နာဂစ်ကပေးသောသင်ခန်းစာများကို ပြန်လည်တူးဖော်ကြည့်ခြင်း

နာဂစ်ကပေးသောသင်ခန်းစာများကို ပြန်လည်တူးဖော်ကြည့်ခြင်း

နာဂစ် …။ နာဂစ် ဆိုသည့် အသံကြားလိုက်သည်နှင့် ကျွန်တော့်စိတ်များလေးလံထိုင်းမှိုင်းလာသည်။ ပူဆွေးသောကမျက်ရည်များ ဝေ့သီလာသည်။ ရင်ထဲတွင် ဖော်ပြ၍ မရနိုင်သော ဝေဒနာ ပေါင်းများစွာက ကျွန်တော့်ကိုအဆက်မပြတ် နှိပ်စက်လာကြသည်။ ဖြစ်နိုင်လျှင် နာဂစ်ဆိုသည့် အသံကို ကျွန်တော်မကြားချင် တော့။ နာဂစ်အကြောင်းလည်းမတွေးချင်တော့။ နာဂစ်အကြောင်းစာ၊ ကဗျာများမဖတ်ချင်သလို ကျွန်တော် ကိုယ်တိုင်လည်းမရေးချင်တော့။ ကျွန်တော်နာဂစ်ကိုစိတ်နာသည်။ မုန်းသည်။ ထို့ကြောင့် ကျွန်တော် နာဂစ်ကို မေ့လိုက်ချင်သည်။ သို့သော် ….။
×××
နာဂစ်မုန်တိုင်းသည် ၂၀၀၈ခုနှစ် မေလ ၂ ရက်တွင် ဟိုင်းကြီးကျွန်းဆွယ်ကိုဦးတည်ပြီး အချင်းဝက် အကျယ်မိုင် ၁၉၀၊ တောင်၊ မြောက် အကျယ် ၂၅၅ မိုင်ခန့်အရွယ်၊ အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီမိုင် ၁၃၀ ခန့်ဖြင့် လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ၀ါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်၊ ရန်ကုန်မြို့တွေကို ဖြတ်သန်းတိုက်ခတ် ခဲ့သည်။ နာဂစ်ကြောင့် လူပေါင်းတစ်သိန်းလေးသောင်းခန့် (ထိုကိန်းဂဏန်းထက်မက အသက်ဆုံးရှုံးခဲ့သည်ဟု ဒေသခံများ၏ ပြော ကြားချက်များလည်း ရှိနေသည်) အသက်ဆုံးရှုံးခဲ့ရသည်။ အိမ်ရာအဆောက်အအုံပေါင်း ခုနစ်သိန်းခွဲခန့် ပျက်စီးခဲ့ရသည်။လူပေါင်း ၁၁ သန်းကျော်ခန့် ထိခိုက်ခဲ့ရသည်။ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် နှစ်ရပ်ပေါင်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကျပ် ၁၂ ထရီလီယံကျော် ရှိခဲ့သည်။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက် အဆိုးဆုံးစာရင်းတွင် ကမ္ဘာ့နံပါတ် (၈)အဆင့် ဖြစ်ခဲ့သည်။ နာဂစ်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးရှိ လပွတ္တာနှင့်ပြင်စလူမြို့နယ်တို့သည် အထိအနာဆုံး ဖြစ်ခဲ့သည်။
နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့ရသည့် လူဦးရေတစ်သိန်းလေးသောင်းခန့်တွင် ကျွန်တော့် အစ်ကိုကြီး (အဖေ၊ အမေမရှိသည့် နောက်ပိုင်း အဖေလို အမေလို အားကိုးနေရသည့် အစ်ကိုကြီး) နှင့် အစ်ကိုကြီး၏ဇနီး(ကိုယ်ဝန် သည်) ဖြစ်သူလည်း ပါဝင်ခဲ့သည်။ ဆွေမျိုးရင်းချာများလည်း ပါဝင်ခဲ့သည်။ မိတ်ဆွေ၊ သူငယ်ချင်းများလည်း ပါဝင်သည်။ ထို့အတွက်လည်း ကျွန်တော်နာဂစ်ကို မုန်းတီးစိတ်နာပြီး မေ့ပစ်ချင်ခြင်း ဖြစ်သည်။ နာဂစ်ကို ကိုယ်တိုင်နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ခဲ့ရပြီး အစားထိုး မရနိုင်သော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသူတိုင်း ကျွန်တော့်လို ခံစားနေကြရလိမ့်မည် ဟု ထင်ပါသည်။ သို့သော် ကျွန်တော်တို့အားလုံး နာဂစ်ကို မမေ့သင့်ပါ။ နာဂစ်က ပေးခဲ့သည့် ဒဏ်ရာအနာတရများ၊ အဖြစ်အပျက်များကို သင်ခန်းစာယူပြီး နောက်တစ်ခါ နာဂစ်လို သဘာဝ ဘေးဖြစ်လာခဲ့လျှင် နာဂစ်တုန်းကလို ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မကြုံတွေ့ရအောင် ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားကြဖို့ လိုပါသည်။ ထို့အတွက် ကျွန်တော်နာဂစ်ကို မမေ့ခဲ့ပေ။ နှစ်စဉ် နှစ်တိုင်းနာဂစ်နှင့်ပတ်သက်ပြီး သင်ခန်းစာယူရမည့်အချက်များ၊ ကြိုတင် ပြင်ဆင်ရမည့် အချက်များကို အမြဲတမ်းသတိပေးရေးသားခဲ့ပါသည်။ သို့သော်လည်းအစိုးရအဆက်ဆက်၏ နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများသည် ယနေ့ထိတိုင် အားနည်းနေဆဲ ဖြစ်သည်။
×××
နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်း ကျွန်တော် ရန်ကုန်တွင် အခြေချခဲ့သည်။ နာဂစ်နှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူခဲ့သည်။ ထိုကာလကတည်းက နာဂစ်မုန်တိုင်း ဘာကြောင့်ဖြစ်ရလဲ၊ မြစ်ဝကျွန်းပေါ်ဒေသကို ဘာကြောင့် ဝင်ခဲ့ရလဲ၊ ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှု ဘာကြောင့် မြင့်မားခဲ့ရသလဲ ဆိုသည်များကို ကျွန်တော် လေ့လာခဲ့ပါသည်။ ထိုသို့လေ့လာရာတွင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ၊ မိုးလေဝသ ပညာရှင်များ၏ သုံးသပ်ချက်များ၊ ဒေသခံများ၏ ရင်ဖွင့်သံ စစ်စစ် (သတင်းစာမျက်နှာများပေါ်သို့ ရောက်ခွင့်မရခဲ့သည့် ရင်ဖွင့်သံများလည်း ပါဝင်ခဲ့သည်) များ၊ နာဂစ်နှင့် ပတ်သက်သောစာအုပ်၊ စာတမ်းများ၊ သတင်းများအားလုံးကို လက်လှမ်းမီသလောက် စုစည်းလေ့လာခဲ့ရသည်။ ထိုအချက်အလက်များကို အခြေခံ၍ ဆောင်းပါးများစွာ ရေးသားခဲ့ပါသည်။ သို့သော် ‘နာဂစ်အကြောင်းက ရေးလို့ မပြီးသေးဘူးလား။ လုပ်စားတာလည်း တော်ရုံပဲကောင်းပါတယ်’ဟူသောစကားများ၊ ထို့ထက်ဆိုးသော ဝေဖန်အပြစ်တင် ဆဲဆိုမှုများကိုသာ ရရှိခဲ့ပါသည်။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများတွင်တော့ ထူးထူးခြား ခြားတိုးတက်လာသည်ကို မတွေ့ရသလို အနာဂတ်ကာလ သဘာဝဘေးအန္တရာယ်များအတွက်လည်း အာမခံ ချက်ရှိသော ကြိုတင်ပြင်ဆင်ထားမှုများကို မတွေ့ခဲ့ရပေ။

