နွေအလွမ်း

နွေအလွမ်း

ရွက်ဝါတွေ ကြွေလူးသည့် နွေဦးသို့ရောက်တိုင်း အညာက ရွာကလေးကို ကျွန်မသတိရ မိနေမြဲ ဖြစ် ပါတယ်။ အထူးသဖြင့် သည်နှစ်မှာနွေဦးကစောသည်ထင့်။ ကျွန်မစိတ်ထဲ ထင်တာလည်းဖြစ်နိုင် ပါသည်။ ဖေဖော်ဝါရီလထဲမှာပင် ကျွန်မတို့တိုက်တန်းရှေ့ရှိ လက်ပံပင်ကြီး အဖူးနီနီကလေးတွေ ပြနေလေပြီ။ နွေ၏ ထုံသော ရနံ့မပြင်း မစူးသေးသော်လည်း ကျွန်မ၏အာရုံမှာတော့ နွေနံ့တို့ လှိုင်လှိုင်ထလို့လာ နေသည်။ တာရိုးလမ်းပေါ် ကားတစ်စင်းဖြတ်မောင်းသွားတိုင်း တာရိုးကြီးဆီမှဖုန်ငွေ့တွေ တောမီးကြီး လောင်သလို အခိုးတွေထသွားတတ်သည်ကို ကျွန်ငေးမောကြည့်နေမိပါသည်။ ကားတွေက မဆုံနိုင်တော့ ဖုန်ခိုးတွေကလည်း မဆုံနိုင်။ ခပ်လှမ်းလှမ်းရှိ ကမ်းနားသစ်တောအုပ်ကလေးသည်ပင် ရော်ရွက်တို့ဖြင့် သွေ့ခြောက်နေသည်။

ကျွန်မငယ်စဉ်ကဆိုလျှင် သည်လို နွေဦးရောက်တိုင်း ရွာကို ကဆုန်စိုင်း၍ ပြန်လေ့ရှိပါသည်။ တစ်မိုးလုံး၊ တစ်ဆောင်းလုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရသမျှ နွေကိုရောက်တိုင်းအတိုးချကာ ဆော့ကစားခဲ့သည့် နွေဦးကျောင်းပိတ်ချိန်ဘဝတွေကို မနေ့တစ်နေ့ကလိုပြန်လည်မြင်ယောင်လာမိတတ် သည်။ နွေကို ကျွန်မတို့ ပိုင်ဆိုင်သည်။ နွေသည် ကျွန်မအဖို့ အပျော်ရွှင်ရသောရာသီအဖြင့် တမ်းမက်ရသည်။ နွေ၏သရုပ်သည် ကျွန်မနှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းနိုင်စွမ်းလှပါဘိ။ အထူးသဖြင့် လွတ်လပ်ကျယ်ပြောသော ကျေးလက်၏ရင်ခွင်တွင် ကျွန်မတစ်မှေးတစ်ရေး အနားယူရသောကြောင့် နွေကို ကျွန်မ ချစ်တာလည်းဖြစ်နိုင်ပါ၏။

ကျွန်မတို့ ရွာကလေးသည် ဧရာဝတီမြစ်ကမ်းမှာဆိုတော့ မြစ်ရေကြီးချိန် ( ရေကြီးခါ) တွင် ရေဝင်ရွာ လေးဖြစ်သည်။ သီတင်းကျွတ်လ မြစ်ရေတွေလျှောကျသည်နှင့် ထွန်ယက်စိုက်ပျိုးထားကြသော သီးနှံတွေပေါ်ချိန်တွင် တစ်ဆောင်းလုံးမြေတွင်းမှာ တိတ်တိတ်လေး ကျိတ်သီးကြသော ခိုအောင်ထားသမျှ မြေပဲဥကလေးများကို ဖော်ကြပြီ။ မြေသီးခြွေသည့်နွေ…။

