မြန်မာပြည်သူများကိုခြောက်လှန့်နေသည့် မြေငလျင်တစ္ဆေ

မြန်မာပြည်သူများကိုခြောက်လှန့်နေသည့် မြေငလျင်တစ္ဆေ

(၁)

ယခု ၂၀၁၈ နှစ်စမှာပင် မြေငလျင်များလှုပ်ခတ်မှုကသိသိသာသာ ဖြစ်လာခဲ့သည်။ အရေအတွက်အားဖြင့် ဇန်နဝါရီ ၁ ရက် မှ ၁၈ ရက်အထိအကြိမ်ရေ ၂၀ ကျော်လှုပ်ခဲ့သည်။ ထိုမြေငလျင် များထဲတွင် ရန်ကုန်-စစ်ကိုင်း ပြတ်ရွေ့ပေါ်ရှိ ဖြူးမြို့အနီးဗဟို ပြု၍ ဇန်နဝါရီ ၁၂ ရက် နံနက် ၁ နာရီခန့်က မြေငလျင်မှာအင်အားအကြီးဆုံးဖြစ်ပြီး ပြည်သူများကိုစိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ် စေခဲ့သည်။ အထပ်မြင့်တိုက်တွင် နေသူများတိုက်အောက်သို့ ဆင်းပြေးခဲ့ရသည်။ အင်အားရစ်ချ် တာစကေးအဆင့် ၆ ရှိ ဖြူးမြေငလျင်လှုပ်ပြီးနောက်ပိုင်းတွင် မြေငလျင်များမကြာခဏလှုပ်နေသဖြင့် အထပ်မြင့်တိုက် အများဆုံးရှိရာရန်ကုန်မြို့နေ ပြည်သူများမှာကျီးလန့်စာစားနေခဲ့ရသည်။ဖြူးမြေငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ငလျင်လှုပ်မှုများခပ်စိပ်စိပ်ဖြစ်ပွားလာပြီးတစ်ရက်တည်း နှစ်ကြိမ်လှုပ်သည် အထိရှိခဲ့သည်။မြေငလျင်တစ်ချက်လှုပ်တိုင်း ပြည်သူများတစ်ခါရင်မောနေကြရသည်။ သူတို့၏အသံများကစိုးရိမ်စိတ်ကြောင့် တုန်ခါနေသည်။အွန်လိုင်းတွင် မြေငလျင်သတင်းတစ်ခုတက်လာတိုင်းCommentများထဲမှာ ပြည်သူတို့၏စိုးရိမ်မှုများ ပြည့်နှက်နေသည်။ (နောက်ဆက်တွဲ ငလျင်ကြီးတွေ လှုပ်နိုင်လား၊ ဘယ်နေရာတွေမှာဘယ်အချိန် လှုပ်နိုင်တာလဲ၊ ငလျင်လှုပ်ရင် ဘယ်လိုကာကွယ်ရမလဲ၊ ဘယ် လိုနေရမလဲစသဖြင့် … စသဖြင့်။)

