ရွှေ့ပြောင်းခရီးသွား ဆောင်းခိုငှက်ကလေးတို့၏ သဘာဝများ

ရွှေ့ပြောင်းခရီးသွား ဆောင်းခိုငှက်ကလေးတို့၏ သဘာဝများ

မိုးရာသီ ကုန်ဆုံး၍ တိမ်များကင်းစင်သော ဆောင်းဝင်စ ညနေခင်းများတွင် ကောင်းကင်၌ငှက်ကလေးများ အုပ်စုဖွဲ့ အပြိုင်အဆိုင် ပျံသန်းနေကြသည်ကို မြို့ပြတွင်နေနေ၊ ကျေးလက်တွင်နေနေ မြင်ဖူးကြပါ လိမ့်မည်။ ထိုငှက်လေးများသည် ဘယ်ကနေလာပြီး ဘယ်ကိုသွားနေကြသည် ဆိုတာကို မေးခွန်းထုတ် စပ်စုဖူးကြလိမ့်မည် ထင်ပါသည်။
ထိုသို့ အုပ်စုဖွဲ့ ရွှေ့ပြောင်းပျံသန်းလေ့ရှိသော ငှက်အုပ်စုတစ်မျိုးကို ရေပျော်ငှက် (Shorebirds)ဟူ၍ ခေါ်ကြပါ သည်။ မြင်ဖူးနေကြ ဗျိုင်း၊ ဇင်ယော်၊ ပျံလွှားများသည် ရေပျော်ငှက်အုပ်စုဝင်များ ဖြစ်ပါသည်။
ရေပျော်ငှက် (ဆောင်းခိုငှက်) ဆိုသည်မှာ ရေတိမ်ပိုင်း(သို့)ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်များ၏ ရွံ့နွံကဲ့သို့ ပျော့ပျောင်းသော ကမ်းစပ်တလျောက်တွင် ကျက်စားကြသော ငှက်မျိုးစိတ်များဖြစ်ကြပါသည်။ ရေပျော်ငှက်များ ကျက်စားလေ့ရှိသော နေရာများမှာ ရေချိုရေငန်ထိတွေ့ရာ မြစ်ဝနှင့် ပင်လယ်ဝ ဒေသများ၊ ဒီရေအတက်အကျရှိသော ရွံ့လတာပြင်များ၊ မြက်ခင်းပြင်များနှင့် ကမ်းရိုးတန်းတလျောက် ကမ်းခြေကမ်းစပ်များအပြင် အောက်မြေလွှာ အေးခဲလျက်ရှိသော လွင်ပြင်ဒေသများနှင့် ရေခဲများ ဖုံးလွှမ်းလေ့ရှိသော တောင်တန်းဒေသများတွင်လည်းနေထိုင်ကြပါသည်။
ရေပျော်ငှက်များ၏ ထူးခြားသော အသွင်အပြင်များမှာ ရေနှင့် ရွံ့နွံအတွင်းရှိ အစားအစာများကို အလွယ်တကူ စားသောက်နိုင်ရန် ရှည်သော နှုတ်သီးများ ပါရှိခြင်း၊ လျှင်မြန်စွာ သွားလာပျံသန်းနိုင်ရန် ထိပ်ချွန်သော တောင်ပံများပါရှိခြင်း၊ သဲ၊ ရွံ့နွံကဲ့သို့ ပျော့ပျောင်းသောနေရာများတွင် ခိုင်မြဲစွာကုပ်တွယ်ထားနိုင်ရန် ရှည်သော ခြေချောင်းများပါရှိခြင်း၊ သားရဲတိရစ္ဆာန် အန္တရာယ်မှ ကာကွယ်ရန် အရောင်စပ်ကြားနှင့် အစက်အပြောက်များ ပါရှိခြင်း၊ သဲ၊ ရွံ့နွံနှင့် ရေတိမ်များတွင် လှည့်လည်သွားလာနိုင်ရန် ရှည်သွယ်သော ခြေထောက်များ ပါရှိခြင်းတို့ ဖြစ်သည်။
ကမ်းခြေသို့ အလည်သွားသောအခါ သေးငယ်ပြီး ချစ်စရာကောင်းသည့် ရေပျော်ငှက်များကိုမြင်ဖူးကြပါ လိမ့်မည်။ ရေပျော်ငှက်(ဆောင်းခိုငှက်)ဟုပြောလိုက်သည်နှင့် လူသားများ၏စိတ်ထဲတွင်အရွယ်အစားကို ကြည့်ပြီး “သြော်…. ဒီဒေသမှာရှိတဲ့ ငှက်လေးပါလား” ”ဒီဒေသမှာဘဲ ကျင်လည်ကျက်စားနေလျက်ရှိနေမှာဘဲ”ဟု တွေးမိကြပေမည်။
သို့သော်လည်း ရေပျော်ငှက်အများစုသည် နွေဦးနှင့် ဆောင်းရာသီရောက်တိုင်း အကောင်ရေများစွာ
အုပ်စုဖွဲ့ပြီး ယင်းတို့၏ ပေါက်ဖွားရာနေရာဖြစ်သော အေးမြသည့် ကမ္ဘာမြောက်ပိုင်းဒေသမှ စွန့်ခွာပြီး ဆောင်းခိုရန်အတွက် ပူနွေးသောကမ္ဘာတောင်ပိုင်းခြမ်းဆီကိုရွေ့ပြောင်းသွားလာကြပါသည်။အကြောင်းမှာ ယင်းတို့၏မူရင်းဒေသတွင် အအေးစတင်လာပြီး အစားအသောက်ရှားပါးလာသောကြောင့် အစားအသောက်ပေါများသော အပူပိုင်းဒေသသို့ ရွေ့ပြောင်းလာကြခြင်း ဖြစ်သည်။
