မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ

မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ

“ မြစ်တွေမှာ အသက်ရှိတယ်။ ဒီရေအတက်အကျ လုပ်ရင်း သူတို့ အသက်ရှူနေကြရတယ်။ သူတို့ဟာ ပုံမှန်အတိုင်း ကျန်းကျန်းမာမာ စီးဆင်းရင်း လူတွေကို ပျော်ပျော်ရွှင်ရွှင် အထောက်အကူ ပြုနေကြတယ်။ အခုနောက်ပိုင်း လူတွေက မြစ်တွေ ညစ်ညမ်းအောင်၊ ရေစီးရေလာ ပျက်စီးအောင် လုပ်ကြတော့ မြစ်တွေ ခမျာ အသက်ကို ပုံမှန် မရှူနိုင်ကြတော့ဘူး။ အသက်ရှူကျပ်နေကြရတယ်။ ရှေ့ဆက် ရှင်သန်ဖို့ ခက်ခဲနေကြရတယ်။ အဲဒါကို အသိဉာဏ် ရှိသူတိုင်း စာနာနားလည်ဖို့ လိုပါတယ်”
အတိအကျမဟုတ်ပေမယ့် အဲဒါနဲ့ အဓိပ္ပာယ် တူညီတဲ့ စကားတွေကို စာရေးသူ သတင်းထောက်ဘဝက သစ်တောပညာရှင် ဦးအုန်းဆီက ကြားခဲ့ရတာပါ။ အခု သစ်တောပညာရှင် ဦးအုန်း (စာရေးသူကတော့ အဘ တစ်ယောက်လို ချစ်ခင်လို့ အဘလို့ ခေါ်ပါတယ်) မရှိတော့ပေမယ့် တိုက်ဆိုင်တိုင်း စာရေးသူ သတိရနေမိ တယ်။ အခုလည်း တိုက်ဆိုင်လာလို့ အဘဦးအုန်းရဲ့စကားကို သတိရနေမိပြန်တယ်။
အကြောင်းကတော့ အောက်တိုဘာ ၁၁ ရက်က မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင် (ဒေါ်လေး)နဲ့ ရောက်တတ် ရာရာ စကားပြောဖြစ်ရင်း မြစ်တွေအကြောင်း ရောက်သွားတာကနေ စတာပါ။ ဒေါ်လေးက နိုင်ငံတကာမှာ မြစ်တွေကို သက်ရှိတွေလို သဘောထားပြီး ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ကြတဲ့အကြောင်းတွေ ပြောပြတယ်။ စာရေးသူလည်း စိတ်ဝင်တစားနားထောင်ရင်း သစ်တောပညာရှင် အဘဦးအုန်း ပြောတာလေးကို သတိရသွား မိတာပါ။
၂၀၁၉ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ စာရေးသူ ဖတ်ခဲ့ရတဲ့ သတင်းတစ်ပုဒ်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ မြစ်တွေကို သက်ရှိလူပုဂ္ဂိုလ်တွေ ရရှိထားတဲ့ အဆင့်အတန်းနဲ့ အခွင့်အရေးတွေအတိုင်း ကာကွယ်စောင့် ရှောက်မှုတွေ ပြုလုပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်အထက်တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် မြစ်၊ ချောင်း၊ မြစ်လက်တက်၊ ချောင်းလက်တက်တွေ ထောင်နှင့်ချီရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုလံဘီယာ၊ အိန္ဒိယ၊ နယူးဇီလန်နိုင်ငံတွေ ပြီးရင် နိုင်ငံတွင်းရှိ မြစ်တွေကို အထူးကာကွယ် စောင့်ရှောက်မှုပေးထားတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပြီး ဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ အထက်တရားရုံးက မြစ်တွေရဲ့ ရေလမ်းကြောင်း