ရာသီကပ်ဘေးဒဏ်သင့် မဲဇာမြစ်ရိုးက တောင်သူများ (အပိုင်း-၂)

ရာသီကပ်ဘေးဒဏ်သင့် မဲဇာမြစ်ရိုးက တောင်သူများ (အပိုင်း-၂)

တောင်သူတွေနဲ့ မရင်းနှီးသည့် စနစ်အပြောင်းအလဲနှင့် နည်းပညာ အပြောင်းအလဲ
၂၀၁၉ ခုနှစ်မှာ ဝါဆို၊ဝါခေါင် လယ်ကွင်းထဲ ဖုန်တထောင်းထခဲ့သည့် နှစ်က တောင်သူတွေက
ဖြစ်တဲ့နည်းနဲ့ ပက်ကြဲခင်းတွေ စခဲ့သည်ဟုဆိုသည်။ ဒေသအခေါ်က တစ်တန်ကြဲဟုဆိုသည်။ အစေ့ချကိရိယာတွေ မပါတော့ မညီညာတာတွေ၊စိပ်တာ ကျဲတာတွေ ၊ပေါင်းရှင်း ရပြဿနာတွေ အဓိက ဖြစ်သည်။
” ကြဲခင်းတော့ ပေါင်းထတာပဲ။ ပေါင်းနိုင်ရင် စိုက်ခင်းထက် ကောင်းတယ်။အစေ့ချ စနစ်ဆိုရင် ပိုကောင်းတာပေါ့။ ဘယ်အဖွဲ့ကမှ ပညာပေးတာတော့ မရှိဘူး။ သူ့အခင်း ဝင်ကြည့်၊ကိုယ်အခင်း သူဝင်ကြည့် ကောင်းတဲ့စနစ် ယူပြီး လုပ်နေတာ ။ဒီလိုမိုးနဲ့ စိုက်စနစ်သွားနေရင်
ဆီဖိုးနဲ့တင် မွဲသွားမှာ ” မဲဇာမြစ်ရိုးတွင် ကြဲခင်းလုပ်နေသည့် တောင်သူ ထွန်းထွန်းဝင်းက ဆိုသည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း Climate Change ကြောင့် မိုးရွာသွန်းမှု ပုံစံမမှန်တာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ မုတ်သုံကာလ ၁၄၄ ရက်ကနေ ၁၂၁ ရက်အထိ တိုတောင်းလာတာဖြစ်လာပြီး စိုက်ပျိုးရေးဌာနတွေနှင့်ပေါင်းပြီး ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အညီ ရေလိုအပ်ချက်နည်းတဲ့ ရာသီဒဏ်ခံ ဈေးကွက်ဝင်သီးနှံတွေ အစားထိုးစိုက်ပျိုးဖို့ ပညာပေးတာတွေ လုပ်နေကြောင်း ဆိုသည်။
အင်းတော်မြို့နယ် စိုက်ပျိုးရေးဌာနက အငြိမ်းစား အရာရရှိတစ်ဦးက ” Climate Change က
တကမ္ဘာလုံး ဖြစ်နေတာ ဆယ်စုနှစ်တွေ ချီနေပြီ။မြန်မာပြည်က တောင်သူတွေက ပြင်ချိန်မရဘူး။ဌာနကကို ဒီကိစ္စအရေတယူ လုပ်တာ နောက်ကျနေတယ်။ အခုလည်း ဒေသခံ တောင်သူတွေက ရာသီအပြောင်းအလဲကို မလိုက်နိုင်ကြသေးဘူး။ ရာသီနှင့် ကိုက်ညီတာ၊ဒေသနှင့် ကိုက်ညီတာ
စိုက်ဖို့ ပညာပေးနေကြပါတယ်။တချို့တောင်သူတွေက ငါးပေါက်ကျင်း၊သုံးပေါက်ကျင်းတွေ ရိုက်ဖို့လိုတယ်။
လျှိုလယ်(တောင်ကြားလယ်)တွေမှာ ရေကန်ငယ်လေးတွေ တူးကြတာလည်း မိုးခေါင်တဲ့အခါ၊
ရေလိုတဲ့အခါ အကျိုးဖြစ်ထွန်းကြပါတယ် ။ရေကိုတော့ ရတဲ့နည်းနဲ့ဖန်တီးဖို့ လိုပါတယ် ။စိုက်စနစ်ပြောင်း၊နည်းပညာ စက်မှုတွေ ပြောင်းမှ ခံသာမှာ ”ဟု ဆိုသည်။
အင်းတော်မြို့နယ်မှာ ပိုက်ဖိုးမပါ ဘုံဘိုင်တွင်း တစ်ကျင်းကို ကျပ်ငွေ ခြောက်သောင်းကုန်ကျသည်ဟုဆိုသည်။ တစ်ချို့ ဘုံဘိုင်ရေတွေလည်း ခမ်းတာတွေ ရှိနေသည်။”မိုးဝင်ကတည်းက ရိုက်နေကြတာ။အခုအထိလည်း နားကြရသေးဘူး။မဲဇာမှာ ၁၆ ကျင်း၊ သစ်လှတော၊ တုံစည်မှာ ကျင်း ၃၀ လောက်ရှိတယ်။ ဒီရွာမှာက ဆယ်ဦးကျော်မယ်။ရေပေါရင် သုံးပေါက်ကျင်း၊ရေနည်းရင် ငါးပေါက်ကျင်းရိုက်ရတာ” ဟု မဲဇာတိုက်နယ်က ဘုံဘိုင် ရိုက်သည့် ကိုစိုးလွင်မိသားစုကဆိုသည်။
ကသာခရိုင်၊အင်းတော်မြို့နယ်၊မန်လည် တိုက်နယ်က တောင်သူ ဦးမောင်က
” မိုးကမောက်က မဖြစ်တာက ဆယ်နှစ်ကျော်ပြီ။ သားသမီးတွေကိုလည်း ဘယ်မြေကွက် ရောင်းရောင်း မဲဇာချောင်းဘေး အကွက်ချန်ကြလို့ မှာရတော့တာ။ ဘိုးစဉ်ဘောင်ဆက် လယ်လုပ်ခဲ့တာ ဒီလိုတွေမှာ မကြားဘူး။မကြုံဖူးဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နှစ်တိုင်း မဲဇာချောင်းရေ လျှံတယ်။အခု ရေမကြီးတာ ၈ နှစ်ရှိပြီ ။အကျိုးဆက်က နှုန်းမတင်တော့ အခင်းမကောင်းဘူး။
မဲဇာချောင်းဘေး စိုက်ခင်းတွေက ကြွက်နဲ့ လုစားရတာပဲ”ဟု ဆိုသည်။
မဲဇာမြစ်ရေကြီးဖို့ မျှော်လင့်နေဆဲ တောင်သူတွေ
မဲဇာမြစ်မှာ ဗန်းမောက်မြို့နယ်တွင် ၂၈ မိုင်၊အင်းတော်မြို့နယ်တွင် ၃၈ မိုင်၊ထီးချိုင့်မြို့နယ်တွင်
မိုင် ၂၀ ရှိပြီး ၈၆ မိုင်ဝန်းကျင် ရှည်လျားသည့် မြစ်တစ်စင်းဖြစ်သည်။ ကျေးရွာပေါင်း ၁၀၀ကျော်မီခိုနေပြီး မြစ်ရေလွှမ်း စိုက်ပျိုးမြေဧက ၁၀၉၂၀ ဧက ရှိသည်။ ၁၉၉၀ ခုနှစ်များဝန်ကျင် မတိုင်မီက
နှစ်စဉ် အနည်းဆုံး တစ်ကြိမ်မှ လေးကြိမ်အထိ ရေလွှမ်းသည့် မြစ်ဝှမ်းလွင်ပြင်ဖြစ်သည်။စိုက်သမျှ သီးနှံဖြစ်ထွန်းကာ မဲဇာ မြစ်ရိုး၊ချောင်းရိုးထွက် နေကြာ၊ပဲဆီတို့မှာ ဒေသတဝှမ်း၊နိုင်ငံတဝှမ်းနှင့် တရုတ်နိုင်ငံအထိ နာမည်ရခဲ့သည်။
