မြေထိန်းမြစ်ရှည်မြက် (ဗက်တီဗာ) စိုက်ကြပါ # Nature-Based Solutions

မြေထိန်းမြစ်ရှည်မြက် (ဗက်တီဗာ) စိုက်ကြပါ # Nature-Based Solutions

သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးဒုက္ခရောက်နေရတဲ့ မြန်မာနိုင်ငံမှာ အသုံးချ ကုစားစရာ အများပါဝင် ဆောင်ရွက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ ဗက်တီဗာခေါ် မြစ်ရှည်မြက် သို့မဟုတ် မြေထိန်းမြစ်ရှည်မြက် စိုက်ပျိုးအသုံးချခြင်း နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ရန် တင်ပြရင်း တတ်နိုင်သလောက် စိုက်ပျိုးကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။
သစ်ပင်တွေခုတ်ကြလို့ မိုးရွာတိုင်း မြေကြီးမြေဆီတွေ တိုက်စားခံရပါတယ်။ တိုက်စားခံရသမျှ သဲမြေများဟာ တားဆီးမဲ့ သစ်ပင်တွေမရှိတော့လို့ မိုးရေနဲ့အတူ တောင်စောင်း ချောင်းမြောင်းများတစ်လျောက် မျောပါစီးဆင်းရင်း မြစ်ချောင်းများအတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီနေရာမှာ တောင်ပေါ်နဲ့ မြင့်ရာနေရာတွေကနေ နိမ့်ရာကို၊ ရေစီးနဲ့အတူ သဲမြေတွေ တောက်လျှောက် စီးဆင်းသွားကြတော့ ရေစီးသန်တဲ့ တောင်ကျချောင်းတွေဖြစ်လာတာကြောင့် လူ တိရိစ္ဆာန်တွေ ဒုက္ခရောက်ကြရသလို၊ မိုးရေတွေအတွက်လည်း မြန်မြန်စီးရင်း မြေကြီးထဲကို စိမ့်ဝင်နိုင်ဖို့ အချိန်မရကြတော့ပါဘူး။ ဒီအကြောင်းကြောင့် မြေကြီးထဲဝင်ရောက်ခိုအောင်းနေတဲ့ မြေအောက်ရေတွေရဲ့ အမှတ်တွေလည်း လျော့ကျနိမ့်ဆင်း လာရပါတော့တယ်။
သယ်ဆောင်လာတဲ့ ချောင်းရေမြစ်ရေတွေ အရှိန်လျော့ပြီး နှေးသွားတဲ့အခါ ပါလာတဲ့ သဲမြေတွေဟာ မြစ်ချောင်းများအတွင်း ပို့ချခြင်းခံကြရပါတယ်။ ဒီလိုပို့ချခံရခြင်းကြောင့် မြစ်ချောင်းကြမ်းပြင်တွေလည်း မြင့်တက်လာခဲ့ကြပါတော့တယ်။ သဲမြေတွေပို့ကုန်လို့ မြစ်ချောင်းတွေအတွင်း ရေဝင်စီးစရာ လမ်းကြောင်းတွေ ပျောက်တော့၊ ရေကဘေးကို ဖြန့်လျှံစီးရင်း ရေကြီးရေလျှံမှုတွေဖြစ်လာပါတယ်။ လျှံတဲ့ရေက ဘေးကမြစ်ချောင်းကမ်းပါးတွေကို တစ်ခါ တိုက်စားတော့ မြစ်ချောင်းဘေးက လူနေအိမ်တွေ တခြားအဆောက်အဦးတွေ ပြိုကျပျက်စီး မျောပါကြရပြန်ပါတယ်။
ဒီပြဿနာတွေနေ လျော့ပါးသက်သာ လာစေဖို့ လုပ်ဆောင်ရမဲ့ အဓိက နည်းလမ်းနှစ်ခုကတော့၊

