ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ကြရပြီ

ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ကြရပြီ

နွေကို ပီပီပြင်ပြင်မရောက်သေးခင်မှာပင် ရေရှားပါးမှုပြဿနာကို အချို့နေရာဒေသတွေမှာ ရင်ဆိုင်နေကြရပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင် အစဉ်အဆက် ပျက်ယွင်းခဲ့သည့်ကြားက တိုင်းပြည်အခြေအနေကမောက်ကအခြေအနေမှာပင် ရေရှားပါးမှုပြဿနာနှင့်အတု ပြည်သူတွေမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်ကြရ‌တော့မည် ဖြစ်သည်။
ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေကြရခြင်း၏ အဓိကအကြောင်းအရင်းတွေထဲမှာ နေရာရွှေ့ပြောင်းနေထိုင်ကြရခြင်းသည်လည်းအကြောင်းတရားတစ်ခုဖြစ်လာပါသည်။ ပြည်သူတွေသည် မိမိတို့ တည်ဆောက်ထားခဲ့သော၊ ရှိပြီးသော ရေအရင်းအမြစ်တွေကို စွန့်ခွာရသောအခါ နွေရာသီတွင် ရေအလွယ်တကူရရှိဖို့ မလွယ်တော့ပါ။
” အဓိကကတော့ ချောင်းတွေ၊ မြောင်းတွေကို ဆည်ပိတ်ပြီးသုံးကြရတာ။ နွေရာသီရေကမလာတော့ ရေနည်းလာတယ်။ ရေက သန့်ရှင်းမှုမရှိတော့ဘူး” လို့ မကွေးတိုင်းအတွင်းက ပြည်သူတစ်ဦးက တွေ့ကြုံနေရသည်ကို ပြောပြသည်။
ဟိုအရင်ခေတ်က တောထဲတွင် တောင်ယာလုပ်ရင်းနေထိုင်သူတွေသည်သောက်သုံးရေအတွက် ချောင်းနံဘေးတွင် စမ်းရေတွင်းတွေတူးပြီး သောက်သုံးရေကို ဖြေရှင်းခဲ့ကြသည်။ နောက်ပိုင်းနှစ်များတွင်တော့ ချောင်းဘေးနားကမြေအောက်ရေသည် နွေရာသီတစ်ရာသီလုံးအတွက် မလုံလောက်တော့ပါ။
” ရေကသဲပြင်အောက်မှာ မိုးတုန်းက စုကျန်နေခဲ့တဲ့ ဝပ်ရေလေးပဲလေ။ အရင်တုန်းကလို စိမ့်ထွက်နေတဲ့ရေမဟုတ်တော့ဘူး။ ဒီတော့ တူးလိုက်ရင်လည်း ရေတွေ့ပေမယ့် ခဏလေးခမ်းသွားတာ” လို့ ရေရှားပါးမှုအတွက် ကြိုတင်ဖြေရှင်းဖို့ ကြိုးစားနေသူတစ်ဦးကပြောသည်။
” ရေအသက်တစ်မနက်” ဆိုသောစကားရှိပါသည်။ ခု ၂၀၂၄ ခုနှစ်သည် အပူဆုံးနှစ်ထဲမှာပါနေသည်ဟု သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသပညာရှင်တို့ကဆိုထားသည်။ ထို့ကြောင့် မြန်မာနိုင်ငငံအလယ်ပိုင်းတွင်သာမက အီကွေတာနဲ့ နီးသည့် ဒေသတွေမှာလည်း ရေရှားပါးမှု မကြုံတွေ့ဘူးဟုမပြောနိုင်ပါ။
ယခုနှစ်အတွင်း ဧပြီလသည် အပူဆုံးလဖြစ်မည်ဟု ပညာရှင်တို့ကဆိုထားသည့်အတွက် ရေရှားပါးမှုပြသနာလည်း အဆိုးဆုံးရင်ဆိုင်ရမည့် လဖြစ်သည်ဟုဆိုနိုင်ပါသည်။ ထို့ကြောင့် ရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာတွေအတွက် အသိပညာရှိသူတွေ၊ ဦးဆောင်သူတွေအနေနဲ့ မည်ကဲ့သို့ပြုမူနေထိုင်ကာ ဖြတ်သန်းကြရမည်ကို လေးလေးနက်နက်ကြိုတင်စဉ်းစားထားကြရမည်ဖြစ်ပါသည်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply