဖြစ်ပါ သည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အင်းလေးကန်ဒေသသည် မြန်မာအမွေသာမက ကမ္ဘာ့အမွေအနှစ် အဖြစ် ကမ္ဘာကပင် အသိအမှတ်ပြုရသော ဇီဝအဝန်းနယ်မြေဖြစ်သည်။ ထိုဒေသ၌ ဇီဝမျိုးစုံမျိုးကွဲ များစွာ ရှိသလို တေးဖက်ဝင်သစ်ပင်ပန်းပင်များလည်းရှိပါသည်။ ဇီဝမျိုးစုံမျိုးကွဲများ မှီခိုရာကျက်စားရာ နေရာလည်းဖြစ်သည်။ ထို့ပြင်လှပသော သဘာဝပတ်ဝန်းကျင်လည်း ဖြစ်သည်။ အင်းသူ၊ အင်းသားများ၏ ရိုးသားမှု၊ ထိုဒေသ၏ချစ်စရာ့ဓလေ့များ စုဝေးရာနေရာလည်း ဖြစ်သဖြင့် အင်းလေးကန် ဇီဝအဝန်းနယ်မြေ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းကြဖို့တိုက်တွန်းလိုက်ပါသည်။
ကိုကျော်စွာ(ကျိုက်ပိ)
ကိုးကား –
-မြန်မာ့အလင်းသတင်းစာဆောင်းပါး(၁၃.၆.၂၀၂၂)
– အင်တာနက်
Photo credit : Internet

About The Author

greenness_mm

No Comments

Leave a Reply