အားလုံးကို တရားဝင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ မြစ်ထိန်းသိမ်းမှုကော်မရှင်ကို တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။ ဒါဟာ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်မှုတွေ ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လုပ်ဆောင်မှု ပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်နေတဲ့ အခြားနိုင်ငံတွေ လည်း ရှိပါသေးတယ်။ အဲဒီနိုင်ငံတွေအကြောင်းလည်း လက်လှမ်းမီသလောက် အကျဉ်းချုပ် ဖော်ပြချင်ပါတယ်။ ပထမဆုံးအနေနဲ့ နယူးဇီလန်နိုင်ငံအကြောင်း ပြောချင်ပါတယ်။ နယူးဇီလန် ပါလီမန်ဟာ ၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်မှာ Te Awa Tupua (Whanganui River) ဆိုင်ရာ ဥပဒေအရ မြစ်တစ်စင်းကို ကာကွယ်ဖို့အတွက် မဲပေးခဲ့ကြတယ်။ အခုအချိန်မှာတော့ မြစ်တွေကို လူသားတွေကဲ့သို့ အသိအမှတ်ပြုထားပြီး လူသားတွေကဲ့သို့ အခွင့်အရေး၊ အာဏာ၊ တာဝန်နဲ့ဝတ္တရားတွေ ပိုင်ဆိုင်ခွင့်ပေးထားပါတယ်။ ဒါကြောင့် မြစ်တွေကို အလွဲသုံးစား လုပ်ရင် လူတွေကို အလွဲသုံးစားလုပ်သလိုပဲ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ သဘောပါပဲ။ လူတွေကို သတ်မှ မဟုတ်ပါဘူး၊ မြစ်တွေကို သတ်ရင်လည်း လူသတ်မှုမြောက်တဲ့ အဓိပ္ပာယ်ပါပဲ။ သူတို့ရဲ့ မြစ်တွေအပေါ် တန်ဖိုး ထားမှုက ကြက်သီးထစရာ ကောင်းလှပါတယ်။
နောက်ပြီးတော အိန္ဒိယနိုင်ငံ။ သူလည်း နယူးဇီလန်နိုင်ငံလိုပါပဲ။ ဟိန္ဒူဘာသာအရ သန့်ရှင်းတယ်လို့ သတ်မှတ်ထားတဲ့ ဂင်္ဂါမြစ်၊ ယမုံနာမြစ်နဲ့ မြစ်လက်တက်တွေကို လူသားတစ်ဦးကဲ့သို့ တူညီတဲ့ တရားဝင် အခွင့် အရေးတွေ ရှိတယ်လို့ ဥတ္တရခန့် ပြည်နယ် အထက်လွှတ်တော်က ၂၀၁၇ ခုနှစ် မတ်လမှာ ကြေညာခဲ့ပါတယ်။ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။ နောက် ကိုလမ်ဘီယာနိုင်ငံမှာရော အဲဒီလိုပါပဲ။ ၂၀၁၇ ခုနှစ် မေလမှာ ကိုလမ်ဘီယာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကနေ အာထရာတိုမြစ်ကို ကာကွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးနဲ့ ပြုပြင်ကုစားရေးဆိုင်ရာ အခွင့်အရေးတွေ ပေးအပ်ခဲ့ပြီး လူသားတွေနဲ့ တူညီစွာ အသိအမှတ်ပြုခဲ့ပါတယ်။ မြစ်တွေကို လူသားတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ခဲ့တယ်။ မြစ်ကို ထိခိုက်အောင် လုပ်တဲ့သူတွေကို ဥပဒေနဲ့အညီ တရား စွဲဆို အပြစ်ပေးခဲ့ကြတယ်။