သဘ်ောဆိပ်မှ ရွာသို့အလာလမ်းတစ်လျှောက်လုံး စိမ်းညို့နေသော မြေပဲခင်း ခဲခဲသဲသဲမည်းမည်းကြီး တွေက ကျွန်မကို ဆီးကြိုတတ်မြဲဖြစ်ပါသည်။ မြေပဲစိုက်သောယာမြေကွက်တွေက ရွာအပြင်မှာရှိသည်။ ရွာအပြင်မှာဆိုသောလည်း မဝေးလှဘဲ ရွာနှင့်တစ်ဆက်တည်း ဖြစ်ပါသည်။ သည်လို သစ်စေ့သီးနှံ စိုက်ခင်းတွေကို ကျွန်မတို့ဆီက ‘တော’ ဟု ခေါ်ကြသည်။ တောအလုပ်ဝင်တယ်။ တောအလုပ်သွား တယ်။ တောအလုပ်သိမ်းပြီး စသဖြင့်သုံးတတ်ကြသည်။ သီးနှံသိမ်းချိန်အခုလိုနွေရာသီဆိုလျှင် လင်းကြက်မတွန်မီကပင် ရွာကလေးက တလှုပ်လှုပ်ဖြစ်နေပြီ။ တစ်ယောက်က တစ်ယောက်ကို တကြော် ကြော်ခေါ်ထူးသံတွေ၊ တဘူးဘူးတဘဲဘဲ နွားအော်သံတွေ၊ တဂျောင်းဂျောင်းတအီအီ လှည်းမြည်သံတွေနှင့် တစ်ရွာလုံးဆူညံလို့နေသည်။ မိုးလင်းလျှင်တော့ ကျီးစောင့်ကြက်နှင် အဘိုးအဘွားများနှင့် ကလေးသူငယ်များမှလွဲလျှင် ရွာထဲမှာလူမကျန်တော့သလောက် ခြောက်ကပ်နေတတ်ပါသည်။ တောထဲက မြေပဲခင်းတွေထဲ လူတွေ ဖွေးဖွေးလှုပ်လှုပ်…။

တောထဲ မြေပဲခင်းထဲမှာ ကိုယ့်တာနှင့်ကိုယ် ငန်းတိုက်၍ ကုန်းကုန်းရုန်းရုန်းမြေပဲနုတ်နေကြ သောလူတွေ အခင်းတိုင်းလိုလိုမှာ ပြည့်နေသည်။ မြေပင်များကို နုတ်ပြီးပုံထားသော အသီးဥတွေ တန်းလန်း မြေပဲပုံကြီးမှာ တောင်မောက်မောက်ကြီးနှင့်တူသည်။ မြေပဲရွက်စိမ်းစိမ်းမည်းမည်းတွေ အောက်က အမြစ်ဖွားဖွားမှာ ဥကလေးတွေ တွဲလောင်းကျနေတတ်သည်။ မြေပဲပင်များနှုတ်ပြီးမှ မြေပဲပုံနားမှာ အရိပ်အမိုးထိုးကာ မြေပဲဆွတ်ကြရသည်။ တချို့ကလည်း မြေပဲပင်များကိုတစ်ဖက် ကကိုင် တစ်ဖက်က လိမ်ခြွေတာတာမျိုးဖြင့် အသီးဆွက်ကြရသည်။ တစ်ချို့ကလည်း မြေပဲဥတွေစဉ် မထွက်အောင် ရိုင်ပတ်ဖြင့်ကာ၍ တန်းထောင်ကာ ရိုက်ဆွတ်ကြသည်။ သီချင်းသံ၊ ပြဇာတ်ခင်းသံတို့ ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှ၏။ အပျော်များဖြင့် ပြည့်သိပ်နေသောကြောင့် ပင်ပန်းသည်မထင်ကြပါ။ မြေပဲဆစ်တောင်းရလျှင် မြေပဲဆွတ်သူက မြေပဲဆွတ်ခနှစ်ပြည်ပြန်ရသည်။ ကျွန်မတို့ရွာမှမြေပဲ ဆွတ်ခသည် ငွေသားမဟုတ်။ ရှေးကတည်းက ရှိခဲ့သည့် အစဉ်အလာကိုမဖျောက်ကြ။

