ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ

ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းက သူငယ်ချင်းတစ်ယောက်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်း အမှတ်စကားဝိုင်း လုပ်မယ်လို့ ဖတ်လိုက်ရတယ်။ အဲဒီတော့မှ စာရေးသူလည်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့တောင် ရောက်တော့မှာလားလို့ သတိရသွားတယ်။ ဟုတ်တယ်။ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ၁၉၇၂ ခုနှစ် ဇွန် ၅ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်စဉ် ဇွန်လ ၅ ရက်နေ့ ရောက်တိုင်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့ကြတယ်။
ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့လာရတဲ့နောက် မြန်မာနိုင်ငံမှာလည်း နှစ်စဉ် ဇွန်လ (၅)ရက် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ရောက်တို်င်း အစိုးရအဖွဲ့အစည်းတွေက သစ်ပင်စိုက်ပွဲတွေ၊ ကဗျာ ဆောင်းပါးနဲ့ စာစီစာကုံးပြိုင်ပွဲတွေ ပြုလုပ်လာခဲ့ကြသလို အစိမ်းရောင် NGO အဖွဲ့ တစ်ဖွဲ့ချင်းရော၊ စုပေါင်းပြီးရော သစ်ပင်စိုက်တွေ စိုက်ပြီး ပန်းချီ၊ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲတွေ၊ ဟောပြောပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ စကားဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်လာကြတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကလည်း နှစ်စဉ် ကမ္ဘာ့ ပတ်ဝန်းကျင်နေ့ရောက်တိုင်း ဆောင်ပုဒ်တွေကို တခုတ်တရထုတ်ပြန်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိ်မ်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဒီနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ရဲ့ ဆောင်ပုဒ်ကတော့ Beat Plastic Pollution “ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ” ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး “ဘာကြောင့် ဆန့်ကျင် တိုက်ဖျက်ရမှာလဲ။ ပလတ်စတစ်က ဘယ်လောက်ညစ်ညမ်းနေလို့လဲ။ အလကား၊ အပိုတွေ လုပ်နေတာပါကွာ” လို့ လူအများစုက ထင်မြင်ယူဆကြပါလိမ့်မယ်။ အဲဒီအတွက် စာရေးသူ သိသလောက်လေး ရှင်းပြချင်ပါတယ်။ မှားတာ၊ လိုတာ ရှိရင်တော့ ပညာရှင်တွေအနေနဲ့ ပြင်ဆင်ဖြည့်စွက်ပေးစေလိုပါတယ်။