နိုင်ငံပေါင်းများစွာနှင့် မိုင်ပေါင်းများစွာကို ကျော်ဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်စဉ်အတွင်းတွင် ရေပျော်ငှက်များသည် အနားယူရန်နှင့်အစာစားရန်အတွက် ပျံသန်းရာလမ်းကြောင်းတစ်လျှောက်တွင် ရှိသည့် အစာရေစားပေါများသော၊ စိုစွတ်သောမြေများဖြစ်သော လတာပြင်များ၊ ကမ်းခြေကမ်းစပ်များနှင့် ရေဝပ်ဒေသများကို မရှိမဖြစ် လိုအပ်ပါသည်။ ထိုနေရာတွင်ရှိသော အစာရေစာနှင့်နားခိုရာ နေရာများမှာ ယင်းတို့၏ ခရီးနောက်တစ်ဆင့်အတွက် လုံလောက်သော စွမ်းအင်ကို ထောက်ပံ့ပေးပါသည်။
ထို့သို့ဆောင်းခိုရပ်နားရန် အရေးကြီးသော နေရာများတွင် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများလည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံရှိ အင်းတော်ကြီးအိုင်၊ မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်း၊ မုတ္တမပင်လယ်ကွေ့၊ အင်းလေးကန်၊ နံ့သာကျွန်းနှင့် မေယုမြစ်တို့တွင် ဆောင်းခိုငှက်များ အများအပြားကျက်စားနေထိုင်လေ့ ရှိကြပါသည်။
ထို့ကြောင့် ရှားပါးမျိုးစိတ်များဖြစ်သကဲ့သို့ သေးငယ်ပြီးချစ်စရာကောင်းသော ဆောင်းခိုငှက်များသည် အရွယ်အစား သေးငယ်သော်ငြား မိုင်ပေါင်းများစွာ ပျံသန်းနိုင်ကြပါသည်။ ပျံသန်းရာလမ်းကြောင်းတစ် လျှောက်တွင်လည်း ရာသီဥတုဒဏ်၊ ကျက်စားရာနေရာများ ပြောင်းလဲမှုများနှင့် ယင်းတို့အား အမဲလိုက် ခြင်းတို့ကြောင့် ရွေ့ပြောင်းငှက်များ၏ ခရီးစဉ်မှာ မလွယ်ကူဘဲ အန္တရာယ်များစွာနှင့်ပြည့်နှက်နေပါသည်။
ထိုသို့ နှစ်စဉ် တောင်ဝင်ရိုးစွန်းမှ မြောက်ဝင်ရိုးစွန်းအထိ ပင်လယ်အထပ်ထပ်၊ တောင်တန်းအလီလီနှင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ပြောင်းသွားလာနေသော ခရီးသည်လေးများတွင် ခြိမ်းခြောက်အန္တရာယ်များ ရှိနေကြပါသည်။
သုတေသီများ၏ ခန့်မှန်းချက်အရ ဆောင်းခိုငှက်များ၏ အကောင်ရေများမှာ နှစ်စဉ်ကျဆင်းလျက်ရှိနေ
ပါသည်။ ရာသီဥတု ပြောင်းလဲခြင်း၊ ရောဂါပိုးမွှားများ ဝင်ရောက်ခြင်း၊ သားရဲတိရစ္ဆာန်များ၏ စားသုံးခံရခြင်း၊ ဒေသရင်းမဟုတ်သော မျိုးစိတ်များ ဝင်ရောက်လာခြင်း၊ ဖွံဖြိုးရေးလုပ်ငန်းများကြောင့် ကျက်စားရာနေရာများ လျော့ပါးပျောက်ကွယ်လာခြင်း၊ စိုက်ပျိုးရေးလုပ်နှင့် မွေးမြူရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဖမ်းဆီးအမဲလိုက်ခြင်းနှင့် ငှက်ပစ်ခြင်း စသည့် ခြိမ်းခြောက်မှုများကြောင့် ဆောင်းခိုရန်လာရောက်ကြသော ရေပျော်ငှက်လေးများမှာ ခြိမ်းခြောက် အန္တရာယ်များစွာကို ရင်ဆိုင်နေရပါသည်။
ထိုသို့ ခြိမ်းခြောက်အန္တရာယ်များကို လျော့ပါးစေရန်အတွက်-
– ရေပျော်ငှက်လေးများ ကျက်စားရာ နေရာဒေသများကို ထိန်းသိမ်းကာကွယ်ခြင်း၊
– ဒေသခံများသာမက ပြည်သူလူထုနှင့် ဌာနဆိုင်ရာများကို အသိပညာမြှင့်တင်ပေးခြင်း၊
– ဒေသခံများမှ သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေခြင်းနှင့်၊
– ဆောင်းခိုငှက်များ ပျံသန်းရာလမ်းတလျောက်တွင်ရှိသော အရေးကြီးသည့် ဆောင်းခိုရပ်နားရာ ဒေသများရှိ နယ်မြေများ၊ နိုင်ငံများမှ အချင်းချင်းပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့်လည်း ထိန်းသိမ်းနိုင်ပါကြောင်း လေ့လာရေးသားအပ်ပါသည်။
Ref: Gulf ဝf Mottama Project
ရေးသားသူ- နှင်းအိ(ရာမညမြေ)

About The Author

greenness_mm

No Comments

Leave a Reply