ကျွန်မတို့ကလေးတွေက မြေပဲဆွတ်ပြီးသား အခင်းဟောင်းတွေထဲဝင်ကာ ကွင်းကျန်မြေပဲ ကောက်သင်းကောက်ကြသည်။ တကယ်ဆိုလျှင် ပဲသင်းကောက်သည် ဖြစ်သင့်ပါသည်။ ကျွန်မကတော့ ကောက်သင်းတွေကောက်ဖို့ထက် မြေပဲအသီးစိုတွေကို မီးဖုတ်တမ်းကစားဖို့လောက်သာ စိတ်စောနေတတ်ပါသည်။ တောထဲက ထင်းခြောက်တွေကိုစုပြီး တောထဲမှာမီးဖိုပြီးတော့ မြေပဲသီးတွေ မီးတောက်ထဲပစ်ထည့်။ တောထဲမှာမြေပဲသီးအညော်နံ့တွေက ညော်ပြီးသင်းကြီးတိုက်နေတော့သည်။ ကျက်လောက်ပြီထင်သောအခါ မီးတွေကိုမြေစိူင်ခဲတွေနှင့် တဖုန်းဖုန်းထုပြီး မီးသတ်ရသည်။ မဲမဲသည်းသည်း မြေပဲသီးမစိုမကျက်တွေကို ပူပူလောင်လောင်စားရသည့် အရသာကို ကျွန်မ မမေ့နိုင်။ အာသာပြေသည်လို့လည်းမရှိ၊ စားသလောက်ကြိုက်သည်၊ ကြိုက်သလောက်စားသည်။

ပြီးတော့ မြေပဲဆန်များကို ကျွန်မတို့ခြံမြောက်ကုန်းထိပ်က ဆီဆုံမှာဆီကြိတ်ကြသောအခါ ဆီဆုံလှည်းစီးရသည့် ရသကိုလည်း ကျွန်မမမေ့နိုင်။ သည်တုန်းက ဆီဆုံကြီးထဲကို မြေပဲတွေ လောင်းထည့်ပြီး နွားဖြင့်လှည့်ဆြွကာ ဆီကြိတ်ကြရသည်။ ချားလိုအဝိုက်လိုက်ကြီး နှေးနှေးလေးလေးပတ်လှည့်နေသော ဆီဆုံတန်းပေါ်တွင်ထိုင်၍ ဆီဆုံစီးတမ်းကစားခဲ့ကြသည်။ ဆုပ်ဆုပ်စားခဲ့ရသည့် မြေပဲထန်းလျက်ဆုပ်ကိုလည်း ကျွန်မကြိုက်သည်။

‘’အမေတို့ ငယ်ငယ်တုန်းကများ အခါမကောင်းချိန်. . . ကျွဲညီနောင်လေယာဉ်ပျံသံကြားရင် ဗုံးကျင်း ထဲဝင်ပြေးရတာအေ့. . . ဗုံးကျင်းထဲ ကလေးတွေငြိမ်အောင်လို့ဆိုပြီးတော့ တို့အမေတို့က မြေပဲထန်း လျက်ဆုပ်ပေးပြီး ကျင်းထဲထည့်ထားတာ စားလိုက်တာ ဆိုတာများအေ. . . ပါးစပ်ကို အစေးပေါက်လို့’’

အမေက မြေပဲထန်းလျက်ဆုပ်ကိုမြင်တိုင်း ဒုတိယကမ္ဘာစစ်ကြီးတုန်းက သူ့ငယ်ဘဝကြောင်းကို တခုပ်တရ ပြန်ပြောနေတတ်ပါသည်။ ကျွန်မတို့ခေတ်ရောက်လာတော့ စစ်ကာလမဟုတ်တော့သော် လည်း မြေပဲထန်းလျက်ဆုပ်ကိုတော့ ကျွန်မတို့ရွာတွင် အခုထိအစေးပေါက်အောင် စားနေကြရတုန်းပဲ ဖြစ်သည်။

