မလာကြပါနဲ့ကြောက်လို့ပါ

မလာကြပါနဲ့ကြောက်လို့ပါ

အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့သုတေသနပြုချက်အရမြန်မာနိုင်ငံအနေနဲ့ကမ္ဘာပေါ်မှာရာသီဥတုအဆိုးဝါးဆုံးနိုင်ငံစာရင်းဝင်ဖြစ်နေတဲ့အပြင်ရာသီဥတုဘေးအန္တရာယ်အတွက် ပြင်ဆင်မှု အနည်းဆုံး ၁၀နိုင်ငံမှာလည်း ပါဝင်နေသတဲ့။သည်အတိုင်းဆိုရင် ၂၀၁၇ ဒီဇင်ဘာကစပြီး ၂၀၁၈ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအထိ မြန်မာနိုင်ငံမှာ လာနီညာရာသီဥတုဖြစ်မယ်လို့ ကြိုသိထားရတော့ စိုးရိမ်ထိတ်လန့် မိတယ်။

စာရေးသူ သိမှတ်ထားတာကို အကြမ်းဖျင်းပြောရရင် အယ်လ်နီညီု ဖြစ်မယ်ဆိုရင် မတရားပူမယ်၊ လာနီညာဖြစ်ရင် အေးမယ်၊ အအေးကြာရှည်တယ်ဆိုတာပါပဲ။

ကိုယ့်နိုင်ငံရဲ့ ရာသီဥတုကလည်း အတော်ဆိုးဝါးပေတာပဲ၊ လွန်ခဲ့တဲ့ ၁၀နှစ် ၂၀၀၈လောက်က နာဂစ်ဖြစ်လိုက်တော့မှ ရာသီဥတုဆိုးမှန်း သိသိသာသာဖြစ်လာတာ။ ၂၀၀၈ မေလက နာဂစ်ဖြစ်လိုက်တယ်လေ၊ လူပေါင်းသိန်းချီသေသွားရတယ်။ ကျောချမှ ဓားပြမှန်းသိ ဆိုသလိုပဲ။

၂၀၀၅-၂၀၀၆ လောက်ကတည်းက ရာသီဥတု ဆိုးဝါးစပြုနေပေမဲ့ အမှုမဲ့ အမှတ်မဲ့ပဲ ပိုတူလာတယ်ဆိုတာ လောက်ပဲ သိထားကြတယ်။ ၂၀၀၈ ကျတော့ အစွမ်းကုန်ဆိုးဝါးတဲ့ ရာသီဥတုက အဖျက်စွမ်းအားကြီးမားစွာနဲ့ ချေမှုန်းလိုက်တော့မှ ၂၀၀၈ ဟာ အားကောင်းတဲ့ လာနီညာနှစ်လို့ သိလိုက်ရတယ်။

၂၀၁၆ ခုနှစ်က ဆောင်းတွင်းကြီးတောင်ပူနေလို့ နွေရာသီများရောက်ရင် ဘယ်လိုနေရပါ့မလဲ တွေးနေမိတယ်။ ၂၀၁၆ ဖေဖော်ဝါရီ ဆောင်းရာသီဖြစ်နေပေမဲ့ ဒေသအချို့ သောက်သုံးရေ အခက်အခဲဖြစ်နေပြီ။ အယ်လ်နီညိုရဲ့ ရိုက်ခတ်မှုတဲ့။

၂နှစ်တစ်ကြိမ်၊ ၇နှစ်တစ်ကြိမ် အယ်လ်နီညိုဖြစ်တတ်ပြီး ၂၀၁၅၊ ၂၀၁၆ ခုနှစ်က အပြင်းဆုံး ဖြစ်တယ်လို့ သိရတယ်။

ပျော်စရာကောင်းခဲ့တဲ့ နွေရက်တွေကို ပြန်တွေးမိတယ်။ နွေရာသီတပေါင်းလဆိုရင် ဇာတိကျေးရွာမှာတည်ထားတဲ့ ကိုးတောင်ပြည့်ဘုရားပွဲလေးမှာ ပျော်ခဲ့ဖူးတယ်။ ဆွမ်းတော်ကြီးတင်တာကို အမေနဲ့အတူ လိုက်သွားတယ်။ မြန်မာမုန့်တွေလည်း အစုံစားရတာပေါ့။ ကိုယ့်အိမ်က မုန့်ကိုလည်း ဝေငှ၊ သူတစ်ပါးလုပ်တဲ့ မုန့်တွေလည်း ရပေါ့။

မုန့်တွေဗိုက်ပြည့်အောင် နင်းကန်စားတာတောင် ဘာအန္တရာယ်မှ မရှိဘူး။ သန့်ရှင်းလတ်ဆတ်တာကိုး ဆန်၊ကောက်ညှင်းသက်သက်နဲ့ လုပ်တာ၊ ဆော်ဒါတို့လို ဆေးတွေမပါဘူး။ အချိုအဖြစ် ထန်းလျက်သုံးတယ်။