ကမ္ဘာတစ်ဝန်းမှာ မြစ်တွေဟာ ရွှေ၊ ငွေ၊ သဲ၊ ကျောက်စရစ် တူးဖော်ခြင်း၊ စက်ရုံ အလုပ်ရုံထွက် စွန့်ပစ် အညစ်အကြေးတွေ အဆမတန် များပြားလာခြင်းတွေအပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ကမ္ဘာကြီးပူနွေး လာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေ ကြရပါတယ်။ အဲဒီဒဏ်တွေကြောင့် တစ်ချို့မြစ်တွေဆိုရင် လုံးဝပျောက်ကွယ်သွားကြပြီး တစ်ချို့မြစ်တွေ ဆိုရင် ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေပါတယ်။ မြစ်အများစုကတော့ သောင်တွေထွန်းပြီး ရေစီးရေလာ မကောင်းတော့ တာ၊ ရေထုညစ်ညမ်းတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအတွက်လည်း နယူးဇီလန်၊ ကိုလံဘီယာ၊ အိန္ဒိယနဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွေဟာ မြစ်ရေကို ညစ်ညမ်းအောင် လုပ်ဆောင်သူတွေ၊ ပျက်စီးအောင် လုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ဆောင်ရွက်ခဲ့ကြတာပါ။ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေက အတုယူဆောင်ရွက်သင့်ပါတယ်။ လူတွေကို ကာကွယ်စောင့်ရှောက်တဲ့အတိုင်း မြစ်တွေကို လည်း ကာကွယ်စောင့်ရှောက်ကြစေချင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို မြစ်တွေအပေါ် အမှီပြုနေထိုင်ရတဲ့ နိုင်ငံတွေမှာ ပိုပြီး လုပ်ဆောင်သင့်ပါတယ်။
ကမ္ဘာပေါ်မှာ ရေချိုသတ္တဝါမျိုးစိတ် ပမာဏဟာ ၈၃ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး ကုန်းနေနဲ့ ပင်လယ်သတ္တဝါတွေရဲ့ လျော့ကျသွားမှု ပမာဏက နှစ်ဆကျော်အထိ ရှိခဲ့ပါတယ်။ မြစ်တွေဟာ လူသားတွေ အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စားနပ်ရိက္ခာဖူလုံမှုနဲ့ တခြားကောင်းကျိုး များစွာကို ပေးပါတယ်။ ကမ္ဘာ တစ်ဝန်းက လူဦးရေ နှစ်ဘီလီယံဟာ သောက်ရေအတွက် မြစ်တွေအပေါ် မှီခိုနေပြီး ကမ္ဘာ့အစားအစာ ထုတ် လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းဟာလည်း မြစ်တွေဆီကနေ ဆည်မြောင်းသွယ်ယူပြီး စိုက်ပျိုးထုတ်လုပ်နေရတာပါ။ ဒါ့အပြင် မြစ်တွေထဲကနေ နှစ်စဉ် ဖမ်းမိတဲ့ တန်ချိန် ၁၂ သန်းလောက် အနည်းဆုံးရှိတဲ့ ရေချိုငါးတွေဟာ သန်းရာနဲ့ချီတဲ့ လူသားတွေအတွက် အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထောက်ပံ့ပေးနေပါ တယ်။ အဲဒီလောက် အဖိုးတန်တဲ့ မြစ်တွေ၊ ကန်တွေကို ကာကွယ်ဖို့ လူသားတွေဟာ ဘာကြောင့် ပျက်ကွက်ခဲ့ သလဲဆိုတာ အံ့သြစရာပါပဲ။
