ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ဆိာရင် သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရမယ်

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ဆိာရင် သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရမယ်

ရာသီဥတုပြောင်းလဲမှုကို ဟန့်တားတိုက်ဖျက်ဖို့လိုပြီလို့ စာရေးသူက ပြောလိုက်တော့ တစ်ချို့က ရယ်ကျဲကျဲလုပ်နေကြတယ်။ တစ်ချို့က မသိချင်ယောင်ဆောင်နေကြတယ်။ တစ်ချို့က “သူ့ဘာသာ ပြောင်းလဲ နေတဲ့ ရာသီဥတုကို ဘယ်လို ဟန့်တားတိုက်ဖျက်မလဲ”လို့ မေးကြတယ်။ တစ်ချို့ကတော့ “မင်းက ဘာလဲ၊ ဆရာကြီးလား၊ မင်းအရင်ဆုံး ဟန့်တားတိုက်ဖျက်ပြကွာ”လို့ ရင့်ရင့်သီးသီး ပြောကြတယ်။ တစ်ချို့က… တစ်ချို့က…တစ်ချို့က… အဲဒီလို တစ်ချို့က ပေါင်းများစွာကို ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့ ဆောင်းပါး တွေ ရေးတိုင်း ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် စာရေးသူကလည်း အမှတ်မရှိပါဘူး။ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ၊ ရာသီဥတုဆိုင်ရာ ဆောင်းပါးတွေရေးသားခဲ့သလို ဟောပြောပွဲတွေမှာတောင် ပြောဖြစ်ခဲ့တယ်။ အဓိက ကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ပြင် ဆင်သင့်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ ရေးခဲ့၊ ပြောခဲ့တာပါ။

အခုလည်း ထပ်ရေး ဖြစ်ပြန်ပြီ။ မရေးလို့လည်း မရတော့လောက်အောင် ရာသီဥတုပြောင်းလဲမှုက ဆိုးရွားတဲ့အနေအထားကို ရောက်ရှိနေခဲ့ပြီလေ။ ဒီလိုအနေအထားမှာတောင် နိုင်ငံတော်အစိုးရအနေနဲ့ ရာသီ ဥတုနဲ့ပတ်သက်ပြီး လှုပ်လှုပ်ရှားရှား ဆူဆူညံညံ လုပ်တာတွေ မတွေ့ရဘူး။ ဘာဖြစ်လို့လဲ၊ ရာသီဥတုပြောင်းလဲ မှုက နိုင်ငံကို မထိခိုက်နိုင်ဘူး ထင်လို့လား။ “တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာ၊ ငါတို့နိုင်ငံတစ်ခုတည်းက လုပ်လည်း ဘာထူးမှာလဲ”လို့ ထင်နေတာလား။ အဲဒီလိုဆိုရင်တော့ စာရေးသူတို့ မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေ အတွက် တော်တော် စိတ်မကောင်းစရာ၊ စိတ်ပျက်စရာပါပဲ။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလာမှု ကြောင့် စာရေးသူတို့ ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ အပူလှိုင်းဖြတ်၊ ရေရှားပါးပြတ်လပ်၊ အအေးလှိုင်းဖြတ်၊ ရေကြီး ရေလျှံ၊ မုန်တိုင်းတိုက်၊ ငလျင်လှုပ်၊ မြေပြို၊ ဆူနာမီဖြစ် စသဖြင့် သဘာဝဘေး အန္တရာယ်တွေဟာ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပျက်နေခဲ့ပြီး လူသားတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ပျက်စီးဆုံးရှုံးစေခဲ့တယ်။ ဒီဖြစ်စဉ်တွေဟာ အရင်ကတော့ ကမ္ဘာ့နိုင်ငံအချို့မှာသာ ကြုံတွေ့ရတာ ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ဖြစ်ပျက်နေပြီး ပျက်စီးဆုံးရှုံးမှုပေါင်း များစွာနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