ထိုကဲ့သို့ ပြည်သူများကြောက်ရွံ့ထိတ်လန့်နေစဉ်မှာပဲ‘နှစ်ပေါင်း ၈၀၊ ၁၀၀ ကြာလျှင် မြေငလျင်ကြီးတစ်ကြိမ် လှုပ်လေ့ရှိပြီး မြန်မာနိုင်ငံတွင် မြေငလျင်ကြီးမလှုပ်သည်မှာ နှစ်ပေါင်း ၈၀ ကျော်ကြာမြင့်သွားပြီဖြစ်၍ ယခုအခါ ရန်ကုန်မြို့အပါအဝင် မြို့ကြီးခုနစ်မြို့တွင် မြေငလျင်ကြီးအချိန်မရွေးထပ်မံလှုပ်နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမြေငလျင်ကော်မတီမှ သိရသည်’ဟူသောသတင်းတစ်ပုဒ် အွန်လိုင်းတွင် ဖတ်လိုက်ရသည်။ သတင်းထဲတွင် ပြင်းအားရစ်ချ်တာစကေး ၇ (အမှန်တကယ် ၉) ရှိခဲ့သည့် ပဲခူးမြေငလျင်ကြီးသည် ၁၉၃ဝပြည့်နှစ်တွင် လှုပ်ခဲ့ပြီးမြေငလျင်ကြီးမလှုပ်သည်မှာ နှစ်ပေါင်း ၈၆ နှစ်ရှိပြီးဖြစ်ကာစစ်ကိုင်းပြတ်ရွေ့ပေါ် ရှိ မြို့များမှာသတိထားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ မိတ္ထီလာမြို့တို့တွင် မြေငလျင်ဒဏ်ခံကြရမည်ဖြစ်ပြီးငလျင်ဒဏ်ခံနိုင်အောင် အဆောက်အအုံများကို ပြုပြင်မွမ်းမံထားရန်နှင့် ဘေးကင်းရာနေရာများသတ်မှတ်ထားရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံမြေငလျင်ကော်မတီကလည်းနောက်ဆက်တွဲ မြေငလျင်များကိုသတိထားရန် အရေးပေါ်အသိပေးထားခဲ့သည်။ ထို့အပြင် အင်အားပြင်းမြေငလျင် လှုပ်နိုင်ခြေရှိသည့် စစ်ကိုင်းပြတ် ရွေ့နှင့် ဒေးဒရဲပြတ်ရွေ့ကြောင့် ရန်ကုန်မြို့တွင် မြေငလျင်အန္တ ရာယ်အချိန်ပြည့် သတိပြုရန်လိုအပ်ကြောင်းထပ်မံသတိပေးခဲ့သည်။ အထူးသဖြင့် စစ်ကိုင်းပြတ် ရွေ့ ပဲခူးအပိုင်းသည် အင်းအား ၇ ရစ်ချ်တာစကေးအထက် မြေငလျင်လှုပ်နိုင်ပြီးဒေးဒရဲပြတ် ရွေ့သည် ရစ်ချ်တာစကေး ၆ အထက် လှုပ်နိုင်ခြေရှိကြောင်း၊ ပဲခူးအပိုင်းသည် ၁၉၃၀ က အင်အား ပြင်းမြေငလျင် နောက်ဆုံးလှုပ်ခဲ့ ပြီး ပြတ်ရွေ့များ၏ သဘာဝအရ အင်အားပြင်းမြေငလျင် နောက်တစ်ကြိမ် လှုပ်နိုင်ခြေရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီးကြားရှိဒေးဒရဲပြတ်ရွေ့ကလည်းအင်အားပြင်းမြေငလျင်အဖြစ် ၁၉၇၅ က နောက်ဆုံးလှုပ်ခဲ့သည့်အတွက် နောက်တစ်ကြိမ် လှုပ်မည်ကိုစိုးရိမ်စရာ ဖြစ်နေကြောင်းဘူမိဗေဒပညာရှင်များကသုံးသပ်ခဲ့ကြသည်။ ထို့ကြောင့် အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အ စည်းများအနေဖြင့် မြေငလျင်နှင့်ပတ်သက်ပြီးပေါ့ပေါ့တန်တန် သဘောမထားဘဲအထူးသတိပြုသင့်သည်ဟုရွှေလက်ထင်မြင်မိပါသည်။

(၂)