ပလတ်စတစ်ကို ၁၈၆၉ ခုနှစ်က စတီထွင်ခဲ့တယ်လို့ သိရပါတယ်။ သဘာဝသယံဇာတတွေ အလွန် အကျွံ မသုံးဘဲ လူလုပ်ပစ္စည်းကို ဦးစားပေးထုတ်လုပ်တဲ့အခါ ပလတ်စတစ်က နေရာပိုရသွားတာလည်း ဖြစ်နိုင် ပါတယ်။ ပလတ်စတစ်တမျိုးဖြစ်တဲ့ နိုင်လွန်ကို ၁၉၃၅ ကတည်းက တီထွင်ထားတာမို့ ဒါနဲ့ပဲ လေထီးတွေ၊ ကြိုး တွေ၊ ကျည်ကာတွေ၊ သံခမောက်အနားသတ်တွေစတဲ့ စစ်မြေပြင် သုံးပစ္စည်းတွေထုတ်လုပ်တဲ့အတွက် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုဟာ ပလတ်စတစ်ချည်း ရာခိုင်နှုန်း ၃၀၀ ထိတိုးပြီး ထုတ်ရပါတယ်။ ကမ္ဘာတလွှားမှာ ပလတ်စတစ်ထုတ်လုပ်နေတာကလည်း ပျမ်းမျှအားဖြင့် ၁၂ နှစ်တိုင်း နှစ်ဆတိုးလာ လိုက်တာ ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အလူမီနီယံ၊ ကြေးနီ၊ ခဲနဲ့ဇင့် စုစုပေါင်းထုတ်လုပ်တာထက် ကျော်လွန်သွားပြီး သုံးတဲ့နှုန်းကလည်း ၁၉၄၅ ကစပြီး ရာခိုင်နှုန်း တစ်ထောင်ကျော်သွားပါတယ်။ လက်ရှိအချိန်မှာ ပလတ်စတစ်ကို အစားအစာထုပ်ပိုးမှု (Packing) ပြုလုပ်ရာမှာ အများဆုံးသုံးစွဲပြီး စုစုပေါင်းပလတ်စတစ်သုံးစွဲမှုရဲ့ ၄၀ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ နှစ်စဉ် ကမ္ဘာပေါ်မှာ ပလတ်စတစ်အိတ် ဘီလီယံ ၅၀၀ ခန့်ကို သုံးစွဲနေကြပြီး ၅၀ ရာခိုင်နှုန်းဟာ တစ်ခါသုံး ပလတ်စတစ်အိတ်တွေ ဖြစ်တယ်။ ကမ္ဘာမှာ တစ်မိနစ်တိုင်း ပလတ်စတစ်ဘူး တစ်သန်းကို ဝယ်ယူ သုံးစွဲပြီး ၂၀၁၆ ခုနှစ်မှာ ရေသန့်ဘူး ၄၈၀ ဘီလီယံ ရောင်းချခဲ့တယ်လို့ သိရတယ်။ ပလတ်စတစ် ထုတ်လုပ်တဲ့ နေရာမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုရဲ့ ၂၈ ရာခိုင်နှုန်း ရှိပါတယ်။
သတင်းထုတ်ပြန်ချက်တစ်ခုမှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာအရ တစ်ဦးချင်းသော် လည်းကောင်း၊ အစုလိုက်သော်လည်းကောင်း နေ့စဉ်သုံးစွဲနေတဲ့ ပလတ်စတစ်အိတ်တွေ၊ ဖျော်ရည်ပိုက်တွေ၊ ပလတ်စတစ် ရေဘူးတွေအတွက် တစ်နှစ်ကို ပလတ်စတစ် တန်သန်းပေါင်း ၃၀၀ ခန့် ထုတ်လုပ်နေတယ်လို့ ဖော်ပြထားပါ တယ်။ ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်နေတဲ့ ပလတ်စတစ်ပစ္စည်းတွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ပြန်လည်အသုံးပြုနိုင် ပြီး ကျန်တဲ့ပလတ်စတစ်တွေဟာ မြေကြီးထဲမှာ၊ သမုဒ္ဒရာထဲမှာ အမှိုက်တွေအဖြစ် ဆက်လက်တည် ရှိနေပါ တယ်။ သမုဒ္ဒရာထဲမှာရှိတဲ့ ပလတ်စတစ်အမှိုက်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လူတွေ စွန့်ပစ်လိုက်တဲ့ ဖျော်ရည်ပိုက် တွေနဲ့ အိတ်ခွံတွေပဲ ဖြစ်ပါတယ်။ ပလတ်စတစ် စွန့်ပစ်မှုနှုန်း ဒီထက်ပိုမိုဆိုးရွားလာရင်တော့ ၂၀၅၀ ခုနှစ်မှာ ပင်လယ်သမုဒ္ဒရာကြီးတွေဟာ ငါးထက် ပလတ်စတစ်တွေနဲ့ ပြည့်လျှံနေမယ့်သဘောရှိပါတယ်။ မြန်မာနိုင်ငံမှာ လည်း ပလတ်စတစ် စွန့်ပစ်တာဟာ လွန်ခဲ့တဲ့ငါးနှစ်နဲ့နှိုင်းယှဉ်ရင် သုံးဆ ပိုမိုများပြားလာတာကိုတွေ့ရပြီး မြန်မာ့ ရေလမ်းကြောင်းတွေထဲ နေ့စဉ် အမှိုက်တန်ချိန် ၂၀၀ ကျော် စီးဝင်လျက်ရှိတယ်။ စာရေးသူ ရောက်ရှိခဲ့တဲ့ မြစ် ကမ်းပါးဒေသတွေ၊ ပင်လယ်ကမ်းခြေဒေသတွေမှာ လူတွေဟာ ပလတ်စတစ်နဲ့ အမှိုက်မျိုးစုံကို မြစ်ထဲ၊ ပင်လယ် ထဲကိုပဲ စွန့်ပစ်နေကြတာ တွေ့ရပါတယ်။ ဒီအတွက်လည်း မြန်မာ့ရေထုထဲမှာ ပလတ်စတစ်အမှိုက်တွေ စီးမျော လာရခြင်း ဖြစ်နိုင်ပါတယ်။