၁။ မြစ်ချောင်းတွေထဲ ပို့နေတဲ့ သဲမြေတွေကို တူးထုတ်ပြီး မြစ်ကြောင်း ချောင်းလမ်းတွေ ပြန်ဖော် ပေးရပါမယ်။
မှန်မှန်ကန်ကန် စီးစရာလမ်းရသွားရင် မြစ်ချောင်းတွေဘေးမှာ ရေကြီးရေလျှံတွေ လျော့ပါးပျောက်ကွယ် သွားပါလိမ့်မယ်။ ရေစီးနှုန်းမှန်ရင် ပို့ချမှုတွေလည်းလျော့သွားပြီး ရေနဲ့သယ်ပါလာတဲ့ သဲနုန်းမြေကြီးတွေဟာ မြစ်ဝကျွန်းပေါ်ဖက်ကိုပဲ စီးသွားကြပါလိမ့်မယ်။ မြစ်ချောင်းဖော်တဲ့ အလုပ်က နှစ်စဉ် ပုံမှန် လုပ်ပေးနေရပါမယ်။
၂။ တောတောင် မြို့ရွာ ကွက်လပ်ရှိတဲ့ နေရာတိုင်းမှာ သစ်ပင်တွေ စိုက်ပေးရပါမယ်။
သစ်ပင်တွေရဲ့ အမြစ်တွေက ကုတ်တွယ်ပေးထားလို့ မိုးကြီးကြီးရွာရင်တောင် မြေဆီမြေကြီးတွေ မိုးရေထဲ လွယ်လွယ်ကူကူ မျောပါသွားသွားနိုင်မှာ မဟုတ်တော့ပါ။ ဒါဆိုရင် ဆိုးရွားတဲ့ တောင်ကျချောင်းတွေနဲ့ ကြုံရလို့ ရလာတဲ့ ဒုက္ခတွေကနေ သက်သာရာ ရလာမဲ့အပြင် သစ်ပင်သစ်မြစ်တွေကြား တုန့်နှေးစွာ လှည့်ပတ် စီးဆင်းလာရတာကြောင့် မိုးရေတွေ မြေကြီးထဲကို စိမ့်ဆင်းဝင်ရောက်ဖို့ အခွင့်အရေးတွေ ပိုရလာလို့ ေွအောကျရတှေတေိုးလာမှာ ဖြစ်သလို၊ စိုထိုင်းတဲ့ မြေကြီးကြောင့် စိုက်ပျိုးမှုတွေလည်း ပိုပြီး အကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။
ပထမနည်းက အရင်းကြီးပြီး နည်းပညာလိုအပ်ချက်ကလည်း မြင့်လို့ အစိုးရက ဦးဆောင် အကောင်အထည် ဖော်ပေးမှ ဖြစ်နိုင်ပါမယ်။ ဒုတိယနည်းကတော့ လူတိုင်းပါဝင်ဆောင်ရွက်နိုင်လို့ သစ်ပင်ကြီးတွေ မစိုက်နိုင်သေးတဲ့ နေရာတွေမှာ၊ ပြိုကျနိုင်တဲ့ ကုန်းစောင်းကမ်းပါးတွမှာ၊ မြေထိန်းမြက်ရှည်မြက်တွေကို မိုးမကျခင် ကြိုတင်စိုက်ပျိုးခြင်းဖြင့် ရေလောင်းစရာမလိုပဲ အောင်မြင်ဖြစ်ထွန်း အကျိုးရှိစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်းပါ။
တစ်ဆက်ထဲ မြစ်ကြောင်း ချောင်းလမ်းတွေ ပြန်ဖော်ပေးတာကိုလည်း မဖြစ်မနေလုပ်ပေးဖို့ အစိုးရကိုလည်း တိုက်တွန်းလိုက်ပါရစေ။
……………………..
ရေးသူ- သိန်းမော်(ထိန်းသိမ်းရေးအင်ဂျင်နီယာ)

About The Author

greenness_mm

No Comments

Leave a Reply