အတိတ်ကာလမှာ ဖြစ်ပျက်ခဲ့တာတွေကို မပြောတော့ပါဘူး။ လတ်တလောမှာပဲ ကမ္ဘာကြီးကို ကြည့် လိုက်တော့ ကမ္ဘာကြီးဟာ အပူတွေနဲ့ တောက်လောင်နေတယ်။ မိုးခေါင်နေတယ်။ ရေရှား ပါး ပြတ်လပ်နေ တယ်။ မိုးကြီးနေတယ်။ ရေကြီးနေတယ်။ မုန်တိုင်းတွေ တိုက်နေတယ်။ ငလျင်တွေ လှုပ်နေတယ်။ တောမီးတွေ လောင်နေတယ်။ အေးတဲ့ နေရာတွေမှာ အလွန်အေးပြီး ပူတဲ့နေရာတွေမှာ အလွန်ပူနေတယ်။ သိပ်မကြာခင်က သြစတြေးလျမှာ တောမီးအကြီးအကျယ်လောင်တယ်။ ပြီးတော့ ရေကြီးရေလျှံမှုအပါအဝင် မတူညီတဲ့သဘာ၀ ဘေးတွေ ဖြစ်တယ်။ ၂၀၁၉ ခုနှစ်တုန်းက သြစတြေးလျမှာ လွန်စွာပူလောင်ခဲ့ပြီး ဗြိတိန်မှာတော့ နှင်းတွေ ဖုံးလွှမ်းနေတယ်။ အဲဒီလက အမေရိကန်နိုင်ငံသား သန်း ၂၀၀ ဟာ အပူချိန် အနှုတ် ၃၂ ဒီကရီ ဆဲလ်စီးယပ် အထိ ကျဆင်းတဲ့ စံချိန်တင်အောင် အေးတဲ့ ရာသီဥတုကို ကြုံတွေ့ခဲ့ရတယ်။ အဲဒီဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံးပြီး လေကြောင်း ခရီးစဉ်ပေါင်း ၂၃၀၀ ကျော် ဖျက်သိမ်းလိုက်ရတယ်။ မီနီပိုလိစ်နဲ့ ရှီကာဂိုလို အပြင်းထန်ဆုံး ထိခိုက်ခံရတဲ့ မြို့ကြီးတွေမှာ အာဏာပိုင်တွေက ဒေသခံတွေ နှင်းကိုက် မခံရစေရေး နေအိမ် တွင်းမှာပဲ နေထိုင်ကြဖို့ တိုက်တွန်းခဲ့ကြတယ်။ ရှီကာဂိုမှာရှိတဲ့ ဆေးရုံတစ်ရုံမှာ ဆရာဝန်တွေဟာ နှင်းကိုက်ခံရ သူ ၅၀ ဦးကို ကုသပေးခဲ့ပြီး အဲဒီလူနာတွေထဲမှာမှ အချို့က ခြေ၊ လက်တွေ ဆုံးရှုံးခဲ့ရတယ်။

အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အခြားတဖက်မှာရှိတဲ့ ဗြိတိန်မှာလည်း အေးခဲတဲ့ ရာသီဥတုဟာ အင်္ဂလန်၊ စကော့တလန်နဲ့ ဝေလပြည်နယ်တွေကို ဝင်ရောက်လာတဲ့အတွက် အပူချိန် စံချိန်တင်နိမ့်ကျမှုနဲ့ ရင်ဆိုင်ခဲ့ရ တယ်။ နှင်းတွေ ထူထပ်စွာကျတာကြောင့် တစ်နိုင်ငံလုံးမှ ခရီးသွားတွေအတွက် လမ်းတွေ ပိတ်ဆို့ကုန်တယ်။ လန်ဒန်မှာရှိတဲ့ ဟိသရိုးလေဆိပ်မှ ခရီးစဉ်အချို့ကို ဖျက်သိမ်းလိုက်ရတယ်။ မန်ချက်စတာနဲ့ လစ်ဗာပူးမှာလည်း နှင်းတွေ ဖုံးလွှမ်းပြီး လမ်းတွေ ပိတ်ဆို့နေခဲ့တယ်။ အင်္ဂလန်နဲ့ ဝေလပြည်နယ်မှာရှိတဲ့ ကျောင်းတွေ ပိတ်ထားရ တယ်။ နိုင်ငံတောင်ပိုင်းမှာ ကားမောင်းနှင်ရင် လွန်စွာ အန္တရာယ်များတဲ့အကြောင်း မိုးလေဝသဌာနက တောက် လျှောက် သတိပေးနေခဲ့ရတယ်။ အနောက်တောင်ပိုင်းခရိုင်ဖြစ်တဲ့ ကွန်းဝေါလ်မှာ ရာနှင့်ချီသော ကားမောင်းသူ တွေက ကားတွေကို နှင်းဖုံးနေတဲ့ အဓိကလမ်းမကြီးမှာ စွန့်ပစ်ခဲ့ကြရပြီး စားသောက်ဆိုင်သို့ လမ်းလျှောက်သွား ကာ တစ်ညတာ ကုန်ဆုံးခဲ့ရတယ်။ ပြင်သစ်နိုင်ငံမှာလည်း နှင်းတွေ အလွန်ကျတဲ့အတွက် မိုးလေဝသဌာနက သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်။