ထောပတ်ပဲ၊ စွန်တာနီပဲ ၊ ပဲစာဥ၊ ပဲကြားစသည့် ပဲပင်တွေကိုတော့ တောထဲမှာ မဆွတ်ကြရပါ။ ပဲပင်များကို အနွယ်လိုက်ရိတ်ပြီးအလုံးလိုက် အထွေးလိုက်လှည်းဖြင့်တိုက်ယူလာ၊ ကိုယ့်အိမ်တ လင်းပြောင်ပြောင်မှာပုံပြီး အခြောက်ခံထားတတ်ကြသည်။ ပဲနွယ်များကို ပဲမှော်ကောက်ဆွ ခက်ရင်းဖြင့် ဆွဆွပြီးထက်အောက် လှန်ပေးကာ နှစ်နေသုံးနေသွေ့အောင်လှန်းကြရသည်။ ပဲသီးတွေခြောက်အက်ကွဲ ကျလာလျှင်တော့ တလင်းတွင်ဖြန့်၍ နွားဖြင့်ငန်းတိုက်နယ်ကြသည်။ နွားပါးစပ်တွင် ထန်းလျှော်ဖြင့် ပြုလုပ်ထားသော စွပ်ခြင်းကလေးတွေ စွပ်ထား၏။ ပဲမှော်များကို နွားများငုံ့စားမှာစိုးသောကြောင့် ဖြစ်သည်။ ကလေးတုန်းကတော့ သည်နွားပါးစပ်ခြင်းကလေးအကြောင်းကို ကျွန်မ သေသေချာချာ စဉ်းစားမကြည့်မိခဲ့ဖူးပါ။ သည်ပဲမှော်များကို ရေဝင်ချိန်အပါအဝင် နှစ်ပေါက်စာ နွားစာအတွက်ပြန်သိမ်း ထားတတ်ကြသော်လည်း ပဲနယ်နေစဉ် နွးများကို အစားမခံတာကလည်း ထူးဆန်သလိုလို ခံစားရသည်။

ကျွန်မတို့ ရွာတွင် ခိုင်းနွားများကို ကိုယ့်ခြံပေါက်နွားအဖြစ် တကန်တကမွေးယူတတ်ကြသည်။ ခြံပေါက်နွားမှပိုအားရသည်။ သံယောဇဉ်ပိုကြီးတတ်ကြသည်။ ရွာတစ်အိမ်အိမ်က နွားမွေးသံကြားလျှင် တစ်ရွာလုံးက ဝမ်းသာနေတတ်ကြသည်။ နွားကလေးဘဝကတည်းက အရိပ်တကြည့်ကြည့် မွေးမြူလာခဲ့ရာ နဖားကြိုးထိုးနိုင်သည့် အရွယ်တွင်ယာထဲတောထဲ ချုင်းကြစေကြသော်လည်း ကျောတသပ်သပ်၊ ရင်တသပ်သပ်၊ စုတ်တသပ်သပ်ဖြင့် ချော့ကာမော့ကာ ခိုင်းကြလေ့ရှိ၏။ နွားဟုဆိုသော်လည်း လူနှင့်မခြား စောင့်ရှောက်တတ်ကြ၏။နွားတစ်ကောင်နှင့်ပတ်သက်ပြီး ကိုယ့်အသက်ကိုပင် စွန့်လွှတ်၍ ချစ်ခင်စုံမက်ခဲ့သည့် သာဓကတစ်ခုကျွန်မတို့ရွာတွင်ရှိသည်။

ကျွန်မတို့ရွာတွင် ဧရာဝတီမြစ်ရေအလွန်ကြီးသည့်နှစ်က ဖြစ်ပါသည်။ ခါတိုင်း ရေကြီးခါနှစ် များမှာ ရေကြီးခါနှစ်များမှာ ခြေတံရှည်အိမ်ကြမ်းပြင်ကို မထိတတ်သော မြစ်ရေတွေက ထိုနှစ်ကတော့ အိမ်ကြမ်းပြင်ပေါ်အထိလျှံတက်လာသည်။ အိမ်ပေါ်တွင် ခုတင်များဆင့်၍ လူတွေကဖြစ်သလို နေကြသော်လည်း နွားများထားစရာကုန်းမြင့်မရှိတော့သဖြင့် အတော်ဝေးသော် ရေမရောက်သည့် အရှေ့ကြည်းတောရွာများသို့ နွားများသွားထားကြသည်။ ကျွန်မအကို ကိုဖိုးထောင်ခမျာ သူ့ခိုင်းနွားကြီး နှစ်ကောင်ကို လှေဖြင့်တစ်ကောင်စီကဲ့ကာ ကုန်းပိုင်ကျရာဘက်သို့နွားသွားပို့စဉ် မိုးချောင်းတွေ တအားစီးဝင်လာသည်။ နွားတစ်ကောင်ကကုန်းပေါ်ရောက်သွားသော်လည်း ကျန်နွားတစ်ကောင်နှင့် ကိုဖိုးထောင်မှာလှေပေါ်တွင်လူးလာဆန်ခတ်ဖြင့် မြုပ်သွားတော့၏။ မကြည့်ရက်နိုင်သဖြင့် မရမက လိုက်၍ဆယ်ရှာသည်။ ကိုဖိုးထောင်က လှေကိုလွှတ်၍ ရေကူးသွားလျှင်လွှတ်နိုင်သော်လည်း နွားကြီးမျောပါသွားခြင်းကို မကြည့်ရက်နိုင်သဖြင့် မရမက လိုက်၍ဆယ်ရှာသည်။ ရေစီးသန်သန် စီးကြောင်းထဲမျော ပါသွားသောနွားကို အမီလိုက်ရရင်းသူ့အသက်ကိုပါ ပေးစွန့်သွားခဲ့သည်။

‘’တောက်. . . ကွာ ဖိုးထောင်ရာ ဖြစ်မှဖြစ်ရလေခြင်းကွာ. . .’’

တစ်ရွာလုံး ယဓကြုံးမရတသသ ပြောကျန်ရစ်ခဲ့ကြသည်မှာ ယနေ့အချိန်အထိဖြစ်သည်။ အကြောင်းတိုက်ဆိုင်တိုင်း ဖိုးထောင်နှင့်သူ့နွားကြီးကို အမှတ်တရရှိနေကြဆဲဖြစ်၏။

ကျွန်မကိုယ်တိုင်းလည်း နွားနှင့်နှီးနွှယ်သော သံယောဇဉ် ဇာတိလမ်းတစ်ပုဒ်ကို ဝတ္ထုတိုကလေး ရေးဖွဲ့ခဲ့ဖူးသည်။ ကျွန်မတိူ့ငယ်စဉ်က ကျေးလက်နေကလေးပီပီ နေ့စဉ်နွားကျောင်းထွက်ရသည့် ဓလေ့ရှိ သည်။ နွားကျောင်းရင်း တောင်ထဲ တောင်ထဲကသရက်စိမ်းတွေ ခဲဖြင့်ထုကာ ထဘီခါးပုံထဲ အသင့်ထည့်ယူလာခဲ့သည့် ဆားနှင့်တို့တို့စားကြသည့် အလေ့ရှိသည်။ တစ်ခါတစ်ရံ နှုတ်ခမ်းပတ်လည်တွင် သရက်အစေးပူလောင်ကာ အနာများပင်ပေါက်လာတတ်သေး၏။ သွားတွေလည်းကျိမ်း၊ နေလည်းစောင်း၊ နွားတွေလည်းအစားဝပြီးဆိုလျှင် ကျွန်မတို့တောထဲမှ ပြန်ခဲ့ကြရသည်။ နွားများကို အိမ်သို့တန်းမမောင်းပဲ ရွာဆိပ်ကမ်း ဧရာဝတီမြစ်ဆိပ်ကမ်း ဧရာဝတီမ့စ်ဆိပ်သောင်ပြန့်ကို ဖြတ်ကာနွားရေတိုက်ဆင်းကြပြန်သည်။ နွားရေ သောက်ချိန်တွင် ကျွန်မတို့က မြစ်ကြီးထဲ ကူးခတ်ဆော့ကစားကြပြန်သည်။ ကျွန်မ အများဆုံး ကျောင်းခဲ့ရသည့် နွားကြီးမှာ ‘ပေစိ’ ဆိုသောနွားကြီးဖြစ်၏။

ပေစိကြီး အိုနာဖြင့် ဆုံးတော့အဘက မြို့မှာကျောင်းတက်နေသော ကျွန်မတို့ကို စာရေးပြီး လှမ်းခေါ်သည်။ ပေစိကြီးဆုံးသံကြားကတည်းက ကျွန်မဝမ်းနည်းစွာငိုကြွေးမိရ၏။ ကျွန်မရွာပြန်တိုင်း ဆော့ဖော်ဆော့ဖက်သူငယ်ချင်းတစ်ယောက် ဆုံးရူံးသွားရသလို ခံစားခဲ့ရပါသည်။ ကျွန်မတို့ရွာကို ရောက်တော့ ပေစိကြီးအလုံးအထည်ဖြင့် မရှိတော့ပါ။ ကားကြက်ကာ နေလှန်းထားသောသားရေ ချပ်ကြီးဖြစ်သွားခဲ့ပါပြီ။ ထိုပေစိကြီး၏ သားရေချပ်ကို အဘက ဆွမ်းခံကြွလာဦးပဥ္စင်းများကို ခင်းပေးတတ်ပါသည်။

