မြစ် ချောင်းတစ်လျှောက် မြို့ ရွာတွေမှာလည်း အမှိုက်ကင်းစင်စေချင်တယ်

မြစ် ချောင်းတစ်လျှောက် မြို့ ရွာတွေမှာလည်း အမှိုက်ကင်းစင်စေချင်တယ်

ပြီးခဲ့တဲ့လ (၂၀၁၉ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက်) ကပေါ့၊ ကရင်နှစ်သစ်ကူး ရွာပြန်ချင်တယ်လို့ ဇနီးသည်က ပြောလာတဲ့အတွက် ရွာပြန်ဖို့ စီစဉ်ဖြစ်ခဲ့တယ်။ ရွာဆိုတာက ဇနီးသည်ရဲ့ ရွာ၊ အဲဒီမှာ သူ့အမေ၊ ညီမ မိသားစု၊ မောင် မိသားစုနဲ့ ဆွေမျိုးတွေ ရှိတယ်။ အားလုံးက ဗုဒ္ဓဘာသာ၊ ကရင်လူမျိုးတွေ၊ ဒီတော့ ကရင် နှစ်သစ်ကူးသွားရင်း အလည်အပတ်သွားမယ်။ ကလေးတွေလည်း ရောက်ဖူးမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်မယ်ပေါ့။ ကျွန်တော်ကတော့ အလုပ် နှစ်လုပ် လုပ်နေရသလို စာကလည်း ရေးနေရတာမို့ မိသားစုကို လိုက် ပို့ပြီးရင် ချက်ချင်းပြန်လာမယ်။( အဲဒီအစီအစဉ်တောင် ပထမက မပါဘူး။ သူငယ်ချင်း ကဗျာဆရာ တစ်ယောက် က လိုက်ချင်တယ်ဆိုလို့ အားချင်း စီစဉ်လိုက်ရတာ)
ဇနီးသည်ရဲ့ ရွာက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မဒေါ့ချောင်းကျေးရွာပါ။ အဲဒီကို သွားဖို့ လှိုင်သာယာ အဝေးပြေးကွင်းကနေ ခရီးသည်တင်ကား စီးရတယ်။ လမ်းကြောင်းက မြောင်းမြမြို့ကို စီးလို့ ရသလို ၀ါးခယ်မမြို့ကိုလည်း စီးလို့ရပါတယ်။ ဒါပေမယ့် မဒေါ့ချောင်းကျေးရွာက ၀ါးခယ်မနဲ့ ပိုနီးတဲ့အတွက် ၀ါးခယ်မမြို့ကနေ သွားကြတာ ပိုများပါတယ်။ ၀ါးခယ်မမြို့ရောက်မှ စက်လှေ စီးပြီး ဆက်သွား ရသေးတယ်။ လက်တလောမှာ ရွှေလောင်း တံတားနဲ့ ၀ါးခယ်မ တံတားကို ပြုပြင်နေတဲ့အတွက် ဇက်သင်္ဘော နှစ်ခါကူးနေ ရလို့ ခရီးထောက်သလို အနည်းငယ်လည်း ပင်ပန်းပါတယ်။ ကျွန်တော်တို့ မိသားစုကတော့ မြောက်ဒဂုံကနေ လှိိုင်သာယာကို တက္ကစီ စီးတယ်။
လှိုင်သာယာ ရောက်တော့ ၀ါးခယ်မကို သွားမယ့် လိုင်းကား စီးတယ်။ မိသားစုက လက်မှတ်ကြိ်ုမှာထားလို့ ထိုင်ခုံရပေမယ့် ကျွန်တော်နဲ့ ကဗျာဆရာက ရုတ်တရက် လိုက်လာသူတွေ ဆိုတော့ ထိုင်ခုံ မရတော့။ အလည်မှာ ကျပ်တီးကျပ်တောက် ထိုးပေးတဲ့ ပလက်စတစ် ထိုင်ခုံ အတုလေးတွေမှာ ထိုင်ရပါတယ်။ ကားပေါ်မှာ ပါတဲ့သူအများစုက ရန်ကုန်မှာ အလုပ်လာလုပ်ပြီး အလုပ်ပိတ်ရက်၊ ကရင်နှစ်သစ် ကူးနဲ့ ခရစ်စမတ် ပြန်မယ့်သူတွေ။ ကားပေါ်မှာ နေရာ ကျပ်ကျပ်ညပ်ညပ် လိုက်ပါရပေမယ့် အားလုံးက ကြည်နူး ကျေနပ်လို့။
ရွှေလောင်း ကားဂိတ်ကို ရောက်တော့ မြစ်ကူးဖို့ ကားဂိတ်ကနေ ဇက်ဆိပ်ကို လမ်းလျှောက်ရတယ်။ ရွှေ လောင်းဆိုတာက ၀ါးခယ်မမြို့နယ်ထဲက တိုက်နယ်မြို့လေးပါ။ သစ်ပင် ၀ါးပင်တွေနဲ့ စိမ်းလန်းအေးမြနေတယ်။ ဇက်ဆိပ်ရောက်တော့ မြစ်ကို ဖြတ်ပြီး တိုက်လာတဲ့ လေပြေရဲ့အထိအတွေ့က ပင်ပန်းလာသမျှကို ပြေလျော့ သွားစေတယ်။ ဇက်သင်္ဘောနဲ့ မြစ်ကို ဖြတ်ကူးရင်း ဆောက်လက်စ မြစ်ကူးတံတားကို ဓာတ်ပုံရိုက်ဖြစ်တယ်။ မြစ်ထဲမှာ ဥဒဟို သွားလာနေတဲ့ သင်္ဘောနဲ့ စက်လှေလေးတွေကို ဓာတ်ပုံ ရိုက်ဖြစ်တယ်။ အတူပါလာတဲ့ ကဗျာ ဆရာက ဂျာနယ်တစ်စောင်မှာ အယ်ဒီတာလည်း လုပ်နေသူဆိုတော့ ဓာတ်ပုံတွေ ရိုက်လို့ မဆုံးတော့ဘူး။
ဟိုဘက်ကမ်းရောက်တော့ မြစ်ဆိပ်မှာ အမှိုက်ပုံတွေကို သတိထားမိတယ်။ မြစ်က လှပေမယ့် အမှိုက်ပုံတွေက မြစ်ရဲ့အလှကို ဖျက်ဆီးပစ်နေသလို ခံစားနေရတယ်။
တစ်ဖက်ကမ်းရောက်တော့ အသင့်စောင့်နေတဲ့ ကားပေါ်တက် ၀ါးခယ်မမြို့ကို ဆက်လက် ထွက်ခွာခဲ့ တယ်။ အရင်ကဆို ဒီလမ်းတွေက ကျောက်နဲ့ မြေသားရော လမ်း၊ ဖုန်တထောင်းထောင်းနဲ့ သွားရတာ၊ မိုးတွင်း ဘက်ဆိုရင် ဗွက်တွေနဲ့မို့ ကားတွေ သွားလာလို့မရတော့ဘူး။
အခုတော့ ကတ္တရာလမ်းခင်းနဲ့၊ ညီညီညာညာ ပြန့် ပြန့်ပြူးပြူး။ တော်တော်လေး သွားလို့ လာလို့ အဆင်ပြေသွားပြီ။ ရွှေလောင်းတံတားနဲ့ ၀ါးခယ်မတံတား ပြီးသွား ရင် ရန်ကုန်နဲ့ ၀ါးခယ်မက သုံးနာရီလောက်ပဲ ကားမောင်းရတော့မှာ။ လမ်းတစ်လျှောက်မှာ မျက်စိတဆုံး လယ်ကွင်းပြင်တွေ။ ရွှေလောင်းနဲ့ ၀ါးခယ်မက နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက် ကားမောင်းရတယ်။ ၀ါးခယ်မတစ်ဖက်ကမ်း ရောက်တော့ ကားပေါ်ကဆင်းပြီး ဇက်ဆိပ်ကို သွားရမယ်။ ကျွန်တော်တို့ကတော့ ဇနီးသည်ရဲ့ ရွာက ပဲ့ထောင်နဲ့ လာကြိုလို့ ဇက်ဆိပ်ကို မသွားရတော့ဘူး။ ပဲ့ထောင်ရပ်ထားတဲ့ တံတားဆီကိုပဲ သွားရတော့တယ်။
ပဲ့ထောင်ပေါ်ရောက်တော့ ပဲ့ထောင်က ၀ါးခယ်မမြို့ ဆိပ်ကမ်းကို သွားတယ်။ ၀ါးခယ်မမြို့ စျေးထဲမှာ စျေးဝယ်ကြမယ်ပေါ့။ ၀ါးခယ်မက ကျွန်တော့် မြို့ပဲ။ ကျွန်တော်က ၀ါးခယ်မမြို့ အ.ထ.က (၁) ကနေ ဆယ်တန်း အောင်ခဲ့တာ။ အဲဒီတုန်းကတော့ ကိုယ့်မြို့က ခမ်းနားကြီးကျယ်တယ်လို့ ထင်ခဲ့တာလေ။ အခုတော့ ကျွန်တော့် အမြင်မှာ ရွာသာသာ၊ မြို့လေးတစ်မြို့ပါပဲ။ ဆိပ်ကမ်းမှာ၊ လမ်းတွေမှာ၊ စျေးထဲမှာ အမှိုက်တွေ တော်တော်များ များ တွေ့ရတယ်။ ဆိပ်ကမ်းလေးမှာ သင်္ဘောလေးတွေ ဆိုက်ကပ်ထားတာလေးကို ဓာတ်ပုံ ရိုက်ရတာ တော် တော်လေး ကြည်နူးစရာကောင်းတယ်။ ဒါပေမယ့် ဆိပ်ကမ်းအောက် ရေစပ်မှာ အမှိုက်မျိုးစုံက အစုလိုက်၊ အပုံ လိုက်။ မြစ်ထဲမှာလည်း အမှိုက်တွေ မျောနေတာ တွေ့ရတယ်။ ကျွန်တော့်စိတ်ထဲ တော်တော်လေး မွန်းကျပ် သွားတယ်။ ကျွန်တော်က မြို့လေးနဲ့ အဝေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမှိုက်ကင်းစင်ရေးတွေ ရေးသား၊ ဟောပြော အသိပညာပေး လုပ်ငန်းတွေ လုပ်နေပေမယ့် ကျွန်တော့်မြို့ကလေးက အမှိုက်တွေနဲ့ ကျွန် တော်ချစ်တဲ့ မြစ်ထဲမှာ အမှိုက်တွေက မျောလို့။
“ ငါ ရောက်ဖူးသမျှ မြို့တွေထဲမှာ ဧရာဝတီတိုင်းက မြို့တွေက အမှိုက် အပေါဆုံးပဲ”
အတူပါလာတဲ့ ကဗျာဆရာ၊ အယ်ဒီတာက ပြောလိုက်တဲ့စကားက ကျွန်တော့်ရင်ကို တိုက်ရိုက် ထိမှန် စေတယ်။ သူပြောသလို ဖြစ်နေတော့ ကျွန်တော် ဘာပြန်ပြောနိုင်မှာလဲ။ ငြိမ်ပြီး နားထောင်နေရတယ်။ ပြီးတော့ သူက ဆက်ပြောသေးတယ်။
“ အသိပညာပေးတာတွေ မလုပ်ကြဘူး ထင်တယ်၊ အသိပညာပေးမှုတွေ လုပ်ရ မယ်။ အဲဒါ မင်းမှာ တာဝန်ရှိတယ်” တဲ့။
ကျွန်တော် မြစ်ပြင်ကို ငေးကြည့်နေလိုက်တယ်။ လှိုင်းကြက်ခွပ်လေး တွေ ဖြစ်ပေါ်နေတဲ့ မြစ်ပြင်ဟာ နေရောင်ကြောင့် အရောင်တွေ တလက်လက် ထလို့။ သဘာဝအတိုင်း လှနေတဲ့ မြစ်တွေဟာ လူတွေရဲ့ အသိပညာမဲ့မှုကြောင့် အသက်ရှူကျပ်နေရပြီလား။ ကျွန်တော် ဘာလုပ်ရမလဲ။ ငွေကြေးအရ အဆင်မပြေတဲ့ ကျွန်တော့်အတွက် မျှော်လင့်ချက်က အင်အားချည့်နဲ့လွန်းလှပါတယ်။
၀ါးခယ်မ ဆိပ်ကမ်းက ခွာတော့ မွန်းတည့်ပြီ။ ပဲ့ထောင်လေးက မြစ်ပြင်ကို ထိုးခွဲပြီး တဒိုင်ဒိုင်း အသံမြည် လျက် ပြေးလွှားနေတယ်။ နေပူပေမယ့် လေတဖြူးဖြူးကြောင့် ပူတယ်လို့ မထင်ရ။ မြစ်ရိုးတစ်လျှေက်မှာ ပိုက် မျှောနေတဲ့ ကိုတံငါတွေ။ စက်တပ်လှေတွေနဲ့ အစီအရီ။ ငါးဖမ်းပိုက်မှာ တပ်ထားတဲ့ ဖော့သီးလေးတွေက မြစ်ပြင်မှာ ထောင်ပြီး လှိုင်းအပုတ်မှာ မြုပ်လိုက်၊ ပေါ်လိုက်။ အလှပဆုံး ပန်းချီကားတစ်ခုကို ကြည့်နေရသလို ပါပဲ။ မြစ်ကမ်းဘေးတစ်လျှောက်မှာလည်း စိမ်းညို့ညို့ လမုတောတွေက နေရာမလပ်။
“အဲဒါ လမုတောတွေ၊ ဒီရေတောတွေပေါ့။ ရေချို၊ ရေငန်ရောက်ဒေသတွေမှာ သဘာဝအတိုင်း ပေါက်ကြတာ” လို့ ကျွန်တော်က ကဗျာ ဆရာကို ရှင်းပြနေမိတယ်။ သူကတော့ “ဒီလို မြစ်တွေ ချောင်းတွေကြားမှာ ရွာကလေးတွေ ရှိလိမ့်မယ်လို့ တစ်ခါ မှ မတွေးမိခဲ့ဘူး” လို့ တအံ့တဩ ပြောတယ်။
“ ငါကလည်း အဲဒီလို မြစ်တွေ၊ ချောင်းတွေကြားက ရွာလေးတစ်ရွာမှာ မွေးခဲ့တဲ့ကောင်ပါ။ ငါတို့ရွာက ဟိုးဘက်နားက ချောင်းကလေးထဲကနေ ၀င်သွားရတာ” လို့ ကဗျာဆရာကို ပြောပြရင်း ကျွန်တော့် ရွာရှိတဲ့ ဘက်ကို ညွှန်ပြလိုက်တယ်။ အဲဒီရွာလေးဆီကို မရောက်တာတောင် နှစ်တွေ အတော်ကြာခဲ့ပြီ။ အခုလည်း ရွာနဲ့ သိပ်မဝေးတဲ့နေရာက ဖြတ်သွားပေမယ့် မဝင်ဖြစ်ခဲ့။ ရွာကလေး အဆင်ပြေရဲ့လား။ ရွာဘေးနားက ချောင်း ကလေးရော နေကောင်းရဲ့လားလို့ စိတ်ထဲကနေ လှမ်းမေးလိုက်မိတယ်။ အဲဒီရွာလေးနဲ့ အဲဒီချောင်းလေး အကြောင်းတောင် ကျွန်တော် ဆောင်းပါး ရေးဖြစ်ခဲ့သေးတယ်။အခုတော့ အလွမ်းတွေပဲ ပို့လွှတ်လိုက်ရပါတယ်။
မြစ်ပြင်ကို ကြည့်၊ ဘေးပတ်ဝန်းကျင်ကို ကြည့်၊ ဓာတ်ပုံတွေ ရိုက်၊ စကားတွေ ပြောလာရင်း တစ်နေရာ အရောက်တော့ “ ဒုန်း” ဆိုတဲ့ အသံမြည်ပြီး ပဲ့ထောင် ရပ်သွားတယ်။ ပဲ့ထောင်ထဲမှာ လိုက်ပါလာတဲ့ မိသားစု တွေရော၊ ကျွန်တော်တို့နှစ်ယောက်ရော လန့်သွားတယ်။ ဘာဖြစ်တာလဲပေါ့။ မြစ်လယ်ခေါင်မှာ ပဲ့ထောင်ကို စက်ရပ်လိုက်ရတယ်။ ပန်ကာကို ဆွဲမလိုက်တော့ ပန်ကာမှာ အမှိုက်တွေ တထွေးကြီးပဲ။ အမှိုက်တွေနဲ့ ငြိပြီး ပန်ကာက ဆက်မလည်နိုင်တော့ဘဲ ရပ်သွားတာ။ စက်ရပ်သွားတော့ ပဲ့ထောင်လေးလည်း ရပ်သွားတာပေါ့။ ရာသီဥတု သာသာယာယာ၊ မြင်မြင်ထင်ထင်နဲ့မို့ တော်သေးတယ်။ ဒါဟာ လူတွေ စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် ဖြစ်ရတာလေ။
လူတွေ ပစ်လိုက်တဲ့ အမှိုက်တွေဟာ မြစ်တွေကို ညစ်ညမ်းစေတဲ့အပြင် ရေကြောင်းသွားလာမှုကို ခက်ခဲစေတယ်။ ရေနေသတ္တဝါတွေကို ထိခိုက်စေတယ်။
လေ့လာမှုစစ်တမ်းတွေအရ မြစ်တွေ ချောင်းတွေတင်မကဘဲ ပင်လယ်ပြင်တွေမှာပါ ငါးသယံဇာတ လျော့နည်းလာပြီး ငါးတွေမှာ စွန့်ပစ်ပလတ်စတစ် ပါဝင်မှုတွေ များလာတာ တွေ့ရသတဲ့။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာနေထိုင်တဲ့ ဒေသခံတွေက ဧရာဝတီမြစ်ထဲမှာ နေ့စဉ် ပလတ်စတစ်အမှိုက် ၁၁၉ တန်နီးပါး စွန့်ပစ်နေတာကြောင့် ကမ္ဘာ့အညစ် ညမ်းဆုံးမြစ်တွေထဲမှာ ဧရာဝတီမြစ် ပါဝင်နေသတဲ့။ ကျွန်တော့် ခေါင်းထဲကို သုတေသနစာတမ်းအချက်အလက်တွေ ရောက်လာတော့ ကျွန်တော့် ရင်ထဲ ပိုပူလောင်လာတယ်
။ ပဲ့ထောင် ပန်ကာက အမှိုက်တွေကို ဖယ်ရှားရှင်းလင်းပြီး ခရီးဆက်ထွက်လာတော့လည်း တိုက်ခတ်နေတဲ့ လေတွေက အရင်လို မအေးမြတော့ဘူးထင်မိတယ်။
လူတွေရဲ့ စွန့်ပစ်အမှိုက်တွေကြောင့် မြစ်တွေ အသက်ရှူကျပ်နေရတယ်။ ညစ်ညမ်းမှုတွေ ဖြစ်နေရ တယ်။ ငါးသယံဇာတတွေ ရှားပါးလာရတယ်။ အဲဒီမြစ်ရေတွေကိုပဲ မြစ်ကမ်းနေ ပြည်သူတွေက သောက်သုံးနေ ရတယ်။ ရောဂါတွေ ဖြစ်နေရတယ်။ အဲဒါတွေကို ဒေသခံပြည်သူတွေ မသိကြဘူး။
ပုံမှန်အတိုင်း အမှိုက်တွေကို မြစ်ထဲ ချောင်းထဲပဲ ပစ်နေကြတယ်။ မိတ်ဆွေ ကဗျာဆရာ ပြောသလို ဒီကိစ္စကို ကျွန်တော်တို့ အသိပညာပေးမှ ဖြစ်တော့မယ်။ မြို့ကြီး ပြကြီးတွေမှာပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမှိုက်ကင်းစင်ရေး လုပ်နေလို့မရ တော့ဘူး။ မြစ် ချောင်း တစ်လျှောက် မြို့တွေ၊ ရွာတွေမှာလည်း အသိပညာပေးမှုတွေ လုပ်ရမယ်။ အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်အောင် ကူညီရမယ်။ ဒါကို လုပ်နိုင်တဲ့သူတွေ လုပ်လို့ရအောင် ပထမဆုံးအနေနဲ့ စာတစ်ပုဒ်ရေးပြီး အသိပေးရမယ်လို့ ကျွန်တော် စိတ်ကူးနေမိတယ်။ ။
မင်းချစ်နိုင်

About The Author

greenness_mm

No Comments

Leave a Reply