အဲဒီလို အမေရိကန်နဲ့ ဥရောပ အစိတ်အပိုင်းတွေမှာ အပူူချိန် စံချိန်တင် ကျဆင်းနေပေမယ့် အဲဒီလဟာ သြစတြေးလျနိုင်ငံအတွက် စံချိန်တင် အပူဆုံးလဖြစ်နေခဲ့တယ်။ မကြုံဖူးလောက်အောင် ပြင်းထန်တဲ့ အပူလှိုင်း ကြောင့် လမ်းတွေ အရည်ပျော်ကုန်တယ်။ အခြေခံအဆောက်အအုံတွေ ထိခိုက်ပြီး ထောင်နှင့်ချီသော တိရစ္ဆာန် တွေ သေဆုံးကြရတယ်။ မြောက်ပိုင်းနယ်နမိတ်မှာ ဒါဇင်ပေါင်းများစွာသော မြင်းရိုင်းတွေဟာ ခန်းခြောက်သွား တဲ့ ရေကန်အနီးမှာ သေဆုံးနေခဲ့တယ်။ ဗစ်တိုးရီးယားမှာလည်း လင်းနို့ကြီး ၂၀၀၀ ကျော်ဟာ အပူကြောင့် သေဆုံးခဲ့တယ်။ အလားတူ လင်းနို့ကြီးတွေ သေဆုံးမှုကို နယူးဆော့သ်ဝေးလ်နဲ့ ကွင်းစလန်တို့မှာလည်း တွေ့ရ တယ်။ တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ တက်စ်မေးနီးယားမှာ ဒါဇင်နှင့်ချီသော တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ် ပြီး နေအိမ်တွေ၊ သစ်တောတွေ ဆုံးရှုံးခဲ့ရတယ်။ အဲဒီလက သြစတြေးလျ တစ်နိုင်ငံလုံးတွက် ကျန်းမာရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်။

