လက်ပံပွင့်တွေကို လွမ်းရတဲ့အကြောင်း

လက်ပံပွင့်တွေကို လွမ်းရတဲ့အကြောင်း

လက်ပံပင်ကြီး
ဆက်ရက်တွေဆူညံပျော်မြူးကြ
ငါတို့တွေဆော့ကစားကြ။
ငါတို့ငယ်ဘဝအားလုံး
သူ့အရိပ်အောက်မှာ။
ဆောင်းနှောင်းနွေဦး
လရောင်အောက်
လက်ပံပွင့်ကောက်ခဲ့တုန်းက
ကိုယ့်အရိပ်ဟာ
လွမ်းစရာလို့
ကလေးတစ်ယောက် မတွေးတတ်ခဲ့ပါ။
” ဆက်ရက်ကလေးတွေရေ ငါ့အတွက် လက်ပံပွင့်လေးတစ်ပွင့်လောက်ပါ”
ကျွန်တော်တို့ငယ်စဥ် လက်ပံပင်အောက်ကနေ အပင်ပေါ်ကိုမော့ကြည့်ရင်း ပြောခဲ့ရသောစကားဖြစ်သည်။ လက်ပံပင်ကြီးက မြင့်တော့ လက်ပံပွင့်အကြွေကိုသာ စောင့်ကြရသည်။ အပင်ပေါ်မှာ ဆက်ရက်တွေကဆူညံပျော်မြူးနေကြသည်။ သူတို့ကိုယ်ပြောတာနားမလည်မှန်းသိသော်လည်း အော်ပြောခဲ့ကြသည်။ ဆက်ရက်ကလေးတွေ နှုတ်သီးနှင့်ဆိတ်လို့ ကြွေကျလာသည့် လက်ပံပွင့်က လတ်လတ်ဆတ်ဆတ် ရဲရဲနီနေပါသည်။
လက်ပံပွင့်သည့်အချိန်က ဆောင်းနှောင်းနွေအကူးအချိန်။ ကျွန်တော်တို့စာမေးပွဲဖြေခါနီး ဖေဖော်ဝါရီလဆန်းပိုင်းဆို လက်ပံပွင့်တွေစပွင့်ပြီဖြစ်သည်။ ဆရာကြီးက ညကျောင်းခေါ်သဖြင့် ကျောင်းကအပြန် ကျောင်းဝင်းထဲက လက်ပံပင်ကြီးအောက်မှာ လရောင်ထဲမှာ ဆီမီးခွက်ကလေးတွေနဲ့ လက်ပံပွင့် ကြွေရှာရသည်။ ပွင့်ဦးကာလမို့ တပွင့်တလေသာရပါသည်။ ရံဖန်ရံခါ တဝဲဝဲကြွေလာသည့် လက်ပံပွင့်ကို အောက်ကနေ အချင်းချင်း လုဖမ်းခဲ့ရတာကိုလည်း အမှတ်ရနေပါသည်။
ကျွန်တော်တို့တွေ လက်ပံပွင့်ကို ချက်စားဖူးသည်။ ပြုပ်ပြီးသုတ်စားဖူးသည်။ အမှန်အတိုင်းပြောရလျှင် လက်ပံပွင့်ဟင်းရည်သောက်၊ လက်ပံပွင့်ချက်၊ လက်ပံခေါင်းသုပ် ကြိုက်လှသည်မဟုတ်ပါ။ သို့သော် လက်ပံပွင့်ကောက်ရတာကိုကြတော့ ခုံမင်နေသည်။ ပျော်နေသည်။ ခုထိလည်း လွမ်းနေသေးသည်။ လက်ပံပင်၊ လက်ပံပွင့်သည် ကျွန်တော်တို့အပေါ် လွှမ်းမိုးမှုရှိလေသည်။
လက်ပံပင်၊ လက်ပံပွင့်ကို ကျွန်တော်တို့ ဘာကြောင့်လွမ်းကြရသလဲ။ လက်ပံပွင့်ပွင့်သည့်အချိန်သည် လွမ်းစရာအကောင်းဆုံးရာသီဖြစ်ပါသည်။ ထို့ကြောင့်ပဲ အလွမ်းနှင့် လက်ပံက ဆက်စပ်နေတာဖြစ်မည် ထင်သည်။
မြူတွေဆိုင်းနေသော ဝန်းကျင်မှာ အပွင့်ရဲရဲနီနီတွေပွင့်နေသည့် လက်ပံပင်ကြီးတွေကို သဘောကျကြသည့်သူတွေများသည်။ လွမ်းစရာ ရာသီမှာမှ ရဲရဲကြီးပွင့်ပြီး ရဲရဲကြီးကြွေပစ်ကြသည့် လက်ပံပွင့်တွေ။
ကျွန်တော်တို့ငယ်ဘဝသည်လည်း လက်ပံပွင့်တွေနှင့်တူလိုက်တာဟု စဥ်းစားမိသည်။ ကိုယ်လုပ်ချင်တာကို ရဲရဲကြီးလုပ်ခဲ့ကြတာများသည်။ အမှားအတွက်လည်း အကြိမ်ကြိမ်ခံခဲ့ရသည်။ သို့သော် နောက်မဆုတ်။ တွန့်မသွားခဲ့ပါ။
အသက်တွေကြီးလာတော့ လက်ပံပွင််တွေလို သတ္တိမရှိတော့ပါ။ လက်ပံတွေလို ရဲရဲလည်းမပွင့်ရဲတော့။ ကြွေမှာလည်းကြောက်လာပါသည်။ ထို့ကြောင့် လူငယ်ဘဝလောက် လူကြီးဘဝက မလှပတော့တာဖြစ်နိုင်သည်ဟု စဥ်းစားမိသည်။ ပြီးတော့ လက်ပံတွေကိုလွမ်းတဲ့အကြောင်းဟာ ဒါပဲဖြစ်ရမည်ဟုတွေးမိပါသည်။
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply