ရေပြင်ပြာပြာအလယ်မှာ အုန်းပင်တွေကြားထဲနစ်နေတဲ့မြို့

ရေပြင်ပြာပြာအလယ်မှာ အုန်းပင်တွေကြားထဲနစ်နေတဲ့မြို့

ကိုကိုးကျွန်းမြို့ကို လေယာဉ်ဆင်းသက် ပါတော့မယ်လို့ စပီကာက ထွက်ပေါ်လာတဲ့ အသံချိုချိုလေးကြောင့် လေယာဉ်ပြတင်းပေါက်ကနေ အောက်ကိုကြည့်လိုက်မိတယ်။ အုန်းပင်တွေအများကြီး ပေါက်နေတဲ့ ကုန်းမြေလေးတစ်ခု။ သူ့ဘေးပတ်လည်မှာ ပြာလဲ့လဲ့ ရေပြင်ကျယ်ကြီး။ အဲဒီ ရေပြင်ကျယ်ကြီးပေါ်မှာ စစ်သင်္ဘောတွေ အစီအရီ။ မြင်ကွင်းက ဆန်းပြားပြီး လှပလို့နေတယ်။ ညနေ ၄ နာရီ ၅၅ မိနစ်မှာ ကျွန်တော်တို့တွေ ကိုကိုးကျွန်းပေါ်ကို ခြေချနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အဖွဲ့တွေ တည်းခိုမယ့်နေရာကို ပို့ပေးမယ့် စစ်ကားကြီးပေါ်မှာ တော်တော်ကြာကြာ ထိုင်နေရတယ်။ မသိရင်တော့ ကျွန်တော်တို့က တပ်သားသစ်တွေလိုလို။ တည်းရတဲ့နေရာကလည်း စစ်တန်းလျားလို့ခေါ်မလား၊ ဘားတိုက်လို့ခေါ်မလား။ အဲဒီမှာ အထုပ်အပိုးတွေချ ခဏနားပြီး စစ်ကားကြီးနဲ့လာခေါ်လို့ အားလုံးထလိုက်သွားကြတယ်။

ကားက ကျွန်းပတ်လမ်းကနေ ဖုန်တထောင်းထောင်းနဲ့ ပြေးနေတယ်။ လက်ဝဲဘက်မှာ ပင်လယ်ပြင်ပြာပြာကြီး၊ လက်ယာဘက်မှာ အုန်းတောစိမ်းစိမ်းကြီး။ တရိပ်ရိပ်ပြေးနေတဲ့ စစ်ကားကြီးက သစ်သားအဆောက်အအုံတွေ ဆောက်ထားတဲ့နေရာမှာ ထိုးရပ်လိုက်တယ်။ ကိုကိုးကျွန်းရဲ့ (၇) မိုင်စခန်းတဲ့။ အဲဒီနေရာဟာ တစ်ချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့နေရာ။ အသက်သွေးတွေ စတေးခဲ့တဲ့ အကျဉ်းစခန်းနေရာ။
၀ါဒါစားရိပ်သာလို့ ဆိုင်းဘုတ်တပ်ထားတဲ့ သစ်သားဆောင်လေးထဲမှာ ထိပ်ဝဖွင့်ထားတဲ့ အုန်းသီးတွေအများကြီးက ကျွန်တော်တို့ကို စောင့်ကြိုနေတယ်။ လူတွေကလည်း မောလာတော့ တစ်ယောက်ကို အုန်းသီးတစ်လုံးယူပြီး အငမ်းမရ သောက်လိုက်မိတယ်။ အုန်းရည်ကချိုမြနေပြီး အမောပြေစေခဲ့ပါတယ်။ အုန်းရည်သောက်ရင်း ကျွန်တော့်စိတ်တွေက လွင့်မျောနေမိတယ်။ လေထီးအုန်းမောင်၊ သခင်ခင်အောင်၊ သခင်ဖေဌေးလို လွတ်လပ်ရေး သူရဲကောင်းတွေ၊ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်၊ ကိုလေးမောင်နဲ့ ဖိုးသံချောင်းလို ကလောင်လူစွမ်းကောင်းတွေ၊ ဗိုလ်အောင်ဝေ၊ မန်းငြိမ်းမောင်လို ဖောင်စီးသူရဲကောင်းတွေ၊ ကျောင်းသားတွေ၊ စစ်သားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ လူတန်းစားအစုံ၊ လူ့အလွှာအစုံ။ ပန်းချီဆရာတွေ၊ ကဗျာဆရာတွေ၊ ဂီတဆရာတွေ၊ သီချင်းဆရာတွေ၊ သတင်းစာဆရာတွေ အပါအဝင် လူယဉ်ကျေးတွေဟာ ဒီနေရာမှာ ဆင်းရဲဒုက္ခပေါင်းစုံနဲ့ အသက်သွေးတွေ၊ ဘဝတွေစတေး ခဲ့ရတာတွေကို သတိရလိုက်တော့ ကျွန်တော်သောက်နေတဲ့ အုန်းရည်တွေဟာ ခါးသက်လာတယ်။ ဒီလိုနေရာမှာ အုန်းရည်လေးသောက်လိုက်၊ ဓာတ်ပုံလေး ရိုက်လိုက်လုပ်နေရတာကို ရှက်လာမိတယ်။ ပြီးတော့ အရမ်းဝမ်းနည်းလာမိတယ်။ ဒါကြောင့် ကမ်းခြေဘက်ကို ထွက်လာခဲ့တယ်။

မြေက မျက်မွေးတစ်ဆုံး၊ ရေက မျက်စိတစ်ဆုံး
ကုန်းမြေနဲ့ အုန်းပင်တွေသာရှိပြီး လူမရှိသူမရှိတဲ့ကျွန်းမှာ
လူမသိသူမသိဘဲ ပီဘိဇရာအိုတွေ ကဝိစာဆိုတွေ
လူကြည်ညိုများတဲ့ တော်လှန်ရေးသမားတွေ
စာသင်ရွယ်ကောင်း၊ ကျောင်းသားငယ်တွေ
အဲဒီမှာနေ၊ အဲဒီမှာသေရမတဲ့။
ဆွေဝေးမျိုးဝေး၊ မိဝေးဖဝေး၊ သားဝေးမယားဝေးနဲ့
ပညာရေးမရှိ၊ ဘာသာရေးမရှိ
စာလေးပေလေး၊ ရေးစရာဖတ်စရာ မှတ်စရာလည်းမရှိ
စေတီပုထိုးနဲ့ ကိုးကွယ်စရာ သံဃာလည်းမရှိ
လူသေမြှုပ်နှံဖို့ သုသာန်တောင်မရှိ
ပကတိတစပြင်မှာ ထွန်ထယ်လှည်းနွား၊ လှေဖောင်များလည်းမရှိ
ဓားလှံစူးဆောက်၊ ပေါက်တူး ပေါက်ပြားမရှိ၊
လူ့ယဉ်ကျေးမှု အစုစု၊ တစ်ခုမျှမရှိ
သောင်အတိ သဲကမ်းမှာ
ငမန်းနဲ့မုန်တိုင်း၊ ကျိုင်းကောင်နဲ့ လိပ်တွေကို
မိတ်ဆွေဖွဲ့ချော့မြှူ
ကမ္ဘာဦးလူသားလို လက်ဖဝါးဗလာနဲ့၊ ခြေဖဝါးဗလာနဲ့
ဒီကျွန်းမှာဒီတိုင်းနေ၊ ဒီလိုနဲ့သေစေအံ့။
(မောင်စွမ်းရည်- ကိုကိုးကျွန်း အကျဉ်းစခန်းတိုက်ပွဲ မော်ကွန်းကဗျာမှ)

ကဗျာဆရာကြီး မောင်စွမ်းရည်ရဲ့ကဗျာ အပိုင်းအစလေးက ပင်လယ်လှိုင်းတွေနဲ့ ကျွန်တော့်စိတ်အာရုံထဲ ပြေးဝင်လာခဲ့တယ်။ အဲဒီကာလတုန်းက သင်္ဘောပျက်ကြီးကလည်း ကမ်းခြေမှာ လှိုင်းလုံးတွေကြား မြုပ်လိုက်ပေါ်လိုက်။ ပါလာတဲ့ကင်မရာလေးနဲ့ ရိုက်လို့ရသလောက်တော့ မှတ်တမ်းတင်နေမိတယ်။ ပင်လယ်လေဟာ တဖြူးဖြူးတိုက်ခတ်လျက်၊ ပင်လယ်လှိုင်းတွေဟာ ကမ်းခြေနဲ့ ကျောက်ဆောင်တွေကို တဝုန်းဝုန်းရိုက်ပုတ်လို့နေတယ်။ ကျောက်သားနဲ့ သဲကြမ်းတွေ ရောနေတဲ့ကမ်းစပ်မှာ ခရုလေးတွေ တရွေ့ရွေ့တွားသွားနေသလို အမှောင်ဟာ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီ။ ကျွန်တော့်ထက်အနည်း ငယ်သာအသက်ကြီးပုံရတဲ့ ဗိုလ်ကြီးရဲ့ဘေးမှာ ကပ်ထိုင်ပြီး လက်ရှိကိုကိုးကျွန်းရဲ့အကြောင်း စပ်စုမိတယ်။

“အဓိက, ကတော့ ဒီကျွန်းမှာ မြန်မာတွေနေတယ်။ မြန်မာ့တပ်မတော်ရှိတယ်။ မြန်မာပိုင်ကျွန်းဖြစ်တယ်။ ဘယ်သူမှ ကျူးကျော်နေထိုင်လို့ မရဘူးပေါ့။ ဒီကနေ ၃၂ မိုင်အကွာမှာရှိတဲ့ အက်ဒမန်ကျွန်းဟာ အိန္ဒိယနဲ့ မိုင်ပေါင်းရာကျော်ကွာဝေးပါတယ်။ ဒါပေမဲ့ အဲဒီကျွန်းကို အိန္ဒိယကပိုင်တယ်တဲ့။ တကယ်ဆိုရင် မြန်မာပိုင်ကျွန်းပဲ ဖြစ်ရမှာ။ ဒါကြောင့် ဒီကိုကိုးကျွန်းမှာ ကျွန်တော်တို့ မြန်မာ့တပ်မတော်တပ်စွဲထားပြီး မြန်မာ့ပင်လယ်ရေပြင်ကို စောင့်ရှောက်နေရတာ” လို့ ဗိုလ်ကြီးက ရင်ဖွင့်လာပါတယ်။ သူ့စကားတွေထဲမှာ မြန်မာတွေ ပိုင်ဆိုင်ရမယ့်ကျွန်းကို တိုင်းတစ်ပါးက ပိုင်ဆိုင်နေလို့ မချင့်မရဲဖြစ်နေမှုတွေကို အထင်းသားမြင်နေရပါတယ်။ ကျွန်တော်တို့ပိုင်တာတွေ ထပ်မဆုံးရှုံးရအောင် ၀ိုင်းဝန်းကာကွယ်ကြရမယ်ဆိုတဲ့ စကားနဲ့အတူ ပြတ်သားမှုတွေကို သူ့မျက်ဝန်းထဲမှာ မြင်တွေ့နေရပါတယ်။ ပြီးတော့ ကိုကိုးကျွန်းနဲ့ပတ်သက်ပြီး သူသိထားသမျှ အချက်အလက်လေးတွေကို ပြောပြပါတယ်။