သိပ္ပံပညာရှင်တွေဟာ သူတို့လေ့လာတွေ့ရှိထားတဲ့ ကမ္ဘာ့မြစ်တွေရဲ့ အခြေအနေကို နိုင်ငံတကာ သိပ္ပံပညာဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်တဲ့ Natureကနေတစ်ဆင့် အကျယ်တဝင့် နှိုင်းယှဉ်ပြသခဲ့ပါတယ်။ တွေ့ရှိ ချက်တွေအရ ၁,၀၀၀ ကီလိုမီတာထက် ပိုရှည်တဲ့ မြစ်တွေရဲ့ ၃၇ ရာခိုင်နှုန်းပဲ မြစ်ကြောင်းတစ်လျှောက် လွတ်လပ်စွာ စီးဆင်းနေနိုင်ပြီး ၂၃ ရာခိုင်နှုန်းပဲ ပင်လယ်ထဲကို အတားအဆီးမရှိဘဲ စီးဆင်းနေနိုင်ပါတော့တယ်။ အဲဒီမြစ်တွေထဲက အများစုကတော့ လူသူ အရောက်အပေါက်နည်းသေးတဲ့ အာတိတ်၊ အမေဇုန်နဲ့ ကွန်ဂိုမြစ် ဝှမ်းတို့မှာ တည်ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ တခြားဒေသတွေနဲ့ မတူတဲ့ အနေအထားအရ ဧရာဝတီ နဲ့ သံလွင်မြစ်နှစ်စင်းကို ပိုင်ဆိုင်နေပါတယ်။ အဲဒီမြစ်နှစ်စင်းဟာ အပူပိုင်းအာရှဒေသရဲ့ နောက်ဆုံးကျန်ရှိတဲ့ အတားအဆီးမရှိဘဲ စီး ဆင်းနေနိုင်ဆဲ မြစ်ကြီးတွေ ဖြစ်ကြပါတယ်။
ဧရာဝတီနဲ့ သံလွင်မြစ်ကြီးတွေဟာ နိုင်ငံသားတွေ နေ့စဉ် စားသောက်ဖို့ လိုအပ်တဲ့ သောက်သုံးရေ၊ ဆန်စပါးနဲ့ ငါး ပုစွန်တွေကို ဖြည့်ဆည်းပေးပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေရဲ့ ဘဝရှင်သန်မှုကို ထောက်ပံ့ ပေးနေတဲ့ နိုင်ငံရဲ့ အသက်သွေးကြော မြစ်တွေကို နိုင်ငံသားတွေက ဘာလို့ ကာကွယ်ထိန်းသိမ်းဖို့ မလုပ်နိုင်ကြ သေးတာလဲ ဆိုတာကတော့ အံ့သြစရာပါပဲ။ တကယ်တော့ အခုအချိန်ဟာ အဲဒီ “အံသြစရာပါပဲ” ဆိုတဲ့ အခြေ အနေကို ကျော်ဖြတ်ရမယ့် အချိန်ရောက်ပါပြီ။ တစ်နည်းဆိုရရင် ဧရာဝတီ၊ သံလွင်နဲ့ ကမ္ဘာအနှံ့က မြစ်တွေရဲ့ ကံကြမ္မာကို သတ်မှတ်ဖို့အတွက် အရေးကြီးတဲ့ချိန်ကို ရောက်နေပါပြီ။ အရမ်းနောက်မကျ သေးခင်မှာ စာရေးသူ တို့ မြန်မာပြည်သူတွေအနေနဲ့ မြစ်တွေရဲ့ တန်ဖိုးကို အပြည့်အဝ နားလည်ဖို့နဲ့ အကာအကွယ်ပေးဖို့ လိုပါတယ်။
အချုပ်ဆိုရရင် မြန်မာပြည်နဲ့ ပြည်သူ ပြည်သားတွေဟာ မြစ်တွေကို အမှီပြုပြီး အသက်ရှင်သန် ရပ် တည်နေရတာပါ။ ထင်သာမြင်သာအောင် ပြောရရင် ဧရာဝတီမြစ်ကြီး ရှိခဲ့လို့ မြန်မာပြည်ကြီးရှိခဲ့တယ်။ မြန်မာ ပြည်ကြီး ရှိခဲ့လို့ မြန်မာပြည်သူတွေ ရှိခဲ့တယ်။ မြန်မာပြည်သူတွေဟာ ဧရာဝတီမြစ်ကြီးအပါအဝင် မြစ်တွေ ကြောင့် အသက်ရှင်ရပ်တည်ပြီး သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်၊ မျိုးဆက် အဆက်ဆက်ကို ဖြတ် သန်းခဲ့ကြတယ်။ အဲဒီမြစ်တွေသာ မရှိခဲ့ရင်၊ မရှိတော့ရင် မြန်မာပြည်နဲ့ မြန်မာပြည်သူတွေလည်း ရှိမှာ မဟုတ် တော့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံတော်အစိုးရအပါအဝင် ပြည်သူတစ်ရပ်လုံးအနေနဲ့ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။
မင်းချစ်နိုင်

About The Author

greenness_mm

No Comments

Leave a Reply