မြစ်ရေမလွှမ်းသည့် အခြေအနေကို ၂၀၀၀ ခုနှစ်ဝန်းကျင်မှသာ စတင်ကြုံတွေ့လာသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မဲဇာမြစ်ရိုးတွင် ကြွက်သောင်းကျန်းမှုကို ၂၀၁၇ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်မှ စတင်ကာ ခံစားခဲ့ကြရခြင်းဖြစ်ပြီး အနည်းဆုံး ၁၀ ခိုင်းနှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည် ဟု ဒေသခံ တောင်သူများက ဆိုသည်။
ဒေသခံတောင်သူအများစု သုံးသပ်ချက်အရ မဲဇာမြစ်ရိုးတွင် ကြွက်များသောင်းကျန်းမှုမှာ
မြစ်ရေကြီးခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေပြီး မဲဇာမြစ်ရေ ကမ်းလျှံသည်အထိ ရေမကြီးသည်မှာ
၈ နှစ်ရှိပြီဖြစ်ကြောင်း၊ ကြွက်များကို စားသုံးသည့် တောကြောင်များ၊ မြွေများ ရှားပါး
ပြုန်းတီးလာခြင်းနှင့် သက်ဆိုင်ခြင်းများ ရှိနေသည်ဟု တောင်သူများက သုံးသပ်သည်။
စိုက်ပျိုးရေးအရာရှိ ဦးအောင်မျိုးဝင်းက ကြွက်များမှာ အခြားအရပ်မှ အစာရှားပါးမှုကြောင့် ပြောင်းလာခြင်းနှင့် ဒေသတွင်း ကြွက်များအတွက် အစာရေစာ ပတ်ဝန်းကျင် ကောင်းခြင်းများကြောင့် ပေါက်ဖွားနှုန်းမြင့်တက်လာမှုကြောင့်ဖြစ်တတ်ကြောင်း သုံးသပ်သည်။
ယင်းက” စုပေါင်းပြီး မနှိမ်နှင်းရင် မအောင်မြင်ဘူး။ ကြွက်သတ်ဆေးသုံးတာက အကောင်းဆုံးနည်းမဟုတ်ပါဘူး။ ကြွက်သတ်ဆေးက တကယ်တမ်း မထိရောက်ပါဘူး။ သဘာဝအစာရှိရင် ကြွက်သတ်ဆေးပါတာကို မစားတာမျိုးတွေရှိတယ်။ အစာကွင်းဆက်က အကောင်တွေ သေဆုံးတာမျိုး ဘေးထွက်ဆိုးကျိုးပါ ရောက်ကုန်တယ်။ ကြွက်က ၂၁ ရက်ပဲ ကိုယ်ဝန်ဆောင်တော့ အစာကောင်းရင် မျိုးပွားမှုက
အရမ်းမြင့်တယ်။ အစာမရှိရင်လည်း မျိုးမပွားပဲ အကြာကြီးနေကြတယ်။နောက်ဆုံးနည်းကတော့ ကိုယ်ဝန်မဆောင်နိုင်တဲ့ ဆေးတွေ ကြွေးတာပါ လုပ်ကြရတာမျိုးရှိပါတယ်”ဟု ပြောကြားသည်။
သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးပညာရှင် ဦးနေမျိုးရွှေက ကမ္ဘာ့ ရာသီဥတုပြောင်းလဲခြင်း (Climate Change )နှင့် ဂေဟစနစ်ပျက်ယွင်းခြင်းကို တစ်ကမ္ဘာလုံးကြုံတွေ့နေရပြီး စိုက်ပျိုးရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုဖြစ်ကြောင်း သုံးသပ်ထားသည်။