ကိုကိုးကျွန်းကို ကိုကိုးကျွန်းအပါအဝင် ကိုကိုးလေးကျွန်း၊ မင်္ဂလာကျွန်း၊ ကြယ်သီးကျွန်း၊ ဂျယ်ရီကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်းအစရှိတဲ့ ကျွန်းကြီးခုနစ်ကျွန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ကိုကိုးကျွန်းဟာ ရန်ကုန်မြို့ကနေ ၂၄၂ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းကနေ ၁၂၄ မိုင်ခန့်၊ ပါလီပါလဲ့ကျွန်းကနေ ၄၅ မိုင်ခန့်၊ အက်ဒမန်ကျွန်းကနေ ၃၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ အလျား ခုနစ်မိုင်၊ အနံ ၁ ဒသမ ၂ မိုင်၊ ဧရိယာစတုန်းမိုင်ပေါင်း ၈ ဒသမ ၄ စတုရန်းမိုင်ခန့်ရှိပြီး အရှေ့ဘက်မှာ ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်မှာ ကိုကိုးလေးကျွန်း၊ တောင်ဘက်မှာ ကပ္ပလီပင်လယ်၊ အက်ဒမန်ကျွန်းစု၊ မြောက်ဘက်မှာ ပါလီပါလဲ့ကျွန်းရှိပါတယ်။ ကိုကိုးကျွန်းရဲ့ ကုန်းမြေအကျယ် အဝန်း ၄၆၁၅ ဒသမ ၆ ဧကမှာ မြို့ပြဧရိယာ ၅၁၅ ဒသမ ၅ ဧကသာရှိပြီး ကျန်တဲ့ဧရိယာအားလုံးက တပ်ပိုင်မြေတွေပဲ ဖြစ်ပါတယ်။ ကျွန်းဟာ မြောက်မှတောင်သို့ သွယ်တန်းနေပြီး အမြင့်ဆုံးတောင်ဟာ ၃၆၆ ပေရှိပါတယ်။ ကမ်းခြေတစ်လျှောက် ကျောက်ဆောင်ကျောက်သားတွေ ပေါများပြီး အနောက်ဘက်မှာ ကမ်းပါးကြီးများ၊ အရှေ့ဘက်မှာ သဲမြေပြန့် အနည်းငယ်ရှိပါတယ်။ သင်္ကန်း၊ ပျဉ်းမ၊ တောင်ပိန္နဲ၊ သစ်နီ (ပင်လယ်ခရေ)၊ ကညင်ပင်များ သဘာဝအလျောက် ပေါက်ပါတယ်။ မြေပြန့်မှာတော့ အုန်းပင်တွေသာ အများဆုံး ပေါက်ရောက်ပြီးအုန်းနဲ့ အုန်းထွက်ပစ္စည်း လုပ်ငန်းတွေရှိပါတယ်။ အနောက်ဘက်မှာ အရင်တုန်းက ပင်လယ်လိပ်တွေ တက်ရောက်လေ့ရှိတဲ့ လိပ်သောင်ပြင်တစ်ခု ရှိပါတယ်။ အဲဒီနေရာလေးဟာ ပင်လယ်ကမ်းခြေ အပန်းဖြေနေရာလေးလို သာယာလှပပါတယ်။