‘ဪ . . . ပေစိကြီးတို့များတစ်သက်လုံး ကုန်းရုန်းလုပ်ကျွေးခဲ့ရုံမက သေတဲ့နောက်တောင် သူ့သားရေကို ခင်းထိုင်နေရသေးတယ်. . . အသုံးကျချက်တော့ သေတာတောင် သားရေထိုင်ဘဝနဲ့ ကုသိုလ်ယူရှာသေးတယ်။ တွေ့လားငါ့မြေးတို့’’ အဘက သူ့အချစ်တော် ပေစိကြီး၏ သားရေချပ်ကြီးပြပြီး ကျွန်မတို့ကို ဆုံးမခဲ့ဖူးသောစကားဖြစ်သည် ။

အခုလို နွေရာသီဆိုလျှင် ကျွန်မအမြဲလွမ်းနေတတ်ခဲ့သည့် ပုံရိပ်များများတွင် ‘ဘုန်းကြီးပျံပွဲ’ များလည်း ပါဝင်ပါသည်။ ကျွန်မတို့မြင်းခြံ မြောက်လက်ရွာကလေးများသည် ဘုန်းကြီးပျံပွဲကို သူ့ရွာကိုယ့်ရွာမခွဲ ခြားပဲ တစ်နယ်လုံးသိုက်သိုက်ဝန်းဝန်း ပူဇော်တတ်ကြသည် ။ထထိုစဉ်က ကျေးလက်ဘုန်းတော်ကြီးကျောင်းများသည် ကျေးလက်ပညာရေးကို များစွာအထောက်အကူပြုခဲ့ ကြသောတက္ကသိုလ်ကြီးများဖြစ်ခဲ့သည်။ ထို့ကြောင့်ဆရာဘုန်းကြီး ပျံသောမူသည့်အခါ တပည့်တပန်းများက အားကုန်စိုက်၍ ပူဇော်ကြမြဲ၊ မည်သည့်အချိန်တွင် ဆရာတော်ပြန်တော်မူသည်ဖြစ်စေ ဘုန်းကြီးပျံပွဲကို နွေရာသီခြေခင်းလက်ခင်းချိန်၊ သီးနှံများကို စောစောသိမ်းကြရသည်။ ပွဲရက်တွင် ပဲငုတ်တွေစူးသည့်ကြားက ပြဿာဒ်သိုင်းနင်းတာတွေ၊ ဧယဉ်ကျူးတာတွေ လျှောက်ကြည့်ရသည်မှာ တကယ့်ကို ပျော်စရာကောင်းသည်။ တည်းကျောင်း (ဧည့်ခံမဏ္ဍပ်) ကြီးတွေကလည်း ဆယ့်နှစ်ကျောင်း၊ ဆယ့်သုံးကျောင်းအပြိုင်အဆိုင်၊ လော်စပီကာသံတွေကလည်း ရွာပေါက်စေံ တည်းကျောင်းတွေကပွက်ပွက်ညံအောင် ဖွင့်ထားတတ်ကြသည်။ ဖုန်ထူ နေပူ အသံတွေ ဗလောင်ဆူနေသည့်ကြားက ချွေးစေးပြန်နေသော အနီရဲဝမ်းဆက်၊ ဆနွင်းဝါဝမ်းဆက်များဖြင့် တွေပူကျဲကျဲမှာဖိတ်ဖိတ်တောက်နေကြသော မစာဥတို့၊ မဂွက်ထော်တို့တစ်တွေကလည်း တစ်နှစ်ကုန် တစ်နှစ်ဆန်း နောင်တစ်ပြန်မသေချာသော ဇာတ်ပွဲကြည့်ရဖို့အရေးနေ့လယ်လောက်ကြီးကတည်းက ထီးတွေဆောင်းပြီး နေရာဦးထားတတ်ကြပြန်သည်။ မျက်နှာချေများဖြင့် ပြာနှမ်းနေသော ကျေးတောသူလုံမများ၏ မျက်နှာထူကြမ်းကြမ်းတွေပေါ်က အပျော်တွေကိုလည်း ကျွန်မ မမေ့နိုင်ပါ။

ကျွန်မတို့ ကလေးတွေအတွက်ကတော့ တစ်နေကုန်နှင့် တစ်နေခန်းဘုန်းကြီးပျံကွင်းပူပူကြီးထဲ လျှောက်ကြည့်ရသည်နှင့် ညတွင် ပွဲခင်းထဲ ခေါင်းမထူနိုင်တော့၊ ပွဲဦးပတ်မကြီး ဗေတိဆော်ကတည်းက တခူးခူးနှင့် အိပ်လိုက်သည်မှာ မိုးလင်းကတ္တီပါကားလိပ်ကြီး ဇာတ်ခုံပေါ်ပုံကျတာ ပတ်စာခွာတော့မှ လူကြီးတွေကရိုက်နှက်နှိုးကြလေ၏။ မျက်လုံးကိုပွတ် ထဘီကို စွန်တောင်ဆွဲကာ ကမူးကစူးနှင့် အိမ်ပြန်လာတော့ နေရောင်တောင် စူးစူးရှရှကလေး ထိုးနေပါပြီ။

သည်ဘက်ပိုင်းမှာ ကျွန်မတို့ရွာပြန်မရောက်တာ နှစ်အတော်ကြာသွားခဲ့ပြီး။ သို့သော် တမြန်နှစ် နွေကတော့ကျွန်မရွာကို ရောက်ဖြစ်ခဲ့သေး၏။ ကျွန်မတို့ဘကြီးဘုန်းကြီး ပျံတော်မူသည့်အတွက် ပူဇော်ကန်တော့ရန်ဖြစ်သည်။ သို့သော် စည်စည်ကားကား ခဲကြီးသဲကြီးဘုန်းကြီးပျံပွဲတော့ မဟုတ်တော့ပါဘူး။ ကျွန်မလည်း ဆရာတော့်ရုပ်ကလာပ်ကို ဝပ်ချပြီး သစ်ခင်းများရှိရာ တောထဲထွက်ခဲ့သည်။ ငယ်ငယ်တုန်းကလို ကျွန်မဆီးကြိုနေမည့်အစိမ်းရောင် မြေပဲခင်းကြီးတွေ၊ ပဲခင်းကြီးတွေကို မတွေ့ရတော့ ဝမ်းနည်းသွားမိသည်။ ရီတ်သိမ်းပြီးစ စိမ်ဖျော့ တောကလေးကတော့ ကျွန်မကို စိမ်းကားမနေပါ။
‘ရွာထဲကို ပြန်ဝင်ခဲ့တော့လည်း တလင်းပြန့်တွေထဲမှာ ဟည်းထနေသည့် ပဲနွယ်ပုံ ကြီးတွေကိုကျွန်မမြင်ခဲ့ရ။ ပဲသိမ်းချိန်လွန်သွားခဲ့ပြီးလားမသိ။ ကျွန်မငယ်ငယ်က စီးခဲ့ဖူးသည့် ကြီးတော်တို့ ခြံထောင့်ကဆီဆုံကုန်းထက်မှာ စီးနေကျ ဆီဆုံကြီးလည်း မရှိတော့ပါ။

နွေဦးက ကျွန်မကို ခံစားမှုအမျိုးမျိုးပေးနေကြသော်လည်း သည်တစ်ခေါက်နွေအပြန်ကတော့ ပိုလို့တောင်လွမ်းစရာကောင်းနေခဲ့သည်။ သည်မြင်းကွင်းသည် ရှုခင်းတွေက ရှိနေတုန်းကလည်း လွမ်းစရာ၊ မရှိတော့လည်းလွမ်းစရာ။

ခင်ခင်ထူး
မေလ ၂၀၀၄ ၊ ရုပ်ရှင်သစ္စာ

About The Author

greenness_mm

No Comments

Leave a Reply