ကျွန်တော့်လေ့လာတွေ့ရှိချက်များအရ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတောများပြုန်းတီး ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက် စီးခြင်းတို့သည် နာဂစ်မုန်တိုင်းကို မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်စေ ခဲ့ကာထိခိုက်ပျက်စီးဆုံးရှုံးမှု မြင့် မားစေခဲ့သည့်အကြောင်းအရင်းတစ်ခု ဖြစ်သည်ဟုဆိုချင်သည်။ မုန်တိုင်းအတွေ့အကြုံနည်းခဲ့ခြင်းကလည်း မြစ်ဝကျွန်ေးပါ်ဒေသကိုအထိနာစေခဲ့သည်။ ထို့အပြင် နာဂစ်နှင့်ပတ်သက်ပြီး မိုးလေဝ သဌာနမှ သတင်းထုတ်ပြန်မှု အားနည်းခဲ့သည်။ မုန်တိုင်းသတင်းကိုထုတ်ပြန်ခဲ့သော်လည်းထိုလောက် အန္တရာယ်ကြီးမားသောမုန်တိုင်းအဖြစ် ရုပ်လုံးပေါ်အောင်၊ ပြည်သူအားလုံးသတိထားမိအောင် သတင်းမထုတ်ပြန် နိုင်ခဲ့ပေ။ အာဏာပိုင်များကလည်းမုန်တိုင်းသတင်းများနှင့် ပတ်သက်ပြီးသတင်းထိမ်ချန်မှုများရှိခဲ့သည်။ မုန်တိုင်းသတင်းအမှန်များက ပြည်သူများထံသို့ မရောက်ခဲ့ပေ။ ပြည်သူအများစုသည် မုန်တိုင်းသတင်းကိုမသိခဲ့ ကြပေ။ ဟိုင်းကြီးကျွန်းကို မုန်တိုင်းဝင်နေသည့်အချိိန်မှာပင်ပြည်သူအများစုသည် မုန်တိုင်း အန္တရာယ်ကျရောက်တော့မည်ကိုမသိခဲ့ကြပေ။ မုန်တိုင်းသတင်းကိုသိခဲ့သည့် ပြည်သူများကလည်းသာမန်မုန်တိုင်းအဖြစ်သာသိခဲ့ကြသည်။ နာဂစ်မုန်တိုင်းကို တာဝန်ရှိသူများ ကိုယ်တိုင်ကလျှော့တွက်ခဲ့သည်ဟု ကျွန်တော် မြင်ပါသည်။
တကယ်တမ်းတွင် အစိုးရအနေဖြင့် မုန်တိုင်းသတင်းထုတ် ပြန်နေရုံနှင့်မပြီးပေ။ မုန်တိုင်းသတင်းကိုဌာနဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှတစ်ဆင့် ကျေးရွာ ပြည်သူများထံသေသေချာချာရောက်အောင် ဆောင်ရွက်ဖို့ လိုပါသည်။ ထို့အပြင် နာဂစ်ကိုကြောက်စရာကောင်းသည့် မုန် တိုင်း၊ အဖျက်စွမ်းအားကြီးသည့် မုန်တိုင်းအဖြစ် သတ်မှတ်ပြီး ပြည်သူများကိုသာဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့လျှင် အ သက်ဆုံးရှုံးမှုများယခုကဲ့သို့ များ ပြားလိမ့်မည်မဟုတ်ပေ။ ထို့ ကြောင့် မုန်တိုင်းတစ်ခုဖြစ်ပေါ်ခဲ့ လျှင် မုန်တိုင်းသတင်းထုတ်ပြန် ပေးရုံသာမကသက်ဆိုင်ရာတာ ဝန်ရှိသူများမှတစ်ဆင့် အောက် ခြေကျေးရွာ ပြည်သူလူထုထံသို့ သတင်းရောက်ရှိအောင် ဆောင် ရွက်ပေးရမည်ဖြစ်ပြီးလိုအပ်ပါကမုန်တိုင်းလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ပေးရန် ကြိုတင်ပြင် ဆင်ထားရမည်ဟုဆိုချင်ပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် မုန်တိုင်း ဝင်ရောက်မည်ကို ကြိုကြိုတင် တင် သိရှိနေပြီး ပြည်သူများကိုမုန်တိုင်းဘေးလွတ်ရာသို့ ရွှေ့ ပြောင်းနိုင်သည့်အတွက် လူအသေအပျောက်နည်းခဲ့သောသာဓကများရှိခဲ့ပါသည်။ ထိုအချက်ကို မြန်မာအစိုးရအနေဖြင့် သင်ခန်းစာယူပြီးမုန်တိုင်းကြောင့် ပြည်သူများအသက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် လုပ်ဆောင်ဖို့ လိုပါသည်။
×××
နာဂစ်မုန်တိုင်းဖြစ်ခဲ့သည့် အခြေအနေကို ပြန်သုံးသပ်ကြည့် လျှင်လည်း ပြည်သူများကိုမုန် တိုင်းဘေးကင်းလွတ်ရာနေရာသို့ ပြောင်းရွှေ့နိုင်မှု မရှိခြင်း၊ ကယ် ဆယ်ရေးလုပ်ငန်းများကိုအချိန် မီအောင် လျင်လျင်မြန်မြန် မလုပ်ဆောင်နိုင်ခဲ့ခြင်း၊ အရေးပေါ်စား ဝတ်နေရေးအတွက် ထိထိရောက် ရောက် မထောက်ပံ့နိုင်ခဲ့ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားနည်းခြင်းများကြောင့် ပြည်သူများအသက်မဆုံးရှုံးသင့် ဘဲဆုံးရှုံးခဲ့ရသည်။ နာဂစ်ဖြစ်ပြီးစတွင် ကယ်ဆယ်ရေးများအချိန် မီမရောက်ခဲ့ခြင်းသည် ပြည်သူအ ချို့အပေါ် ရိုက်ခတ်မှု ပြင်းထန် လွန်းခဲ့သည်။ ထိုကာလတွင် အဓမ္မစေခိုင်းမှုများနှင့် မသမာမှု များ၊ အကျင့်ပျက်ခြစားမှုများနှင့် ဆက်စပ်သောအဖြစ်အပျက်များစွာ ဖြစ်ပေါ်ခဲ့သည်။ ပြည်သူများမှာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဘဝသို့ ရောက်ရှိခဲ့ရသည်။ နိုင်ငံတော်အစိုးရက သဘာဝဘေးကူ ညီကယ်ဆယ်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်နေစဉ်နှင့် အရေးပေါ် အစည်းအဝေးများခေါ်ယူ စဉ်မှာပဲလူတချို့သည် မသေသင့် ဘဲသေဆုံးခဲ့ကြရသည်။

ထို့အပြင် နိုင်ငံတော်အစိုးရ အပါအဝင် NGO များ၊ INGO များ၊ အခြားအဖွဲ့အစည်းများသည် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများ ပြန်လည်ထူထောင် ရေးအတွက် ဆောင်ရွက်ခဲ့သော် လည်းထိရောက်မှုနည်းပါးခဲ့ သည်။ ဆောင်ရွက်မှုအများစုသည် ရေများရာမိုးရွာသည်ကများခဲ့သည်။ ပေးသည်ကနည်းနည်း၊ ယူသည်ကများများ ဖြစ်ခဲ့ သည်။ ကူညီကယ်ဆယ် ထောက် ပံ့ရေးလုပ်ငန်းများလုပ်ကိုင်ရင်းအဆင်ပြေသွားသူများရှိသည်ဟု ကြားခဲ့ရစဉ်က ကျွန်တော့်နားကို ကျွန်တော်မယုံနိုင်အောင် ဖြစ်ခဲ့ ရသည်။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများတွင် စိုက်ပျိုးရေးလုပ် ငန်း၊ ရေလုပ်ငန်း၊ ဆားချက်လုပ် ငန်းများပျက်စီးခဲ့မှုသည် ယနေ့ ထိနာလန်မထူနိုင်သေးပေ။ စီးပွားရေးနိမ့်ပါးနေသဖြင့် ကျန်းမာရေး၊ ပညာရေးများတွင်လည်းနိမ့်ပါးနေခဲ့ရသည်။

ဒေသစွန့်ခွာပြီးရေ ကြည်ရာမြက်နုရာတွင် သွားရောက်လုပ်ကိုင်ခဲ့သူများပိုမိုများ ပြားလာခဲ့ပြီးထိုဒေသများတွင် စည်ကားမှုများဆိတ်သုဉ်းနေခဲ့ ရသည်။ ရန်ကုန်အပါအဝင် မြို့ ကြီးများရှိမိဘမဲ့ကျောင်းများ၊ ဘုန်းတော်ကြီးသင်၊ သီလရှင်သင် ပညာရေးကျောင်းများတွင် နာဂစ် ကြောင့် မိမဲ့ဖမဲ့၊ မိသားစုမဲ့သွားခဲ့ ရသည့် ကလေးငယ်များသွားရောက်ခိုလှုံနေကြရသကဲ့သို့ အ လုပ်အကိုင် ရှားပါးမှုကြောင့် မိကောင်းဖခင်သားသမီးအချို့ သည် ကေတီဗီ၊ အနှိပ်ခန်းနှင့် စားသောက်ဆိုင်များတွင် ဘဝကို ရင်းနှီးမြှုပ်နှံခဲ့ကြရသည်။ ထိုအချက်များသည် နိုင်ငံတော်အစိုးရနာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လျော့ရိလျော့ရဲ နိုင်လွန်းခဲ့ သည်ကိုသိသားထင်ရှားစေပါ သည်။ ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နာဂစ်မုန်တိုင်းဒဏ် သင့် ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြန် လည်စိစစ်သုံးသပ်ပြီးပိုမိုကောင်းမွန်အောင် စီမံကိန်းချမှတ် ဆောင်ရွက်ပေးသင့်ပါသည်။
×××
နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ သည့် ၂၀၀၈ ခုနှစ်မှ ယနေ့အချိန်ထိအစိုးရသုံးဆက် ပြောင်းလဲခဲ့ပါ သည်။ နှစ်ကာလအားဖြင့် ၂၀၀၈ ခုနှစ် မေလမှ ယခု ၂၀၁၈ ခုနှစ် မေလအထိ ၁၀ နှစ်တာကာလကြာခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်းနာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၅၇ လုံးတည်ဆောက်ပေးခဲ့သည်ဟုသိရသည်။ လက်ရှိကာလတွင်လည်းနောက်ထပ် ၁၇ လုံးတည်ဆောက်ရန် တောင်းဆိုထားပါသည်။ မုန်တိုင်းဒဏ်ခံအဆောက်အအုံများသည် မုန်တိုင်းဖြစ်ပေါ်လျှင် ပြည်သူများခိုအောင်းနိုင်ရန် တည်ဆောက်ထားသောအဆောက်အအုံများဖြစ်သည်။ ထိုအဆောက်အအုံများသည် မုန်တိုင်းဒဏ် သင့်ဒေသအတွက် လုံလောက်မှုမရှိသေးသလိုစဆောက်စဉ်ကတည်းက ကြံ့ခိုင်မှုအားနည်းခြင်း၊ နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် ကြံ့ခိုင်မှုကိုစိတ်မချရတော့ခြင်းစသည့် အခြေအနေများ ဖြစ်ပေါ်နေပါသည်။