မုန့်စားရတော ကလေးပီပီ ပျော်တာပေါ့။ သစ်ပင်အမြင့်ကြီးဆီက ဥဩသံချိုနွဲ့နွဲ့လည်း နားထောင်လို့ကောင်း၊ လယ်တလင်းပြင်ဆီ့ လှည်း သံတအီအီကိုလည်း ကြားရတယ်။ အဖေနဲ့ ဘကြီးတို့က မိုးတွင်းစာအတွက် နွားစားဖို့ ကောက်ရိုးတိုက်နေတာပါ။

ကိုယ်တို့ကလေးတွေက အဆော့မက်တာလေ။ နေ့လယ်ဆို အရိပ်ကောင်းတဲ့ သစ်ပင်အောက်ကို သွားမယ်၊ ကစားနည်းမျိုးစုံထဲက ကြိုက်ရာရွေးကစားစမ်း။ နွေလေပြည် လေညင်းတိုက်တာများ ချွေးသိပ်သွားတာပဲ။

အဘွား၊ ဒွေးတော်၊ မိကြီးတို့ကို ကြည့်လိုက်ရင် ရှန်သားအင်္ကျီ ပွပွလေးတွေဝတ်၊ မျက်နှာကို သနပ်ခါး ရေကြဲပွတ်၊ ခရေပန်း ကံ့ကော်ပန်း အခြောက်ခံထားတာတွေကို သနပ်ခါး သွေးတဲ့အထဲထည့်ပြီး သွေးတာများညက်သွားတာပဲ အဲဒါကိုလူးတော့ သနပ်ခါး၊ ခရေ၊ ကံ့ကော်တို့ရဲ့ မွှေးရနံ့တွေ စုပေါင်းသွားတာပါပဲ။

လူကြီးတွေက ကရမက် လူးတယ်၊ အသားအေးတယ်တဲ့၊ မန်ကျည်းခေါက်ကိုသွေးပြီး မျက်စိအေးအောင် ကွင်းကြတယ်။

ရေနွေးကြမ်းအိုးကို နွေနေ့လယ်ခင်းတွေမှာ အပြတ်မခံဘူး၊ လက်ဖက်စား၊ ဝိုင်းဖွဲ့စကားပြောရင်း တစ်နွေကိုဖြတ်ကျော်ခဲ့တာ အသာလေးပဲ၊ တောရွာရဲ့ နွေကိုဖြတ်ကျော်နည်းက သာသာယာယာပဲ။

ဘယ်သူမှ ပူလှချည့်၊ လောင်လှချည့်လို့ ညည်းညူသံမကြားရဘူး နွေကလည်း ပုံမှန်အပူပဲ ဒီထက်မပိုဘူး။ အယ်လ်နီညို၊ လာနီညာဆိုတာများ မကြားဖူးပေါင်။

ဘာတဲ့လဲ အယ်လ်နီညို….

သမုဒ္ဒရာအတွင်းမှာ ရှိတဲ့ ရေပူစီးကြောင်းတွေ လမ်းပြောင်းလဲရာက ပေါ်ပေါက်လာတာတဲ့၊ သမုဒ္ဒရာအပူက ပင်လယ်ထဲရောက်ပြီး ပင်လယ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေကို ရိုက်ခတ်တာပဲ၊ ကိုယ်တို့ရဲ့ မြန်မာနိုင်ငံကလည်း ပင်လယ်နဲ့မိုင်ပေါင်းများစွာ ထိစပ်နေတော့ ရိုက်ခတ်ပြီပေါ့။

အယ်လ်နီညိုရိုက်ခတ်ရင် သာမန်နွေထက်ပိုပြီး ပူပြင်းခြောက်သွေ့မယ်၊ မြစ်ချောင်းအင်းအိုင် ကန်ကအစ အဝီစိတွင်းအဆုံး ရေခန်းမယ်၊ ကမ္ဘာကျော်အင်းလေးကန်တောင် ၂၀၁၆ ဇန်နဝါရီလကစပြီး ရေခန်း ခြောက်လာလိုက်တာ မတ်လမှာ မြေအချပ်လိုက်ဖြစ်နေတာ ဓာတ်ပုံထဲ တွေ့ရတယ်။

အယ်လ်နီညို အပူချိန်မြင့်တာကြောင့် မီးလောင်လွယ်တတ်တယ်၊ ၂၀၁၆ ဖေဖော်ဝါရီဒုတိယရက်သတ္တပတ်မှာ လျှပ်စစ်ဌာနက တပ်ဆင်ထားတဲ့ ထရန်စဖော်မာတွေကို ဗို့အားလျှော့ချကြတယ်။ လျှပ်စစ်နဲ့ အယ်လ်နီညိုပေါင်းပြီး လောင်ကျွမ်းကုန်မှာစိုးလို့ ကြိုတင်ကာကွယ်တာပါ။

