တာဝန်သိမှု တာဝန်ယူမှုနဲ့ နောက်ဖေးလမ်းကြားက အမှိုက်ပြဿနာ

တာဝန်သိမှု တာဝန်ယူမှုနဲ့ နောက်ဖေးလမ်းကြားက အမှိုက်ပြဿနာ

နောက်ဖေးလမ်းကြားဆိုတာ အမှိုက်ပစ်စရာနေရာတစ်ခုလို ဖြစ်နေတာကြာခဲ့ပါပြီ။ အထူးသဖြင့် အထပ် မြင့် တိုက်တွေပေါ်ကနေ ပစ်ချလိုက်တဲ့အမှိုက်တွေကြောင့် နောက်ဖေးလမ်းကြားတွေမှာ အမြဲတမ်း ရှုပ်ပွပြီး ညစ်ပတ်နံစော် နေတတ်ပါတယ်။ အဲဒီအမှိုက်တွေကြောင့် ကြွက် ခြင် ယင်တွေက ပေါများလာပြီး ပတ်ဝန်း ကျင်မှာ နေတဲ့လူတွေကို ဒုက္ခအကြီးအကျယ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်တိုက်ခန်းမှာ အမှိုက် မရှိရင် ပြီးရော စိတ်နဲ့ စွန့်ပစ်လိုက်တဲ့အမှိုက်တွေဟာ ကိုယ်အပါအဝင် ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်စေတယ် ဆိုတာ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေ သိထားဖို့ လိုပါတယ်။
(၁)
ကျွန်တော်က ရန်ကုန်မှာ အိမ်ပိုင်ရှိသူမဟုတ်တော့ မိသားစုနဲ့အတူ အိမ်ငှားနေခဲ့ရပါတယ်။ ရန်ကုန်မှာ အိမ်စငှားနေကတည်းက ဒဂုံမြို့သစ်မြောက်ပိုင်းမှာ လုံးချင်းအိမ်ကလေးတွေ ငှားနေခဲ့တဲ့အတွက် တိုက်ခန်းနေ တဲ့ အတွေ့အကြုံ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း တိုက်ခန်းနဲ့နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီ အလည်သွား တိုင်း တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားတွေနဲ့ထိတွေ့ခဲ့ရပါတယ်။ တိုက်ခန်းတွေထဲမှာ မွန်းကျပ်လှောင်ပိတ် နေရတဲ့ကြားထဲ အမှိုက်ကို စည်းကမ်းမဲ့ပစ်တဲ့သူတွေကြောင့် သူတို့ကိုယ်စား စိတ်သောက ဖြစ်ခဲ့မိတယ်။ ဖြစ်နိုင်ရင် ကျွန်တော် ဒီတစ်သက် တိုက်ခန်းတွေမှာ မနေဘူးလို့တောင် ဆုံးဖြတ်လိုက်မိတယ်။ ဒါပေမယ့်လည်း ကျွန်တော့် ဆုံးဖြတ်ချက်ဟာ ၂၀၁၆ ခုနှစ်အဝင်မှာပဲ ပျက်စီးခဲ့ရပါတယ်။ ကျွန်တော်တို့လို အခြေခံလူတန်းစား အိမ်ငှားတွေ အတွက် ရွေးချယ်ခွင့်ဆိုတာ သိပ်များများစားစားမှ မရှိတာလေ။ ဒီလိုနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၁ ရပ်ကွက်၊ မဟာမြိုင်အိမ်ရာမှာ တိုက်ခန်းငှားနေခဲ့ရတယ်ဆိုပါတော့။