‘‘မိနစ်တိုင်းမှာ ပလတ်စတစ် အမှိုက်ကားတစ်စီးစာဟာ ချောင်းတွေ၊ မြစ်တွေကတစ်ဆင့် ပင်လယ် သမုဒ္ဒရာထဲ စွန့်ပစ်ခံနေကြရပါတယ်။ ဒီမိနစ်တိုင်း ကားတစ်စီးရဲ့ ပမာဏဟာ တစ်နှစ်ကို ရှစ်ဘီလီယံတန်နဲ့ ညီမျှ ပြီး ပလတ်စတစ် အမှိုက်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကမ္ဘာ့အထင်ကရ မြစ်ကြီး ၁၀ သွယ်ကနေ မျောပါလာပါတယ်။ မြစ်ကမ်းတွေတစ်လျှောက် လူဦးရေထူထပ်စွာ နေထိုင်ကြခြင်းဟာ ဒီအမှိုက်တွေ ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်” လို့ ဂျာမနီနိုင်ငံ Helmholtz Centre သဘာဝပတ်ဝန်းကျင်သုတေသနဌာနက Herr Christian Schmidt က VOA သတင်းစဉ်နဲ့ ဆွေးနွေးခန်းတစ်ခုမှာ ပြောခဲ့တယ်။ အဲဒီပလတ်စတစ် အမှိုက်တွေဟာ မြစ်ရေတွေနဲ့ မျောပါလာတာတွေဖြစ်ပြီး မြစ်အသီးသီးရဲ့ ရေဝေရေလဲတွေ၊ ရေတိမ်ဒေသတွေမှာ ဘယ်လောက်ကျန်ခဲ့တယ်ဆိုတာကို ဘယ်သူမှ ခန့်မှန်းလို့ မရပါဘူး။ ပင်လယ်သမုဒ္ဒရာတွေထဲ တိုးပွားလာတဲ့ ပလတ်စတစ်စွန့်ပစ်မှုဟာ ရေနေသတ္တဝါတွေရဲ့ ဂေဟစနစ်နဲ့ အသက်ရှင်နေထိုင်မှုကို တစ်နေ့ထက်တစ်နေ့ ခြိမ်းခြောက်လာပါတယ်။ အထူးသဖြင့် ကော်စမတ်တစ်လို အလှကုန်ထဲပါတဲ့ မိုက်ခရိုပလတ်စတစ် (Micropl-astics) တွေကို စားသုံးမိတဲ့ လူတွေရဲ့ပင်လယ်စာတွေထဲမှာ ဒီသေးငယ်တဲ့ပလတ်စတစ်အစပေါင်း တစ်သောင်း ခန့် တွေ့ရှိတယ်လို့ ဘယ်လ်ဂျီယံက Ghent တက္ကသိုလ်ရဲ့ သုတေသနထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပိန်နိုင်ငံတောင်ပိုင်း မာဆီယန်ကမ်းခြေမှာ ဧရာမဝေလငါးကြီး တစ်ကောင် သေဆုံးပြီး သောင်တင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဧရာမ ဝေလငါမျိုးကြီးဟာ ၃၃ ပေ အရှည်ရှိပြီး အလေးချိန် ၆ တန် လေးပါတယ်။ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာ El Valle က ဝေလငါး အလောင်း ကို စမ်းသပ် စစ်ဆေးတဲ့အခါ ဝေလငါးကြီးဟာ ပလတ်စတစ် အမှိုက်သရိုက် ပစ္စည်း ၆၄ ပေါင်ထိ စားထားပြီး အစာအိမ်နဲ့ အူတွင်းဒဏ်ပိပြီး သေဆုံးသွားခဲ့တာလို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဝေလငါးကြီးရဲ့အလောင်းကို ခွဲစိတ်ကြည့်ရာမှာ အစာအိမ်နဲ့ အူတွေထဲကနေ ပလတ်စတစ်အိတ် အကြီးအသေးမျိုးစုံ၊ ပိုက်ကွန်တွေ၊ ပလတ် စတစ်ကြိုးတွေနဲ့ ပလတ်စတစ် ဂျယ်လီဘူးတွေအထိ တွေ့ခဲ့ရပါတယ်။ ပင်လယ်ထဲ ပလတ်စတစ် စွန့်ပစ်မှုများ လာတာနဲ့အမျှ ပလတ်စတစ်ကို စားသုံးမိတဲ့ ဝေလငါးတွေရဲ့ သေဆုံးမှုတွေဟာလည်း တိုးမြင့်လာတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုန်းကလည်း အလားတူအနေနဲ့ ဧရာမဝေလငါး ၁၃ကောင်ဟာ ပလတ်စတစ် မျိုမိရင်း သေဆုံး ကာ ကမ်းတင်လာခဲ့ဖူးတယ်။ ဒီလိုပဲ ပင်လယ်သမုဒ္ဒရာထဲက စွန့်ပစ်ပလတ်စတစ်တွေကြောင့် ဝေလငါးအပါ အဝင် ရေနေသတ္တဝါတွေ အများကြီး ဆုံးရှုံးနေကြရပါတယ်။
ပလတ်စတစ်တွေဟာ ရေထုညစ်ညမ်းမှုနဲ့ ရေသတ္တဝါတွေကို သေဆုံးစေရုံသာမက မြေဆီလွှာပျက်စီးမှု နဲ့ လူအပါအဝင် သတ္တဝါတွေရဲ့ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်လျက်ရှိပါတယ်။ ပလပ်စတစ်မှာပါတဲ့ ကင်ဆာဖြစ်စေတဲ့ စတိုင်ရင်း (Styrene) ဓာတ်နဲ့ ဒိုင်အောက်ဇင်းဓာတ်တွေ ပါဝင်ပါတယ်။ ဒီအတွက် ပူသော အစားအစာ ဆီပါဝင်သော အစားအစာကို ပလတ်စတစ်အိတ်ထဲထည့်ခြင်း၊ အစားအစာကို ပလပ်စတစ်နဲ့ ထည့် ပြီး ရေခဲသေတ္တာထဲမှာ သိုလှောင်ထားခြင်းတွေ ပြုလုပ်ရင် အစားအသောက်ထဲကို ပလတ်စတစ်မှာပါဝင်တဲ့ ဓာတ်တွေက ပျော်ဝင်ပြီး ရင်သားကင်ဆာနဲ့ ကင်ဆာအမျိုးမျိုး၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းနဲ့ မျိုးပွားမှုကို ထိခိုက်ခြင်းတို့ကို ဖြစ်စေတယ်။ သုတေသီများရဲ့ သုံးသပ်ချက်အရ ကမ္ဘာတစ်ဝန်း ပလတ်စတစ် သုံးစွဲမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ထက် အဆ ၂၀ တိုးမြင့်လာခဲ့ပြီး လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ၂၀၁၄ ခုနှစ်ထက် သုံးဆ တိုးမြင့်လာနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Pro-gramme)ကို တက်ရောက်ခဲ့တဲ့ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ပလတ်စတစ် လျှော့သုံးရေး၊ ပင်လယ်သမုဒ္ဒရာတွေထဲ ပလတ်စတစ် စွန့်ပစ်မှုကို တားဆီးရေးအတွက် သဘောတူလက်မှတ် ရေးထိုးခဲ့ကြ တယ်။
လက်ရှိအချိန်မှာတော့ နိုင်ငံပေါင်း ၂၀၀ မြောက်နိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ ပလတ်စတစ်လျှော့ချသုံးစွဲရေးကို ရည်ရွယ်ပြီး ပလတ်စတစ်အိတ်သုံးစွဲမှုအပေါ် အခွန်ငွေ ငါးပဲနိစတင်ကောက်ခံ နေပါပြီ။ အလားတူပဲ ပလတ်စတစ် ထုတ်လုပ်တဲ့ ကော်စေ့ ထုတ်လုပ်မှုကိုလည်း ကန့်သတ်ထားပါတယ်။ ဝန်ကြီးချုပ် ထရီဆာမေကလည်း နိုင်ငံခြားက ဝင်လာမယ့် ထောက်ပံ့ငွေတွေကို ပလတ်စတစ်ကြောင့်ဖြစ်ပေါ် လာတဲ့ ညစ်ညမ်းမှုတွေကို လျော့ပါးရေးစီမံကိန်းတွေမှာ သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး ဗြိတိန်နိုင်ငံ ရဲ့ ပလပ်စတစ်လျှော့ချရေး သဘောတူညီချက်မှာ အဓိကစီးပွားရေးကုမ္ပဏီပေါင်း (၄၂) ခု လက်မှတ်ရေးထိုးခဲ့ ကြတယ်။ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ်မှာ လက်မှတ်ရေးထိုးထားကြတဲ့ နိုင်ငံပေါင်း ၂၀၀ က ပလတ်စတစ်အမှိုက်တွေကို သိမ်းဆည်းနိုင်သမျှ သိမ်းဆည်းဖို့၊ ပြန်သုံး (Recycle) လုပ်ဖို့၊ တစ်ကြိမ်ထက်မက ပြန်သုံးနိုင်မယ့် ပလတ်စတစ်မှအပ ထုပ်ပိုးပစ္စည်းတွေ စမ်းသပ်သုံးစွဲဖို့နဲ့ ပလတ်စတစ်အမှိုက်တွေကို ပင်လယ် သမုဒ္ဒရာထဲ မဝင်ရောက်နိုင်ဖို့ အစီအမံတွေကို စတင်လုပ်ကိုင်နေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း အစိုးရအဖွဲ့ အပါအဝင် NGO အဖွဲ့တွေက ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေကြတာကို တွေ့ရ ပါတယ်။
အဲဒီလိုတွေ ဆောင်ရွက်နေတဲ့ကြားကပဲ စွန့်ပစ်ပလတ်စတစ်ပြဿနာဟာ တစ်နေ့တစ်ခြားကြီးထွားလာ ခဲ့တယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေ ပလတ်စတစ်သုံးစွဲမှု လျော့နည်းလာအောင် အသိ ပညာပေးခြင်း၊ ပလတ်စတစ်အစားထိုး အသုံးပြုမှုကို နည်းပညာမြှင့် ဆောင်ရွက်ခြင်း၊ စွန့်ပစ်ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေအတွက် နည်းပညာတွေ၊ ကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေကို အသုံးပြုပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှု၊ ကုန်းနေ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ လိုတယ်။ ထို့နည်းတူ ပြည်သူတွေအနေနဲ့လည်း ပလတ်စတစ်သုံးစွဲမှုကို ကိုယ့်အသိစိတ်နဲ့ကိုယ် လျော့ချကြဖို့ လိုတယ်။ ဒီကိစ္စဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် အနာဂတ်ကမ္ဘာနဲ့ လူအပါအဝင် သတ္တဝါတွေရဲ့ အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် အဓိကဖြေရှင်းရမယ့် ပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဒီအတွက်လည်း ကမ္ဘာ့ကုလ သမဂ္ဂအနေနဲ့ ဒီနှစ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ရဲ့ ဆောင်ပုဒ်ကို Beat Plastic Pollution “ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ”လို့ ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေအပါအဝင် မြန်မာနိုင်ငံအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုကို မဖြစ်မနေ ဆန့်ကျင်တိုက် ဖျက်ကြဖို့ လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

မင်းချစ်နိုင်
(4.6.2018)

ဆရာမင်းချစ်နိုင်ရဲ့ -ဂျင်း ထည့်တိုင်းခံနေရတော့မှာလား- ဆောင်းပါးစုစည်းမှုစာအုပ်မှ ကူးယူဖော်ပြပါသည်။

About The Author

greenness_mm

No Comments

Leave a Reply