နောက်ပြီး အိန္ဒိယနိုင်ငံမှာ မုတ်သုံအဝင် ပုံမှန်ထက် များစွာနောက်ကျခဲ့တယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေမှာ အပူလှိုင်းဖြတ်တဲ့အတွက် အပူချိန်များ 50°C ကျော်အထိ မြင့်တက်ခဲ့ပြီး လူ အများအပြား အသက်ဆုံးရှုံးခဲ့ရတယ်။ တောင်ပိုင်း Chennai မြို့မှာလည်း ပူပြင်းခြောက်သွေ့ပြီး မုတ်သုံမိုး မရတဲ့အတွက် သောက်စရာရေပင် မရှိတော့လောက်အောင် ရေတွေရှားသွားခဲ့ရတယ်။ ရေမရတော့တဲ့အတွက် ဟိုတယ်တွေကို မဖွင့်နိုင်ဘဲ ပိတ်ထားခဲ့ကြရတယ်။ နောက်ပြီး အိန္ဒိယမှာပဲ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တယ်။ မြေပြိုတယ်။ လူတွေ အသက်ဆုံးရှုံးခဲ့တယ်။ ရေခဲတွေဖုံးအုပ်နေတဲ့ ဂရင်လန်ကျွန်းမှာလည်း အပူရှိန် ပြင်းထန်မှုကြောင့် ရေခဲတွေ အရည်ပျော်နှုန်းမြင့်တက်နေပါတယ်။ အဲဒီရေခဲတွေ အရည်ပျော်မှုရဲ့ နောက်ဆက်တွဲပြဿနာကတော့ ပင်လယ်ရေ မြင့်တက်လာမှာပဲ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ဖြစ်ချင်တိုင်းဖြစ်၊ ဖျက်ချင်တိုင်း ဖျက် နေတော့တယ်။ အဲဒီဖြစ်စဉ်တွေကြောင့် “ရာသီဥတုပုံစံတွေဟာ ကမ္ဘာတဝန်းမှာရှိတဲ့ မြို့ကြီး မြို့ငယ်တွေကို ရပ်ဆိုင်းသွားစေနိုင်တယ်” လို့ မိုးလေဝသပညာရှင်တွေက စိုးရိမ်တကြီးပြောခဲ့ကြတယ်။

တကယ်လည်း စိုးရိမ်စရာအခြေအနေတွေပါပဲ။ အစွန်းရောက် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ခုနဲ့ အဲဒီနိုင်ငံမှာနေထိုင်တဲ့ ပြည်သူတွေကို ထိခိုက်ပျက်စီး ဆုံးရှုံးစေနိုင်တယ်။ အခုနောက်ပိုင်း မြန်မာ နိုင်ငံမှာလည်း ကမ္ဘာ့နိုင်ငံတွေနည်းတူ ရာသီဥတုပြောင်းလဲမှုကို ထင်ထင်ရှားရှား ခံစားနေရပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်း၊ ဆင်ဘို၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ ဆော့လော်၊ နောင်မွန်း မြို့နယ်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေချိန်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မိုးရွာသွန်းမှု နည်းပါးတဲ့အတွက် ဒေသခံတောင်သူအများစုမှာ မိုးစပါးစိုက်ပျိုး ရေမလုံမလောက် ဖြစ်နေခဲ့တယ်။

စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း ခန္တီးနဲ့ကသာမြို့နယ်တွေမှာ ရေကြီးမှုကြောင့် ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေ ဖြစ် ပေါ်နေခဲ့တယ်။