ကျွန်တော် မဟာမြိုင်အိမ်ရာကို ရောက်တော့ ကံအားလျော်စွာပဲ လေဝင်လေထွက် အနည်းငယ်ကောင်း တဲ့ ထောင့်အခန်းမှာနေရတဲ့အတွက် ထိုက်သင့်သလောက် အသက်ရှူချောင်တယ်လို့ ဆိုရမှာပါ။ နောက်ဖေး လမ်းကြားကလည်း အမှိုက်နဲ့ အညစ်အကြေးရှိတယ်ဆိုပေမယ့် ကျွန်တော်တွေ့ခဲ့ဖူးတဲ့နောက်ဖေးလမ်း ကြားတွေလောက်တော့ မဆိုးပါဘူး။ ဒါပေမယ့် ကျွန်တော် နေ့စဉ်လိုင်းကားဂိတ်ကိုသွားတိုင်း အဲဒီနောက် ဖေးလမ်းကြားဘေးကနေဖြတ်သွားရတဲ့အတွက် ဆိုးရွားတဲ့အနံ့အသက်တွေကို ရှူရှိုက်ရလေ့ရှိပါတယ်။ မိုးတွင်း ဆိုရင် အဲဒီလမ်းဟာ ရေမြုပ်သွားတဲ့အတွက် နောက်ဖေးလမ်းကြားက အညစ်အကြေးနဲ့ အမှိုက်တွေဟာ ရေစီးနဲ့ မျောပါလာတတ်ပါတယ်။ အနံ့အသက်တွေဟာလည်း ပိုမိုဆိုးရွားလာပြီး လိုင်းကားဂိတ်ကို သွားချင်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်။
တကယ်တော့ မဟာမြိုင်အိမ်ရာသာယာရေးကော်မတီဟာ တိုက်ခန်းတွေအတွက် အမှိုက်ပုံးတွေ ထားပေးပြီး နေ့စဉ်အမှိုက်သိမ်းပေးပါတယ်။ နောက်ပြီး နောက်ဖေးလမ်းကြားတွေမှာလည်း သန့်ရှင်းရေးလုပ်ပြီး အမှိုက်မပစ်ဖို့နဲ့ အမှိုက်ပစ်တဲ့သူကို ဒဏ်ရိုက်မယ်ဆိုပြီး ဆိုင်းဘုတ်ထောင် အသိပေးထားပါတယ်။ (တိုက်ခန်းတွေက ထွက်တဲ့အမှိုက်တွေကို သိမ်းပေးတဲ့အတွက် တိုက်ခန်းမှာနေတဲ့သူတွေက သာယာရေး ကော်မတီကို တစ်လ ၄၀၀ ကျပ်ပဲ ပေးရပါတယ်။) ဒါပေမယ့်လည်း တစ်ချို့စည်းကမ်းမဲ့တဲ့သူတွေက အမှိုက် တွေကို အမှိုက်ပုံးထဲအထိ လာမထည့်ဘဲ နောက်ဖေးလမ်းကြားထဲ အလွယ်တကူ ပစ်ကြတဲ့အတွက် နောက်ဖေး လမ်းကြားမှာ အမှိုက်တွေ ရှိနေခဲ့တယ်။ ညဘက်လူခြေတိတ်ချိန်တွေမှာ ဘုတ်ခနဲ အသံနဲ့အတူ အမှိုက်တွေဟာ နောက်ဖေးလမ်းကြားထဲ မကြာခဏ ကျနေခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ထိထိရောက် ရောက် အရေးမယူနိုင်ခဲ့ပါဘူး။
(၂)
လက်ရှိအစိုးရလက်ထက်မှာတော့ နောက်ဖေးလမ်းကြားအမှိုက်တွေကို စီမံချက်နဲ့ရှင်းလင်းနေတာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ် ၁၅ ရက်ကစပြီး ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်တဲ့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်တွေမှာရှိတဲ့ နောက်ဖေးလမ်းကြား အမှိုက်တွေကို ရှေ့ပြေးစီမံချက်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ဆောင်ရွက်ခဲ့ပါတယ်။ တစ်မြို့နယ်ပြီး တစ်မြို့နယ် ဆောင်ရွက်လာတာ အခုဆိုရင် မြို့နယ် တော်တော်များများမှာ နောက်ဖေးလမ်းကြား အမှိုက်တွေ ရှင်းလင်းပြီးနေပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဗိုလ်တထောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူ့မြို့နယ်မှာ နောက်ဖေးလမ်းကြား အမှိုက်တွေ ရှင်းပြီးတဲ့အတွက် နောက်ဖေးလမ်းကြားမှာတောင် လက်ဖက်ရည်သောက်၊ စကားစမြည်ပြော၊ အပန်းဖြေနိုင်ပြီ ဆိုပြီး fbမှာ ဓာတ်ပုံတွေတင်တာ တွေ့လိုက်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား တစ်ယောက်အနေနဲ့ ကျွန်တော် ဝမ်းသာမိပါတယ်။ နောက်ပြီး တစ်ခြားမြို့နယ်တွေအတွက်လည်း အတုယူ ဖွယ်ရာပါ။ ဒါကို ဗိုလ်တစ်ထောင်မြို့နယ်အနေနဲ့လည်း စီမံချက်ကာလတင်မဟုတ်ဘဲ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားဖို့ လိုပါတယ်။
အဲဒီစီမံချက်ကြောင့်လားတော့မသိ။ ကျွန်တော်နေထိုင်ရာ မဟာမြိုင်အိမ်ရာမှာလည်း နောက်ဖေးလမ်း ကြားအမှိုက်တွေ ရှင်းလင်းပြီး ရေမြောင်းတွေ ရေစီးရေလာကောင်းအောင် ဆောင်ရွက်နေတာတွေ့ရပါတယ်။ ကျွန်တော့်တိုက်ခန်းရဲ့ နောက်ဖေးလမ်းကြားမှာလည်း အမှိုက်တွေအားလုံးရှင်းပြီး ရေမြောင်းတွေ ရေစီးရေလာ ကောင်းသွားတဲ့အတွက် အတော်လေး သန့်ရှင်းသွားပါတယ်။ အင်မတန် စိတ်ချမ်းသာဖို့ကောင်းလှပါတယ်။ ဒါပေမယ့် အဲဒီစိတ်ချမ်းသာမှုဟာ တစ်ပတ်တောင် မခံလိုက်ပါဘူး။ ညဘက် လူခြေတိတ်ချိန်မှာ ဘုတ်ခနဲ အသံ တွေ ပြန်ကြားလာရတယ်။ နောက်ဖေးလမ်းကြားမှာလည်း အမှိုက်တွေ ပြန်တွေ့လာရတယ်။ တကယ်ဆိုရင် အိမ်ရာသာယာရေးကော်မတီက တိုက်ခန်းတွေ အမှိုက်ပစ်ရအောင် အမှိုက်ပုံးထားပေးပြီး နေ့စဉ်သိမ်းဆည်း ပေးနေသလို ကျွန်တော်တို့လည်း ကိုယ့်တိုက်ခန်းက ထွက်တဲ့အမှိုက်တွေကို စနစ်တကျထုတ်ပိုးပြီး အမှိုက်ပုံးထဲ အထိတော့ ရောက်အောင်ပစ်ပေးဖို့လည်း လိုပါတယ်။ ဒါဟာ ဘာမှအပန်းကြီးတဲ့အလုပ်မဟုတ်ပါဘူး။ အချိန်တွေလည်း အများကြီးပေးဖို့မလိုပါဘူး။ အသိစိတ်ကလေးရှိဖို့ပဲ လိုတာပါ။
(၃)
တကယ်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများဟာ အမှိုက်လို့ဆိုလိုက်တာနဲ့ စည်းမရှိ၊ ကမ်းမရှိ ကြုံတဲ့နေရာမှာ အလွယ်ပစ်တတ်ကြပါတယ်။ ကိုယ်သုံးပြီးသား အမှိုက်ကို ပြန်သိမ်းဖို့၊ စနစ်တကျ စွန့်ပစ်ဖို့ကို လူနည်းစုကပဲ လုပ်ဆောင်တတ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများဟာ အမှိုက်တွေကို နောက်ဖေးလမ်းကြားတွေ၊ ရေမြောင်းတွေနဲ့ မြစ်ချောင်းတွေထဲ အလွယ်တကူ စွန့်ပစ်တတ််ကြ တယ်။ အဲဒီအမှိုက်တွေကြောင့် ရေတွေညစ်ညမ်းသွားတယ်။ နောက်ဖေးလမ်းကြားတွေ ပေစုတ်ကုန်တယ်။ မြစ် ချောင်းတွေနဲ့ ရေမြောင်းတွေပိတ်ဆို့ပြီး ရေလျှံမှုတွေဖြစ်ပွားကုန်တယ်။ ကျန်းမာရေး ထိခိုက်ကုန်တယ်။ ဒါကြောင့် ကိုယ့်လက်ထဲမှာ အမှိုက်မရှိရင်ပြီးရော စွန့်ပစ်လိုက်တာမျိုး၊ နေအိမ်တွေ၊ ဘက်စ်ကားတွေ၊ သင်္ဘော တွေ၊ ကိုယ်ပိုင်ကားတွေပေါ်ကနေ သုံးပြီးသားအမှိုက်တွေစွန့်ပစ်တာမျိုးတွေ၊ ကွမ်းတံတွေးကို စည်းမဲ့ ကမ်းမဲ့ ထွေးပစ်တာမျိုးတွေကို လက်လွတ်စပယ်မပြုလုပ်မိဖို့ အသိတရားနဲ့ထိန်းသိမ်းဖို့လိုပါတယ်။ များသောအားဖြင့် တော့ အမှိုက်ကိစ္စဟာ အသေးအဖွဲကိစ္စလေးလို့ ထင်ရပေမယ့် တကယ်တမ်းမှာ အမှိုက်ကလေးတစ်စကနေ ပြသာဒ်ကြီးအထိ မီးလောင်ပျက်စီးဆုံးရှုံးတတ်တယ်ဆိုတာကိုတော့ သတိထားဖို့လိုပါတယ်။
ဒီအချက်ကိုသိနေတဲ့ လက်ရှိအစိုးရက သူ့အစိုးရသက်တမ်းအစမှာပဲ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်က အမှိုက်ကောက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာတစ်နိုင်ငံလုံးမှာ အမှိုက် ကောက်ခြင်းလုပ်ငန်းတွေစတင်ခဲ့ပြီး စံပြအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှိုက်ကောက်ခဲ့တဲ့ အတွက် တစ်နိုင်ငံလုံးမှာ အမှိုက်ကောက်လှုပ်ရှားမှုတွေ အင်တိုက်အားတိုက် ပြုလုပ်ခဲ့ကြတယ်။ အခုလည်း အစိုးရက ခေတ်အဆက်ဆက်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ နောက်ဖေးလမ်းကြား အမှိုက်တွေကို စီမံချက်နဲ့ ရှင်းလင်းခဲ့ပါတယ်။ သက်ဆိုင်ရာစည်ပင်သာယာဝန်ထမ်းတွေဟာ အညစ်အကြေးပေါင်းစုံနဲ့ နောက်ဖေးလမ်း ကြား အမှိုက်တွေကို မရွံမရှာ ရှင်းလင်းပေးခဲ့သလို ပြည်သူတွေကလည်း အမှိုက်တွေကို စည်းကမ်းမဲ့ မပစ်ကြဖို့ လိုပါတယ်။
(၄)
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်မြို့နယ် ၃၃ မြို့နယ်မှာ အမှိုက်ပုံ ၄,၃၀၀ ကျော်ရှိပြီး အမှိုက်ကန် ၂၇၆ ကန် ရှိပါတယ်။ လှိုင်သာယာမြို့နယ်မှာ ဧက ၁၅၀ ကျော် ကျယ်တဲ့အမှိုက် စွန့်ပစ်ကန်နဲ့ မြောက်ဒဂုံမြို့နယ်မှာ ဧက ၁၀၀ ကျယ်တဲ့ အမှိုက်စွန့်ပစ်ကန်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ တစ်ရက်အမှိုက်ထွက်ရှိမှုဟာ တန်ချိန် ၁,၇၀၀ ရှိပြီး အဲဒီပမာဏက လွန်ခဲ့တဲ့ငါးနှစ်တာအတွင်း တိုးတက် လာခဲ့တာပါ။ ဒါတောင် ရေမြောင်းထဲတွေ၊ မြစ် ချောင်းတွေထဲ၊ နောက်ဖေးလမ်းကြားတွေထဲ စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေ မပါသေးပါဘူး။ ဒါကြောင့် ရန်ကုန်မြို့မှာ အမှိုက်ကို စည်းကမ်းမဲ့မစွန့်ပစ်ဖို့ ပြည်သူက တာဝန်ယူဖို့ လိုပြီး ပြည်သူတွေ စွန့်ပစ်တဲ့အမှိုက်တွေကို စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ ပြန်လည်စွန့်ပစ်ဖို့ မြို့နယ်စည်ပင်တွေ က တာဝန်ယူဖို့လိုပါတယ်။
ဒီ့ပြင် နိုင်ငံတကာမှာ အမှိုက်နဲ့ပတ်သက်ပြီး ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်နေလဲဆိုတာကိုလည်း လေ့လာပြီး ကိုယ့်တိုင်းပြည်နဲ့ကိုက်ညီတဲ့ နည်းလမ်းတွေကို အသုံးပြုရပါမယ်။ စည်ပင်ဝန်ထမ်းတွေပိုင်းက လည်း အလုပ်ကိုဟန်ပြမလုပ်ဘဲ တကယ်လုပ်ဖို့လိုသလို ပြည်သူတွေကလည်းကိုယ်အသုံးပြုပြီးသား အမှိုက်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ စနစ်တကျစွန့်ပစ်ကြဖို့ လိုပါတယ်။ သူများနိုင်ငံတွေမှာတော့ အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်ရင် ဥပဒေအရ ဒဏ်ရိုက်ခြင်း၊ ထောင်ချခြင်းတွေကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် လုပ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံမှာ အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာ အထွေအထူးမရှိသလို ဘယ်လောက် စည်းကမ်းမဲ့တဲ့နိုင်ငံကပဲ လာလာ၊ အဲဒီကိုရောက်ရင် အားလုံးစည်းကမ်း ရှိသွားကြတယ်။ ဥပဒေအတိုင်း တိတိကျကျ ပြင်းပြင်းထန်ထန်အရေးယူတဲ့အတွက် အမှိုက်ကို စည်းကမ်းမဲ့ မပစ်ရဲကြတော့ဘူး။ မြန်မာပြည်မှာလည်း အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့လည်းလိုပါတယ်။ ဒါမှသာ အမှိုက်မပစ်ရ၊ ဒဏ်ငွေ…….လို့ ရေးထားပြီး အမှိုက်ပုံကြီး ဟီးထနေတာမျိုး၊ ကွမ်းတံတွေးမထွေးရလို့ ရေးထားပြီး ကွမ်းတံတွေးတွေ ပေပွနေတာမျိုးနဲ့ မကြုံရတော့ဘဲ ရန်ကုန်မြို့တော်ကြီးကလည်း သန့်ရှင်းသာယာ စည်ပင်ဝပြောလာမှာ ဖြစ်ပါတယ်။ အဓိကတော့ နောက်ဖေး လမ်းကြား အမှိုက်ကိစ္စအပါအဝင် တစ်ခြား စွန့်ပစ်အမှိုက်ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ တာဝန်သိမှုနဲ့ တာဝန်ယူမှုတွေဟာ အလွန်အရေးကြီးတဲ့အပြင် စီမံချက်ကာလမှာပဲ ဟန်ရေးပြ လုပ်ဆောင်တာ မျိုး လုံးဝမလုပ်ကြဖို့ပဲ လိုပါတယ်။ ။

မင်းချစ်နိုင်

Weekly Eleven
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇။

About The Author

greenness_mm

No Comments

Leave a Reply