မြန်မာနိုင်ငံတွင် အဓိကမြေငလျင်ကြီးများရှိသည့်အနက် စစ်ကိုင်းပြတ်ရွေ့သည် အရေးအကြီးဆုံးဖြစ်သည်။ ထိုပြတ်ရွေ့ကြီးသည် မြောက်ဘက် ကချင်ပြည် နယ် ပူတာအိုမှ ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့ကို ဖြတ်ပြီးအက်ဒမန်ပင်လယ်ထဲသို့ ဝင်ရောက် သွားသည်။ စစ်ကိုင်းပြတ်ရွေ့ ကြောင့် ၁၉၂၉ တွင် အင်းအားရစ်ချ် တာစကေး ၇ ဒသမ ၃ အဆင့်ရှိဆွာမြေငလျင်စတင်ဖြစ်ပွားခဲ့သည်။ ၁၉၃၀ မေလ ၅ ရက်တွင် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိပဲခူးငလျင်လှုပ်ခဲ့သည်။ ၁၉၃၀ ဒီဇင်ဘာတွင် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၃ အဆင့်ရှိ ဖြူးမြေငလျင်လှုပ်ခတ်ခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခဲ့သည့်နေရာများတွင် ပြတ်ရွေ့အချက်အလက် များ၊ အတိတ်တွင် ဖြစ်ပွားခဲ့သည့်မြေငလျင်အချက်အလက်များအ ရ နှစ်ပေါင်း ၈၀၊ ၁၀၀၊ ၁၅၀ ကာလတွင် အင်အား ၇ နှင့် ၇ အထက် မြေငလျင်များလှုပ်ခတ်နိုင်ကြောင်းပညာရှင်များကခန့်မှန်းခဲ့ကြသည်။ ထိုခန့်မှန်းချက် အရ ၁၉၃၀ က လှုပ်ခဲ့ပြီးနှစ်ပေါင်း ၉၀ ခန့် ကြာ ငြိမ်သက်နေခဲ့သည့် ပဲခူးမြေငလျင်ကိုနောက်တစ်ကြိမ် ပြန်လှုပ်နိုင်ကြောင်းသုံးသပ်နေ ကြခြင်း ဖြစ်သည်။ ၁၉၃၀ ပဲခူးမြေငလျင် လှုပ်ခဲ့စဉ်ကပဲခူးတွင် လူ ၅၀၀ သေဆုံးခဲ့ပြီးရန်ကုန်တွင် လူ ၅၀ သေဆုံးခဲ့သည်။ ထိုအချိန် က ရန်ကုန်မြို့တွင် လူဦးရေနည်းသေးသည့်အပြင် အထပ်မြင့်အ ဆောက်အအုံလည်းမရှိသလောက်ပင် ဖြစ်သည်။ ယနေ့ကဲ့ သို့ လူဦးရေကများ၊ အထပ်မြင့်အ ဆောက်အအုံကလည်းများသည့် အခြေအနေတွင် ပဲခူးမြေငလျင် လှုပ်ပါကရန်ကုန်အတွက် တွေးဝံ့စရာပင် မရှိပေ။ ထို့ကြောင့်လည်း ပြည်သူများထိတ်လန့်နေကြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း ပြတ်ရွေ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝအနီး တောင်၊ မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်မြို့အနီးမှ စတင်ပြီးတောင် ကြီးမြို့အနီးတောင်၊ မြောက် တန်းလျက်ရှိသည့် ကျောက်ကြမ်း ပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက် ပိုင်းတွင် အရှေ့၊ အနောက်တန်းလျက်ရှိသည့် မိုးမိတ်ပြတ်ရွေ့တို့ သည်လည်းအင်အားပြင်းမြေငလျင်များကို ဖြစ်ပေါ်စေနိုင် သည်။ ထို့အပြင် မြေငလျင်ပြတ် ရွေ့အသေး ၄၀ ခန့်လည်းရှိနေပြီးမြေငလျင်ဒဏ်ကိုအချိန်မရွေးခံစားရနိုင်သည်။ ထိုမျှမကသေး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်နေ ပြီးမကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်းရှိနေသေးသည်။ ထို့ကြောင့် မြန်မာ နိုင်ငံသည် မြေငလျင်ကြောများကိုဖင်ခုထိုင်ထားသည့် နိုင်ငံဖြစ်သည်ဟုရွှေလက်ဆိုလိုက်ချင်သည်။

(၃)