မြန်မာနိုင်ငံနေရာအများစုတွင် မိုးရွာသွန်းပြီး အချို့နေရတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေချိန်မှာ ပခုက္ကူဒေသမှာ မိုးခေါင်တဲ့အတွက် မိုးဦးသီးနှံ နှမ်း၊ မြေပဲနဲ့ ပဲတီစိမ်းစိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်။ ဒေသခံ တောင်သူတွေအတွက် နွားစာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးရွာသွန်း ပေမယ့်လည်း ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်းမှာ မိုးရွာသွန်းမှု အားနည်းတဲ့အတွက် တောင်သူတွေဟာ လယ်ယာထွန်ယက်စိုက်ပျိုးဖို့ ရေမလုံမလောက်ဖြစ်နေတယ်။ အဲဒါကြောင့် မိုးတွင်းကြီးမှာပဲ ရေတင်စက်တွေနဲ့ ရေရရှိရေးဆောင်ရွက်နေကြရတယ်။ မြန်မာနိုင်ငံမှာ နေရာကွက်မိုးကြီးမှုနဲ့ မိုးခေါင်မှုတွေကို ပြည်နယ်တစ်ခု တည်းမှာပဲ ဖြစ်ပွားနေတာဟာ အလွန်စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ ကော့သောင်းမြို့မှာ မိုးရေချိန် စံချိန်သစ်တင်နေချိန်မှာ မြန်မာနိုင်ငံ မြောက်ပိုင်း မိုင်းဆတ်မြို့မှာ အပူချိန် စံချိန်သစ်တင်ခဲ့တယ်။ ဒါတွေဟာ ကောင်းတဲ့ လက္ခဏာတွေ မဟုတ်ပါဘူး။ ရေရှည်မှာ ထိခိုက်မှုတွေ များစွာနဲ့ ကြုံတွေ့ရနိုင်ပြီး နောက်ဆုံးမှာ နိုင်ငံနဲ့ လူမျိုးပါ ပျောက်ဆုံးသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ နိုင်ငံတော် အစိုးရအနေနဲ့ ရာသီဥတုပြောင်းလဲမှုကို လျှော့မတွက်ပါနဲ့၊ မသိချင်ယောင်ဆောင်မနေပါနဲ့၊ ဦးစားပေးအစီအစဉ် တွေထဲမှာ ထည့်သွင်းပြီး ရာသီဥတုပြောင်းလဲမှုကို ဟန့်တားဖို့၊ ဒါမှမဟုတ် လျှော့ချဖို့အတွက် လက်တွေ့ကျကျ ဆောင်ရွက်ဖို့ လိုပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဗြိတိန်ရှိ အရှေ့အန်လီယာ တက္ကသိုလ် ရာသီဥတု သုတေသန ဌာနရဲ့ ကထိက ဘန်ဝက်ဘာက “ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး အကျိုးဆက်တွေကို ကာဗွန်ထုတ်လွှတ်မှုလျှော့ချပြီး သက်သာအောင် လုပ်လို့ရတယ်။ ဒီနည်းဟာ အကောင်းဆုံးပေမယ့် တစ်ကမ္ဘာ လုံး လုပ်ဆောင်မှ ရပါမယ်။ လူတစ်ဦးချင်းစီအနေနဲ့ အကူအညီပေးနိုင်ပေမယ့် တစ်ကမ္ဘာလုံးက ထိထိရောက် ရောက် လုပ်ဖို့လိုတယ်” လို့ ပြောခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး လူတော်တော်များများက ထင် ကြတာရှိပါတယ်။ “သူ့ဘာသာ ရာသီဥတု ပြောင်းလဲနေတာကို ငါတို့က ဘယ်လို ဟန့်တားမလဲ။ ငါတို့က ဟန့်တား ဖို့လုပ်နေရင်တောင် တစ်ခြား နိုင်ငံတွေက မလုပ်ကြရင် ဘာထူးမှာလဲ” လို့ပေါ့။

တကယ်တော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့တာ လူတွေကြောင့်ပါ။ သူဘာသာ ဖြစ်လာတာမဟုတ်ပါဘူး။ လူတွေရဲ့ အဆင်အခြင်မဲ့စွာ သစ်တောအပါအဝင် သယံဇာတတွေ ထုတ် လုပ်မှုကြောင့် သဘာ၀ ပတ်ဝန်းကျင်တွေ ပျက်စီးပြီး ရာသီဥတုတွေ ပြောင်းလဲလာခဲ့ရတာပါ။ လူတွေဟာ ရာသီ ဥတုကို ပျက်အောင်လုပ်ခဲ့နိုင်သေးရင် ဘာကြောင့် ကောင်းအောင် မလုပ်နိုင်ရမှာလဲ။ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာပြည်သူတွေအားလုံးက ရာသီဥတုကို ဆိုးဆိုးရွားရွား ပြောင်းလဲစေနိုင်ပြီး သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက် ဖျက်ဆီးနေတဲ့ လုပ်ငန်းတွေကို အရင်ဆုံး တားဆီးရမယ်။ ဖျက်သိမ်းပစ်ရမယ်။ တစ်ဆက်တည်းမှာပဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပြန်လည်ပြုပြင်ရမယ်။ ရှိပြီးသား သဘာ၀ ပတ်ဝန်း ကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ သို့မှာသာ ရာသီဥတုပြောင်းလဲမှုကို ဟန့်တားနိုင်ပြီး ကမ္ဘာသူ ကမ္ဘာသား တွေရဲ့ ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုတွေကို လျှော့ချနိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ ။

မင်းချစ်နိုင်

About The Author

greenness_mm

No Comments

Leave a Reply