ကိုကိုးကျွန်းရဲ့ ရာသီဥတုက ပူနွေးစွတ်စိုသော ရာသီဥတုအမျိုးအစားဖြစ်ပြီး မေလမှ ဇူလိုင်လအထိ မုတ်သုံမိုးနဲ့အတူ အနောက်တောင်မှ လေပြင်းတိုက်ခတ်ခြင်း၊ အောက်တိုဘာမှ ဒီဇင်ဘာလအထိ အရှေ့လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အမြင့်ဆုံး အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ် အထိရှိပြီး ပျမ်းမျှမိုးရေချိန် ၁၀၀ လက်မခန့် အထိရှိပါတယ်။ ကိုကိုးကျွန်းမှာ လူဦးရေ ၇၈၉ ဦး (တပ်အင်အား ၃၀၀ ကျော်မပါ) ရှိပါတယ်။ လူမျိုးအနေဖြင့် မွန်၊ ဗမာနဲ့ ကရင်လူမျိုး အများစုဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ ဇိနမာရဇိန်နှင့် ဒီပါအေးစေတီတော် နှစ်ဆူတည်ထားကိုးကွယ်ထားပြီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိပါတယ်။ စီးပွားရေးအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ အုန်းပင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပန်းပုလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ကျန်းမာရေးအတွက် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ တစ်ရုံရှိပါတယ်။ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၀ ကေဗွီအေစကိုဒါ မီးစက်တစ်လုံး၊၂၀၀ ကေဗွီ အေဂျေစီဘီ မီးစက်တစ်လုံး၊ ၇၇ ကေဗွီအေပါကင် မီးစက်တစ်လုံးတို့နဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သောက်သုံးရေရရှိရေးအတွက် ရေဂါလန် ၄၀၀၀၀ ဆံ့ ကိုကိုးရေ လှောင်တမံကို တည်ဆောက်ပေးထားပါတယ်။

လမ်းပန်းဆက်သွယ်ရေး အနေဖြင့် ယခင်က ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ရေယာဉ်တွေနဲ့ပြေးဆွဲခဲ့ပြီး ယခုအခါပြေးဆွဲခြင်း မရှိတော့ဘဲ တပ်မတော် (ရေ) စစ်ရေယာဉ်တွေ၊ ဆအတ (၁) မှ တည်ဆောက်ရေးပစ္စည်း ပို့ဆောင်ရေးယာဉ်တွေ၊ ကိုကိုးကျွန်းနဲ့ ဟိုင်းကြီးကျွန်းကိုသွားတဲ့ ဒေသခံလှေတွေနဲ့ အခါအခွင့်သင့်သလို လိုက်ပါလို့ရတယ်။ ဒီပြင် တပ်မတော် (လေ) လေယာဉ်ဖြင့် ရန်ကုန် – ကိုကိုးကျွန်း – ရန်ကုန်သို့ နှစ်ပတ်တစ်ကြိမ် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။ များသောအားဖြင့် ကိုကိုးကျွန်းမှ အခြားဒေသတွေကို သွားလာဖို့ခက်ခဲပါတယ်။ ဖုန်းလိုင်းကလည်း CDMA ဖုန်းလိုင်းတစ်ခုတည်းသာ အသုံးပြုနိုင်ပြီး အင်တာနက်အသုံးပြုလို့တော့ မရပါဘူး။ အကြမ်းအားဖြင့် ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတဲ့ သီးသန့်ကမ္ဘာငယ်လေး တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ကျွန်တော်တောင် ဖုန်းလိုင်းတွေ လုံးဝမရတော့လို့ ရန်ကုန်မှာကျန်ခဲ့တဲ့ မိသားစုတွေ စိတ်ပူတဲ့အထိ ဖြစ်ခဲ့ရတယ်။ (ကိုကိုးကျွန်း ရောက်ဖို့ရှိတယ်ဆိုရင် CDMA ဖုန်းလေးတော့ ဆောင်သွားဖို့ လိုပါတယ်။)

ကိုကိုးကျွန်း (၇) မိုင်စခန်းက ဗိုလ်ကြီးနဲ့ စကားပြောရင်း အမှောင်ထုက ကျွန်းတစ်ခုလုံးကို ကြီးစိုးသွားခဲ့ပါတယ်။ သဘာဝအလင်း ပျောက်တာနဲ့ တစ်ပြိုင်နက် လျှပ်စစ်မီးတွေက ချက်ချင်းလင်းထိန်လာပါတယ်။ ကျွန်တော်တို့အဖွဲ့လည်း (၇) မိုင်စခန်းကနေ တည်းခိုရတဲ့ ဘားတိုက်ကိုပြန်လာခဲ့တယ်။ ဘားတိုက်ရောက်တော့ ရေချိုးပြီးခဏနားကြပါတယ်။ ည ၈ နာရီလောက်မှာ ကျွန်တော်တို့အဖွဲ့ရဲ့ စီးတော်မြင်း (စစ်ကားကြီး) ရောက်လာပြန်ပါတယ်။ အဲဒီကားကြီးနဲ့ပဲ ကိုကိုးကျွန်း ညအလှကိုခံစားရင်း ဘုရားဖူးကြပါတယ်။ ကိုကိုးကျွန်းရဲ့ ညအလှက လျှပ်စစ်မီး အလင်းရောင်တွေနဲ့ တစ်မျိုးလေး လှပနေပါတယ်။ ပင်လယ်လေတဖြူးဖြူး၊ လှိုင်းရိုက်သံ တဝုန်းဝုန်းကလည်း ကိုကိုးကျွန်းညအလှကို ပိုကြွအောင် ထောက်ပံ့ပေးနေလေရဲ့။ ကျွန်တော်တို့အဖွဲ့လည်း ကိုကိုးကျွန်းရဲ့ ညအလှထဲ မှာနစ်မျောရင်း ည ၁၀ နာရီလောက်မှ ညစာစားရမယ့်နေရာကို ရောက်ကြပါတယ်။ ကိုကိုးကျွန်းရောက်ရင် ပင်လယ်စာစားရမယ် ထင်ထားပေမယ့် တကယ်တမ်းမှာ ပင်လယ်စာဆိုလို့ ပင်လယ်ပက်ကျိခြောက်ကြော်တစ်မျိုးပဲ ထူးထူးဆန်းဆန်း စားလိုက်ရပါတယ်။ ညစာ စီမံပေးတဲ့ တပ်ဖွဲ့ဝင်တွေက လိုလေသေးမရှိရအောင် ကျွေးမွေးပြုစုကြလို့ ကျေးဇူးတင်မိပါတယ်။

ကျွန်တော်တို့အဖွဲ့ ထမင်းစားပြီး တည်းခိုတဲ့နေရာပြန်ရောက်တော့ အတော်ညဉ့်နက်နေပါပြီ။ အဖွဲ့သားတွေလည်း ပင်ပန်းသွားကြတယ်ထင်ပါရဲ့။ အိပ်ရာထဲဝင်ပြီး နာရီဝက်လောက်အကြာမှာပဲ တခူးခူး တခေါခေါနဲ့ အိပ်ပျော်သွားကြတယ်။ ကျွန်တော့်မှာတော့ အိမ်ကိုသတိရစိတ်တွေ ဝင်လာလိုက်၊ ကိုကိုးကျွန်းရဲ့ သမိုင်းပုံရိပ်တွေ ဝင်လာလိုက်နဲ့ တော်တော်နဲ့ အိပ်မပျော်နိုင်။ အိပ်ပျော်သွားတော့လည်း အစောကြီးနိုးနေပြန်။ ကားက နံနက် ၇ နာရီလောက်မှ လာကြိုမှာမို့လို့အချိန် အတော်ကြာစောင့်နေရတယ်။ သွားတိုက် မျက်နှာသစ်၊ အပေါ့အလေးသွားဖို့ကလည်း ရေကမရှိတော့ အတော်လေး ဒုက္ခရောက်ရတယ်။ တခြားအဆောင်ကိုသွားမှ အဆင်ပြေသွားတော့တယ်။ နံနက်စာစားပြီး ကိုကိုးကျွန်း ဆိပ်ခံတံတားဖွင့်ပွဲ သတင်းယူတယ်။ ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အရာရှိတွေအပါအဝင် ကျွန်တော်တို့အဖွဲ့လည်း တပ်မတော် (ရေ) မှာ အကြီးဆုံးဖြစ်တဲ့ အောင်ဇေယျစစ်သင်္ဘောကြီးနဲ့ ပင်လယ်ရေပြင် စစ်ရေးလေ့ကျင့်မှု သင်တန်းပြုလုပ်မယ့်ဆီကို လိုက်ပါခဲ့တယ်။ ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်တာတွေကို တစ်နေကုန် ဓာတ်ပုံတွေရိုက်၊ သတင်းတွေယူကြတယ်။ ညနေ ၃ နာရီကျော်မှာ ကိုကိုးကျွန်း ဆိပ်ကမ်းကိုပြန်ရောက်၊ အဆောင်ကိုပြန် အထုပ်အပိုးယူ (လုံးဝနားချိန်မရဘဲ) လေယာဉ်ပေါ် အပြေးအလွှား တက်ခဲ့ကြရတယ်။ အဲဒီနေရာမှာ စစ်တပ်ရဲ့ တစ်သွေးတစ်သံ တစ်မိန့်ဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရတယ်။ ကျွန်တော်တို့တွေအားလုံးလေ ယာဉ်ပေါ်ရောက်တော့ မောဟိုက်ပြီး ချွေးတွေရွှဲနစ်နေပြီ။