မြေငလျင်ဆိုသည်မှာမည်သည့်အချိန်တွင် မည်ကဲ့သို့ပုံသဏ္ဌာန်ဖြင့် ရောက်လာမည်ကိုပညာရှင်များမခန့်မှန်းနိုင်သေးပေ။ မြေငလျင်ကိုမခန့်မှန်းနိုင် သော်လည်း ကြိုတင်ကာကွယ်နိုင် သည့် နည်းလမ်းများကိုစနစ်တ ကျ ဆောင်ရွက်ထားပါကမြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များလျော့ကျစေနိုင်ပါလိမ့်မည် ဟုရွှေလက်ယူဆမိပါသည်။ သည်နေရာတွင် ရွှေလက်တို့ ဘူမိသိပ္ပံဘာသာရပ်ကိုသင်ကြားစဉ်ကမှတ်သားခဲ့ရသည်များကိုအခြေခံပြီးအဓိကလုပ်ဆောင်သင့် သည့် မြေငလျင်အန္တရာယ်ကြို တင်ကာကွယ်နိုင်သည့် နည်းလမ်းကိုပြောပြချင်ပါသည်။ထိုနည်းလမ်းမှာအဆောက်အအုံများကိုငလျင်ဒဏ်ခံနိုင် အောင် တည်ဆောက်ခြင်းဖြစ် သည်။ မြေငလျင်ကလူကိုမသတ်၊ လူတို့ဆောက်ထားသည့် အ ဆောက်အအုံများကသာလူကိုသတ်ခြင်းဖြစ်သောကြောင့် အ ဆောက်အအုံများကိုမြေငလျင် ဒဏ်ခံနိုင်အောင် တည်ဆောက်ရမည်ဖြစ်သည်။ ထိုအပိုင်းသည် မြေငလျင်ဘေးအန္တရာယ် ကြို တင်ကာကွယ်ရေးအတွက် အရေးအကြီးဆုံးဖြစ်ပြီးအခက်ခဲဆုံးလည်း ဖြစ်နေသည်။ သို့သော် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ပေးသည့် အနေဖြင့် အစိုးရကမဖြစ်မနေဆောင်ရွက်သင့်ပေသည်။

လက်ရှိတည်ရှိနေသည့် အ ဆောက်အအုံများကိုမြေငလျင် ဒဏ်ခံနိုင်ရည် ရှိ၊ မရှိစစ်ဆေးပြီးမွမ်းမံသင့်သည်များကိုမွမ်းမံ၊ ပြင် ဆင်သင့်သည်များကို ပြင်ဆင်၊ ဖျက်သိမ်းသင့်သည်များကိုဖျက် သိမ်းစသဖြင့် ဆောင်ရွက်သင့် သည်။ ဆောက်လုပ်နေဆဲနှင့် နောက်ထပ်ဆောက်လုပ်မည့် အ ဆောက်အအုံများကိုမြေငလျင် ဒဏ်ခံနိုင်အောင် အစီအမံများထည့်သွင်းထားခြင်းရှိ၊ မရှိကိုသေသေချာချာစစ်ဆေးပြီးမှ ဆောက်လုပ်ခွင့်ပေးသင့်သည်။ ဆောက်လုပ်နေစဉ်မှာလည်းချမှတ်ထားသည့် စည်းကမ်းများနှင့်အညီဆောင်ရွက်မှုရှိလား၊ မရှိဘူးလားဆိုသည်ကိုစောင့်ကြည့်အရေးယူမှုများထိထိရောက်ရောက် ပြုလုပ်သင့်သည်။ သို့မှသာ ပြည်သူလူထုအနေဖြင့် မည်သည့်အဆောက်အအုံမှာပဲနေနေလုံခြုံစိတ်ချကြရမည်ဖြစ်ပြီး​တော်ရုံတန်ရုံငလျင်ဘေး အန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်လည်းမြေငလျင်များဆက်တိုက်လှုပ်နေသောကြောင့် အစိုးရအပါအဝင် အဖွဲ့အစည်းများကမြေငလျင်နှင့် ပတ်သက်ပြီးသိထားရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုအသိပညာပေးခြင်းများစဉ်ဆက်မပြတ် စနစ်တကျဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။
ထို့အပြင် မြေငလျင်လှုပ်ပါကအရေးပေါ်ကူညီကယ်ဆယ် ရေးလုပ်ငန်းများကိုထိထိရောက် ရောက် ဆောင်ရွက်နိုင်ရန်လည်းအသင့်အနေအထား ပြင်ဆင် ထားသင့်သည်။ မြေငလျင်ဘေး အန္တရာယ်သည် စက္ကန့်ပိုင်းအတွင်းအရာရာကိုဖျက်ဆီးပစ်နိုင် သည့် ဘေးအန္တရာယ်ဖြစ်သောကြောင့် အစိုးရအနေဖြင့် လျှော့ မတွက်ဘဲအထက်တွင် ဖော်ပြခဲ့သည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုမဖြစ်မနေဆောင် ရွက်ပေးသင့်ကြောင်းရေးသားလိုက်ရပေသည်။ ။

 

ရွှေလက်

7Day News Journal (24.1.18)
အတွဲ (၁၆)၊ အမှတ် (၄၆)

About The Author

greenness_mm

No Comments

Leave a Reply