မြေအောက်ရေထုတ်ယူသုံးစွဲရင် အလေအလွင့်မရှိအောင် လုပ်ကြစို့ နွေရာသီမှာ စိုက်မယ့် သီးနှံတွေကို ရေသွင်းစနစ်အစား ရေဖျန်းစနစ် သုံးဖို့၊ နွေစပါးစိုက်ခင်းတွေမှာ သက်တမ်တိုမျိုးစိတ်တွေ စိုက်ဖို့လိုအပ်တယ်လို့ သက်ဆိုင်ရာတွေက အယ်လ်နီညိုရာသီဥတုနဲ့ ပတ်သက်ပြီး သတိပေးပါတယ်။

မြေအစိုဓာတ်ကို ထိန်းဖို့အတွက်ကောက်ရိုး၊ မြက်ခြောက်၊ စပါးခွံ၊ ပဲရိုးစတဲ့ သီးနှံအကြွင်းအကျန်တွေကို မြေဖုံးပစ္စည်းအဖြစ် ဖုံးလွှမ်း ကာကွယ်ထားဖို့ အကြံပြုချက်ကလည်း ပါဝင်ပါတယ်။

အညာဒေသမှာ ရေရှားတော့ အချိန်ကုန်ခံပြီး နွားလှည်းနဲ့ တိုက်ရတယ်။ နောက်တော့ စက်ရေတွင်း အလှူရှင်တွေပေါ်လာတယ်။ အရင်လို ရေမရှားတာ့ တော်သေးရဲ့။

အယ်လ်နီညိုကြောင့် အပူရှိန်မြင့်တက်ရင် ပင်လယ်မှာ ရေငွေ့တွေ ပျံတက်ပြီး ကောင်းကင်မှာ တိမ်တိုက်တွေ စုဖွဲ့မယ်။ တိမ်တိုက်အရှိန်ကြောင့် ပူပြင်းတဲ့ကြားက ပျံကျမိုး(Convective) ရွာမယ်။ အဲဒီပျံကျမိုးက ရေများများ မကြိုက်တဲ့ဆောင်းသီးနှံတွေ ပျက်စီးစေတတ်သတဲ့။

အယ်လ်နီညိုအပူရှိန်ကြောင့် မြန်မာပြည်မြောက်ဖျားက ရေခဲတောင်တွေ အရည်ပျော်လို့ မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်တယ်။ မြန်မာပြည်အလယ်ပိုင်းက ရွှေစက်တော်ဘုရားပွဲ ဆိုင်ခန်းအချို့ထိ ရေတက်သတဲ့။ တကယ်ကို နည်းနည်းမှ ကောင်းကွက်မရှိပါလား။

အယ်လ်ညိုပြီးရင် လာနီညာလာတတ်တယ်လို့ သိရတယ်။ လာနီညာက စပိန်ဘာသာစကားက ဆင်းသက်တာ၊ မိန်းကလေးငယ်လို့ အဓိပ္ပာယ် ရသတဲ့။ အအေးနဲ့ နှိပ်စက်ခြင်းတစ်မျိုးပါပဲ။ အီကွေတာ အနီးမှာ ရှိတဲ့ အရှေ့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ဝိုင်းရံနေတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်အောင် လျော့နည်းသွားတတ်တယ်။ အနုတ်(၀.၅)ဒီဂရီ စင်တီဂရိတ်နဲ့ အောက်လျော့နည်းခြင်းကို လာနီညာလို့ခေါ်ပါတယ်။

၁.၀ မှ ၁.၄ စင်တီဂရိတ်ကို အင်အားအသင့်အတင့်ရှိတဲ့ လာနီညာ ၀.၅ မှ ၀.၉ အထိ အားနည်းတဲ့ လာနီညာ ၀.၅ အောက် လျော့နည်းရင် အားကောင်းတဲ့ လာနီညာလို့ ခေါ်တယ်။

လက်ရှိအခြေအနေ ၂၀၁၈ က အားကောင်းတဲ့ လာနီညာနှစ်ဖြစ်နေတယ်တဲ့။ ဒါပေမဲ့ ဖေဖော်ဝါရီ၊ မတ်တို့မှာ လာနီညာအခြေအနေက ပြန်လည်လျော့ကျနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန့်ထားတာပဲ။

၂၀၁၇ ဒီဇင်ဘာလမှာ စပြီး မိုးတွေအုံ့တုံ့တုံ့ဖြစ်လာတာ သတိပြုမိတယ်။ တရားပွဲ စုဝေးပွဲတွေ စီစဉ်ထားတဲ့သူတွေ မျက်ခုံးလှုပ်ရတာပေါ့လေ။ ၂၀၁၈ နှစ်ဦးပြည်သူ့ရင်ပြင်မှာ နှစ်ဦးတရားပွဲကျင်းပတော့ အရှင်ဆန္ဒာဓိကဟောတဲ့နေ့မှာ မိုးလေး တဖွဲဖွဲ ရွာလာလို့ ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်သွားသေးတယ်။ ရွာချိန် မကြာမြင့်လို့ ပရိသတ်လည်း ခပ်ငြိမ်ငြိမ် ထိုင်နေလိုက်တာ မိုးတိတ်သွားတယ်။ လာနီညာရဲ့ တပ်လှန့်ခြင်း ခံလိုက်ရတာပါ။

၂၀၁၈ ဇန်နဝါရီလလယ်က စပြီး မြန်မာနိုင်ငံ အနှံ့အပြား အေးလိုက်တာ၊ တချို့နေရာတွေမှာ ရေခဲမှတ် တချို့နေရာတွေမှာ(-၂) လောက်ကိုဖြစ်နေတယ်။ ရေကကို ရေခဲရေလို အေးစက်နေတာ၊ ရှိသမျှ အနွေးထည် တွေဝတ်ပြီး ကာကွယ်ရတယ်။

မနက်ပိုင်း နေ့လယ်ပိုင်းမှာ နေက မထွက်ချင်ထွက်ချင်၊ ညနေပိုင်းလောက်ကျမှ ကြည်ကြည်လင်လင် ထွက်တော့တယ်။ ကောင်းကင်ကလည်း တိမ်မျှင်တစ်စလေးတောင်မရှိ ပြာလဲ့နေတယ်။ အအေးပိုဦးမယ့် သဘောပါပဲ။

ဒီကြားထဲ လေဖိအားနည်းရပ်ဝန်းဖြစ်နေကြောင်း မကြာခဏ ကြေငြာတယ်။ မိုးရွာချင်ရွာမယ်ပေါ့။ ဗူးလေးရာဖရုံဆင့် ဆိုသလိုပါပဲလား။ ဆောင်းအဝင်မှာ မိုးရွာဦးမယ်ဆိုတော့လေ တကယ်လို့များ ရွာခဲ့ရင် ဆောင်းသီးနှံတွေ ပျက်ဦးမှာပဲ။

လာနီညာက ဆောင်းရာသီ၊ မိုးကြိုကာလထိရှိနေမယ်တဲ့။ သူ့ကို ဘယ်လို ကာကွယ်ကြမှာလဲ၊ အစိုးရကတော့ သဘာဝဘေးအန္တရာယ် ကျရောက်ရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ ကြေငြာတယ်။ ဘေးအန္တရာယ်ကာကွယ်ဖို့ ဟောပြောတယ်၊ လေ့ကျင့်ပေးတယ်။

ဒီလောက်ပဲ လုပ်ပေးနိုင်မှာပေါ့။ ဘယ်သူမှ မတတ်နိုင်တဲ့ ကိစ္စကြီးပဲ မဟုတ်လား။

မြန်မာနိုင်ငံကလူတွေက အယ်လ်နီညို၊ လာနီညာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကြေငြာချက်ကို စိတ်ဝင်တစား နားထောင်ရမယ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ကာကွယ်ရမယ်။ မိုးများများရွာတာ၊ လေပြင်းတိုက်တာ ခံနိုင်ရည်ရှိဖို့ အဆောက်အဦးကို ကာကွယ်ပါ။

ပြီးတော့ ကလေးလူကြီး လူငယ် လူလတ်တွေ ကျန်းမာအောင်နေရမယ်။ အပူမမိစေနဲ့ အအေးမမိစေနဲ့၊ ရာသီဥတုဆိုးရတဲ့အထဲ ကိုယ်က နေထိုင်မကောင်ဖြစ်ရင် ခက်မယ်။

ပူပူနွေးနွေး အစားအစာကို စားရေချိုးမမှားနဲ့ ညနေဘက် ရေချိုးတာမျိုးက အအေးမိတတ်တယ်၊ လာနီညာအချိန်မှာ အနွေးထည်လုံလောက်အောင်ဝတ်ပါ။ တန်ဖိုးကြီးဖို့ မလိုပါဘူး။ အချမ်းလုံရင်ရပါပြီ။

ဒီနည်းနဲ့ အယ်လ်နီညိုရော၊ လာနီညာပါ ကာကွယ်ကြရမယ်။ ဒီနှစ်ကော ဘာတွေဖြစ်ဦးမလဲ။

သက်ထားခင်

About The Author

greenness_mm

No Comments

Leave a Reply