ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေကို သတိထားပါ

ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေကို သတိထားပါ

စာရေးသူ နေ့စဉ်ပြုလုပ်နေကျအတိုင်း ဒီမနက်မှာလည်း စာကြည့်စားပွဲထိုင်ပြီး အင်တာနက်ကြည့်တယ်။ စာအုပ်တွေ မွှေနှောက်ပြီး ဟိုဖတ်ဒီဖတ်လုပ်တယ်။ ပြီးတော့ စာရေးသူရဲ့လက်တော့ပ်ထဲက ဖွင့်မကြည့်ဖြစ်တာ ကြာနေတဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမှတ်တမ်းဖိုင်ကို ဖွင့်လိုက်တယ်။ အဲဒီမှာ တွေ့လိုက်ရတာက “မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ အစီရင်ခံစာ”တဲ့။ အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မိုးလေဝသစခန်း ၁၉ ခုမှ နှစ်ရှည် စုဆောင်းရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ WWF၊ MCCAနှင့် ကိုလံဘီယာတက္ကသိုလ်၏ ရာသီဥတုစနစ်များဆိုင်ရာ သုတေသနစင်တာတို့ ပူးပေါင်းမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် ပြုစုခဲ့တာပါ။ စာရေးသူလည်း သေသေချာချာ မဖတ်ရသေးတဲ့အတွက် အစီရင်ခံစာကို ဖွင့်လိုက်မိတယ်။
ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလို မြေနိမ့်ပိုင်းဧရိယာတွေ ဟာ လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ ရေအောက်သို့ နစ်မြုပ်နိုင်ဖွယ်ရှိတယ်။ ရာစုနှစ် တစ်ဝက်ခန့်မှာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုဟာ စင်တီမီတာ ၂၀ ကနေ စင်တီမီတာ ၄၀ အထိ ရှိမယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားမှုအတိုင်းအတာနဲ့ ဖြစ်ပွားမှုအကြိမ်အတွက် ခန့်မှန်းထားတဲ့ပြောင်းလဲမှုတွေဟာ တိကျသေချာမှု မရှိသေးပေမဲ့ မုန်တိုင်းကျရောက်ချိန်နဲ့ ကင်းလွတ်ချိန် ကာလအတွင်း ကမ်းရိုးတန်းရေကြီးရေလျှံမှုတို့မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသဖြင့် ပိုမိုဆိုးရွားလာ မယ်။ ၂၁ ရာစု အလယ်လောက်မှာ မြန်မာနိုင်ငံ ဒေသတိုင်း အပူချိန် ၁ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ကနေ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမယ်လို့ မျှော်လင့်ရတယ်။ အရှေ့ဘက်ပိုင်းနဲ့ မြောက်ဘက်ပိုင်း တောင်ကုန်းဒေသတွေရဲ့ ပူပြင်းတဲ့ရာသီဥတုမှာ ၃ ဒီဂရီစင်တီဂရိတ်အထိ ပျမ်းမျှအပူချိန် မြင့်တက်နေမှုနဲ့အတူ မြန်မာနိုင်ငံရှိ ဒေသအားလုံးအနက် သိသာအထင်ရှားဆုံး ပူနွေးလာမှာကို မြင်တွေ့ရဖွယ်ရှိပါတယ်။
နောက်ပြီး မြန်မာနိုင်ငံဟာ ၁၉၈၁ ခုနှစ်နဲ့၂၀၁၀ ခုနှစ်အကြား လတစ်လမှာ အပူပြင်းဆုံးရက် တစ်ရက် ခန့် ရှိခဲ့တယ်။ အနာဂတ်ကာလမှာလည်း မြန်မာနိုင်ငံအနေနဲ့ ဘယ်နေရာမှာမဆို အလွန်အမင်း ပူပြင်းတဲ့ ရက်ပေါင်း လေးရက်ကနေ ၁၇ ရက်အထိ ရှိလာနိုင်တယ်။ မိုးရွာသွန်းမှု ပုံစံကလည်း ပြောင်းလဲနေပြီး မိုးရာသီမှာ မိုးရွာသွန်းမှု ပိုမိုလာတယ်။ ကျန်တဲ့လတွေမှာ မိုးရေချိန်တိုးလာမှုနဲ့လျော့သွားမှု နှစ်မျိုးလုံးဖြစ်နိုင်တဲ့ အတွက် အလွန်အကျွံမိုးရွာသွန်းမှုနဲ့အလွန်အကျွံ မိုးခေါင်ရေရှားမှု နှစ်မျိုးလုံး ခံစားရမယ်တဲ့။ အစီရင်ခံစာကို ဖတ်နေရင်း စာရေးသူာ စိတ်မောသွားတယ်။ မြန်မာပြည်သူတွေအတွက်လည်း စိုးရိမ်သွားမိတယ်။ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ ရေအောက်သို့ နစ်မြုပ်နိုင်ဖွယ်ရှိနေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့မြေနိမ့်ပိုင်းဒေသက ပြည်သူတွေကို စိုးရိမ်သွားမိတယ်။
နောက်ပြီး ၂၀၁၁ ခုနှစ်က စာရေးသူ တက်ရောက်ခဲ့တဲ့ ပတ်ဝန်းကျင်ဆိုင်ရာသင်တန်းတစ်ခုမှာလည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် ၅ မီတာခန့် မြင့်တက်လာနိုင်ကြောင်း၊ အဲဒီလို ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာပါက မြစ်ဝကျွန်းပေါ်ဒေသဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ အစိတ်အပိုင်းအများစု၊ နယ် သာလန်၊ မော်ဒိုက်ကျွန်းစု၊ မာရှယ်ကျွန်းစု၊ တူဘာလူကျွန်းစု၊ ကေမန်းကျွန်းစုတို့နဲ့အတူ ရေနစ်မြုပ်မှုကို ကြုံတွေ့ ရနိုင်တယ်လို့ ပညာရှင်တစ်ယောက်က ပြောပြတာကို မှတ်သားခဲ့ရဖူးပါတယ်။ အဲဒီကတည်းက စာရေးသူ ဆောင်းပါးတွေ ရေးလို့အခွင့်ကြုံလာတိုင်း အဲဒီကိစ္စကို သတိပေးတဲ့အနေနဲ့ ထည့်ရေးပေးခဲ့ပါတယ်။ အခုလည်း “မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ” အစီရင်ခံစာမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပင်လယ်ရေနစ်မြုပ်မှုနဲ့ကြုံတွေ့ရနိုင်တယ်ဆိုတာကို ထပ်တွေ့ရတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသကို သဘာ ဝဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အခုကတည်းက ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့ လိုပါတယ်။
“မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ” အစီရင်ခံစာမှာ အဓိကပြောထားတာက မြစ်ဝကျွန်းပေါ်ဒေသနဲ့ မြေနိမ့်ပိုင်းဒေသတွေ ပင်လယ်ရေနစ်မြုပ်နိုင်မှု၊ အပူချိန်မြင့်မားလာနိုင်မှု၊ အလွန်အကျွံ မိုးရွာသွန်းနိုင်မှု၊ အလွန်အကျွံ မိုးခေါင်နိုင်မှု၊ ရေကြီးရေလျှံမှု၊ ရေရှားပါးပြတ်လပ်မှု အစရှိတဲ့ အစွန်းရောက် ရာသီ ဥတုဆိုင်ရာ ဘေးအန္တရာယ်တွေကို ဖော်ပြသတိပေးထားတာ တွေ့ရပါတယ်။ ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ အရေးတယူဖတ်ရှုပြီး သက်ဆိုင်ရာပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကာ လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေ ပြု လုပ်ထားဖို့ လိုပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲခြင်းကို ၁၉၈ဝခုနှစ်က စတင်ခံစားခဲ့ရ တာပါလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ စာရေးသူတို့ မြန်မာပြည်မှာတော့ ၁၉၇၈ ခုနှစ်ကတည်းက စတင်ခဲ့ တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ကာလတွေဟာ အလွန် ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုကာလတွေလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ပညာရှင်တွေကလွဲပြီး ပြည်သူ အများစုက သတိမထားမိခဲ့ပါဘူး။ အစိုးရကလည်း အသိပေးမှုတွေ မလုပ်ခဲ့ပါဘူး။
၁၉၇၈ခုနှစ် နောက်ပိုင်းကာလတွေမှာ ကမ္ဘာလူသားတွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အလူး အလဲ ခံစားလာကြရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် မုန်တိုင်းတွေတိုက်၊ ရေတွေကြီး၊ ငလျင်တွေလှုပ်၊ မြေတွေပြို၊ အပူချိန်ပြင်းထန် အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေ လွန်လွန်ကဲကဲဖြစ်လာပြီး လူတွေ သိန်းနဲ့ သောင်းနဲ့ချီပြီး သေဆုံးကြရတယ်။ အဲဒီအချိန်ထိ မြန်မာပြည်ဟာ အေးအေးဆေးဆေးပါပဲ။ ရာသီဥတု ပြောင်း လဲမှုနဲ့ ပတ်သက်ပြီးတော့လည်း ကျယ်ကျယ်ပြန့်ပြန့် မပြောခဲ့ကြပါဘူး။ ၂၀၀၈ ခုနှစ်မှာတော့ နာဂစ်မုန်တိုင်းက မြန်မာပြည်သူ တစ်သိန်းကျော်သေဆုံးပြီး ဘဝပေါင်းများစွာ အိုးမဲ့၊ အိမ်မဲ့၊ အနာဂတ်မဲ့အောင် ပြုလုပ်လိုက်ပါ တယ်။ အဲဒီတော့မှ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုတာက ကျယ်ကျယ်ပြန့်ပြန့်ပြောလာခဲ့ပါတယ်။ အစိုးရအဖွဲ့ကလည်း ဆွေးနွေးဟောပြောတာတွေ ပြုလုပ်လာကြပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်လာခဲ့ကြတယ်။ ဒါပေမဲ့လည်း အဖွဲ့အစည်းအများ စုက တာဝန်ကျေရုံ၊ ဒေါ်လာရရုံ၊ နာမည်ကြီးရုံသာ လုပ်ခဲ့တဲ့အတွက် အောင်မြင်မှုသိပ်မရခဲ့ပါဘူး။ ပြည်သူလူထု ဆီကိုလည်း ရောက်သင့်သလောက် မရောက်ခဲ့ပါဘူး။
အဲဒီလိုနဲ့ မြန်မာပြည်ဟာ ပြင်းထန်တဲ့ရာသီဥတုဒဏ်ကို တိုက်ရိုက်အဆိုးဆုံးခံစားရတဲ့ ကမ္ဘာ့နိုင်ငံတွေ အနက် ဒုတိယနေရာမှာ ရပ်တည်နေခဲ့တယ်။ အဲဒီစာရင်းဟာ ၁၉၉၅ ကနေ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း နှစ်ဆယ်အတွင်း လူ ငါးသိန်းခန့် သေဆုံးခဲ့ရတဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ၊ မြေပြိုမှုတွေ၊ မိုးခေါင်ရေရှားမှုတွေ အပြင်းထန်ဆုံးခံရတဲ့နိုင်ငံတွေကို ဖော်ပြထားတဲ့စာရင်းဖြစ်ပြီး ဟွန်ဒူးရပ်စ်၊ မြန်မာနဲ့ ဟေတီနိုင်ငံတွေက ထိပ်ဆုံး မှာ ရပ်တည်နေတာပါ။ အဲဒီနောက်မှာမှ ဖိလစ်ပိုင်၊ နီကာရာဂွါ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနဲ့ဂွါတီမာလာနိုင်ငံတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။ ပြင်းထန်တဲ့ရာသီဥတုအခြေအနေ ၁၅,ဝဝဝခန့် ရဲ့ တိုက်ရိုက်ရလဒ်ကြောင့် စုစုပေါင်း လူ ၅၂,၅၀၀၀ ကျော် သေဆုံးခဲ့ရပြီး ထိခိုက်ပျက်စီးမှု တန်ဖိုးမှာ ကန် ဒေါ်လာ ၂ဒသမ ၉၇ ထရီ လီယံ ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာမှာ ပြင်းထန်တဲ့ရာသီဥတု ဒဏ်ကို ဒုတိယ အဆိုးဆုံးခံစားရတဲ့တိုင်းပြည်ဖြစ်နေပေမဲ့လည်း အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အားရ လောက်အောင် မတွေ့ရပါဘူး။ လက်ရှိမှာလည်း မြန်မာပြည်ဟာ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရတယ်။ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်။ နွေရာသီရောက်တိုင်း ရေရှားပါးပြတ်လပ်မှုဒဏ်ကို ခံစားနေရပါတယ်။ ဒါတွေအတွက်လည်း အစိုးရအဆက်ဆက်က ကြိုတင်ကာကွယ်မှုတွေ ထိထိရောက်ရောက် လုပ်နိုင်တာကို မတွေ့ရပါဘူး။ သဘာဝဘေးအန္တရာယ်ဖြစ်တိုင်း ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
