နာမည်လေးလှသလောက် ရက်စက်တတ်တဲ့ မိန်းကလေး…လာနီညာ

နာမည်လေးလှသလောက် ရက်စက်တတ်တဲ့ မိန်းကလေး…လာနီညာ

ရန်ကုန်မြို့မှာ နေထိုင်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်အတွင်း ဆောင်းကို ဆောင်းမှန်းမသိ ဖြတ်သန်းခဲ့ရတဲ့ ရန်ကုန်ဆောင်းနေ့ရက်တွေ တော်တော်များလာခဲ့တာ သတိထားမိတယ်။ အရင်ကဆိုရင် ရန်ကုန်ဆောင်းဟာ ရင်တုန်အောင်အေးခဲ့သလို ဆောင်းနဲ့ပတ်သက်တဲ့ စာတွေ ကဗျာတွေ ဖတ်ရင်း ကိုယ်တိုင်အေးချမ်းခဲ့တဲ့နေ့ရက် တွေကိုလည်း ပိုင်ဆိုင်ခဲ့ရဖူးပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာတော့ ဆောင်းဟာ မအေးတော့ကြောင်း၊ ရန်ကုန်မှာ ဆောင်းပျောက်သွားပြီဖြစ်ကြောင်း စာတွေ ကဗျာတွေ အဖတ်ရများလာပြီး အိုက်စက်စက် ဆောင်း နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။
ရန်ကုန်ဆောင်း
ဗီဒိုထဲက အနွေးထည်ကလေး
ကိုယ်ငွေ့မလှုံရလို့
ချမ်းနေရှာပေါ့။ ။
မိုးဟိန်းထက်
အဲဒီလိုမျိုး စာတွေ ကဗျာတွေ ဖတ်ရင်း ရန်ကုန် ဆောင်းရက်တွေမှာ စာရေးသူတို့ ဆောင်းပျောက် ရှာပုံတော်ဖွင့်ခဲ့ကြရတယ်။ အဲဒါဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုး ဆက်တွေပါပဲ။ ဆောင်းဟာ ရန်ကုန်မှာ ပျောက်နေပေမယ့် နယ်ဘက်တွေမှာတော့ အချိန်မှန် ကိုယ်ထင်ပြနေဆဲ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ဆောင်းဟာ အရင်လောက် မဆောင်းတော့တာကို အားလုံးလက်ခံကြ ရမှာပါပဲ။
အခုရက်ပိုင်း ရန်ကုန်ရဲ့ နံနက်ခင်း ညခင်းတွေမှာတော့ ဆောင်းရဲ့အငွေ့အသက်ကို ခံစားလာရတယ်။ မြူတွေ နှင်းတွေနဲ့ ဆောင်းနံနက်ခင်းတွေ ပြန်မြင်လာရတယ်။ လူမှုကွန်ရက် ဖေ့ဘွတ်ခ်မှာ ရန်ကုန်ဆောင်းကို ပြန်ရှာတွေ့တဲ့ ပုံရိပ်လေးတွေ မြင်တွေ့လာရတယ်။ ဝမ်းသာစရာပေါ့..။ ပူလောင်အိုက်စက်နေတဲ့ ဆောင်းနံနက် ခင်းတွေဟာ အေးမြမြလေး ပြန်လည်ထိတွေ့ခံစားရတာ ဝမ်းသာစရာပေါ့။ ဒါပေမယ့် မိုးလေဝသသတင်းတွေ ဖတ်ကြည့်တော့ သိပ်ဝမ်းသာစရာ မကောင်းပြန်ဘူး။ ပစိဖိတ်သမုဒ္ဒရာမှာ လာနီညာ ရာသီဥတု ဖြစ်စဉ် ဖြစ်ပေါ် နေသတဲ့။ ဆောင်းမှာ အအေးလွန်ကဲမယ်တဲ့။ အအေးလှှိုင်းဖြတ်တာတွေ၊ အချိန်အခါမဟုတ်မိုးရွာတာတွေ၊ လျှပ်တပြက် ရေကြီးတာတွေ၊ မိုးလွန်ကာလမုန်တိုင်းဖြစ်ပေါ်တာတွေ ဖြစ်ပေါ်နိုင်သတဲ့။ ဆောင်းနံနက်ခင်းမှာ အေးမြမြလေးခံစားနေရတဲ့ ခံစားမှုလေးက ချက်ချင်းပျောက်ပြီး စိုးရိမ်သောကတွေက ချွေးစို့တက်လာတော့ တယ်။
အခုလိုအချိန်မှာသာ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် သက်ရှိထင်ရှား ရှိနေသေးရင် လာနီညာ အကြောင်း၊ ဆောင်ရန် ရှောင်ရန်အကြောင်းတွေကို အချိန်နဲ့တပြေးညီ ရေးနေ၊ ပြောနေမှာပဲ။ အခုတော့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်၊ တာဝန်ရှိ်သူတွေရဲ့ ပြောကြားချက် လောက်ပဲ တွေ့ရပါတယ်။ အချိန်ပြည့် စောင့်ကြည့်ပြီး သတိပေး၊ ပြောဆို ရေးသားတာမျိုး မတွေ့ရပါဘူး။ နိုင်ငံ တော်အစိုးရကလည်း ကိုဗစ်-၁၉နဲ့ လုံးပန်းနေသလို ပြည်သူကလည်း ကိုဗစ်-၁၉နဲ့ မွန်းကျပ်နေရတာဆိုတော့ လာနီညာရော၊ ဘာကော သိပ်သတိ မထားမိတော့ဘူး။ ဟုတ်လည်း ဟုတ်ပါတယ်။ အခုအချိန်အခါဟာ လူတစ်ဦးချင်း တစ်ယောက်ချင်းစီက ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းရေးကို ဦးစားပေးသတိပြုရမှာ ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါကို သတိထားနေရင်း ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကိုလည်း သတိထားဖို့ လိုပါတယ်။ သတိထားနိုင်အောင်လည်း တတ်သိပညာရှင်တွေ၊ သက်ဆိုင်ရာအစိုးရဌာန တွေက အသိပေးပြောကြားနေဖို့ လိုပါတယ်။