အသက် ၇၀ တောင်သူ ဦးဖိုးသိန်းက ” ၁၉၉၀ ဝန်းကျင် မတိုင်ခင်က မြေပဲတစ်ဖုတ်(ပဲတစ်ပင်)အနည်းဆုံးက သုံးဆယ်။ တကယ်ကောင်းတဲ့ အခင်းက ပဲအတောင့် ၁၅၀ ဥကနေ ၂၀၀ ကျော်အထိ ဥကြတယ်။ အခုက မြေပဲ အတောင့်လေးဆယ်ကျော် ဥရင် စုတ်သတ်ပြီး ချီးမွမ်းနေကြပြီ။ရေကလည်း ကြီးလွန်းတဲ့နှစ်က အိမ်ကြမ်းခင်းနစ်လို့ ထုတ်မှာ တန်းထိုးနေကြရတာ။ဒီမဲဇာမြစ်ရိုးကို အနယ်နယ်အရပ်ရပ်က ပဲကောက်လာကြတဲ့ ကာလပေါ့ ။အရင်က ရေကြီးရင် စိတ်ညစ်ရတာ။အခုက ရေကြီးတာကို မျှော်ကြရပြီ ” ဟု ဆိုသည်။
၂၀၁၇ ခုနှစ်က ထုတ်ဝေခဲ့သည့် ” မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း”အစီရင်ခံစာတွင် ရာသီဥတု ပြောင်းလဲမှုအကျိုးဆက်ကြောင့် မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသတွင် ၁၉၈၀ ခုနှစ်မှ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ်တိုင်းတွင် ပျှမ်းမျှအပူချိန် ၀ ဒသမ ၃၅ ဒီကရီ စင်တီဂရိတ်အထိ တိုးလာနေသည်ဟု ဆိုသည်။ အပူချိန်တိုးလာသည့် အကျိုးဆက်အနေဖြင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ မိုးများခြင်း၊ မိုးနည်းခြင်း၊ မိုးမမှန်ခြင်း စသည့် အကျိုးဆက်များကို မြန်မာ့တောင်သူများ ခံစားနေရသည်ဟု ဖော်ပြထားသည်။
သဘာဝက ပေးတဲ့လက်ဆောင်ကို လူတို့ဖန်တီးဖို့ ခက်ပါသည်။
မဲဇာမြစ်ရေ မကြီးသ၍ ကြွက်ကပ်ဘေးကင်းဖို့ ၊သီးနှံ အထွက်ကောင်းဖို့ လမ်းစမမြင်ရသေးပါ။
မြစ်နှင့်အတူ တိမ်ကောလာသည့် ဓလေ့များ
မဲဇာမြစ်ဖျားသည် ဗန်းမောက်၊အင်းတော်၊ပင်လယ်ဘူး၊ဝန်းသို၊ထီးချိုင့် မြိုနယ်များနှင့် ထိစပ်နေသည်။မြောက်ဘက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းမှ စီးဝင်သည့် ချောင်းများလည်း ပါဝင်သည်။ ဧရာဝတီမြစ်အတွင်းသို့ ထီးချိုင့်မြို့အောက်ဘက် ညောင်ပင်သာ ကျေးရွာအနီးတွင် စီးဝင်သည်။ ကတူး၊ကနန်း၊ရှမ်း၊ဗမာ စသည့် တိုင်းရင်းသားတို့ မီခိုလာခဲ့သည့် မြစ်ဖြစ်သည်။
ကုန်းဘောင်ခေတ် မှတ်တမ်းများတွင် ရွှေခွန်ဆက်ရသည့် အတွက်ကြောင့် အခြားအခွန်များ ကင်းလွှတ်ခွင့်ရသည်။ရေးစီးကောင်းမွန်သည့်အတွက် မင်းနေပြည်ကို လှေဖြင့် အခွန်ဆက်ခြင်း၊ကုန်ရောင်းကုန်ဝယ်များပြုလုပ်ခြင်း မှတ်တမ်းများကျန်ရစ်သည်။ယခုထက်တိုင် မန်လည်တိုက်နယ် ၊တံခွန်တိုင်ကျေးရွာတွင် စေတီဟု ခေါ်တွင်သည့် အလျား ၅၇ ပေ၊အနံ ၆ပေ ၅ လက်မရှိ ကျွန်းသားသစ်လုံးထွင်းလှေကြီးကို တွေ့မြင့်နိုင်သေးသည် ။