မြန်မာပြည်မှာ နိုင်ငံတော်အကြီးအကဲ တွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မလွှဲရှောင်သာ ပြောဆို ဆောင်ရွက်ခဲ့တာကလွဲရင် တခုတ်တရအလေးထားပြုလုပ်ခဲ့တာ မတွေ့ရပါဘူး။ နိုင်ငံတကာမှာတော့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ စသဖြင့် နိုင်ငံတော်အကြီးအကဲတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးပေး ပြောဆိုဆောင်ရွက်နေတာတွေ့ရပါတယ်။ အဲဒီနိုင်ငံ တော်အကြီးအကဲတွေထဲမှာ မော်လ်ဒိုက်ကျွန်းနိုင်ငံ သမ္မတမိုဟာမက်နာရှစ်လည်း ပါဝင်ပါတယ်။ သူဟာ တစ်နေ့တစ်ခြား မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာပြင်အောက်ကို မော်လ်ဒိုက်နိုင်ငံလေး နစ်မြုပ်တော့မယ့် အရေးကို ဟန့်တားဖို့အတွက် တွန်းအားပေးမှုမျိုးစုံကို အားတက်သရော လုပ်ဆောင်ခဲ့သလို အဆိုးဆုံးအတွက် လည်း ပြင်ဆင်ခဲ့သူဖြစ်ပါတယ်။ သူဟာ မော်လ်ဒိုက်နိုင်ငံကို အာဏာရှင်စနစ်ချုပ်ငြိမ်းစေခဲ့သူဖြစ်သလို ရာသီ ဥတုပြောင်းလဲမှုအတွက် လှုပ်ရှားရာမှာလည်း ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ သူဟာ မော်လ်ဒိုက်နိုင်ငံ ပင်လယ် ရေအောက်မရောက်အောင်နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း သူ့နိုင်ငံလေး မရှိတော့ရင် နေရာသစ်တစ်ခုဝယ်ပြီး နိုင်ငံပြောင်းရွှေ့ဖို့လည်း စီစဉ်ထားခဲ့တယ်။ သမ္မတ နာရှစ်က သူ့နိုင်ငံလေး ပင်လယ်ရေ အောက်မရောက်အောင် သဘာဝနည်းလမ်းတွေနဲ့ပဲ ဆောင်ရွက်ခဲ့ပါတယ်။ တကယ်လေးစားအားကျ အတုယူ စရာကောင်းလှပါတယ်။
စာရေးသူတို့နိုင်ငံမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ဆိုးတွေနဲ့ ကြံတွေ့နေရ သကဲ့သို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလည်း ပင်လယ်ရေနစ်မြုပ်မှုဘေးတွေနဲ့ ကြုံတွေ့ရဖွယ်ရှိနေပါတယ်။ ဆက်လက်ပြီး ကြုံတွေ့ရနိုင်တဲ့ ရာသီဥတုဆိုင်ရာဘေးအန္တရာယ်တွေကိုလည်း “မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ” အစီရင်ခံစာမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ရာသီဥတုဆိုင်ရာဘေးအန္တရာယ်တွေနဲ့ အနာဂတ်မှာဖြစ်လာနိုင်တဲ့ ရာသီဥတုဆိုင်ရာဘေး အန္တရာယ်တွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာပြည်တွင်း ပြည်ပ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ နဲ့တွေ့ဆုံ ဆွေးနွေးတိုင်ပင်ပြီး စနစ်တကျဆောင်ရွက်ထားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။ ။

မင်းချစ်နိုင်

၂၀၁၇
ဓာတ်ပုံ-အင်တာနက်မှ ကူးယူဖော်ပြသည်။

About The Author

greenness_mm

No Comments

Leave a Reply