စာရေးသူကတော့ ပညာရှင် မဟုတ်သလို ကျွမ်းကျင်သူလည်း မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းအလွန်ကာလကတည်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အသိပညာတွေကို နေရာပေါင်းစုံက လေ့လာမှတ်သားပြီး ဆောင်းပါးတွေရေးနေသူတစ်ဦးပါ။ ကွယ်လွန် သွားပြီဖြစ်တဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သင်တန်း၊ မိုးလေဝသပညာရပ်ဆိုင်ရာ အခြေခံသတင်တန်းတွေကို တတ်ရောက်ခဲ့ဖူးသလို ဟောပြောပွဲတွေ၊ အင်တာဗျူးတွေကနေလည်း ဆရာ့ရဲ့ အသိပညာတွေကို မှတ်သား သင်ယူခဲ့ဖူးပါတယ်။ ဒါကြောင့် လာနီညာနဲ့ ပတ်သက်ပြီး ဆရာ့ဆီက ကြားသိခဲ့ရတာတွေကို အခြေခံပြီး ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။ (ဆရာကတော့ လာနီညာဆိုသော မိန်းကလေးဆိုပြီး စာအုပ်တောင် ထွက်ခဲ့ပါတယ်။)
ကမ္ဘာပေါ်မှာ အစွန်းရောက်တဲ့ ရာသီဥတုဖြစ်စဉ် နှစ်မျိုးရှိပါတယ်။ အဲဒါကတော့ အယ်လ်နီညိုနဲ့ လာနီ ညာပဲ ဖြစ်ပါတယ်။ အယ်နီညိုဆိုတာ စပိန်အသံထွက်ဖြစ်ပြီး လူကလေးဟု အဓိပ္ပါယ်ရပါတယ်။ ၁၆၆၀ ခုနှစ်က ပီရှုးတံငါသည်တွေ စတင်မှည့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ခရစ်စမတ်အနီးမှာ ရောက်ရှိလာတတ်တဲ့ အတွက် Christ Child လို့လည်း တင်စားခေါ်ဝေါ်ကြပါသေးတယ်။ အယ်လ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းက ရေတွေဟာ ပုံမှန်မဟုတ်ဘဲ ပူနွေးလာရာကနေ စတင်တယ်လို့ ဆိုပါတယ်။ (အယ်လ်နီညို အကြောင်း ပြောရရင် အများကြီးပါပဲ။ နောက်မှ ဆောင်းပါးတစ်ပုဒ်ရေးပါမယ်။) အခု လက်တလော ကြုံတွေ့ နေရတဲ့ လာနီညာအကြောင်းကို အဓိက ရေးပြချင်ပါတယ်။
လာနီညာဟာ အယ်နီညိုနဲ့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လေ့ရှိတဲ့ အစွန်းရောက် ရာသီဥတု ဖြစ်စဉ် တစ်ခုပါ။ လာနီညာဆိုတာ မိ်န်းကလေးလို့ အဓိပ္ပာယ်ရပြီး အယ်လ်နီညိုနဲ့ လာနီညာကို မောင်နှမလို့ တင်စား ပြောဆိုကြပါတယ်။ အယ်လ်နီညိုနဲ့လာနီညာဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ သဘာဝ စရိုက်လက္ခဏာ မတူကြ ပေမယ့် သူတို့ကို မွေးထုတ်ပေးတဲ့ မိခင်ကတော့ ပစိဖိတ်သမုဒ္ဒရာကြီးပါပဲ။ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကတော့ သူတို့နှစ်ဦးကို ပစိဖိတ်သမုဒ္ဒရာမှာ အဆော့သန်တဲ့ မောင်နှမလို့ တင်စားခဲ့ပါတယ်။ သူတို့ အဆော့သန်တာကြောင့် ကမ္ဘာမှာ ထိခိုက်ပျက်စီးဆုံးရှုံးရတာတွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါကြောင့် နာမည်လှလှလေးတွေနဲ့ ရက်စက်တဲ့မောင်နှမနှစ်ယောက်ကို ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံးက သတိထားဖို့ လိုပါတယ်။
လာနီညာကာလမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း အရှေ့အရပ်က လာတဲ့လေဟာ အားကောင်းလာပြီး အီကွေတာတစ်လျှောက် ဖြစ်မြဲအပူချိန်ထက် ၇ ဒီဂရီဖာရင်ဟိုက်အထိ လျော့ကျနေတတ်တယ်။ အနောက် ပစိဖိတ်မှာ လေဖိအားနည်းနေမယ်။ လေထုဖိအားနည်းနေတဲ့အတွက် မိုးရွာသွန်းမှုကို ပိုမိုများပြားစေပါတယ်။ ပြင်းထန်တဲ့ လာနီညာက ဩစတေးလျ မြောက်ပိုင်းမှာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ၂၀၁၀ ပြည့်နှစ်က လာနီညာကြောင့် ဩစတေးလျနဲ့ ဆွစ်ဇာလန်မှာ သမိုင်းမှာ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ဖြစ်ပေါ် စေခဲ့တယ်။ လူ ၁ဝဝဝဝဝဝ ကျော် ကပ်ဘေးကနေ လွတ်မြောက်ဖို့ ရွှေ့ပြောင်းခဲ့ရပြီး ထိခိုက်ပျက်စီးမှုတန်ဖိုး ဒေါ်လာ နှစ်ဘီလျံခန့်ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အဲဒီလို လာနီညာကြောင့် ဆုံးရှုံးမှုတွေဟာ နေရာတော် တော်များများမှာ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။