ထိုထက်ကြီးမားသည့် မင်းကျော် အမည်ရသည့်
လှေကိုမူ ကောဇာသက္ကရာဇ် ၁၂၄၅ ခုနှစ် (ခရစ်နှစ် ၁၈၈၃ခုနှစ်)တွင် မိုးညှင်းဇာတိ ဗိုလ်ဝါဦးဆောင်က သီပေါမင်းကို ပုန်ကန်စဉ် ဘုရင့်ကို အခွန်ဆက်သည့် လှေဟုဆိုကာ မီးရှို့ခဲ့ကြောင်း
မှတ်တမ်းများက ဆိုသည်။ ကုန်ဘောင်ခေတ်နှောင်းပိုင်းနှင့် ကိုယ်လိုနီခေတ်အထိ မဲဇာမြစ်အတွင်း ဝါဆို၊ဝါခေါင်လများတွင် ဘုန်းတော်ကြီး တိုက်နယ်အလိုက် လှေပြိုင်ပွဲများ မဲဇာမြစ်အတွင်း ကျင်းပခဲ့သည်ဟု ဆိုသည် ။
(လက်ရှိတွင် မဲဇာမြစ်အနီးရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ပြိုင်ပွဲဝင်ခဲ့သည့် ကျွန်းသစ်ထွင်းလှေများ ကျန်ရှိနေသေးရာ
သက်ဆိုင်ရာက ထိန်းသိမ်းသင့်ပါသည်။)နန်းတော်အတွက် လိုအပ်သည့် သစ်များကိုဖောင်ဖွဲ့ ပို့ဆောင်ရသည်။
ယင်းဖောင်စုန်သည့် ဓလေ့များသည် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ပျောက်ဆုံးခဲ့သည်။
မန်လည်တိုက်နယ်မှ ဝါးဖောင်လုပ်ငန်း လုပ်ကိုင်ခဲ့သူ ဦးကျော်သန်းက ” မဲဇာသံတံတားကနေ မန်းလေဂေါဝင်ဆိပ် ၊စစ်ကိုင်းဆိုရင် ရှင်ပင် နံကိုင်းဆိပ်အထိ မိုးရာသီဆိုရင် ၁၅ ရက်၊ဆောင်းဦးပေါက် ဆိုရင် ၃၅ ရက်။ရေနည်းတဲ့ နွေဘက်လုရင် ၄၅ ရက်ကြာတယ်။ ၁၉၉၅ နောက်ပိုင်းတွေက မိုးရာသီပဲ ရေစီးကောင်းတော့တယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းကြတော့ ဖောင်စုန်တာကို တဖြည်းဖြည်း ရပ်လိုက်ကြတော့တာ။စက်လှေတွေလည်း ရသလောက် ဆန်ပြီး လာသယ်ကြတော့တာ။ရေကြောင်းလဲ ဆောင်းရာသီကို ဆင်းလို မရတော့ဘူး။တိမ်သွားတယ်”ဟု ဆိုသည်။
ယင်းဝါးဖောင် လုပ်ငန်းအပြင် နှစ်စဉ်တော်သလင်းလဆန်းမှ တန်ဆောင်မုန်းလပြည့်နေ့ဝန်းကျင်အထိ မဲဇာမြစ်အတွင်း ငါးတက်သည့် ဖြစ်စဉ်မှာ ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် မြစ်ဖျားပိုင်းတွင် ရွှေတူးဖော်မှုများရှိခဲ့ပြီးနောက်ပိုင်း လုံးဝပျက်သုဉ်းသွားကြောင်း အဖိုးသိန်းက ဆိုသည်။ယင်းက ” နှစ်စဉ် တော်သလင်း လဆန်းရင် ငါးသေးသေး၊တန်ဆောင်မုန်းလဆန်းရင် ငလူးငါးတွေက ချောင်းတစ်ရိုးလုံး တက်တာ။ပုရစ်တွေအခင်းတွေမှာ အော်တဲ့အချိန်နဲ့ ကွက်တိလောက်ပဲ။သုံးလေးရက် ကွာတတ်တယ်။
