ဖက်ယဉ်ကျေးမှုကို ပြန်သွားကြရအောင် (လူထုစိန်ဝင်း)

ဖက်ယဉ်ကျေးမှုကို ပြန်သွားကြရအောင် (လူထုစိန်ဝင်း)

ဖိုင်တွဲထဲက လိုချင်တာတစ်ခုရှားရင်းနဲ့ ၁၉၉၉ ခုနှစ်က သတင်းစာဖြတ်ပိုင်းလေးတစ်ခုတွေ့တာနဲ့ အမှတ်မထင် ဖတ်ကြည့်လိုက်မိတယ်။ အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်နယ်ကြီးနှစ်ခုက အကြီးအကဲတွေ စကားစစ်ထိုးနေကြတဲ့ သတင်းဖြစ်နေတာကြောင့် စိတ်ဝင်စားပြီး ဆက်ဖတ်ကြည့်လိုက်မိပါတယ်။
စကားစစ်ထိုးကြတာက နယူးယောက်မြို့တော်ဝန်နဲ့ ဗားဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ဖြစ်ပါတယ်။ ဗာဂျီးနီးယားပြည်နယ်အတွင်းကို နယူးယောက်မြို့တော်က အမှိုက်တွေ လာပစ်တာကို ကန့်သတ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စကားစစ်ထိုးပွဲကြီး ပေါ်ပေါက်လာခဲ့တာပါ။ နယူးယောက်မြို့တော်က နေ့စဉ်ထွက်နေတဲ့အမှိုက်ဟာ တန်ချိန် ၇၇၀၀ ရှိပါတယ်။ အဲဒါတွေကို ဗာဂျီးနီးယားပြည်နယ်အတွင်းရှိ လွင်ပြင်အမှိုက်ပုံတွေမှာ လာပြီး စွန့်ပစ်ပါတယ်။ ဒီလို အမှိုက်ပုံကြီးတွေ ဗာဂျီးနီးယားပြည်နယ်မှာ ၇ ခုရှိပါတယ်။
အမေရိကန်နိုင်ငံမှာ ပင်ဆယ်ဗားနီးယားပြည်နယ်ပြီးရင် ဗာဂျီးနီးယားဟာ ဒုတိယပကြီးမားဆုံး အမှိုက်လက်ခံတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ဒီလိုအမှိုက်လက်ခံတဲ့အတွက် ဗားဂျီးနီးယားပြည်နယ်က နေ့စဉ် အခွန်ငွေ ဒေါ်လာသန်း ၅၅၀ ရရှိပြီး လူပေါင်း ၅၀၀၀ ကျော်ကို အလုပ်ပေး ထားနိုင်ပါတယ်။
နယူးယောက်မြို့တော်ဝန်ကို နယူးဂျာစီပြည်နယ်က အမျိုးသမီးအုပ်ချုပ်ရေးမှူးကလည်း မကျေမနပ် ဖြစ်နေပါတယ်။ သူ့ပြည်နယ်တွင်းကို နယူးယောက်ကအမှိုက်တွေ လာပစ်ဖို့ ကြံရွယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ နယူးယောက်မြို့တော် စတိတ်တင်းကျွန်းပေါ်က အမှိုက်ပုံကြီးဟာ နောက်ထပ်လက်ခံနိုင်စွမ်း မရှိတော့တာကြောင့် နယူးယောက်ဟာ အမိှုက်ပစ်စရာနေရာမရှိတဲ့ ပြဿနာကြီးကို ရင်ဆိုင်နေရပါတယ်။
အရင်ကတော့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ပြည်နယ်ဒေသတွေက အခကြေးငွေယူပြီး မြို့ကြီးပြကြီးတွေက အမှိုက်တွေ လာပုံတာကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ စက်မှုလုပ်ငန်းစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်တွေ ညစ်ညမ်းမှု ကြီးမားလာခဲ့ပါတယ်။ မြစ်ချောင်းတွေ အဆိပ်သင့်မှုကြောင့် ငါတွေ သေဆုံးရတာမျိုးတွေလည်း ဖြစ်ပွားလာကြပါတယ်။ အဲဒါကြောင့် နယ်သူနယ်သားတွေနဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆော်ဩသူများကြောင့် မြို့ပြစွန့်ပစ် ပစ္စည်းတွေ ပိုလက်ခံဖို့ ငြင်းဆန်လာခဲ့ ကြပါတော့တယ်။
အဲဒီတော့ တစ်ချို့ ပြည်နယ်တွေက ပြည်တွင်း ဆန့်ကျင်ကန့်ကွက်မှုကို ရှောင်ရှားဖို့ ပြည်ပမှာ သွားရောက်စွန့်ပစ်ဖို့ နည်းလမ်းရှာလာကြပါတယ်။ အမှိုက်တွေကို သင်္ဘောကြီးတွေနဲ့ တင်ပြီး အာဖရိကတိုက်က ကမ်းခြေနိုင်ငံက တစ်ချို့မှာ သွားပြီး စွန့်ပစ်ကြပါတယ်။ တောင်အမေရိက၊ ဘရာဇီးနိုင်ငံကိုလည်း သွားပစ်ကြပါတယ်။ အဲဒီလိုအမှိုက်ပစ်တဲ့အတွက် အခကြေးငွေ ရရှိတာကိုမက်ပြီး လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အတော်ကြာလာတော့ စွန့်ပစ်အမှိုက်တွေထဲမှာ စက်ရုံမျိုးစုံက စွန့်ပစ်တဲ့ အမှိုက်မျိုးစုံလည်း