ပစိဖိတ်သမုဒ္ဒရာနဲ့ဝေးကွာတဲ့ မြန်မာနိုင်ငံမှာတောင် လာနီညာ ဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့ သေးတာ မဟုတ်လား။ အခုလည်း လာနီညာဟာ အားကောင်းလာဖို့ ရှိနေပါတယ်။ အဲဒီအခါ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်လာနိုင်လဲ။ အကြမ်းအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်။ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် ညအပူချိန်တွေ လျှော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှလေပွေလှိုင်းတွေ တိုက်ခတ်ခြင်း၊ အအေးလှိုင်း ဖြတ်သန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်း စတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စတဲ့လတွေမှာ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းကြရပါတယ်။ အဲဒီအချိန်မှာ အချိန်အခါမဟုတ်မိုး သည်းထန်စွာရွာသွန်းခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ထိခိုက်ပျက်စီးခဲ့တဲ့ သာဓကတွေလည်း အများအပြား ရှိခဲ့ပါတယ်။ အဲဒီမိုးဟာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း တွေကနေ အစပြုလေ့ရှိပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ နေရာကွက် မိုးကြီးခြင်းကြောင့် လျှပ်တစ်ပြတ် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ပြီး လာနီညာရာသီဉတုဟာ ဆောင်းရာသီအတွင်း ညအပူချိန်တွေ ပုံမှန်ထက်လျှော့နည်းတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေတာ ကြောင့် လူသေဆုံးမှုအထိ ဖြစ်ပေါ်စေနိုင်ရုံမက စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကိုပါ ထိခိုက်စေနိုင်တဲ့ အပူချိန် လွန်ကဲစွာ ကျဆင်းခြင်းနဲ့ အအေးလှိုင်းဖြတ်ခြင်း သဘာဝဘေးကိုလည်း ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။
အချုပ်ဆိုရရင်တော့ လာနီညာဟာ နာမည်လေးလှသလောက် ရက်စက်တတ်တဲ့ မိန်းကလေးတစ် ယောက်ဖြစ်ပါတယ်။ လက်ရှိ စာရေးသူတို့ ကမ္ဘာကြီးက အဲဒီမိန်းကလေးနဲ့ ပတ်သက်နေမိပြီ။ မိန်းကလေးရဲ့ ရက်စက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဖို့ အနေအထားလည်း ဖြစ်နေပြီ။ ဒါကြောင့် စာရေးသူတို့ ကမ္ဘာသူကမ္ဘာသား တွေအနေနဲ့ အဲဒီမိန်းကလေးရဲ့အကျင့်စရိုက်ကို သတိထားပြီး လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင် ထားရပါမယ်။ အထူးသဖြင့် နိုင်ငံတော်အစိုးရအနေနဲ့ လာနီညာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်ပျက်စီး ဆုံးရှုံး မှုတွေ လျော့ကျအောင်လုပ်ဖို့လိုသလို ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကိုလည်း အမြန်ဆုံး ပြန်လည် အစားထိုးပေးနိုင်အောင်လည်း ကြိုတင်ပြင်ဆင်မှုတွေနဲ့ စီမံချက်တွေချမှတ် လုပ်ဆောင်ဖို့ လိုကြောင်း ရေးသား လိုက်ရပါတယ်။ ။
မင်းချစ်နိုင်

About The Author

greenness_mm

No Comments

Leave a Reply