ကိုကိုးကျွန်းက လေယာဉ်စထွက်တော့ ညနေ ၄ နာရီ။ လေယာဉ်ပေါ်ကနေ အောက်ကိုငုံ့ကြည့်တော့ ရေပြင်ပြာပြာတွေရဲ့ အလယ်မှာ အုန်းပင်တွေကယိမ်းနွဲ့လို့။ အလာတုန်းက သေသေချာချာ မမြင်လိုက်ရတဲ့ ကမ်းခြေအလှကို အပြန်ခရီးမှာ ပီပီပြင်ပြင် တွေ့လိုက်ရတော့ တစ်စုံတစ်ရာကို လွမ်းဆွတ်သွားမိတယ်။ အရင်က မြေကမျက်မွေးတစ်ဆုံး၊ ရေကမျက်စိတစ်ဆုံး၊ ကုန်းမြေနဲ့ အုန်းတွေသာရှိပြီး လူမရှိသူ မရှိတဲ့ကျွန်း၊ မုန်တိုင်းနဲ့ ငမန်း၊ လှိုင်းတောင်တွေဝန်းရံတဲ့ ကမ်းမမြင်ပင်လယ်ထဲမှာ လှေလှည်းမရှိ၊ ဖောင်မရှိတဲ့ သောင်အတိ သဲကမ်းခြေမှာ လှိုင်းတွေကို ပါးပျဉ်းအုပ်နေတဲ့ကျွန်း၊ နှိပ်စက်ညှဉ်းပန်းမှုတွေ အနိုင်ကျင့်ရက်စက်မှုတွေ မင်းမူခဲ့တဲ့ကျွန်း၊ အဖိုးတန်အသက်တွေ ဘဝတွေ ဆုံးရှုံးခဲ့တဲ့ကျွန်း။ အဲဒီကျွန်းဟာ အခုတော့ မြို့အသွေးအသားတွေနဲ့ ပင်လယ်ကမ်းခြေဆန်ဆန်လှလို့။ လူသားတွေလည်း လူသားဆန်ဆန်ဖူးပွင့်လို့။ အထီးကျန်ဆန်တယ် ထင်ရပေမယ့် အကျည်းမတန်တော့ပါဘူး။ အတိတ်က အဖြစ်ဆိုးတွေကို မျက်လုံးပိတ်မေ့ပစ်ဖို့ ကြိုးစားနေပေမယ့် ကိုကိုးကျွန်းလေးကတော့ ညဆိုရင်နောက်ကျမှအိပ်ပြီး မနက်ဆိုရင်အစောကြီး နိုးနေလိမ့်ဦးမယ်လို့ ထင်ပါတယ်။ ။

 

■ ဆောင်းပါး+ဓာတ်ပုံ- မင်းချစ်နိုင်
Daily Eleven(5.4.2017)

About The Author

greenness_mm

No Comments

Leave a Reply