ပါလာတာကြောင့် မြစ်၊ ချောင်း၊ အင်းအိုင်တွေ အဆိပ်သင့်တာတွေ ဖြစ်လာပြီး ရေသတ္တဝါတွေနဲ့ ကျေးငှက်တိရစ္ဆာန်တွေ အတုန်းအရုန်း သေဆုံးကြရတယ်။ အဲဒါကြောင့် အဲဒီနိုင်ငံတွေက လက်မခံတော့ဘူးလို့ ငြင်းပယ်လာခဲ့ကြပါတယ်။ အရှေ့တောင်အာရှ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ခပ်စောစောပိုင်းက အမှိုက်တွေ လာပစ်တာကို လက်ခံခဲံပါတယ်။ ဒါပေမယ့် အဆိပ်သင့်ပြီး လူအသေအပျောက်တွေတောင် ရှိလာခဲ့တာကြောင့် နောက်ပိုင်းကျတော့ လက်မခံတော့ပါဘူး။ အဲဒါကြောင့် စက်မှုနိုင်ငံကြီးတွေမှာ ဒီအမှိုက်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းများ ရှာဖွေကြံဆနေကြရပါတယ်။
စက်မှုနိုင်ငံကြီးတွေ ကြုံတွေ့နေရတဲ့ အမှိုက်ပြဿနာကို ဖွံ့ဖြိုးဆဲနိုင်ငံများ အလေးအနက်လေ့လာကြဖို့ ကောင်းပါတယ်။ စက်မှုထူထောင်ရေးကို အထူးဦးစားပေးဆောင်ရွက်ခဲ့ကြပြီး ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်ထားခြင်း မရှိတာကြောင့်ဒီလိုအမှိုက်ပြဿနာတွေ တွေ့ကြုံနေရတာ ဖြစ်ပါတယ်။ စက်ရုံတွေက စွန့်ထုတ်လိုက်တဲ့ ပစ္စည်းတွေတိုင်းမှာ ဓာတုပစ္စည်းတွေ အနည်းနဲ့အများ ပါလာကြတာချည်း ဖြစ်ပါတယ်။ ကွင်းပြင်ကြီးထဲမှာ ပုံထားရာက မိုးရွာချလိုက်တဲ့အခါမှာ အဲဒီဓာတုပစ္စည်းတွေ မြစ်၊ ချောင်း၊ အင်းအိုင်ထဲ စီးဝင်ကုန်ကြပါတော့တယ်။ အဲဒီကတစ်ဆင့် ရေသတ္တဝါတွေ အဆိပ်သင့် သေဆုံးကြရသလို မြစ်ချောင်း အင်းအိုင်ထဲက ရေကိုပဲ သောက်သုံးနေကြရတဲ့ မြစ်အောက်ပိုင်းက လူတွေလည်း အဆိပ်သင့်ပြီး ရောဂါမျိုးစုံ ရလာကြပါတယ်။
အဆိပ်ပစ္စည်းမဟုတ်တဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကလည်း ရေရှည်မှာ တော်တော်ဒုက္ခပေးပါတယ်။ ပလတ်စတစ်ပစ္စည်းတွေက နှစ်တွေ ဘယ်လောက်ကြာကြာ ဆွေးမြည့်ပျက်စီးသွားနိုင်တာ မဟုတ်ကြတော့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို အမျိုးမျိုး ဒုက္ခပေးပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အဲဒီဒုက္ခကို ကောင်းကောင်းကြီး ခံစားခဲ့ရပြီးပြီဆိုတော့ ပလတ်စတစ်ပစ္စည်းတွေကို အမှိုက်ပုံတွေမှာ မစွန့်ပစ်ဘဲ ပြန်ကျိုပြီး သုံးစွဲတဲ့လုပ်ငန်းတွေ လုပ်ကိုင် နေကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အခုမှ ပလတ်စတစ်ယဉ်ကျေးမှု ထွန်းကားလာစ ဖြစ်လေတော့ စျေးသွားစျေးပြန် ကြွပ်ကြွပ်အိတ်ကလေးတွေနဲ့ ကြော့ကြော့မော့မော့ လုပ်ကောင်းတုန်းရှိကြသေးတယ်။ အန္တရာယ်ကို မမြင်ကြသေးဘူး။ ကိုယ့်ရှေ့က နိုင်ငံကြီးတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကြည့်၊ သင်ခန်းစာယူပြီး ရှောင်သင့်တာတွေကို စောစောစီးစီး ရှောင်းထားကြဖို့ သင့်တယ်။
ပထမဆုံးလုပ်သင့်တာကတော့ ကြွပ်ကြွပ်အိတ်တွေနေရာမှာ ရှေးတုန်းကလိုပဲ စက္ကူအိတ်တွေ၊ ငှက်ဖျောဖက်တွေ၊ အင်ဖက်တွေ ပြန်သုံးကြဖို့ပဲဖြစ်တယ်လို့ ဆော်ဩလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
+ဆရာကြီး လူထုစိန်ဝင်းကတော့ စေတနာစိတ်နဲ့ ၂၀၀၉ ခုနှစ်မှာ အဲဒီဆောင်းပါးကို ရေးပြီး မြန်မာပြည်သူတွေကို သတိပေးခဲ့ပါတယ်။
အခုတော့ မြန်မာနိုင်ငံမှာ ကြွပ်ကြွပ်အိတ် မသုံးရရင် မနေနိုင်တဲ့ ရောဂါ ဖြစ်နေပြီဆရာကြီးရေ..၊
ဆရာကြီးကို သတိရစွာဖြင့်

About The Author

greenness_mm

No Comments

Leave a Reply