မြစ်ထဲရေတိမ်တဲ့ နေရာတွေမှာ ငါးတွေက အုပ်လိုက်တက်တော့ ကုန်းပေါ်က ခွေးက အကောင်ထင်ပြီးကမ်းပါးက လိုက်တယ်။ နွေနှောင်းပိုင်းကျတော့ ငါးရစ်လို့ ပြောရမှာပေါ့။အဲဒီအချိန်က ငါးကြီးတွေတက်တယ်။
ငါးမြင်း၊ငါးအုံတုံတွေပေါ့။ ချောင်းဖျားမှာ ရွှေတွေ ကျင်တဲ့နှစ်က စလို့ လုံးဝ မတက်တော့ဘူး ”ဟု ဆိုသည်။ တန်းဆောင်မုန်းမှာ တက်တဲ့ ငါးလူးကို ငါးပိကောင်လုပ်ကာ လယ်သိမ်းသည့် နတ်တော်၊ပြာသိုလများတွင် ကောက်ညှင်းကျည်တောက် ၊ကောက်ညှင်းပေါင်း၊ခေါပုတ်၊ခေါဆီ၊ ချဉ်ပေါင်းသီးတို့ဖြင့် တွဲဖက်စားရသည်က မြစ်ရိုးတောင်သူအားလုံး ဆောင်းရာသီစားသည့် ဒေသစာဟုဆိုသည်။”ငါးရှားသွားတာ မြစ်ငါးဆိုတာ မစားဖူးတော့ဘူး။အားလုံး မွေးငါးပဲ စားကြရတော့တယ်။သဘာဝငါးနှင့်က အရသာ အပုံကြီးကွာတယ်”ဟု ဆိုသည်။
မဲဇာမြစ်သည် တဖြည်းဖြည်း တိမ်ကောလာသည်သာမက ယင်းမြစ်နဲ့ဆက်နွယ်နေသည့် လူမှုဓလေ့တွေကိုပါ ပပျောက်လာစေခဲ့ပြီဖြစ်သည်။ရာသီဥတု ပြောင်းလဲခြင်းက
လူမှုဘဝများ၊ လူနေမှု စနစ်များကိုပါ ပြောင်းလဲပစ်ခဲ့လေပြီ။
ရောဂါကပ်ဘေး၊ စစ်ဘေးတွေကို ရင်ဆိုင်ဖြေရှင်းနိုင်သည်ဟု ယုံကြည်သော်လည်း ရာသီကပ်ဘေးအတွက်အဖြေကား ရင်းလေးလှဆဲဖြစ်ပါသည်။
ထွန်းလင်းအောင်(မြစ်ကြီးနား) ၉.၉.၂၀၂၃
REF: : -မဲဇာ ခုနှစ်ရွာသမိုင်း (အရှင်ဇဝန မြစေတီ)
-တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ(ရွှေဥဒေါင်း)
-၂၀၁၇ ခုနှစ်က ထုတ်ဝေသော ” မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း”
အစီရင်ခံစာ
-တို့မြေ…တို့ရေ.. တို့ရဲ့ဝိဉာဉ်နှင့် ခံစားမှု ဆောင်းပါးများ (အေးလွင်-ကသာ)
-မြန်မာကဗျာ လက်ရွေးစင် ၊နဝမတန်း။ (၂၀၁၇) ။အခြေခံပညာ သင်ရိုးညွှန်းတမ်း၊သင်ရိုးမာတိကာနှင့်
ကျောင်းသုံးစာအုပ် ကော်မတီ။

About The Author

greenness_mm

No Comments

Leave a Reply