‘‘မုန်တိုင်းဖြစ်လို့ကတော့ ဆိုင်ကလုန်းရှဲလ်တာပေါ်မသွားရဘူး။ ပြိုကျမှာစိုးလို့။ နီးစပ်ရာသစ်ပင်ပဲအားကိုးမယ်လို့ တစ် ရွာလုံးကဆုံးဖြတ်ထားကြတယ်။ အခုအဆောက်အအုံကအမိုးကမိုးယိုတယ်။ ကြမ်းခင်းကသစ်သားတွေဆွေးနေပြီ။ အောက်ခြေတွေ ကလည်း ကျွံဝင်နေတော့ အားကိုးလို့ မရတော့ဘူး’’ ဟုဒေသခံတစ်ဦး၏ ရင်ဖွင့်သံကိုဂျာနယ် တစ်ခုတွင် ဖတ်လိုက်ရသည်။ ထို့ အတွက် အစိုးရအနေဖြင့် စာရွက် ပေါ်မှာရှိသည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံစာရင်းကိုပဲပြောမနေဘဲမြေပြင်မှာတကယ်ရှိသည့် အဆောက်အအုံများ၏ အ နေအထားကိုလည်းစနစ်တကျ စစ်ဆေးပြီးဖျက်ပြီးအသစ် ဆောက်သင့်သည်ကိုအသစ် ဆောက်၊ ပြင်ဆင်သင့်သည်ကို ပြင်ဆင်စသဖြင့် လုပ်ဆောင်သင့် သည်များကိုအလျင်အမြန်နှင့် ထိထိရောက်ရောက် ဆောင်ရွက် ပေးဖို့ လိုပါသည်။ အချုပ်ဆိုရ လျှင်နာဂစ်မုန်တိုင်းသည် ယခု ၂၀၁၈ ခုနှစ် မေလ ၂ ရက်တွင် (၁၀) နှစ်ပြည့်ပြီဖြစ်သည်။ အစိုးရအနေ ဖြင့် နာဂစ်မုန်တိုင်း (၁၀)နှစ်ပြည့် တွင် မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးစသဖြင့် အရေးပေါင်းများစွာကို ပြန်လည် သုံးသပ်သင့် ပါ သည်။ ပြီးလျှင် ထိုဒေသများဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးစေလိုပါ သည်။ ထို့အပြင် နာဂစ်လိုသဘာဝဘေးမျိုးနောက်တစ်ခါ ကြုံတွေ့ခဲ့ရလျှင်ပင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် နာဂစ်ဖြစ်စဉ် အတွင်းကအဖြစ်အပျက်များကိုအစိုးရအနေဖြင့် သင်ခန်းစာယူကာအကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားဖို့ လိုကြောင်းရေးသားလိုက်ရပါသည်။ ။

ရွှေလက်
No.1787 Wednesday, May 2, 2018

About The Author

greenness_mm

No Comments

Leave a Reply